🍵Chapter 152
“သူ့ကို ဇနီးအဖြစ်ရမှာလေ ကောင်းတယ်လို့မထင်ဘူးလား”
“သုတေသနပညာရှင်ဝမ်ရဲ့ဘေးမှာ လျှောက်နေတဲ့ မိန်းကလေးကဘယ်သူလဲ.. သူကောင်မလေးရပြီလို့ ငါကြားဖူးတယ် အဲ့ဒါက သူ့ကောင်မလေးများလား”
“ငါလည်း မသိဘူး၊ သုတေသနပညာရှင်ဝမ်က ဘယ်လိုတောင် နူးညံ့နေလဲဆိုတာကို မြင်လား၊ သူနဲ့အလုပ်လုပ်ခဲ့တဲ့ နှစ်တွေအားလုံးမှာ ဒီလိုပုံစံမျိုးကို တစ်ခါမှမမြင်ဖူးဘူး”
“မင်းပြောတာမှန်တယ် အဲ့ဒါဆိုရင်တော့ သူ့ကောင်မလေးဖြစ်လောက်တယ်”
ဟွမ်ချီမင်က သူ့အစီရင်ခံစာကိုကိုင်ပြီး ရုံးခန်းထဲမှထွက်လာသောအခါ ဝမ်ရူကွေ့နှင့် ပြန်ဆုံလေသည်။
ထုံရွှယ်လူကိုမြင်သောအခါ သူ့လက်ထဲမှ အစီရင်ခံစာက ပြုတ်ကျသွားသည်။
ဟွမ်ချီမင်က စိတ်ထိန်းပြီး စာရွက်စာတမ်းများကိုပြန်ကောက်ကာ သူတို့ဆီသို့လျှောက်သွားလိုက်သည်။
“မင်းဘာလို့အလျင်လိုနေတာလဲ ငါသိချင်နေတာ လက်စသတ်တော့ လူသွားကြိုတာကိုးးးဒီကဘယ်သူ....”
ဝမ်ရူကွေ့က ထုံရွှယ်လူကိုကြည့်လိုက်သည်။
“ဒါက ထုံရွှယ်လူ၊ င့ါကောင်မလေး”
ထို့နောက် သူက ထုံရွှယ်လူကို ဟွမ်ချီမင်အားမိတ်ဆက်ပေးလာ၏။
“ဒါက ကိုယ့်လုပ်ဖော်ကိုင်ဖက်၊ ဟွမ်မျိုးနွယ်”
ဟွမ်ချီမင်က မျက်တောင်ခတ်လိုက်သည်။
ဝမ်ရူကွေ့က သူ့ကိုမိတ်ဆက်တာပေးတာမှာ အရမ်းဖြစ်ကတတ်ဆန်းနိုင်တယ်လို့ ဘာလို့ခံစားမိနေတာပါလိမ့်၊ ဟွမ်တဲ့ ရဲဘော်ဆိုတဲ့အခေါ်အဝေါ်တောင် ထည့်မပြောဘူး၊ အဲ့ဒါကောင်းရဲ့လား။
သို့သော် အခုချိန်က လက်ပေါက်ကတ်နေရမည့် အချိန်မျိုးမဟုတ်ပေ။ သူက ထုံရွှယ်လူကိုကြည့်လိုက်သည်။
“မင်္ဂလာပါ ရဲဘော်ထုံ ရူကွေ့က မင်းအကြောင်းကို တစ်ချိန်လုံးပြောပြနေတာပါ နောက်ဆုံးတော့ တွေ့ရပြီဘဲ တွေ့ရတာဝမ်းသာပါတယ်”
ထုံရွှယ်လူက ပြုံးပြလိုက်သည်။
“မင်္ဂလာပါ ရဲဘော်ဟွမ် ရူကွေ့ကတော့ ရှင့်အကြောင်းကို တစ်ခါမှမပြောပြဖူးဘူး”
“……”
ဟွမ်ချီမင်က မဲ့ရှူံ့သွားပြီးနောက် ခြောက်ကပ်စွာချောင်းဟန့်လိုက်သည်။
