🍵Chapter 149
-သူတို့အားလုံး၏မျက်လုံးများက အရောင်တောက်လာသည်။
နောက်တစ်နေ့တွင် ထုံရွှယ်လူက အလုပ်သွားလိုက်သည်။
ထုံရွှယ်လူက မန်နေဂျာဖြစ်သွားသဖြင့် စားပွဲထိုးနေရာသည် လူလွတ်နေ၏။
ထို့ပြင် ထန်ရှောင်ယန်သည်လည်း အလုပ်ဖြုတ်ခံလိုက်ရသောကြောင့် စားပွဲထိုးနေရာနှစ်ခုစာ လွတ်နေပေသည်။
ဤဖြစ်ရပ်တစ်ခုလုံးတွင် အပြစ်ကင်းသော ဒေါ်လေးလင်းနှင့် ကောင်းဝေ့ဖျင်တို့အတွက် နစ်နာကြေးအနေဖြင့် အစိုးရက စားပွဲထိုးနေရာနှစ်ခုအတွက် လူခေါ်ရာတွင် ဤမိသားစုနှစ်ခုကို ဦးစားပေးလိုက်သည်။
မုန့်မိသားစုက မုန့်ချင်းချင်းအတွက် နေရာတစ်ခုယူလိုက်ပြီး ကျန်တစ်ခုကိုမူ ကောင်းဝေ့ဖျင်က သူ့ဝမ်းကွဲ ကောင်းချွန်းယွီကို ထောက်ခံလိုက်သည်။
ထုံရွှယ်လူအလုပ်သို့ရောက်သောအခါ မတွေ့တာကြာပြီးဖြစ်သည့် မုန့်ချင်းချင်းနှင့် အခုမှတွေ့ဖူးသည့် ကောင်းချွန်းယွီတို့ကို မြင်လိုက်လေသည်။
မုန့်ချင်းချင်းက ကိုယ်အလေးချိန်နည်းနည်းကျသွားသော်လည်း စိတ်အားတက်ကြွနေသည့်ပုံပေါ်၏။ သူမက ထုံရွှယ်လူကိုမြင်သောအခါ ရှက်ကိုးရှက်ကန်းဖြင့်ပြုံးပြလာသည်။
ထုံရွှယ်လူက မုန့်ချင်းချင်းကို ခေါင်းတစ်ချက်ငြိမ့်ပြပြီးနောက် ကောင်းချွန်းယွီကိုကြည့်လိုက်သည်။
ကောင်းချွန်းယွီက အိမ်ထောင်ကျပြီးသားဖြစ်သည်။ သူမက အသက်35နှစ်ရှိပြီဖြစ်ကာ မျက်နှာဝိုင်းဝိုင်းနှင့် ဝဖိုင့်ဖိုင့်ခန္ဓာကိုယ်ရှိ၏။ သူမက ပေါင်းရသင်းရလွယ်ကာ စိတ်ထားကောင်းမည့်ပုံပင်။
ကောင်းချွန်းယွီက ထုံရွှယ်လူကြည့်နေသည်ကို မြင်သောအခါ ပြုံးပြလိုက်သည်။
“မင်္ဂလာမနက်ခင်းပါ မန်နေဂျာထုံ ကျွန်မနာမည်က ကောင်းချွန်းယွီပါ ရှောင်ကောင်းရဲ့ဝမ်းကွဲပါ၊ ကျွန်မကို တကောင်းလို့ခေါ်လို့ရပါတယ်”
ထုံရွှယ်လူ “……”
တကောင်းဆိုတာက ဘာကြီးလဲ။
“ကျွန်မက ဒီအတိုင်း အစ်မချွန်းယွီလို့ဘဲ ခေါ်မယ်လေ”
ကောင်းချွန်းယွီက ပြုံးကာ ခေါင်းညိတ်ပြလိုက်သည်။
“အဲ့လိုလည်း အဆင်ပြေပါတယ် မန်နေဂျာထုံကြိုက်သလိုခေါ်ပါ”
ထုံရွှယ်လူက ကောင်းချွန်းယွီ၏ သဘောထားကို စိတ်ကျေနပ်သွားသည်။
သူမက အစိုးရစားသောက်ဆိုင်၏မန်နေဂျာအဖြစ် ရာထူးတိုးသွားသော်လည်း အသက်ငယ်သေးပေသည်။ အသစ်ရောက်လာသည့် အလုပ်သမားများသည် သူမကသူတို့ထက်ငယ်နေသည်ကို သဘောမကျပါက စိတ်အနှောင့်အယှက်ဖြစ်စေ လိမ့်မည်။
