🍵Chapter 153
သူ့ကို မိန်းမတော်လိုက်တာ မကောင်းဘူးလား
ဝမ်ရူကွေ့သည် ထုံရွှယ်လူ့ကို မြို့ထဲသို့ ပြန်ပို့ပေးပြီးနောက် အခြေစိုက်စခန်းသို့ပြန်သွားခဲ့သည်။ပြန်လာချိန်တွင် မှောင်မိုက်နေပြီဖြစ်သော်လည်း သူ၏ နှလုံးသားထဲ၌ နေရောင်ခြည်ကလေး တောက်ပလျက်ရှိသလို ခံစားနေရသည်။
ထိုနေ့ညတွင် ဝမ်ရူကွေ့မှာ အလုပ်များ ပုံနေခဲ့ပြီး ည ၈ - ၉ နာရီအထိ ညဆိုင်း ဆင်းခဲ့ရသည်။
အိပ်ဆောင်သို့ ပြန်ရောက်သောအခါတွင်မူ သူသည် ကိတ်မုန့်နှစ်ချပ်နှင့် ဝက်သားခြောက်အချို့ကို စားသုံးခဲ့ပြီး ယင်းနောက်တွင်မူ ရေမိုးချိုးကာ အိပ်ရာဝင်ခဲ့တော့လေ၏။
အိပ်ရာပေါ်၌ လဲလျောင်းရင်း ယနေ့ဖြစ်ပျက်ခဲ့သည်များကို ပြန်လည်တွေးတောမိသောအခါ ဝမ်ရူကွေ့၏ နှလုံးခုန်သံများ မြန်ဆန်လာခဲ့သည်။
သူမ၏ လက်ကို ကိုင်ဆွဲနိုင်ရန် အချိန်မည်မျှပင် ကြာလေမည်နည်းဟု အတွေးများခဲ့ရသော်လည်း စောင့်မျှော်နေခဲ့သော ထိုနေ့က ဤနေ့ပင် ဖြစ်သွားလေပြီ။
အလွန်ပင် အံ့အားသင့်စရာကောင်းပေ၏။
ဝမ်ရူကွေ့မှာ အိပ်စက်ရန် အလွန်စိတ်လှုပ်ရှားနေခဲ့သည်။မည်သို့ပင်ဆိုစေကာမူ ထုံရွှယ်လူ၏ အသွင်အပြင်ကို တွေးတောရင်းဖြင့် သူသည် လျင်မြန်စွာ အိပ်ပျော်သွားခဲ့တော့၏။
မည်မျှကြာကြာ အိပ်ပျော်သွားသည်မသိ ၊ တစ်ခဏအကြာတွင် တံခါးခေါက်သံကို ကြားလာရလေသည်။
ဝမ်ရူကွေ့လည်း အိပ်ရာမှထပြီး တံခါးဖွင့်ပေးလိုက်ရာ အပြင်ဘက်တွင်ရှိနေသူက ထုံရွှယ်လူဖြစ်နေသည်။
ဝမ်ရူကွေ့မှာ တုန်လှုပ်အံ့အားသင့်သွားပြီး " ရဲဘော်ထုံ့ကို မြို့အထိ ပြန်ပို့ပေးထားတာ မဟုတ်ဘူးလား ... " ဟု မေးမြန်းလိုက်လေ၏။
ထိုအချိန်တွင် ထုံရွှယ်လူက ကလူသလိုမြူသလိုလိုပြုသော လေသံမျိုးဖြင့် သူ့ထံသို့ လဲကျလာသည်။ဝမ်ရူကွေ့မှာ သူမကို အမြန်ဆွဲဖမ်းလိုက်သော်လည်း ရုတ်ချည်းဆန်သော အဖြစ်အပျက်ကြောင့် နှစ်ဦးစလုံး ကြမ်းပြင်ပေါ်သို့ ထပ်လျက်သား လဲကျသွားတော့လေ၏။
ထူးခြားသည်မှာ သူသည် နာကျင်မှုကို လုံးဝ မခံစားရပေ။ နောက်တစ်စက္ကန့်တွင်မူ ဝမ်ရူကွေ့ခမျာ ပင့်သက်ရှိုက်သွားတော့လေသည်။
ထုံရွှယ်လူ၏ ခန္ဓာကိုယ်က သူ့အပေါ်တွင်ရှိနေသည်။ယင်းပြင် သူမ၏ လက်အစုံမှာလည်း သူ၏ ရင်ဘတ်ပေါ်၌ နေရာယူထားသေးလေ၏။