“ရူကွေ့က အမြဲတမ်းတိတ်ဆိတ်နေတတ်တဲ့သူမလို့ပါ၊ ဒါနဲ့ ရူကွေ့မွေးနေ့အတွက် ကျင်းပဖို့ ဒီကိုရောက်လာတာလား ရဲဘော်ထုံ”
သူပြော၍မပြီးသေးခင်မှာပင် ဝမ်ရူကွေ့ကဖြတ်ပြောလာ၏။
“မင်းအခုတလောမှာ စမ်းသပ်ချက်နဲ့ အလုပ်များနေတာမဟုတ်ဘူးလား ဒါဆိုရင်ငါတို့က မင်းကိုအကြာကြီးမဆွဲထားတော့ဘူးနော်”
ဟွမ်ချီမင် : “……” မင်းကငါ့ကိုခေါ်ထားချင်တယ်လို့လဲ မခံစားမိပါဘူး။
သို့သော်ငြား ဝမ်ရူကွေ့က ထုံရွှယ်လူကို သူ့ရုံးခန်းဆီသို့ ခေါ်သွားပြီဖြစ်သည်။
“……”
ထုံရွှယ်လူက ဝမ်ရူကွေ့၏ရုံးခန်းကို လျှောက်ကြည့်လိုက်သည်။
ရုံးခန်းက သိပ်မကြီးသော်လည်း အလွန်သပ်ရပ်နေ၏။
“ကိုယ်မင်းအတွက် ရေသွားယူပေးမယ်”
ထိုသို့ပြောပြီးနောက် သူသယ်လာသည်များကို စားပွဲပေါ်၌တင်ကာ အံဆွဲထဲမှ မတ်ခွက်အသစ်ကိုထုတ်လိုက်သည်။
သူအပြင်သို့ ပြေးထွက်သွားသောအခါ ထုံရွှယ်လူကလည်း အလျင်အမြန်ပင်သူမအိတ်ထဲမှ ကိတ်နှင့် ဝက်သားခြောက်များကို ထုတ်လိုက်သည်။
ကံမကောင်းစွာဖြင့် အခုချိန်တွင် ခရင်မ်မရှိသေးကြောင့် ကိတ်မုန့်ပြောင်သာ လုပ်နိုင်လေသည်။
ဝမ်ရူကွေ့က ခွက်သွားဆေးသည့်လမ်းတွင် သူ့လုပ်ဖော်ကိုင်ဖက်အများအပြားနှင့် ဆုံ၏။
သူတို့အားလုံးက တူညီသောမေးခွန်းကိုသာမေးလာကြသည်။ --“အဲ့ဒါက မင်းကောင်မလေးလား”
မေးခွန်းတစ်ခုတည်းကို အကြိမ်ပေါင်းများစွာမေးခံရသည့် ဘယ်သူမဆို ပြန်ဖြေရန် စိတ်ရှည်ကြမည်မဟုတ်ပေ။
သို့သော် ထိုထဲတွင် ဝမ်ရူကွေ့မပါပေ။
ဌာနတစ်ခုလုံးသည် ဝမ်ရူကွေ့ကောင်မလေးက သူ့ဆီလာလည်ပြီး သူမကအလွန်လှပသောမိန်းကလေးတစ်ယောက်ဖြစ်သည်ကို သိသွားကြသည်။
ဘယ်လိုလှတာလဲ။
နတ်သမီးလိုလှတာ။
ထိုစကားကိုမယုံသောသူများသည် ဆင်ခြေမျိုးစုံဖြင့် ဝမ်ရူကွေ့၏ရုံးခန်းရှေ့မှ ဖြတ်လျှောက်ကြလေသည်။
အနာဂတ်တွင် 'ကိုယ်မင်းရဲ့လောကကြီးနားကဖြတ်လျှောက်သွားတယ်'ဟူသည့် စာအုပ်တစ်အုပ်ရှိသည်။ အကယ်၍ထိုစာအုပ်ကို ဤဌာနမှတစ်ယောက်ယောက်ရေးမည်ဆိုပါက ‘ဝမ်ရူကွေ့၏ရုံးခန်းရှေ့မှ ဖြတ်လျှောက်သွားသည်'ဟု နာမည် ခေါ်မှာသေချာပေသည်။