ထုံရွှယ်လူက စိတ်ဒုက္ခအပေးခံရသည်ကို မရင်ဆိုင်နိုင်ခြင်းမဟုတ်ပေ။ သူမက ဒီအတိုင်းမုန်းတီးခြင်းဖြစ်သည်။
ဤလူက ကောင်းဝေ့ဖျင်၏ဝမ်းကွဲလည်း ဖြစ်နေ၏။ အကယ်၍သူမနှင့် မသင့်မြတ်ပါက အလုပ်တွင်စိတ်ဝမ်းကွဲမှုများ ဖြစ်လာနိုင်ပေသည်။
ထုံရွှယ်လူသည် ကောင်းချွန်းယွီက ပေါင်းရသင်းရလွယ်သည်ကို မြင်သောအခါ စိတ်အေးသွားသည်။
အခုချိန်တွင် လူတိုင်းရှိနေသဖြင့် ထုံရွှယ်လူက အစည်းအဝေးခေါ်လိုက်သည်။
“ဒီနေ့ကစပြီး ကျွန်မက ဒီဆိုင်ရဲ့မန်နေဂျာနေရာကနေ အလုပ်စလုပ်မှာပါ၊ ကျွန်မက အခြားမန်နေဂျာတွေနဲ့ တူနိုင်သလို တစ်ချို့နေရာတွေမှာလည်း ကွဲပြားနိုင်တယ်”
“သူတို့နဲ့တူတာက ဘာလဲဆိုတော့ စားသောက်ဆိုင်ကို သန့်ရှင်းအောင်ထားပါလို့ ပြောချင်တယ်၊ စားပွဲတွေကြမ်းပြင်တွေ၊ မီးဖိုချောင်၊ ဆိုင်ရှေ့နဲ့ ချောင်ကြိုချောင်ကြားတွေအထိ သန့်ရှင်းနေရမယ်၊ အဲ့ဒါကြောင့် သေချာစေ့စေ့စပ်စပ်လုပ်ရမယ်”
အားလုံးက ခေါင်းညိတ်ပြလာကြသည်။
ကောင်းချွန်းယွီက သူတို့ထဲတွင် လူသစ်ဖြစ်သလို စိတ်အားအထက်သန်ဆုံးလည်းဖြစ်သည်။
“မန်နေဂျာထုံ စိတ်မပူပါနဲ့ ကျွန်မတို့က သေချာပေါက်သန့်ရှင်းအောင်လုပ်မှာပါ အိမ်မှာဆို ကျွန်မဘဲ သန့်ရှင်းရေးလုပ်တာ ဒီစားသောက်ဆိုင်ကို အခုကစပြီး ကျွန်မအိမ်လိုသဘောထားမယ်၊ ကျွန်မအိမ်ကို ကျွန်မချစ်တယ်”
ထုံရွှယ်လူ “……”
ထုံရွှယ်လူသည် ကောင်းချွန်းယွီ၏စကားများက အလွန်ရယ်စရာကောင်းသည်ဟု ခံစားမိသွားသည်။ ၎င်းက ကောင်းချွန်းယွီ၏မျက်နှာဝိုင်းဝိုင်းနှင့် အလွန်လိုက်ဖက်ကာ ထုံရွှယ်လူကိုရယ်ချင်လာစေသည်။
ပြောရလျှင် အလုပ်သမားတစ်ယောက် စိတ်အားတက်ကြွနေသည်ကို မှတ်သားထိုက်ပေသည်။
“အဲ့ဒါက အရမ်းကောင်းတဲ့သဘောထားဘဲ၊ ကျွန်မတို့ရဲ့စားသောက်ဆိုင်ကို ကိုယ့်အိမ်လိုသဘောထားကြရမယ်”
ကောင်းချွန်ယွီ၏အပြုံးက ပိုတောက်ပလာသည်။
“ကျွန်မရဲ့စားသောက်ဆိုင်ကိုချစ်တယ် ကျွန်မအိမ်ကိုချစ်တယ် ရှောင်ကောင်းငါနဲ့လိုက်ဆိုလေ”
ကောင်းဝေ့ဖျင်က ရှက်သွားသည်။
“ကျွန်တော့်ရဲ့ စားသောက်ဆိုင်ကိုချစ်တယ် ကျွန်ေတာ့်အိမ်ကိုချစ်တယ် ....”