ယင်းလက်များက သူ၏ရင်ဘတ်ကို လှည့်ပတ်ပွတ်သပ်နေပြီး တစ်နေရာအရောက်တွင် ရပ်တန့်သွားကာ အားနည်းမှု ဗဟိုချက်နှစ်ခုအား လက်သည်းလေးများဖြင့် ခပ်ဖွဖွ ဆိတ်လာခဲ့တော့သည်။
ဝမ်ရူကွေ့မှာ ခန္ဓာကိုယ်တစ်လျှောက်လုံး လျှပ်စစ်စီးကြောင်းတစ်ခု ဖြတ်သန်းသွားသလို ခံစားလိုက်ရပြီး ရှက်စရာကောင်းသည့် အသံတချို့ကို ထုတ်လွှတ်လိုက်ရုံမှ အပ အခြားမတတ်နိုင်ခဲ့ပေ။
" ဘာ-ဘာလုပ်နေတာလဲ ရဲဘော်ထုံ ... "
ထိုအခါ ထုံရွှယ်လူက သူမ၏ အနီရောင်နှုတ်ခမ်းများကို ကွေးညွှတ်ပြီး ပြုံးပြလာသည်။
" ကျွန်မကို အခုထိ ဘာလို့ ရဲဘော်ထုံဆိုပြီး ခေါ်နေသေးတာလဲ ... အစ်ကိုကြီး ... ဒီလိုပဲ ဆိုးနေတော့မှာလား ... "
ဝမ်ရူကွေ့၏ မျက်နှာမှာ သွေးထွက်လုနီးပါးပင် နီရဲနေသည်။သူက နှုတ်ခမ်းကို ဖြူဖျော့သွားသည်အထိ ပြင်းပြင်းထန်ထန် ကိုက်ထားလေ၏။ဝမ်ရူကွေ့သည် တစ်ချိန်တည်းမှာပင် ရှက်ရွံ့သကဲ့သို့ လိုချင်စိတ်လည်း ပြင်းထန်လာခဲ့သည်။
သူ၏ ခါးပတ်ဆီသို့ တစ်ဖက်လူက လက်လှမ်းလာခဲ့ချိန်တွင်မူ အပြင်ဘက်မှ တံခါးပိတ်သံများကို ကြားလိုက်ရတော့လေ၏။
ဝမ်ရူကွေ့မှာ ရုတ်တရက် မျက်လုံးပွင့်ပြီး အိပ်ရာမှ နိုးလာခဲ့သည်။သူနိုးလာပြီးနောက် မျက်နှာကြတ်ကိုသာ အကြာကြီး စိုက်ကြည့်နေမိလေ၏။
ဤလို ကြောက်စရာ အိမ်မက်မျိုးမက်သည်က မယုံနိုင်စရာကောင်းလှပေသည်။မည်မျှပင် ရှက်စရာ ကောင်းလိုက်သနည်း။
သို့သော်လည်း အိပ်မက်ထဲ၌ ထုံရွှယ်လူက " အစ်ကိုကြီး ... " ဟု ခေါ်လာသောပုံစံကို ပြန်လည်တွေးတောမိသွားသောအခါတွင်မူ သူ၏ ခန္ဓာကိုယ်တစ်လျှောက် လျှပ်စစ်စီးကြောင်းတစ်ခု စီးဆင်းသွားပြီး တစ်ကိုယ်လုံး တုန်လှုပ်သွားပြန်သည်။
ဝမ်ရူကွေ့မှာ တစ်ခဏကြာအောင် မျက်လုံးပြန်မှိတ်ထားခဲ့လေ၏။နောက်ထပ်တစ်ကြိမ် ထုံရွှယ်လူက သူ့အပေါ်ဆိုးနွဲ့လာသည်ကို ခံစားကြည့်ချင်သေးသည်။
🍵
နံနက်ခင်းတွင် လေပြင်းများက သစ်ပင်များကို ဖြတ်သန်းတိုက်ခတ်လာပြီး သစ်ရွက်များက မြေပြင်ပေါ်သို့ ဝေ့ဝိုက်ကြွေဆင်းနေကြသည်။မြေပြင်ပေါ်တွင်လည်း ရွက်ကြွေများဖြင့် ပြည့်နှက်နေလေ၏။
ရှောင်လျို့မှာ ခြံဝင်းထဲ၌ ကတော်ကတော် အော်မြည်နေခဲ့ပြီး အချိန်အနည်းငယ်ကြာသောအခါတွင် ကြက်ဥတစ်လုံးကို ဥချလိုက်တော့သည်။
