🍵Chapter 151
-“မင်းကောင်မလေးက အရမ်းချောတာဘဲ”
ကျန်းတန့်ဟုန်က ခေါက်ဆွဲမရောက်ခင်မှာပင် အနံ့ရပြီးသားဖြစ်သည်။ ခေါက်ဆွဲပန်းကန်ကို သူမရှေ့တွင် မြင်လိုက်ရသောအခါ သူမဗိုက်က ကျယ်လောင်စွာမြည်လာ၏။
သူမက တူဖြင့်ခေါက်ဆွဲများကိုယူကာ ပူ၊မပူကို ဂရုမစိုက်နေတော့ဘဲ ပါးစပ်အပြည့်ထည့်လိုက်သည်။ ချက်ချင်းပင် သူမမျက်လုံးများက တောက်ပလာလေသည်။
အရသာရှိတယ်။
ခေါက်ဆွဲက အနီရောင်အဆင်းရှိကာ အလွန်စားချင်စဖွယ်ဖြစ်၏။ ဝက်သားကနူးညံ့ကာ အရသာရှိသည်။ အခြားပါဝင်ပစ္စည်းများကလည်း ခေါက်ဆွဲနှင့် အလွန်လိုက်ဖက်ပေသည်။
သူမက ဆယ်မိနစ်အတွင်းတွင် ခေါက်ဆွဲပန်းကန်ကြီးကို အပြတ်ဖြတ်လိုက်သည်။
ထုံရွှယ်လူကသူမကိုကြည့်နေသောအခါ ကျန်းတန့်ဟုန်က အနည်းငယ်ရှက်သွားသည်။
“စကားမစပ် မနက်ဖြန်က ရဲဘော်ဝမ်မွေးနေ့မလား နင်သူနဲ့ဘယ်အချိန်တွေ့မလဲဆိုတာကို မသိပေမယ့် ဒါကိုငါ့အစား သူ့ကိုပေးပေးပါလား”
သူမက ပြောရင်းဖြင့် မွေးနေ့လက်ဆောင်ကို ထုတ်ပြလာ၏။ ၎င်းက အရင်တစ်ခေါက်တွင် သူမထုံရွှယ်လူကိုပေးခဲ့သည် ဖောင်တိန်လေးနှင့် အတူတူပင်။
၎င်းက အလွန်သင့်တော်သော လက်ဆောင်ဖြစ်သည်။
ထို့ပြင် သူမက ထုံရွှယ်လူမှ တစ်ဆင့်ပေးလာ၏။
ထုံရွှယ်လူကပြုံးလိုက်သည်။
“ကောင်းပါပြီ ကျွန်မဒါကိုသူ့ဆီယူသွားလိုက်ပါ့မယ် သူ့အစားကျေးဇူးတင်ပါတယ်
ကျန်းတန့်ဟုန်၏နှုတ်ခမ်းက အနည်းငယ်စေ့သွားသည်။ သူမက ခနလောက်တန့်နေပြီးမှ ပြောလာ၏။
“လင်းမိသားစုရဲ့သားအဖက အဖမ်းခံလိုက်ရပြီ၊ သူတို့ကထောင်ဆယ်နှစ်နဲ့ ရှစ်နှစ်ဆီ အသီးသီးထောင်ချခံလိုက်ရတယ်”
ထုံရွှယ်လူသည် ကျန်းတန့်ဟုန်က သူမ၏ယောက္ခမဟောင်းနှင့် ယောက်ျားဟောင်းတို့အကြောင်းပြောနေသည်ကို နားလည်နိုင်ရန် အချိန်အနည်းငယ်ယူလိုက်ရသည်။
“ဂုဏ်ပြုပါတယ် အခုတော့ အစ်မရဲ့ဘဝအသစ်ကို တကယ်ခြေလှမ်းစနိုင်ပြီပေါ့”
သူမထုတ်မပြောလိုသည့်အရာမှာ လင်းမိသားစုသည် ဤကိစ္စကိုဒီတိုင်းလွှတ်ပေးမည်ဟု မယုံပေ။
သို့သော် အခုချိန်တွင် ကျန်းတန့်ဟုန်၏ဝမ်းမြှောက်နေမှုကို မဖျက်စီးလိုက်ချင်ပေ။
စိတ်ကျေနပ်မှုအရိပ်အယောင်များက ကျန်းတန့်ဟုန်၏မျက်လုံးထဲတွင် ဖြတ်ခနဲပေါ်လာသည်။