မုန့်ချင်းချင်းကလည်း ရှက်ရှက်နှင့် နောက်မှလိုက်ပြောလာသည်။
ထုံရွှယ်လူ “……”
ကောင်းချွန်ယွီက ၂၁ရာစုတွင်ဆိုပါက အလွန်တော်သည့် အရောင်းဝန်ထမ်းတစ်ယောက်ဖြစ်နိုင်သည်ဟု သူမထင်သည်။
သူမက ချောင်းဟန့်လိုက်သည်။
“အခြားမန်နေဂျာတွေနဲ့ မတူတာကတော့ ကျွန်မက အလုပ်ချိန်အတွင်းမှာ ဘယ်သူဘဲဖြစ်ဖြစ် ထွက်သွားတာမျိုး မမြင်ချင်ပါဘူး၊ အလုပ်ပြီးအောင်လုပ်နိုင်သရွေ့ ကျွန်မက လူတိုင်းအတွက် နားရက်ကိုစီစဉ်ပေးနိုင်ပါတယ်”
ထိုစကားကိုကြားသောအခါ အလုပ်သမားသုံးယောက်၏မျက်လုံးများက အရောင်တောက်သွားသည်။
အစိုးရစားသောက်ဆိုင်၌ အလုပ်လုပ်ခြင်းသည် အမြဲပင်အခြားသူများ၏ မနာလိုမှုကိုခံခဲ့ရသော အလုပ်ဖြစ်သည်။ ဒီနေရာတွင် ကောင်းကောင်းမွန်မွန်စားနိုင်သည့်အပြင် အလတ်ဆတ်ဆုံး ပါဝင်ပစ္စည်းများကိုလည်း ဝယ်ယူနိုင်၏။
၎င်း၏အားနည်းချက်မှာ နှစ်သစ်ကူးနှင့် အထူးအားလပ်ရက်များမှလွဲလျှင် ပိတ်ရက်မရှိခြင်းဖြစ်သည်။ ထိုရက်များအပြင် အခြားနားရက်မရှိတော့ပေ။
သူတို့သာ ပုံမှန်နားရက်ရနိုင်ပါက လုံးဝကိုပြီးပြည့်စုံသွားပြီဖြစ်သည်။
ကောင်းချွန်းယွီက ထုံရွှယ်လူကို နောက်တစ်ခေါက် အာမခံလာသည်။
“မန်နေဂျာထုံ စိတ်မပူပါနဲ့ ကျွန်မတို့ကပြောတဲ့အတိုင်းလုပ်မှာပါ အကြောင်းကိစ္စမရှိဘဲ အလုပ်ချိန်ကြီးမှာ စောစောထွက်သွားတာ၊ နားတာမျိုးမလုပ်ပါဘူး”
ကောင်းဝေ့ဖျင်နှင့် မုန့်ချင်းချင်းတို့ကလည်း ခေါင်းညိတ်ပြလာကြသည်။
ထုံရွှယ်လူက ကျေနပ်သွားကာ ခေါင်းညိတ်ပြလိုက်သည်။
“အဲ့ဒါအပြင် ငါတို့ရဲ့အပြုအမူတွေကိုလည်း တိုးတက်အောင်လုပ်ရမယ်၊ ပြောရမယ်ဆိုရင် စားသုံးသူတွေကို မငေါက်ရတော့ဘူး”
အခုချိန်က အစောပိုင်းကာလသာရှိသေးသဖြင် အပြုံးဖြင့်ဧည့်ခံတာမျိုးလုပ်ရန် မလိုအပ်သေးပေ။ သို့သော် စားသုံးသူကို မငေါက်ရန် လေ့ကျင့်ထားသည်မှာ စောနေသည်ဟူ၍မရှိပေ။