ဝမ်ရူကွေ့က ရေခွက်ဖြင့်ပြန်ရောက်လာကာ ထုံရွှယ်လူကိုပေးလာ၏။
“ဒါက မတ်ခွက်အသစ်ပါ တစ်ခါမှမသုံးဖူးသေးဘူး”
ထုံရွှယ်လူက သူ့ဆီမှခွက်ကိုယူလိုက်ပြီးနောက် ရုတ်တရက်ပင် သူ့ဘက်သို့ကိုင်းလိုက်သည်။
“ရှင့်ဆီက ဘာအနံ့လဲ တော်တော်လေးမွှေးတယ်”
သူမကပြောရင်းနှင့် အနံ့ခံလိုက်သည်။
ဝမ်ရူကွေ့၏ကိုယ်က ထုံဆေးပေးခံလိုက်ရသလို တောင့်တင်းသွားသည်။ သူက ထိုနေရာတွင် မလှုပ်မရှားရပ်နေလေသည်။
ဒုတ်ဒုတ် ဒုတ်ဒုတ် ဒုတ်ဒုတ်ဒုတ်။
သူတော့ ထပ်ပြီးရင်ခုန်လာပြန်ပြီ။
နေ့တိုင်းသာ ဒီလိုမျိုးရင်ခုန်နေမယ်ဆိုရင် တစ်နေ့ကျသူသေတော့မှာလား။
အချိန်နှင့်အမျှ လူများက သူတို့ရှေ့မှဖြတ်သွားနေသဖြင့် ထုံရွှယ်လူကဒီထက်ပိုပြီးမသွားရဲပေ။ သူမက အနံ့ရရုံသာရှူပြီး သူမနေရာသို့ ပြန်သွားလိုက်သည်။
ထုံရွှယ်လူက နေရာတွင်ပြန်ထိုင်ပြီး အချိန်အတော်ကြာမှသာ ဝမ်ရူကွေ့၏ဝိဉာဉ်က ကိုယ်ထဲပြန်ရောက်လာသလို ခံစားမိသွားသည်။ သူကအလွန်လေးနက်စွာပြန်ဖြေ၏။
“ကိုယ် ဘာရေမွှေးမှမသုံးပါဘူး”
ထုံရွှယ်လူက ပြုံးလိုက်သည်။
“ကျွန်မသိပါတယ်၊ အရင်တုန်းက သူများပြောတာကြားဖူးတယ် အချင်းချင်းဆွဲဆောင်နိုင်တဲ့သူနှစ်ယောက်ကသာ တစ်ဖက်လူဆီကနေ ရနံ့ရနိုင်တာတဲ့”
၎င်းက တကယ်ဟုတ်ကာ သူတို့ပြောနေသည်မှာ ပင်ကိုယ်ရနံ့အကြောင်းဖြစ်သည်။
အတိတ်ဘဝတွင် သူမက ဘယ်ယောက်ျားဆီကမှ ရနံ့မရခဲ့ပေ။ သို့သော်ငြား သူမ ကူးပြောင်းလာပြီးနောက်တွင် ဝမ်ရူကွေ့ဆီမှ ရနံ့ရလေသည်။
ဝမ်ရူကွေ့၏နားရွက်များက ပိုနီရဲလာသည်။ နီရဲလွန်းသဖြင့် သွေးများတောင်ထွက်လာနိုင်ပေသည်။ သို့သော်ငြား သူ့မျက်လုံးများကတောက်ပနေသည်။
“မင်းက ပန်းရနံ့လေးလိုဘဲ”
လက်စသတ်တော့ အဲ့ဒါကက ဆွဲဆောင်မှုဘဲ။ သူမဆီက အမြဲလိုလိုပန်းနံ့ရနေတာ မထူးဆန်းတော့ပါဘူး။
သူက ဘယ်လိုပန်းမျိုးမှန်းမပြောနိုင်သော်လည်း အတော်လေးမွှေးသည်။
ဘယ်သူ့ဆီကမှ ထိုသို့သောရနံ့မျိုးကို မရဖူးပေ။
