အပိုင်း ၁၅၄
Viewers 30k

🍵Chapter 154

 စားသောက်ဆိုင်မှ လူများမှာ နှစ်သစ်ကူးနေ့သကဲ့သို့ စိတ်လှုပ်ရှားနေကြသည်  



ထုံရွှယ်လူသည် ကောင်းဝေ့ဖျင်ကို သူမနှင့်အတူ ထောက်ပံ့ရေးနှင့်တင်ပို့ရောင်းချရေးကော်မတီသို့ ဦးစွာ ခေါ်ဆောင်သွားခဲ့သည်။


ထောက်ပံ့ရေးနှင့်တင်ပို့ရောင်းချရေးကော်မတီသို့ရောက်သောအခါ အသားဆိုင်ရှိ လူနှစ်ဦးသည် ထုံရွှယ်လူ့ကို မြင်သော်လည်း အမူအရာပြောင်းလဲသွားသည်မျိုးမရှိပေ။


ထုံရွှယ်လူမှာ ထိုအရာကြောင့် စိတ်အနှောက်အယှက် မဖြစ်ခဲ့ဘဲ  " ဆရာဝူ ... ကျွန်မတို့ စားသောက်ဆိုင်အတွက် အသားတွေ အဆင်သင့်ဖြစ်ပြီလား ... " ဟုမေးမြန်းလိုက်လေ၏။


အစိုးရပိုင်စားသောက်ဆိုင်သည် ' ထောက်ပံ့ရေးနှင့်တင်ပို့ရောင်းချရေးကော်မတီ ' နှင့် ဖက်စပ်ပူးပေါင်းထားပြီး စားသောက်ဆိုင်ဘက်မှ လိုအပ်သလိုတောင်းဆိုနိုင်လေသည်။


ဆရာဝူက စားပွဲဘက်သို့ မေးငေါ့ပြပြီး ‌ပြန်ဖြေလာခဲ့လေ၏။


" အဲဒါ အကုန်ပဲ"


ထုံရွှယ်လူမှာ စားပွဲပေါ်မှ ဝက်ရိုးများနှင့် အသားအပိုင်းအစ အနည်းငယ်ကို မြင်လိုက်ရသည်။ဝက်သားအပိုင်းများမှာ ကောင်းသည့်ထဲတွင် မပါဝင်ချေ။


ကောင်းဝေ့ဖျင်၏ မျက်နှာမှာ နီရဲလာတော့လေ၏။သူ၏ အမူအရာမှာလည်း " ဒီလူတွေတော့ လွန်လွန်းသွားပြီ ... " ဟူသော သဘောမျိုးသက်ရောက်နေသည်။


ဆရာဝူနှင့် ကျန်တစ်ဦးတို့မှာ ထုံရွှယ်လူ့ကို မသိမသာကြည့်နေခဲ့ကြပြီး ယင်းအကြည့်များတွင် လှောင်ပြောင်ခနဲ့မှုများဖြင့် ပြည့်နှက်နေလေ၏။


ထုံရွှယ်လူက  မျက်တောင်ခတ်တစ်ချက်ခတ်လိုက်သည်။သူမသည် လုံးဝ စိတ်ဆိုးပုံမပေါ်ချေ။


ထုံရွှယ်လူက ဆရာဝူရှိရာဘက်သို့လှည့်ကာ " ဆရာဝူ ... ကျွန်မမေးစရာလေးရှိလို့ပါ " ဟု ပြောကြားလိုက်သည်။


ထုံရွှယ်လူသည် စိတ်ဆိုးနေပုံ လုံးဝမပေါ်သည့်အတွက် ဆရာဝူမှာ အနည်းငယ် အံ့သြသွားတော့လေ၏။


" ဘာကိုလဲ ... တစ်ခုလောက်တော့ ရှင်းပြထားမယ်နော် ... ကောင်းပေ့ဆိုတာတွေမှ လိုချင်ရင်တော့ ကျုပ်လည်း ဘာမှမတတ်နိုင်ဘူး ... ကျုပ်တို့ဆီက ဝယ်နေတာ ခင်ဗျားတို့ တစ်ဆိုင်ပဲ ရှိတာ မဟုတ်ဘူး ... "


ထုံရွှယ်လူ၏ စားသောက်ဆိုင်အပြင် ၎င်းတို့ထံမှ ဝက်သား ဖောက်သည်ယူနေသည့် အခြား အစိုးရပိုင်စားသောက်ဆိုင်တစ်ခုလည်း ရှိသေးသည်။


လျှိူတုံချန် မန်နေဂျာဖြစ်ခဲ့စဉ်က ဆိုင်နှစ်ဆိုင်မှာ အတူတူဖြစ်သော်လည်း ယခုတွင်မူ လျှိူတုံချန်က အားလုံးအတွက် အရှုပ်အထွေးများ ချန်ရစ်ထားပေးခဲ့လေပြီ။