၎င်းက မုန့်ချင်းချင်းအတွက် နည်းနည်းလေးတောင် အခက်မတွေ့ပေ။ သူမက ရှက်တတ်သောသူဖြစ်သဖြင့် စားသုံးသူများကို အော်ငေါက်ရန် သတ္တိမရှိပေ။
ထန်ရှောင်ယန်ကသာ စားသုံးသူများကို အော်ဟစ်နေခြင်းဖြစ်သည်။
ကောင်းဝေ့ဖျင်အတွက်ဆို ပို၍တောင် ဂရုစိုက်စရာမလိုပေ။ သူက မီးဖိုချောင်ထဲတွင် အလုပ်လုပ်ရသောသူဖြစ်သဖြင့် စားသုံးသူများနှင့် ပြောဆိုဆက်ဆံရန်ရှားသည်။
ကောင်းချွန်းယွီက ခနလောက်တွေးကြည့်ပြီးနောက် ပြန်မေးလာသည်။
“ဒါပေမယ့် မန်နေဂျာထုံ လူတွေက စားပွဲနေရာလုဖို့အတွက်နဲ့ စားသောက်ဆိုင်ထဲမှာ ရန်ဖြစ်လာရင်ရောဘယ်လိုလုပ်ရမှာလဲ။ အဲ့လိုအချိန်ဆိုရင်ရော သူတို့ကိုအော်လို့ မရဘူးလား”
“အဲ့လိုဖြစ်လာရင် ရိုးရိုးလေးဘဲ သူတို့ကိုထွက်သွားခိုင်းလိုက်”
ကောင်းချွန်းယွီက တွေးကြည့်လိုက်ပြီးနောက် နားလည်ကြောင်း ခေါင်းညိတ်ပြလိုက်သည်။
ထုံရွှယ်လူက နောက်ထပ်တောင်းဆိုချက်တစ်ချို့ ပြုလုပ်လာရာ လူတိုင်းကလည်းသဘောတူကြသည်။
ထို့နောက် သူမက အစည်းအဝေးကို အဆုံးသတ်လိုက်ပြီး ရာထူးရွှေ့ပြောင်းမှုအတွက် ပြင်ဆင်ကာ အစည်းအဝေးတက်ရန်အတွက် ကုန်သွယ်ရေးဌာနသို့ ဦးတည်လိုက်သည်။
အစိုးရစားသောက်ဆိုင်များသည် ကုန်သွယ်ရေးဌာန၏လက်အောက်တွင်ရှိကာ နိုင်ငံပိုင်ဖြစ်သည်။ သူတို့၏လုပ်ဆောင်ချက်မှန်သမျှသည် အထက်မှဌာနများဆီရောက်၏။
အတိတ်တွင် လုပ်ငန်းအတွက် ရန်ပုံငွေများကို လျှိုတုံချန်ကိုင်တွယ်ခြင်းဖြစ်ကာ သူအဖမ်းခံလိုက်ရသောအချိန်တွင် ပြန်သိမ်းသွား၏။
အခုတွင် ထုံရွှယ်လူက စားသောက်ဆိုင်အတွက် ချက်ပြုတ်ရမည့် ပစ္စည်းများဝယ်ပေးရမည်ဖြစ်သောကြောင့် ပိုက်ဆံသွားထုတ်ရန်လိုသည်။
ကုန်သွယ်ရေးဌာနမှ လုံခြုံရေးသည် ထုံရွှယ်လူကမန်နေဂျာအဖြစ် အစည်းအဝေးလာတက်သည်ကို သိလိုက်ရသောအခါ လန့်သွားလေသည်။
သူက သူမ၏အထောက်အထားကို ထပ်ခါတလဲလဲစစ်ပြီးမှ အထဲပေးဝင်လာ၏။
အစည်းအဝေးခန်းထဲသို့ ထုံရွှယ်လူဝင်လာသောအခါ ချက်ချင်းပင် လူတိုင်းက သူမကိုကြည့်လာကြ၏။