ထုံရွှယ်လူက သူ့ကိုကြည့်ကာ ပြုံးပြလာ၏။
“ရှင်တကယ် အနံ့ရတာလား”
ဝမ်ရူကွေ့က သူမနှင့်အကြည့်ဆုံသွားကာ ရင်ခုန်လာသည်။
“တကယ်ပြောတာ”
ထုံရွှယ်လူက စားစရာများနှင့် ကျန်းတန့်ဟုန်ဆီမှ ဖောင်တိန်ကို ထုတ်ပြလာသည်။
ဝမ်ရူကွေ့က သူ့ရှေ့မှစားစရာများကိုကြည့်ကာ ရင်ထဲနွေးသွားသည်။
“ကျေးဇူးပါ ကိုယ်တကယ်ကြိုက်တယ်’
လူများက ဝမ်ရူကွေ့၏ရုံးခန်းရှေ့မှ ဖြတ်သွားနေကြဆဲဖြစ်သည်။ ထုံရွှယ်လူက ဤနေရာသို့လာခြင်းသည် မှားပြီဟု ခံစားမိသွားသည်။ သူတို့က စည်းကိုကျော်ရန် ဘာကိုမှနည်းနည်းလေးတောင် မလုပ်နိုင်ပေ။
ထုံရွှယ်လူက ခနလောက်တွေးကာ ပြောလိုက်သည်။
“ရှင်တို့ရဲ့ ကန်တင်းကဘယ်မှာလဲ၊ ကျွန်မရှင့်အတွက် သက်ရှည်ခေါက်ဆွဲလုပ်ပေးချင်တယ်”
ဝမ်ရူကွေ့က သူ၏အနက်ရောင်မျက်လုံးများဖြင့်ကြည့်ကာ နှုတ်ခမ်းအနည်းငယ်စေ့လိုက်သည်။
“ကိုယ်ခေါ်သွားပေးမယ်”
ထုံရွှယ်လူက လက်ခံလိုက်ကာ နှစ်ယောက်အတူတူ ကန်တင်းဆီသို့လျှောက်သွားလိုက်သည်။
ကန်တင်းက ဝမ်ရူကွေ့၏ရုံးခန်းနှင့် အနည်းငယ်ဝေး၏။ လမ်းတစ်ဝက်ရောက်သောအခါ သူတို့နှစ်ယောက်သာရှိတော့သည်။
ထုံရွှယ်လူက မျက်ဖြူလှန်လိုက်ကာ ရုတ်တရက်အော်ပြီး ဝမ်ရူကွေ့ဘက်သို့ လဲကျလာသည်။
ဝမ်ရူကွေ့က သူမလက်ကိုလျင်မြန်စွာထိန်းပေးပြီး စိတ်လှုပ်ရှားစွာမေးလာ၏။
“ဘာဖြစ်လို့လဲ မင်းအဆင်မပြေဘူးလား”
ထုံရွှယ်လူ၏ လက်တစ်ဖက်က ဝမ်ရူကွေ့လက်ကိုကိုင်ထားကာ ကျန်လက်တစ်ဖက်က သူ့ရင်ဘတ်ပေါ်သို့ရောက်နေ၏။
ဘုရားရေ သူ့မှာ ရင်ဘတ်ကြွက်သားတွေရှိတာဘဲ။
ထုံရွှယ်လူက သတိလက်လွှတ်ပွတ်လိုက်မိရာ ဖြစ်ချင်တော့ သူမလက်က သူ၏နို့ပေါ်တည့်တည့်ရောက်သွားလေသည်။
ဝမ်ရူကွေ့က မိုးကြိုးပစ်ခံလိုက်ရသလိုပင် သူ့တစ်ကိုယ်လုံးက ဓာတ်လိုက်သလိုခံစားမိသွားသည်။
သူ့နားရွက်၊ မျက်နှာ၊ လည်ပင်းတို့က မြင်သာသည်အထိနီရဲလာသည်။
သူက လက်အကိုင်ခံလိုက်ရရုံသာမက သူမပွတ်သည်ကိုလည်း ခံလိုက်ရ၏။..........
