🍵Chapter 150
“ငါက ဘယ်လိုဖြစ်လို့ အဲ့ဒါကိုမသိရတာလဲ”
မန်နေဂျာလင်းက အော်ရယ်လိုက်သည်။
“ကောင်းပြီလေ ဒါဆိုရင်တစ်လပေါ့”
ထုံရွှယ်လူက အခြားသူများ၏လှောင်ပြောင်သောအကြည့်များကို မမြင်သလို ဟန်ဆောင်လိုက်သည်။ သူမက တည်ငြိမ်စွာပြန်ထိုင်လိုက်လေသည်။
ထုံရွှယ်လူက ရန်ပုံငွေခွဲတမ်းကိုရသောအခါ ပါဝင်ပစ္စည်းများဝယ်ရန်အတွက် ထောက်ပံ့ရေးနှင့်တင်ပို့ရောင်းချရေးကော်မတီသို့ တိုက်ရိုက်သွားလိုက်သည်။
သူမစားသောက်ဆိုင်သို့ ပြန်ရောက်သောအခါ လူတိုင်းက သူမလက်ထဲမှပစ္စည်းများကိုမြင်ပြီး အံ့ဩသွားကြသည်။
မုန့်ချင်းချင်း :“မန်နေဂျာထုံ ဘာလို့ဒီလောက်နည်းနည်းဘဲဝယ်လာတာလဲ ဒါဆိုလောက်မှာမဟုတ်ဘူး”
ကောင်းဝေ့ဖျင်နှင့် ကောင်းချွန်းလန်တို့ကလည်း သူမပြောသည်ကိုထောက်ခံလာကြသည်။
ထုံရွှယ်လူ :“ဒီလောက်ဆိုရင်လောက်ပါတယ် ဒီရက်တွေအတွင်းမှာ စားသုံးသူတွေအများကြီးရှိမှာမဟုတ်ဘူး ဒါကငါတို့တွေစားဖို့အတွက်ဘဲ”
သူမစကားကိုကြားသောအခါ လူတိုင်းက အသံတိတ်သွားသည်။
အစာအဆိပ်သင့်ခြင်းသည် စားသောက်ဆိုင်တစ်ခုအတွက်ကိစ္စကြီးဖြစ်သည်။ ထိုကိစ္စကိုကြံစည်သူမှာ ချောင်တကျန်းဖြစ်နေလျှင်တောင် လူထု၏အများစုက နောက်ပိုင်းတွင်ဖြစ်ပျက်ခဲ့သည်များကို မသိပေ။
သူတို့စိုးရိမ်သည်မှာ တစ်စုံတစ်ယောက်သည် စားသောက်ဆိုင်တွင်စားရင်း သေလုနီးပါးဖြစ်ခဲ့သောကြောင့်ဖြစ်သည်။
ထို့ကြောင့် စားသောက်ဆိုင်ပြန်ဖွင့်လိုက်လျှင်တောင်မှ လူသိပ်ရှိမည်မဟုတ်ပေ။
စားသုံးသူများမရှိလျှင် စားသောက်ဆိုင်က စီးပွားရေးအဆင်မပြေတော့သဖြင့် သူတို့သည်လည်း အလုပ်လက်မဲ့ဖြစ်သွားလိမ့်မည်။
ထုံရွှယ်လူက သူတို့ကိုမနှစ်သိမ့်လိုက်ပေ။
သေချာစွာပင် တစ်နေ့လုံး၌ စားသုံးသူတစ်ယောက်မှ ရောက်မလာပေ။
ထိုအဖြစ်အပျက်ကိုမသိသော ဖြတ်သွားသည့်လူစိမ်းတစ်ယောက်က ဆိုင်ထဲဝင်ရန်လုပ်သောအခါ အနားရှိနယ်ခံများက တားလေသည်။