“မိန်းမတစ်ယောက်ရောက်လာတာလား၊ သူမနေရာများမှားလာတာလား”
“အဲ့ဒါပြောတာပေါ့ ဟုတ်တယ်မလား၊ ကောင်မလေး မင်းနေရာမှားရောက်လာတာလား”
ထုံရွှယ်လူက သူတို့ကို တည်ငြိမ်စွာကြည့်လိုက်သည်။
“မမှားပါဘူး ကျွန်မကနေရာမှန်ကိုရောက်လာတာပါ၊ ကျွန်မက နန်မြို့အစိုးရစားသောက်ဆိုင်ရဲ့ မန်နေဂျာပါ၊ ဒီကိုအစည်းအဝေးတက်ဖို့ ရောက်လာတာပါ”
BOOM!
ထိုစကားကိုကြားသောအခါ ယောက်ျားအားလုံးက ကြောင်သွားကြသည်။
“သူမက မန်နေဂျာလား၊ ငါတို့ဆီမှာ ဘယ်တုန်းကစပြီး အမျိုးသမီးမန်နေဂျာတွေ ရှိသွားတာလဲ”
“အမှန်ဘဲ ပြီးတော့ သူမကအရမ်းငယ်သေးတယ်၊ မန်နေဂျာတစ်ယောက်ရဲ့ အလုပ်ကို ကောင်းကောင်းကိုင်တွယ်နိုင်ပါ့မလား”
“ငါကတော့ မင်းကို အသံတိုးဖို့ အကြံပေးချင်တယ်၊ ဒီလိုအသက်ငယ်ငယ်နဲ့ မန်နေဂျာနေရာကို ရောက်လာကတည်းက သူမမှာနောက်ခံကောင်းကောင်းရှိမယ်ဆိုတာကို မင်းသိသင့်တယ်”
ထိုစကားထွက်လာသောအခါ အခန်းထဲမှ တီးတိုးပြောသံများက ရပ်သွားကာ တိတ်ဆိတ်သွားသည်။
လူတိုင်းက ထုံရွှယ်လူကို အပေါ်အောက်စုံဆန်ကြည့်နေကြသော်လည်း ဘယ်သူမှသူမကိုစကားလာ မပြောပေ။
ထုံရွှယ်လူက ထိုအချက်ကြောင့် စိတ်အနှောင့်အယှက်မဖြစ်သွားပေ။ သူမက နေရာလွတ်တစ်ခုကိုရှာကာ ထိုင်လိုက်သည်။
သူမက ဒီနေရာရှိ လူတိုင်းကို လုပ်သားအင်အားများအဖြစ်မြင်၏။ သို့သော်ငြား လက်ရှိတွင် ဤသူများက ပုံမှန်ပုံစံမှထိုးဖောက်ကာ မန်နေဂျာနေရာသို့ရောက်လာသည့် မိန်းကလေးကိုမလေးစားကြပေ။
ထို့ကြောင့် သူမကလည်း ဒီနေရာမှသူများနှင့် အချင်းချင်းမိတ်ဆက်ရန် မလောပေ။
သူမသာ သူတို့အပေါ် သွားနွေးထွေးပြပါက ပို၍သာအထင်သေးသွားလိမ့်မည်။
သူမက သူတို့၏လေးစားမှုကို တကယ့်အောင်မြင်မှုများဖြင့်သာ ရယူရပေမည်။
ဆယ်မိနစ်လောက်ကြာပြီးသောအခါ ကုန်သွယ်ရေးဌာနက အကြီးအကဲများရောက်လာသည်။