“ကျေးဇူးပါ နောက်ကျနေပြီ ငါကျောင်းကိုပြန်တော့မယ်”
ထုံရွှယ်လူက သူမကိုတံခါးဝအထိလိုက်ပို့လာသည်။
သူတို့အပြင်ထွက်လာသောအခါ အခြားသူများက သူတို့ကိုချောင်းကြည့်နေသည်ကို မြင်လိုက်ရ၏။ ထိုသူတို့က ကျန်းတန့်ဟုန်တစ်ယောက် အကောင်းတိုင်းပြန်ထွက်လာသည်ကို မြင်သောအခါ အံ့ဩသွားကြသည်။
“ဘုရားရေ သူမက အဆိပ်ခတ်မခံရဘူးဘဲ”
“သူမကအထဲအကြာကြီးဝင်သွားတော့ တစ်ခုခုဖြစ်နေပြီလို့ထင်သွားတာ”
ထုံရွှယ်လူက ထိုစကားများကို ကြားသောအခါ မျက်ဆံလှန်လိုက်မိသည်။
ထုံရွှယ်လူက ထိုလူများကြောင့် စိတ်အနှောင့်အယှက်မဖြစ်သည်ကို မြင်သောအခါ ကျန်းတန့်ဟုန်ကလည်း ထိုသူများကိုလျစ်လျူရှုကာ ကျောင်းသို့ပြန်သွားလိုက်သည်။
***
နောက်တစ်နေ့မနက်တွင် ထုံရွှယ်လူက ပုံမှန်ထက်အိပ်ရာစောစောထလေသည်။ သူမက ကိတ်တစ်ခုကိုလုပ်လိုက်ပြီးနောက် မနက်စာလုပ်လိုက်သည်။
ထို့နောက် သူမက ထုံကျားမင်က သူကျောင်းမသွားခင်တွင် ထုံမျန်မျန်အားဝေ့မိသားစုအိမ်သို့ ပို့သွားပေးရန်ပြောလိုက်သည်။
ထုံကျားမင်က သူမပြောသည်ကိုနားလည်ကြောင်းပြလိုက်သော်လည်း သူက တစ်ခုခုလေးလံသည်ကိုအဆွဲခံထားရသကဲ့သို့ပင် ကြမ်းပြင်ကိုဘဲကြည့်နေ၏။
ထုံကျားမင်က ခနလောက်တန့်နေပြီးမှ မေးလာသည်။
“အကိုကြီးရူကွေ့နဲ့ တွဲနေတာလား”
ထုံရွှယ်လူက ခေါင်းညိတ်ပြသည်။ “အင်း”
ထုံကျားမင်ကဘေးနှစ်ဖက်ရှိလက်များကို တင်းတင်းဆုပ်လိုက်သည်။
“အဲ့ဒါဆို မကြာခင်လက်ထပ်တော့မှာလား”
နောက်ဆုံးတွင် ထုံရွှယ်လူက သူ့ကိုဘာကစိတ်အနှောင့်အယှက်ပေးနေသည်ကို သတိပြုမိသွားသည်။
“စိတ်မပူပါနဲ့ တကယ်လို့ငါလက်ထပ်လိုက်ရင်တောင်မှ နင်တို့ကိုပစ်ထားမှာမဟုတ်ဘူး၊ ဒီအကြောင်းတွေကို စိတ်ပူမနေနဲ့တော့ အရပ်မရှည်လာဘဲနေမယ်”
ထုံကျားမင် “……”
ထုံရွှယ်လူက ထိုသို့ပြောပြီးနောက် သန့်ရှင်းရေးလုပ်ရန် ထသွား၏။
သူမနှင့်ဝမ်ရူကွေ့၏ဆက်ဆံရေးသည် အခုမှစတင်ခြင်းဖြစ်သည်။ ဤခန္ဓာကိုယ်ကလည်း အခုမှ အသက်18ပြည့်သွားတာပင်။ လက်ထပ်သည့်အကြောင်းပြောရန်မှာ စောလွန်းနေသေးပေသည်။