ပြီးခဲ့သည့်နှစ်ရက်အတွင်းတွင်လည်း တစ်ပုံစံတည်းသာဖြစ်နေခဲ့သည်။
မုန့်ချင်းချင်းတို့က အလွန်စိုးရိမ်လာကြသည်။ မစိုးရိမ်သောသူဟူ၍ ထုံရွှယ်လူတစ်ယောက်တည်းသာရှိသည်။
သူမက နေ့ရက်များကို ပုံမှန်အတိုင်းဖြတ်သန်းကာ လုံးဝစိုးရိမ်ပူပန်ခြင်း ရှိမနေပေ။
ထုံရွှယ်လူက အစည်းအဝေးတွင် တစ်လအတွင်း စားသောက်ဆိုင်ကို မူလအခြေအနေပြန်ရောက်အောင် လုပ်မည်ဟုပြောခဲ့သောကြောင့် ထိုအချိန်မှစ၍ လူအများစုက စားသောက်ဆိုင်ကို အနီးကပ်စောင့်ကြည့်လာကြသည်။
သူတို့က ထုံရွှယ်လူတွင်အကြံအစည်အကြီးကြီးရှိနိုင်သည်ဟု ထင်ခဲ့သော်ငြား သူမက ဘာမှလုပ်မနေပေ။
စားသောက်ဆိုင်တွင် စားသုံးသူမရှိသည်မှာ 2ရက်3ရက်လောက်ရှိနေပြီဖြစ်သည်။
ဟားးရယ်စရာကောင်းလိုက်တာ။
သူတို့သိသားဘဲ၊ သူမဒီအတိုင်း လေလုံးထုတ်နေတာ။
ထုံရွှယ်လူက သူတို့မူလကထင်ထားသလိုပင် အရည်အချင်းမရှိသည်ကိုမြင်သောအခါ သူတို့ကသူမ၏လှုပ်ရှားမှုများကို ဆက်မစောင့်ကြည့်နေတော့ပေ။
***
အချိန်ကကုန်ဆုံးလာကာ ဘယ်သူမှမသိခင်မှာဘဲ ဝမ်ရူကွေ့၏မွေးနေ့သို့ရောက်လာတော့မည်။
ဝမ်ရူကွေ့သည် ဌာနသို့ပြန်ရောက်လာကတည်းက ခံစားချက်မကောင်းဖြစ်နေ၏။
ဟွမ်ချီမင်နှင့်ကျိုးရန်က ဝမ်ရူကွေ့တစ်ယောက် တစ်ခုခုဖြစ်နေသည်ကို သတိပြုမိလာကြသည်။
ထို့ကြောင့် သူရဲကောင်းကြီးသုံးယောက်က တစ်ဖန်လူစုလိုက်ကြပြန်သည်။
ဟွမ်ချီမင် :“ရူကွေ့ မင်းကောင်မလေးနဲ့ ရန်ဖြစ်ခဲ့လို့လား”
ကျိုးရန်က ပြုံးရွှင်နေ၏။
“ဟုတ်တယ် မင်းဘာကိုစိတ်အနှောင့်အယှက်ဖြစ်နေတာလဲဆိုတာကို ငါတို့ကိုပြောပြလို့ရပါတယ်ဟ”
ဝမ်ရူကွေ့က သူတို့ကိုတစ်ချက်ကြည့်လိုက်သည်။
“မဟုတ်ပါဘူး ငါတို့ရန်မဖြစ်ခဲ့ဘူး”
ကျိုးရန်က သူ့ကိုမယုံပေ။
“ရန်မဖြစ်ခဲ့ဘူးဆိုရင် ဘာလို့မပျော်မရွှင်ဖြစ်နေတာလဲ ဒါနဲ့ မင်းမွေးနေ့က မနက်ဖြန်မလား၊ မင်းကောင်မလေးက မင်းမွေးနေ့အတွက် ဘာမှမလုပ်ပေးဘူးလို့တော့ မပြောနဲ့နော်”