ဝမ်ရူကွေ့သည် သူရင်ခုန်သံများက ထိန်းချုပ်မရဖြစ်လာရုံသာမက အသက်ရှူရတာပါ ခက်ခဲလာသည်ဟု ခံစားမိသွားသည်။
တစ်ယောက်ယောက် ဖြတ်သွားမည်ကို စိုးရိမ်သဖြင့် ထုံရွှယ်လူက တွန့်ဆုတ်ဆုတ်ဖြင့်ပင် သူမလက်ကိုပြန်ရုတ်ကာ ပြန်ရပ်လိုက်သည်။
“အမ်းးကျွန်မခလုတ်တိုက်သွားတာပါ အခုကောင်းသွားပါပြီ”
ဝမ်ရူကွေ့က သတိပြန်ဝင်လာသည်။
“ဪ အင်း မင်းဘာမှမဖြစ်လို့ တော်သေးတာပေါ့”
သူမက ခလုတ်တိုက်သွားတာကိုးး၊ အဲ့ဒါကြောင့် သူ့ရင်ဘတ်ပေါ် လက်တင်လာတာ။
ပွတ်တာကတော့ သူမစိတ်လှုပ်ရှားသွားလို့ဖြစ်မယ်။
အင်း အဲ့လိုဘဲဖြစ်မယ်။
ထုံရွှယ်လူတစ်ယောက် သူမ၏မသင့်တော်သော အပြုအမူများကို ဝမ်ရူကွေ့က စိတ်လိုလက်ရဖြင့် ဖြေရှင်းနေခဲ့သည်ကို မသိပေ။
“ကျွန်မခြေထောက်က နည်းနည်းနာနေတုန်းဘဲ၊ ကန်တင်းကိုသွားတဲ့လမ်းမှာ ကျွန်မလက်ကို ကိုင်သွားပေးလို့ရမလား ရူကွေ့”
ဝမ်ရူကွေ့က ခေါင်းညိတ်လိုက်သည်။
“ရတာပေါ့”
ဝမ်ရူကွေ့က သူမနှင့်လက်ကိုင်ထားသည့်အပေါ် အာရုံရောက်သွားသောအခါ သူ့ရင်ခုန်သံများက ရူးမတတ်ခုန်ပေါက်လာလေသည်။
ဒါက သူ 25နှစ်လောက် တစ်ကိုယ်တည်းသမားဖြစ်ပြီးနောက်တွင် မိန်းကလေးတစ်ယောက်၏လက်ကို ပထမဆုံးအကြိမ်ကိုင်ဖူးခြင်းဖြစ်သည်။
သူမလက်က သေးကာ နူးညံ့၏။ သူ့ကိုလက်မလွှတ်ချင်အောင် ပြုလုပ်နေပေသည်။
နွေးထွေးသည့် ခံစားချက်က သူတို့လက်များမှတစ်ဆင့် သူ့တစ်ကိုယ်လုံးသို့ ပျံ့နှံ့သွားသည်။ ဝမ်ရူကွေ့၏နှုတ်ခမ်းများက အလိုအလျောက်ကွေးသွားလေသည်။
ထုံရွှယ်လူအတွက်လည်း အတူတူပင်။
သူ့လက်က ကြီးမားကာနွေးထွေး၏။ ၎င်းကိုကိုင်ရသည်မှာ အလွန်ခံစားရကောင်းပေသည်။
သူတို့နှစ်ယောက်က ကန်တင်းဆီသို့ လက်တွဲသွားကြသည်။
ဝမ်ရူကွေ့က သူမလက်ကိုလွှတ်ပေးလိုက်ရပြီးနောက် သူ့လက်သူပြန်ကြည့်လိုက်သောအခါ အနည်းငယ်စိတ်ပျက်မှုကို ခံစားမိသွားသည်။
သူမလက်ကိုသာ တစ်သက်လုံးကိုင်နိုင်ရင် အရမ်းကောင်းမှာဘဲ။
***
ထုံရွှယ်လူက ဝမ်ရူကွေ့အတွက် သက်ရှည်ခေါက်ဆွဲတစ်ပွဲလုပ်ပေးလာသည်။
ကန်တင်းမှစားဖိုမှူးသည် သူမ၏ခေါက်ဆွဲလုပ်သည့် စွမ်းရည်ကြောင့် အံ့ဩသွားလေသည်။
သူတို့က ဝမ်ရူကွေ့၏ကောင်မလေးသည် အလွန်ကြည့်ကောင်းသည့်အပြင် ဤသို့သောအချက်အပြုတ်စွမ်းရည်ပါ ရှိလိမ့်မည်ဟု မထင်ထားခဲ့ပေ။