ထုံကျားမင်က ထုံရွှယ်လူမီးဖိုချောင်ထဲသို့ဝင်သွားသည်ကို မြင်သောအခါ စိတ်သက်သာသွားသလို သက်ပြင်းချလိုက်ပြီး သူ့မျက်နှာပေါ်တွင် အပြုံးတစ်ခုပေါ်လာ၏။
ထုံရွှယ်လူက အဝတ်အစားလဲပြီးသောအခါ နွေးနေသေးသည့် မွေးနေ့ကိတ်နှင့်အတူ လွန်ခဲ့သည့်ရက်အနည်းငယ်ကပြုလုပ်ခဲ့သည့် ဝက်သားခြောက်ကိုယူကာ အိမ်မှထွက်လာလိုက်သည်။
သူမက လွန်ခဲ့သည့်နှစ်ရက်ကတည်းက ဌာနသို့ဘယ်လိုသွားရမည်ကို ရှာဖွေလေ့လာထားပြီးသားဖြစ်သည်။
သူမက ကြားထဲတွင် ကားတစ်ဆင့်ပြောင်းစီးရလိမ့်မည်။ အကယ်၍ သူမကံကောင်းမည်ဆိုပါက ဌာနသို့ရောက်ရန် သုံး၊လေးနာရီလောက်ကြာလိမ့်မည်။
သူမကံမကောင်းဘူးဆိုလျှင်တော့ ဘယ်လောက်ကြာသွားနိုင်သည်ကို သူမလည်းမသိပေ။
ထုံရွှယ်လူက အိမ်မှထွက်လာသောအခါ ဆုတောင်းခဲ့၏။ သူမက သူမတွေးနိုင်သမျှ နတ်ဘုရားများကိုဆုတောင်းခဲ့ကာ အနောက်တိုင်းနတ်ဘုရားများလည်း အပါအဝင်ဖြစ်သည်။
သူမ၏ဆုတောင်းက အမှန်ဖြစ်လာလေသည်။
သူမကားဂိတ်သို့ရောက်ရောက်ချင်းပင် ကားတစ်စီးရောက်လာ၏။ သူမက ထိုကားကို တစ်နာရီခွဲလောက်စီးသွားတာ ရှင်းရီမှတ်တိုင်တွင်ဆင်းလိုက်သည်။ ထို့နောက် ဌာနသို့ရောက်မည့်ကားမလာခင်အထိ နာရီဝက်လောက်စောင့်ရဦးမှာဖြစ်သည်။
နောက်ဆုံးတွင် လေးနာရီကြာသွားပြီးနောက် ထုံရွှယ်လူကဌာနသို့ရောက်လာသည်။
ဌာနကအလွန်ကြီးသော်လည်း သူမအထဲမဝင်ရသေးခင်မှာပင် လုံခြုံရေးများက တားလာ၏။
“ဘယ်သူ့ကိုတွေ့ချင်လို့လာတာလဲ”
“မင်္ဂလာပါ ကျွန်မက သုတေသနပညာရှင်ဝမ်ရူကွေ့ဆီလာတာပါ သူ့ကောင်မလေးပါ”
ထိုစကားကိုကြားသောအခါ လုံခြုံရေး၏မျက်လုံးများက အရောင်တောက်သွားပြီး အတင်းအဖျင်းစကားများက သူ့မျက်လုံးထဲတွင်ရေးထားသလို ထင်ရှားနေ၏။
“ဒီမှာခနလောက်စောင့်ပေးပါ ရဲဘော်၊ ကျွန်တော်အခုချက်ချင်းဖုန်းခေါ်လိုက်ပါ့မယ်”
အထဲသို့မဝင်ခင်တွင် လုံခြုံရေးက တစ်စုံတစ်ခုလှုံ့ဆော်သည်ကို ခံလိုက်ရသည့်ပုံစံမျိုးဖြင့် ဖုန်းဆက်ရန်ဝင်သွားသည်။
“ရဲဘော် မင်းကောင်လေးက အခုလာနေပါပြီ’
ဝမ်ရူကွေ့သည် ပြီးခဲ့သည့်တစ်ပတ်ဌာနကို ပြန်ရောက်လာကတည်းက စိတ်ဓာတ်ကျနေ၏။
သူက မကျေမနပ်ဖြစ်ကာ အနည်းငယ်မပျော်မရွှင်ဖြစ်နေ၏။ သူ့မွေးနေ့ကို ထုံရွှယ်လူနှင့်တကယ်ဖြတ်သန်းလိုခြင်းဖြစ်သည်။