သူ့စကားကိုကြားသောအခါ ဝမ်ရူကွေ့မျက်နှာက မှုန်ကုပ်သွားလေသည်။
ဝမ်ရူကွေ့၏အမူအရာက ကျိုးရန်၏ခန့်မှန်းချက်ကို အတည်ပြုပေးလိုက်သည်။
“ငါပြောတာဟုတ်တယ်မလား၊ ရူကွေ့ မင်းတကယ်ရောကောင်မလေးရှိရဲ့လား ငါတို့ကိုလိမ်နေတာတော့ မဟုတ်ပါဘူးနော်”
ဝမ်ရူကွေ့က သူ့ကောင်မလေးဘက်မှချေပလာသည်။
“သူမက အရမ်းအလုပ်များတဲ့သူမလို့ပါ၊ အဲ့ဒါကြောင့် ငါ့မွေးနေ့မှာအတူရှိပေးဖို့ အချိန်မရဘူးဖြစ်နေတာ”
ဟွမ်ချီမင်က ခေါင်းခါကာ အတွေ့အကြုံရှိသူကြီးလို သက်ပြင်းချလိုက်သည်။
“ရူကွေ့ ငါပြောရတာတော့မကောင်းဘူး ဒါပေမယ့် ဒါကဒီလိုဖြစ်နေရမှာမဟုတ်ဘူးလေ မင်းကယောက်ျားလေး မင်းခြေထောက်ကို အရင်ခြေချထားဖို့လိုတယ်၊ မင်းက သူမအလုပ်များတယ်ပြောတိုင်း ဒီအတိုင်းထားလိုက်ရင် လက်ထပ်ပြီးတဲ့အခါကျ ဘယ်လိုလုပ်မလဲ”
ကျိုးရန်ကလည်း ခေါင်းညိတ်လာသည်။
“ဟုတ်တယ် မင်းက ငါတို့ယောက်ျားတွေရဲ့ ဂုဏ်သိက္ခာကိုချနေတာဘဲကွ၊ ဒီလိုပုံစံနဲ့ဆို မင်းမိန်းမက မင်းကိုအမြဲတမ်းနိုင်နေတော့မှာ”
“ငါကြားတာတော့ ခေါင်းဆောင်က သူ့မိန်းမပေါက်စီစားနေတဲ့အချိန်မှာ သူကဝေါဝေါထိုကိုဘဲစားရတယ်ဆိုဘဲ၊ သူ့မိန်းမက မတ်တပ်ရပ်ဆိုရင် မထိုင်ရဲဘူးတဲ့ ခေါင်းဆောင်က ဂုဏ်သိက္ခာကျတဲ့ဘဝမှာနေနေရတာဘဲ”
ရုတ်တရက်ပင် ဟွမ်ချီမင်၏ပုံစံက ထူးဆန်းသွားသည်။ သူက ချောင်းဟန့်ကာ ကျိုးရန်ကိုမျက်စိတစ်ဖက်မှိတ်ပြလိုက်သည်။
ကျိုးရန်က သူ့ကိုကြည့်လာသည်။
“မင်းအဆင်ပြေရဲ့လား”
ဟွမ်ချီမင်က ကျိုးရန်၏နှေးကွေးမှုကြောင့် စိတ်ညစ်လာသည်။ သူကအသံတိုးတိုးဖြင့်ပြောလိုက်သည်။
“ခေါင်းဆောင်”
ကျိုးရန်က ခေါင်းညိတ်ပြ၏။
“ဟုတ်တယ်လေ ငါပြောနေတာ ငါတို့ခေါင်းဆောင်အကြောင်း၊ ငါတို့ခေါင်းဆောင်က သူ့မိန်းမကိုအရမ်းကြောက်တာဟ ရူကွေ့ မင်းခေါင်းဆောင်လိုမလုပ်နဲ့နော်”
ရုတ်တရက်ပင် သူ့နောက်မှလူတစ်ယောက်က နှာခေါင်းရှူံ့လာ၏။
“အဲ့ဒါတွေကိုထားလိုက်ပါဦး ငါကအဲ့ဒီကိစ္စကို ဘယ်လိုဖြစ်ပြီး မသိရတာလဲ”