ထုံရွှယ်လူမှာ နိုးထလာပြီးနောက် ပြတင်းပေါက်မှ အလင်းရောင်ဘက်သို့လှည့်ပြီး အကြောဆန့်ကာ မနက်စာပြင်ရန် စိတ်ကူးလိုက်သည်။
အိပ်ယာမှထပြီးနောက် သူမသည် တုန်တုန်ယင်ယင်နှင့် နှာချေမိသွားလေ၏။ထိုအခြင်းအရာက ပေါင်မုန့်လုံးလေးကို နိုးထသွားစေခဲ့သည်။
ထုံမျန်မျန်က သူမ၏ ထူထဲသော မျက်တောင်များကို တဖျပ်ဖျပ်ခတ်လျက် စောင်အောက်မှ အနီရောင် ပါးပြင်များကို လှစ်ဟလိုက်ပြီး မေးမြန်းလာလေ၏။
" ထရတော့မှာလား မမ ... "
ထိုအခါ ထုံရွှယ်လူက ပေါင်မုန့်လုံးလေး၏ ခေါင်းကို ပွတ်သပ်ပေးလိုက်ပြီး " ခဏလောက်ဆက်အိပ်ဦးနော် ... ခဏနေမှ မမ လာနှိုးမယ် ... " ဟု ခပ်တိုးတိုးပြောလိုက်သည်။
ထုံမျန်မျန်က သူမ၏ နှုတ်ခမ်းများအား ပွင့်ချည်ဖွင့်ချည်ဖြင့် တပြက်ပြက်လုပ်ကာ ဆိုလာခဲ့ပြန်၏။
" မမ ... မျန်မျန် ရှောင်ကျိုးကို တွေ့ခဲ့တယ် ... "
ပေါင်မုန့်လုံးလေးမှာ အိပ်မက်ထဲမှ အကြောင်းကို ပြောနေခြင်းဖြစ်လိမ့်မည်။
ထိုအခါ ထုံရွှယ်လူက အဝတ်အစားများ ဝတ်နေရင်း ပြန်မေးလိုက်လေ၏။
" ရှောင်ကျိုးက ဘာတဲ့လဲ မျန်မျန့်ကို ... "
" ရှောင်ကျိုးက မျန်မျန့်မိန်းမ ဖြစ်ချင်လို့တဲ့ ...မျန်မျန်လည်း ငြင်းပစ်လိုက်တယ် ... "
ထုံရွှယ်လူမှာ ထိုစကားကိုကြားသောအခါ မထိန်းနိုင်ဘဲ ရယ်မောမိသွားတော့သည်။
" ရှောင်ကျိုးကို ဘာလို့ ငြင်းတာလဲ ... သူ က မလှဘူးလား ... သူ့ကို မိန်းမတော်လိုက်တာ မကောင်းဘူးလား "
ပေါင်မုန့်လုံးလေးကတော့ သူမကို တုံ့ပြန်လာခြင်း မရှိဘဲ မျက်လုံးစုံမှိတ်ပြီး အိပ်ပျော်သွားခဲ့ပြီဖြစ်သည်။
ထုံရွှယ်လူသည်လည်း ထုံမျန်မျန့်အား စောင်သေချာပြန်ခြုံပေးပြီး နံနက်စာပြင်ဆင်ရန် ဦးတည်ခဲ့တော့လေ၏။
တံခါးကိုဖွင့်လိုက်သည်နှင့် ဆောင်းလေနုအေးကို ခံစားလိုက်ရပြီး ထုံရွှယ်လူ့ခမျာ တုန်ယင်သွားတော့သည်။
သို့သော်လည်း ထိုသို့ ချမ်းအေးနေသည်က အဆင်ပြေလှပြီး သူမ စိတ်ကူးထားသော စီမံကိန်းနှင့် ကိုက်ညီနေလိမ့်မည်ဖြစ်၏။
ထုံကျားမင်မှာ နိုးနှင့်နေပြီဖြစ်ပြီး ထုံးစံအတိုင်း သူသည် ယာဂုလုပ်ပြီးနောက် စာကြည့်ခန်းအတွင်း၌ စာလေ့လာနေခဲ့သည်။
ထုံကျားရှင်းနှင့် နှိုင်းယှဉ်လျှင် ထုံကျားမင်သည်စည်းကမ်းရှိပြီး စာကို ပိုကြိုးစားရှာသည်။