ခေါက်ဆွဲကျက်သွားသောအခါ ခေါက်ဆွဲအနံ့က ကန်တင်းထဲပျံ့လာ၏။
အခြားစားသုံးသူများသည် ထိုအနံ့ကိုရသောအခါ တံတွေးမြိုချလိုက်မိကြသည်။
“စားဖိုမှူး ကျွန်တော့်ကို အဲ့ဒီခေါက်ဆွဲတစ်ပွဲပေးဗျာ”
စားဖိုမှူး :“ဟုတ်ပြီလေ မင်းကအရင်ဆုံးအဲ့ခေါက်ဆွဲလုပ်ပေးမယ့် ရည်းစားရှာလိုက်ဦး”
စားသုံးသူများ “……”
ဤသို့ဖြင့် လူတိုင်းက ဝမ်ရူကွေ့၏ကောင်မလေးသည် ကြည့်ကောင်းပြီး ချက်ပြုတ်တတ်ရုံသာမက သူမ၏လက်ရာကလည်း အလွန်ကောင်းသည်ကို သိသွားကြသည်။
ထုံရွှယ်လူက နေ့လည်အထိ ဌာနတွင်နေလိုက်သည်။
ဝမ်ရူကွေ့က သူမကိုမြို့တော်သို့ ပြန်ပို့ပေးရန် ကားတစ်စီးငှားလိုက်လေသည်။
ထုံရွှယ်လူက ဝမ်ရူကွေ့နှင့်အတူရှိနေချိန်တွင် တစ်စုံတစ်ယောက်ကလည်း သူမကို စားသောက်ဆိုင်တွင်လာရှာ၏။
ထိုသူမှာ အခြားမဟုတ်ပေ။ ဖန်ကျင်းယွမ်၏ ခွေးချီးပုံအကိုကြီး ဖန်ဝမ်ယွမ်ဖြစ်သည်။
ဖန်ဝမ်ယွမ်သည့် ဖန်ကျင်းယွမ်ဆီမှ ထုံရွှယ်လူကောင်လေးရသွားသည်ကို ကြားပြီးကတည်း အလွန်စိတ်အနှောင့်အယှက်ဖြစ်နေခဲ့သည်။
တစ်ဖက်တွင် သူက ထုံရွှယ်လူတစ်ယောက် သူ့အပေါ်တကယ်စိတ်မဝင်စားစေချင်တော့ပေ။ တစ်ဖက်တွင်မူ ဖန်ကျင်းယွမ်ပြောသည်များက မှန်နေမှာကို စိုးရိမ်နေပြန်သည်။
ရက်အနည်းငယ်လောက် ရုန်းကန်လိုက်ပြီးနောက်တွင် သူကိုယ်တိုင်လာကြည့်ရန် ဆုံးဖြတ်လိုက်သည်။
သို့သော်ငြား သူစားသောက်ဆိုင်ကို ရောက်ပြီးတာတောင်မှ အချိန်အတော်ကြာသည်အထိ ထုံရွှယ်လူကို မတွေ့ရပေ။
အဆုံးတွင် မတတ်နိုင်သဖြင့် သူကဆင်ခြေတစ်ခုရှာကာ စားပွဲထိုးတစ်ယောက်ကိုမေးလိုက်သည်။
“မင်းတို့ရဲ့စားစရာက အရင်တစ်ခေါက်နဲ့ အရသာမတူတော့သလိုဘဲ စားဖိုမှူးပြောင်းသွားတာလား”
မုန့်ချင်းချင်း :“ရှင်က မန်နေဂျာထုံအကြောင်းပြောနေတာထင်တယ် လက်ရှိမှာ သူမက ကျွန်မတို့ရဲ့ မန်နေဂျာအဖြစ်ရော စားဖိုမှူးအဖြစ်နဲ့ပါ လုပ်နေပါတယ်”
ဖန်ဝမ်ယွမ်က ခေါင်းညိတ်လိုက်သည်။
“အဲ့ဒါဆိုရင်တော့ သူမဘဲဖြစ်မှာပါ”
မုန့်ချင်းချင်း :“မန်နေဂျာထုံက ခွင့်ယူထားပါတယ်၊ ဒီနေ့က သူမကောင်လေးရဲ့ မွေးနေ့မလို မွေးနေ့အတူလုပ်ဖို့သွားတယ်”
ကြောင်သွားသည်။
ထိတ်လန့်သွားသည်။
စိတ်ဓာတ်ကျသွားသည်။
ဖန်ဝမ်ယွမ်က ငိုင်သွားသည်။
ထုံရွှယ်လူက တကယ်ဘဲ ရည်းစားရှိနေပြီလား။
အဲ့ဒါဆိုရင် သူကျတော့ရော။