ကျိုးရန်က ကြက်သီးထလာကာ တောင့်တောင့်ကြီးလှည့်ကြည့်လိုက်သည်။ သူတို့၏ခေါင်းဆောင် ကျွမ်းကျန့်ဟွေ့က သူ့နောက်တွင်ရပ်နေ၏။
ခေါင်းဆောင်ကျွမ်း :“ ငါက မင်းခွင့်ရက်ယူဖို့ပြောထားတာကို လက်ခံလိုက်ပြီလို့လာပြောတာ အခုတော့ထားလိုက်ပါတော့”
ကျိုးရန် “……”
ကျိုးရန်က ကံတရားသည် သူ့လည်ပင်းကို ညှစ်ထားသည်ဟု ခံစားလိုက်ရသည်။
ဘာလို့ သူကဒီလိုမျိုးတွေဘဲဖြစ်နေတာလဲ။
ကျိုးရန်က မျောက်လိုပင် ထိုင်ခုံမှ ထခုန်လိုက်သည်။
“ခေါင်းဆောင် မသွားပါနဲ့၊ ကျွန်တော်မှားသွားပါတယ် ခေါင်းဆောင်က မိန်းမကြောက်တဲ့သူမဟုတ်ပါဘူး ကျွန်တော်ကသာ မိန်းမကြောက်တဲ့သူပါ”
ခေါင်းဆောင်က သူ့ကိုအေးစက်စွာကြည့်လာ၏။
“မင်းကောင်မလေးက မင်းကိုစွန့်ပစ်လိုက်ပြီလေ ဘယ်နားကမိန်းမကိုလာပြောနေတာလဲ”
အွီးးးး ကျိုးရန်က ရင်ဘတ်တည့်တည့်ကို အထိုးခံလိုက်ရသည်။
“ခေါင်းဆောင်.....ကျေးဇူးပြုပြီး ကျွန်တော့်ကိုခွင့်တစ်ရက်လောက်ပေးပါနော်၊ ခေါင်းဆောင်လို့ ကျေးဇူးပြုပြီး...........”
ကျိုးရန်က ခေါင်းဆောင်၏လက်ကိုဆွဲကာ ဘယ်ညာရမ်းနေ၏။ သူတို့ပုံစံက အချင်းချင်းကောင်းကောင်းသိသော ချစ်သူစုံတွဲများအတိုင်းပင်။
ခေါင်းဆောင်သည် ကျိုးရန်၏အပြုအမူများကြောင့် ကြက်သီးထသွားသည်။ သူက ကျိုးရန်၏လက်ကို ပုတ်ထုတ်လိုက်သည်။
“မင်း အဲ့ဒီရွံစရာကောင်းတဲ့လေသံကို ဘယ်ကတတ်လာတာလဲ၊ နေ့လယ်စာစားပြီးရင် ငါ့ရုံးခန်းကိုလာခဲ့”
ချက်ချင်းပင် ကျိုးရန်မျက်လုံးများက အရောင်တောက်လာသည်။
“ကျေးဇူးပါ ခေါင်းဆောင်၊ ကျွန်တော်နဲ့ခေါင်းဆောင်က ကျွန်တော့်အဖေနဲ့ကျွန်တော်ထက်တောင် ပိုပြီးသံယောဇဉ်ရှိတာဘဲ”
ဝမ်ရူကွေ့နှင့် ဟွမ်ချီမင်တို့သည် ကျိုးရန်၏အပြုအမူကြောင့် အံ့အားသင့်သွားရလေသည်။
ခွင့်ရဖို့အတွက်ဆို မပြောနိုင်တာမရှိဘူးဘဲ။
သူတို့နှစ်ယောက် အခုလေးတင်မြင်ခဲ့ရသည်များကို ပြန်တွေးကြည့်လိုက်ရာ ကြက်သီးထသွားသည်။