ကျိုးရန်က သူ့ကောင်မလေးကို ပိုးပန်းရန်အတွက် ခွင့်တစ်ရက်ရသွားသည်ကိုမြင်သောအခါ ပို၍ခံစားချက်ဆိုးလာသည်။
မနက်အိပ်ရာနိုးသောအခါ သူကမွေးနေ့ပွဲမလုပ်ရန်ဆုံးဖြတ်လိုက်သည်။ သူက သူ့မွေးနေ့မဟုတ်သလိုပင် ဟန်ဆောင်နေလိုက်မည်။
ကံမကောင်းစွာဖြင့် လူတိုင်းက မှတ်မိနေကြ၏။
အလုပ်သို့လာသည့်လမ်းတွင် လူတိုင်းကသူ့ကိုမွေးနေ့ဆုတောင်းပေးလာကြသည်။ ကန်တင်းမှစားဖိုမှူးတောင်မှ သူ့အတွက်မွေးနေ့လက်ဆောင်အဖြစ် ပေါက်စီတစ်လုံးပိုပေးလာလေသည်။
သူ့အဖိုးတောင်မှ သူ့ကိုဖုန်းခေါ်လာ၏။ ထို့ကြောင့် ဒီနေ့ကသူ့မွေးနေ့မဟုတ်သလို ဟန်ဆောင်၍မရတော့ပေ။
သို့သော် သူအကြားချင်ဆုံးသောသူမှာမူ အခုထိဖုန်းမခေါ်သေးပေ။
၎င်းကသူ့ကိုဝမ်းနည်းစေ၏။
သူမျှော်လင့်ချက်များကို လက်လျှော့တော့မည့်အချိန်မှာဘဲ သူ့ကောင်မလေးက ဂိတ်ဝတွင်စောင့်နေသည်ဟု လုံခြုံရေးက အကြောင်းကြားလာလေသည်။
ဝမ်ရူကွေ့က ကြောင်သွားကာ ရင်ခုန်သွားသည်။
သူမက ဌာနမှာလား
သူမက ဌာနကိုရောက်နေတာလား။
ဖုန်းချပြီးသောအခါ ဝမ်ရူကွေ့က မီးရှူးမီးပန်းလို ပြေးထွက်သွားလေသည်။
သူမက ဒီမှာ... သူမက ဒီမှာ.... သူမက ဒီမှာတဲ့...။
ဝမ်ရူကွေ့က ပါးစပ်ထဲသကြားလုံးထည့်ခံလိုက်ရသလိုခံစားလိုက်ရသည်။ သကြားလုံးကအရည်ပျော်သွားကာ ချိုမြိန်မှုက သူ့ပါးစပ်မှတစ်ဆင့် နှလုံးသားထဲအထိပျံ့နှံ့သွားလေသည်။
သူအပြင်သို့ပြေးထွက်လာသောအခါ ဟွမ်ချီမင်နှင့် အခြားလုပ်ဖော်ကိုင်ဖက်တစ်ယောက်တို့ကို တိုက်လုနီးပါးဖြစ်သွားသည်။
ဟွမ်ချီမင်က လန့်သွားပြီး သူက ဝမ်ရူကွေ့နောက်မှ အော်ပြောလာ၏။
“ရူကွေ့ မင်းဘယ်သွားမလို့လဲ ဘာလို့အလျင်လိုနေတာလဲ”
ဝမ်ရူကွေ့က ပြန်လှည့်မကြည့်ဘဲ ဆက်ပြေးသွားသည်။
ဟွမ်ချီမင် “……”
အရှေ့တံခါးမှထွက်လာပြီးနောက် ဌာနရှေ့၌ရပ်နေသည့် သွယ်လျသောပုံရိပ်ကိုမြင်လိုက်မှသာ သူ့နှလုံးက မူလနေရာကိုပြန်ရောက်သွား၏။
၎င်းကအိပ်မက်မဟုတ်ပေ။ သူမကတကယ်ရောက်နေ၏။
ဝမ်ရူကွေ့က ထုံရွှယ်လူရှေ့သို့ပြေးသွားကာ မောနေသောလေသံဖြင့် ပြောလာ၏။
“မင်းလာတယ်လား”
ထုံရွှယ်လူက ပြုံးပြလိုက်သည်။