ထုံရွှယ်လူက ရှောင်လျို့ ဥထားသော ကြက်ဥကို ကောက်ယူလိုက်လေ၏။ထိုအခါ ရှောင်လုက သူမအား " ကြည့်လိုက်ပါဦး ... တစ်လုံးထပ်ဥလိုက်နိုင်ပြီ " ဟူသော အကြည့်မျိုးဖြင့် ကတော် ကတော်အော်မြည်ပြလာသည်။
" ဟုတ်ပါပြီရှင့် ... ခဏနေ အစားအသောက်ကောင်းလေးတွေ လာဆက်သပါ့မယ် ... "
ဒရမ်မာကွင်း လမုန့်လေးမှာ အစားအသောက်ဟူသော စကားကိုကြားပြီး ရှောင်လျို့ထက်ပင် ပိုမိုစိတ်လှုပ်ရှားသွားတော့သည်။သူမက ထချည်ထိုင်ချည်ပြုလျက် ရှောင်လျို့အား စနောက်နေခဲ့လေ၏။
ထုံရွှယ်လူမှာ ကြက်ဥနှင့် အသီးအရွက်အချို့ကို ရောနှောပြီး ကြော်ခဲ့သည်။ထိုမှသာ ဟင်းလျာက အာဟာရပြည့်ဝနိုင်လိမ့်မည်ဖြစ်ပေ၏။
မနက်စာစားပြီးနောက် သူမသည် အိပ်ငိုက်နေဆဲ ထုံမျန်မျန့်အား ဝေ့မိသားစုထံသို့ ခေါ်ဆောင်သွားကာ ထုံမျန်မျန့်အတွက် တစ်လစာ နေ့လည်စာစားရိတ်ကိုလည်း ပေးချေခဲ့သည်။
ရှန်ဝမ်ရုံမှာ ငွေလက်မခံမီတွင် အနည်းငယ် ငြီးတွားနေခဲ့ရှာသည်။
ထုံရွှယ်လူ စားသောက်ဆိုင်သို့ ရောက်သောအခါ မုန့်ချင်းချင်းနှင့် အခြားသူများ က သူမကို စောင့်ဆိုင်းနေကြပြီဖြစ်သည်။
သူတို့က စားသောက်ဆိုင်အပြင်ဘက်တွင် စကားစမြည်ပြောဆိုနေကြပြီး ကောင်းချွန်းယွီမှာ မျက်နှာများ နီလာသည်အထိ ရယ်မောနေလေသည်။သူမ၏ လေသံက ကျယ်လောင်ပြတ်သားပြီး အဝေးမှပင် လှမ်းကြားနေရသည်။
ကောင်းချွန်းယွီသည် ထုံရွှယ်လူ့ကို တွေ့သောအခါတွင် အရွှန်းဖောက် နောက်ပြောင်လာတော့လေ၏။
" နောက်ဆုံးတော့ ရောက်လာပြီပေါ့လေ မန်နေဂျာထုံ ... ကျွန်မတို့တော့ စောင့်နေလိုက်ရတာ ... "
ထုံရွှယ်လူက ပြုံးရုံသာပြုံးပြီး မည်သည်ကိုမှပြန်မပြောပေ။သူမသည် ယခု အခြေအနေကို စိတ်တိုင်းကျသည်။နံနက်ခင်းစောစောစီးစီး၌ ထန်ရှောင်ယန်၏ လေးထောင့်ပုံစံမျက်နှာကြီးကို အရင်ဆုံးတွေ့မြင်ရပြီး အမျိုးမျိုး ထေ့ငေါ့ပြောဆိုနေသည်များကို နားထောင်နေရသည်ထက်တော့ ပိုမိုသာလွန်သေးသည်။
စားသောက်ဆိုင်အတွင်းသို့ ဝင်လာခဲ့ကြပြီးနောက် ထုံရွှယ်လူသည် သန့်ရှင်းရေးအမှုကိစ္စ မစတင်မီ အစည်းအဝေးတစ်ခု ပြုလုပ်ခဲ့သည်။
" ဒီနေ့က စပြီး စိတ်ပိုင်းဖြတ်ပြီးလုပ်ကြရအောင် ... ကျွန်မရဲ့ အစီအစဉ်ကတော့ စားသောက်ဆိုင်ရဲ့ ရောင်းအားကို နှစ်ပတ်အတွင်း ပြန်မြှင့်တင်ဖို့ပါ ... "