ကုန်သွယ်ရေးဌာန၏မန်နေဂျာသည် အသက်40၊50လောက်ရှိသည့် သက်လတ်ပိုင်းယောက်ျားတစ်ယောက်ဖြစ်သည်။ သူက အနက်ရောင်ရိုးရာဝတ်စုံကိုဝတ်ဆင်ထားကာ အလွန်လေးနက်သောပုံစံရှိ၏။
သူက အစိုးရစားသောက်ဆိုင်များ၏ ကိစ္စတစ်ချို့ကို အကျဉ်းချုပ်လိုက်ပြီးနောက် မေးလာ၏။
“နန်မြို့တော် ဆိုင်ခွဲက မန်နေဂျာရှိလား”
ထုံရွှယ်လူက ထရပ်လိုက်သည်။
“ဟုတ် ကျွန်မဒီမှာပါ မင်္ဂလာပါမန်နေဂျာကြီး ကျွန်မနာမည်က ထုံရွှယ်လူပါ နန်မြို့တော်ဆိုင်ခွဲရဲ့ မန်နေဂျာအသစ်ဖြစ်ပါတယ်”
မန်နေဂျာလင်းက သူမကိုတစ်ချက်ကြည့်ပြီး ခက်ထန်စွာပြောလာသည်။
“ရဲဘော်ထုံ နန်မြို့တော်ဆိုင်ခွဲကို ကောင်းကောင်းစီမံနိုင်မယ်လို့ ယုံကြည်ချက်ရှိလား၊ မင်းမှာယုံကြည်ချက်မရှိရင် အခုနှုတ်ထွက်ခွင့်ပြုတယ်”
ထုံရွှယ်လူအသံက ကြွပ်ဆတ်ကာ ကျယ်လောင်၏။
“မန်နေဂျာ ကျွန်မက နန်မြို့တော်ဆိုင်ခွဲကိုကောင်းကောင်းစီမံမှာပါ စိတ်ချထားလို့ရပါတယ်”
အစည်းအဝေးခန်းထဲမှ လူတစ်ချို့ကခေါင်းရမ်းကာ တစ်ချို့က ကြိတ်ရယ်ကြပြီး တစ်ချို့ကမူ ထုံရွှယ်လူက သူမကိုယ်သူမ ဘာပြောနေမှန်းတောင် သိမှာမဟုတ်ဟုထင်ကြသည်။
နန်မြို့တော်ဆိုင်ခွဲ၏ အစာအဆိပ်သင့်သည့်ဖြစ်ရပ်နှင့်ဆိုလျှင် သူတို့ကဆိုင်ပြန်ဖွင့်လိုက်လျှင်တောင်မှ စားသုံးသူများပြန်လာရန် အခွင့်အရေးမှာ မရှိသလောက်နည်းပေသည်။
မန်နေဂျာလင်း :“ ကောင်းတယ် ဒါဆိုရင် ငါမင်းကို စားသောက်ဆိုင်ကို မူလလမ်းကြောင်းဆီပြန်ရောက်လာအောင်လုပ်ဖို့ အချိန်သုံးလပေးမယ်”
ထုံရွှယ်လူက ပြုံးလိုက်သည်။
“ကျွန်မအတွက် သုံးလမလိုပါဘူး၊ တစ်လဘဲလိုပါတယ်”
သူမပြောပြီးနောက်တွင် အစည်းအဝေးခန်း တစ်ဖန်တိတ်ဆိတ်သွားလေသည်။
သူမကိုကြည့်နေသောအကြည့်များက လှောင်ရယ်လိုသောပုံစံဖြင့်ကြည့်လာကြသည်။
ဒီတစ်ယောက်က တကယ်လွတ်နေတာဘဲ၊ စားသောက်ဆိုင်ကို တစ်လထဲနဲ့ မူလအခြေအနေပြန်ရောက်အောင် လုပ်နိုင်မယ်လို့ ထင်နေတာလား။
ဟာသဘဲ။