ခေါင်းဆောင်ကျန်းက ကန်တင်းမှထွက်လာလာချင်းပင် မျက်မှောင်ကြုတ်လိုက်သည်။
သူကမိန်းမကြောက်တယ်လို့ ဘယ်ကစကားထွက်လာတာလဲ။
သူ့မိသားစုဝင်များမှလွဲလျှင် ဘယ်သူမှမသိနိုင်ပေ။
ခေါင်းဆောင်ကျွမ်းက ဝန်ထမ်းအိမ်ရာသို့ပြန်လာသည့်လမ်းတွင် အတွေးထဲမျောနေ၏။ သူကခေါင်းမော့လိုက်သောအခါ သူ့မြေးမလေးက ဘေးအိမ်မှကလေးနှင့် ကစားနေသည်ကို မြင်သွားသည်။
“ငါနင့်ကိုပြောပြမယ် အိမ်မှာဆို ငါ့အဖွားကပြောပိုင်ခွင့်အရှိဆုံးဘဲ၊ ငါ့အဖိုးတောင်မှ အဖွားကိုကြောက်ရတာ၊ အဖွားကအဖိုးကိုဆူပြီဆို အသံတစ်သံတောင် မထွက်ရဲဘူး”
ခေါင်းဆောင်ကျွမ်း : “……”
သူတစ်ချိန်လုံး ဒီလောက်သတိထားနေခဲ့တာကို နောက်ဆုံးတော့လဲ သူ့မိသားစုထဲကသူဖြစ်နေပါလား။
သူ့မြေးမလေးက သူမိန်းမကြောက်သည်ဟူသော စကားများကို ဖြန့်သောသူဖြစ်နေ၏။
***
ထို့နေ့တွင် ထုံရွှယ်လူအလုပ်သို့ရောက်သောအခါ နောက်တစ်နေ့တွင်ခွင့်ယူမည်ဖြစ်ကြောင်းပြောပြလိုက်သည်။
ပြီးခဲ့သည့်ရက်အတွင်းတွင် သူမကတမင်ဟန်ဆောင်နေခဲ့ခြင်းဖြစ်သည်။
သူမက စတင်အလုပ်များလာသည်နှင့် နားရက်ယူရန်မဖြစ်နိုင်တော့ပေ။
ထို့ကြောင့် သူမက ပြီးခဲ့သည့်ရက်များတွင် ဘာမှမလုပ်ခဲ့ခြင်းဖြစ်၏။
မုန့်ချင်းချင်းတို့က ခေါင်းညိတ်ပြလာကြသည်။ စားသောက်ဆိုင်တွင် ဧည့်သည်မရှိရာ မန်နေဂျာရှိရှိ၊ မရှိရှိ ဘာမှမထူးပေ။
ထုံရွှယ်လူက သူမခွင့်ယူမည့်အကြောင်း အသိပေးပြီးနောက် ချက်ပြုတ်ရမည့်ပစ္စည်းများသွားဝယ်သောအခါ နောက်တစ်နေ့အတွက်ပါ ပိုဝယ်ခဲ့လိုက်သည်။
ထိုနေ့နေ့လယ်တွင် ရုတ်တရက် လူတစ်ယောက်ရောက်လာ၏။
သူမက စားသုံးသူမဟုတ်ပေ။ ကျန်းတန့်ဟုန်ပင်။
ကျန်းတန့်ဟုန်က အထဲသို့ဝင်လာကာ ဝေ့ကြည့်လိုက်သည်။
“ဧည့်သည်မရှိဘူးလား”
ထုံရွှယ်လူက သူမရောက်လာမည်ဟု မထင်ထားခဲ့ပေ။ သူမက ခေါင်းညိတ်ကာ ပြုံးပြလိုက်သည်။
“ယင်တစ်ကောင်တောင်မလာဘူး၊ ဘာဖြစ်လို့ရောက်လာတာလဲ”