“အင်း ကျွန်မရောက်လာပြီ”
ဆောင်းတွင်းဖြစ်သော်လည်း ဝမ်ရူကွေ့က ပြေးလာရသောကြောင့် ချွေးထွက်နေ၏။
“ဘယ်လိုဖြစ်လို့ ကိုယ့်ကိုမပြောတာလဲ၊ မင်းကိုမှတ်တိုင်မှာလာကြိုမှာပေါ့”
ထုံရွှယ်လူက သူမအိတ်ထဲမှ လက်ကိုင်ပုဝါကိုထုတ်ကာ သူ့ကိုပေးလာသည်။
“အဲ့လိုဆို ဘယ်လိုလုပ်ပြီး အံ့ဩစရာဖြစ်တော့မှာလဲ”
ဝမ်ရူကွေ့က သူမပေးသည်ကိုယူလိုက်ကာ ၎င်းကအတော်လေးစိတ်ပျော်ရွှင်ရသည့် အံ့ဩစရာဖြစ်သည်ဟု တွေးလိုက်မိသည်။
ပြီးခဲ့သည့်ရက်များတွင် ကျဆင်းနေခဲ့သည့် သူ့ခံစားချက်များက ချက်ချင်းပင်အမြင့်ဆုံးသို့တက်သွားလေသည်။ ၎င်းက အလွန်ပျော်စရာကောင်း၏။
လုံခြုံရေးက သူတို့နှစ်ယောက်ကို သေချာကြည့်ကာမေးလာ၏။
“သုတေသနပညာရှင်ဝမ် သူမက မင်းကောင်မလေးလား”
ဝမ်ရူကွေ့က ရင်ဘတ်ကော့ကာ အနည်းငယ်ခေါင်းညိတ်ပြလိုက်သည်။
“အင်းးးးးငါ့ကောင်မလေး”
လုံခြုံရေး :“မင်းကောင်မလေးက အရမ်းလှတာဘဲ မင်းတို့ကလိုက်ဖက်တယ်”
ဝမ်ရူကွေ့၏မျက်လုံးများက ပို၍အရောင်တောက်သွားသည်။
“ကျေးဇူးပါ”
သူ့ဘေးတွင်ရပ်နေသော ထုံရွှယ်လူက သူရင်ဘတ်ကော့ပြီးဖြေနေသည်ကို မြင်သောအခါ အော်ရယ်မိမတတ်ဖြစ်သွားသည်။
ထုံရွှယ်လူကြည့်နေသည်ကို သတိပြုမိသောအခါ ဝမ်ရူကွေ့ကသူမဘက်လှည့်လာ၏။
“ကိုယ်တို့ အထဲဝင်ကြမလား”
ထုံရွှယ်လူက ခေါင်းညိတ်ပြလိုက်သည်။
ဝမ်ရူကွေ့က အလျင်အမြန်ပင် သူမလက်ထဲမှ ပစ္စည်းများကို လက်လွှဲယူလိုက်သည်။
“ကျေးဇူးပါ ရှင်ကကျွန်မအပေါ် အရမ်းကောင်းတာဘဲ”
မမျှော်လင့်ထားသဖြင့် ဝမ်ရူကွေ့၏နားများက တစ်ဖန်နီရဲသွားလေသည်။
*****
အထဲသို့ဝင်လာသောအခါ ဝမ်ရူကွေ့ကနားရွက်နီနီဖြင့်ပင် ထုံရွှယ်လူအားဌာနတစ်လျှောက်ပြပေးလာ၏။
ထင်သည့်အတိုင်းပင် သူက သူမကို အခြေခံကျသောအရာများကိုသာပြနိုင်၏။ လျှို့ဝှက်သည့်အရာများကို မပြနိုင်သလို သူမကလည်းမမေးပေ။
အဓိကအဆောက်အဦးသို့ရောက်သောအခါ အထဲ၌ လူပိုများလာ၏။
အခြားသူများက ဝမ်ရူကွေ့ဘေးမှ မိန်းကလေးကိုမြင်ပြီး သူမကအတော်လေးလည်းလှသောအခါ လူတိုင်း၏အတင်းအဖျင်းပြောလိုသည့် သွေးများကဆူပွက်လာသည်။
သူတို့က ထုံရွှယ်လူကိုကြည့်ကာ အချင်းချင်းတီးတိုးပြောလာကြသည်။