" ဘာစဉ်းစားထားတာရှိလို့လဲ မန်နေဂျာထုံ ... "
ကောင်းချွန်းယွီက မေးမြန်းလာသည်။
ထိုအခါ ထုံရွှယ်လူက ၎င်းတို့အားလုံးကို ကြည့်ရှုပြီး " မာလာထန် " ဟူသော အမည်ကို တစ်လုံးချင်းစီ ပီပီသသရွတ်ပြလိုက်တော့သည်။
မုန့်ချင်းချင်းနှင့် အခြားသူများ အံ့သြသွားကြသည်။
" မာလာထန်ဆိုတာက အသားနဲ့ အသီးအရွက်တွေကို တုတ်ထိုးပြီး ဟင်းရည်တစ်ခုထဲမှာ ထည့်ချက်ထားတဲ့ဟာမျိုးပဲ ... ချင်းချင်း ငါမေးထားတာ ယူလာခဲ့လား ... "
ထိုအခါ မုန့်ချင်းချင်းက လျင်မြန်စွာ ခေါင်းညိတ်ပြပြီး တံစို့(တုတ်)များထည့်ထားသော အိတ်ကိုထုတ်ပြလာခဲ့သည်။
" အဖေက ဒါ သူ့မှာ ရှိတာ အကုန်ပဲတဲ့ ... နှစ်ရက်လောက်ကြာရင် ထပ်ပို့ပေးနိုင်သေးတယ်တဲ့ ... "
ကောင်းချွန်းယွီနှင့် ကောင်းဝေ့ဖျင်တို့ နှစ်ဦးစလုံးမှာ အရှေ့သို့ လှမ်းတက်လာကြပြီး အိတ်အတွင်းမှ တံစို့(တုတ်)များကို စူးစူးစိုက်စိုက် ကြည့်ရှုနေကြသည်။
ထုံရွှယ်လူသည် လက်တစ်ဆုပ်စာ တုတ်ချောင်းများကို ဆွဲထုတ်ပြီး စစ်ဆေးလိုက်သည်။နောက်ဆုံးတွင် သူမက ခေါင်းတညိတ်ညိတ်ဖြင့် ထောက်ခံလာခဲ့လေ၏။
တံစို့များက အလွန်ညီညာပြီး ၎င်းတို့၏မျက်နှာပြင်များက ချောမွတ်နေသည်။ပါးစပ်ရှသွားမည်ကို စိုးရိမ်စရာမလိုချေ။ထိုခေတ်ထိုအခါနှင့် အလွန် အသေးစိတ်အောင် ပြုလုပ်ထားခြင်းပင်။
ကူးသန်းရောင်းဝယ်ရေးဌာန အစည်းအဝေးမှ ပြန်လာချိန်တွင် ထုံရွှယ်လူမှာ မာလာထန်ပြုလုပ်ရန် အတွေးဝင်လာခဲ့လေ၏။
သူမသည် ဟော့ပေါ့ပြုလုပ်ရန် တွေးခဲ့ဖူးသော်လည်း ထိုအကြံကို ခပ်မြန်မြန်ပင် လက်လျှော့ခဲ့ရသည်။ဟော့ပေါ့အတွက်သာဆိုလျှင် အိုးအများအပြားလိုအပ်ပေမည်။
လောလောလတ်လတ်တွင် စားသောက်ဆိုင်၌ အိုးအနည်းငယ်သာရှိသဖြင့် ဟော့ပေါ့အား လက်တွေ့လုပ်နိုင်မည်မဟုတ်ပေ။
တစ်ဖက်တွင်မူ မာလာတန်မှာ ပိုမိုရိုးရှင်းသည်။ပါဝင်ပစ္စည်းများနှင့် ဟင်းရည်ကောင်းနေသမျှ အရသာရှိနိုင်ပြီး ပစ္စည်းကိရိယာအနည်းငယ်သာလိုအပ်ကာ နေရာလည်း သိပ်မယူချေ။
စားသောက်ဆိုင်သို့ ပြန်ရောက်လာသည့်နေ့တွင် ထုံရွှယ်လူသည် မုန့်ချင်းချင်းအား သူမ၏ အဖေက တံကျင်အနည်းငယ်ပြုလုပ်ပေးရန် တတ်နိုင်မတတ်နိုင်ကို မေးမြန်းခဲ့လေ၏။