သူမအလုပ်လုပ်သည့်ကျောင်းသည် စားသောက်ဆိုင်နှင့် သိပ်မဝေးသော်လည်း ကျောင်းတွင်ကန်တင်းရှိကာ ကျန်းတန့်ဟုန်ကလည်း ခြိုးခြံချွေတာတတ်သောသူဖြစ်၏။ ထို့ကြောင့် သူမကတစ်ခါမှ ရောက်မလာဖူးပေ။
“ငါနေ့လယ်စာမစားရသေးဘူး ဘာစားစရာရှိလဲ ဘာမဆိုရတယ်”
“ဒါဆို အစ်မအတွက် တလုမြန့်လုပ်ပေးမယ်”
အခုချိန်တွင် ထုံရွှယ်လူကနားလည်သွားလေသည်။
ကျန်းတန့်ဟုန်က သူမကို အားပေးရန်အတွက်ရောက်လာခြင်းဖြစ်သည်။
ကျန်းတန့်ဟုန်က ခေါင်းညိတ်လိုက်သည်။
“ရတယ်”
ကျန်းတန့်ဟုန်က သူတို့သိသောသူဖြစ်နေလျှင်တောင်မှ မုန့်ချင်းချင်းက စားမည့်သူရောက်လာ၍ ပျော်နေဆဲဖြစ်သည်။
ကောင်းဝေ့ဖျင်က မီးဖိုချောင်ထဲသို့ အမြန်ပြန်သွားလိုက်သည်။ ကောင်းချွန်းယွီဆိုလျှင် ကျန်းတန့်ဟုန်ဆီမှ ပိုက်ဆံနှင့်လက်မှတ်များကို သိမ်းသောအခါ သူမလေသံကနူးညံ့နေ၏။
မုန့်ချင်းချင်းက ကျန်းတန့်ဟုန်နားသွားကာ ရေသောက်ချင်လားဟုမေးလိုက်သည်။ ကျန်းတန့်ဟုန်က ဤဆက်ဆံမှုကြောင့် တကယ်ပင် အံ့ဩသွားလေသည်။
ချက်ပြုတ်ရာတွင်သုံးမည့် ပစ္စည်းများကအစုံရှိ၏။ ထုံရွှယ်လူလုပ်ရန်ဟူ၍ ခေါက်ဆွဲကိုပြုတ်ပြီး ရေအေးထဲတွင်ဆေးလိုက်ရုံသာဖြစ်သည်။
သူမက အသားကြော်ရန် ဒယ်အိုးနောက်တစ်လုံးကို အပူပေးလိုက်ပြီး အသားအရောင်ပြောင်းလာသောအခါ မုန်လာဥနီ၊ ကြက်သွန်မြိတ်၊ ချင်းနှင့် ကြက်သွန်ဖြူများထည့်ကာ ရောမွှေလိုက်သည်။
ထို့နောက် သူမက ကြက်ဥနှင့် အခြားအရွက်များထည့်ကာ ဟင်းခတ်အမွှေးအကြိုင်ထည့်လိုက်ပြီးနောက် အပေါ်မှခေါက်ဆွဲထည့်လိုက်သည်။ တလုမြန့်က ရလာပြီဖြစ်သည်။
ထုံရွှယ်လူက ကျန်းတန့်ဟုန်ဆီ သူမကိုယ်တိုင်ယူသွားပေးရန်လုပ်လိုက်သော်လည်း မုန့်ချင်းချင်းက သူမအလုပ်ကို အလုခံရတော့မည့်အတိုင်း ခေါက်ဆွဲပန်းကန်ကိုယူကာ လှစ်ခနဲထွက်သွားလေသည်။
ထုံရွှယ်လူက ဘာလုပ်ရမည်မှန်းမသိတော့ချေ။ သူမမလုပ်ရသေးခင်တွင် အလုပ်များကြိုလုပ်ထားပြီးသားဖြစ်နေ၏။