ထုံရွှယ်လူမှာ မုန့်ချင်းချင်း၏ အဖေက ဝါးဖြင့် ပရိဘောဂများ ပြုလုပ်ရာတွင် ကျွမ်းကျင်ပြီး ထုတ်လုပ်ရေးအဖွဲ့မှ လူများမှာလည်း သူ့ထံမှ ပစ္စည်းများ ဝယ်ယူကြသည်ဟု မုန့်ချင်းချင်းထံမှ ကြားသိခဲ့ဖူးသည်။
ထိုစဉ်တွင် မုန့်ချင်းချင်းမှာ ချက်ချင်းပင် ခေါင်းညိတ်ခဲ့လေ၏။တံကျင်များမှာ ပရိဘောဂများနှင့် ယှဉ်လျှင် ပြုလုပ်ရန် ပိုမိုလွယ်ကူလေသည်။
" အဆင်ပြေတယ် ချင်းချင်း ... နင်တို့အဖေကို နောက်တစ်သုတ်ထပ်ပို့လို့ရတယ်လို့ ပြောလိုက် ... "
ဤသည်မှာ စားသောက်ဆိုင်နှင့် ထုတ်လုပ်ရေးအဖွဲ့ကြားမှ ပုံမှန်ရောင်းဝယ်ဖောက်ကားမှုမျိုးသာဖြစ်ပြီး မှောင်ခိုရောင်းဝယ်မှုဟု အမည်တပ်တိုင်တန်းမည်ကို စိုးရိမ်စရာမလိုပေ။
မုန့်ချင်းချင်း၏ မျက်လုံးများက တောက်ပလာပြီး သူမက ခေါင်းတညိတ်ညိတ်ဖြင့် " ဟုတ်ပြီ... ဒီည အိမ်ပြန်ရောက်ရင် အဖေ့ကို ပြောပြလိုက်မယ် ... " ဟု ဆိုလာလေ၏။
လျှိူတုံချန့်ကို ငြင်းပယ်ပြီးနောက် မုန့်ချင်းချင်း၏ မိခင်သည် ရက်အနည်းငယ်ကြာ အကျဉ်းကျခဲ့သည်။လျှိူတုံချန်မှာ ၎င်းတို့မိသားစု၏ သားမက်မဟုတ်တော့သည့်အတွက် မုန့်ချင်းချင်း၏ အစ်ကိုသည်လည်း လုပ်ငန်းခွင်တွင် အတည်တကျဝန်ထမ်းတစ်ဦးမဖြစ်နိုင်ခဲ့ပေ။
ထို့ကြောင့်ပင် မုန့်ချင်းချင်၏ အဘိုးဖြစ်သူမှာ လွန်စွာစိတ်ပျက်နေခဲ့လေ၏။ယခုတွင်မူ အစိုးရပိုင်စားသောက်ဆိုင်က မုန့်ချင်းချင်းတို့အဖေ ပြုလုပ်ပေးသော တံစို့များကို ဝယ်ယူနေခြင်းကြောင့် မုန့်ချင်းချင်းသည် မိသားစုအတွက် ဝင်ငွေစီး ကြောင်းတစ်ခု ဖော်ဆောင်ပေးနိုင်တော့မည်ဖြစ်သည်။
ဤသို့ဖြင့် အဘိုးဖြစ်သူမှာလည်း သူမအပေါ် အမြင်စောင်းမှုများ လျော့နည်းသွားနိုင်လေသည်။
ထုံရွှယ်လူသည် တံစို့များကို အိတ်ထဲသို့ ပြန်ထည့်လိုက်သည်။
" ဈေးသွားဝယ်ရတော့မယ် ... နည်းနည်းများနိုင်တာမလို့ ရှောင်ကောင်းက အတူတူလိုက်ခဲ့ပေးပါဦး ... "
ထိုအခါ ကောင်းဝေ့ဖျင်က အလျင်အမြန်ခေါင်းညိတ်ပြလာခဲ့သည်။
ကောင်းချွန်းယွီနှင့် မုန့်ချင်းချင်းတို့သည်လည်း ထုံရွှယ်လူမှာ တရားမမျှတဟု မခံစားခဲ့ကြရပေ။ထုံရွှယ်လူတို့ ထွက်ခွာသွားပြီးနောက် သူမတို့နှစ်ဦးက သန့်ရှင်းရေးပြုလုပ်ရန် စတင်လိုက်ကြတော့သည်။