စားသောက်ဆိုင်၏ ဂုဏ်သိက္ခာမှာ ယိုယွင်းပျက်ပြားနေပြီး အရောင်းလည်းမသွက်ပေ။ထို့ကြောင့်ပင် ထောက်ပံ့ရေးနှင့်တင်ပို့ရောင်းချရေးကော်မတီမှာ ၎င်းတို့၏ ကောင်းမွန်သော အသားများအားလုံးကို အခြားသော အစိုးရပိုင်စားသောက်ဆိုင်သို့ သာ တင်သွင်းခြင်းဖြစ်သည်။

 

ထုံရွှယ်လူ၏ အပြုံးက မပြောင်းလဲပေ။

 

" ကျွန်မပြောချင်တာက ဝက်သားကိစ္စ မဟုတ်ပါဘူး ... ဆရာဝူက ဒီစီးပွားရေးလုပ်ငန်းမှာ အတွေ့အကြုံ နှစ် ၂၀ နီးပါးရှိပြီးတော့ ဒီနယ်ပယ်ရဲ့ အတော်ဆုံးထဲက တစ်ယောက်လို့ ကျွန်မ ကြားထားတယ် ...ကျွန်မ ဆရာ့ကို အင်တာဗျူးလုပ်ချင်တယ် ... ပြီးရင် ဆောင်းပါးရေးပြီးတော့ ဆရာ့ဘဝ အတ္ထုပ္ပတ္တိကို အကုန်လုံးဖတ်ရအောင် ဆိုင်မှာ ချိတ်ထားချင်လို့ပါ ... "


" ဒီနယ်ပယ်ရဲ့ ရှေ့တန်းမှာ အမြဲရှိနေခဲ့တဲ့ ဆရာဝူ့လို လူတစ်ယောက်ဆီမှာ ကြိုးကြိုးစားစားလုပ်ခဲ့ရတဲ့ အတုယူချင်စရာ ဇာတ်လမ်းတွေ ရှိမယ်လို့ ကျွန်မ ထင်တယ် ... ဆရာ့ရဲ့ဘဝဇာတ်ကြောင်းတွေကို အခုလိုမျှဝေတာက တခြားသူတွေကိုလည်း ပိုကြိုးစားချင်လာအောင် လှုံ့ဆော်ပေးရာရောက်မယ် ... လူ့အဖွဲ့အစည်းရဲ့ အပြုသဘောဆောင်တဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်လာမှာ သေချာပါတယ် ... "


အရပ် ၁.၈ မီတာရှိသော ဆရာဝူမှာ ယုန်ပေါက်လေးတစ်ကောင်သဖွယ် မျက်လုံးများနီရဲလာခဲ့သည်။သူသည် အလွန်ပင် စိတ်ခံစားလွယ်နေပုံရကာ နှာခေါင်းများပင် နီနေရှာလေ၏။


သူ့ထံတွင် ဝေမျှချင်သောအကြောင်းအရာ အများအပြားရှိသည်။


လူတကာက သူ့ထံတွင် အထင်ကြီးစရာကောင်းသော အလုပ်အကိုင်တစ်ခု ရှိသည်ဟုသာ တွေးထင်ကြပေ၏။အပြင်ပန်းကိုသာကြည့်ပြီး မိမိလိုချင်သလောက် အသားများကို ရယူနိုင်သည်ဟုသာ တွေးတောကြလေသည်။သို့သော်လည်း ခက်ခဲသည့် ဘက်ခြမ်းကိုတော့ မည်သူမှ မမြင်နိုင်ကြပေ။


သားသတ်သမားများသည် နံနက် ၃ နာရီမှ ၄ နာရီအတွင်း ဝက်သတ်ရန် သားသတ်ရုံသို့ သွားကြရသည်။ထို့နောက်တွင်မူ ဝက်သားများ ရောင်းချရန် ထောက်ပံ့ရေးနှင့်တင်ပို့ရောင်းချရေးကော်မတီသို့ အလျင်စလို သွားရသေးလေ၏။


ဝက်သတ်ခြင်းမှာ ကျွမ်းကျင်မှုဖြင့်သာ လုံလောက်သော အလုပ်မျိုးမဟုတ်ဘဲ ကိုယ်ကာယကြံ့ခိုင်မှုလည်းလိုအပ်သေးသည်။ထိုအရာမှာ အလွန်ပင်ပန်းနွမ်းနယ်သော အလုပ်တစ်ခုပင်။


မကြာသေးမီနှစ်များအတွင်း ဆရာဝူမှာအသက်ကြီးလာသည်နှင့်အမျှ ဤအလုပ်ကို အချိန်အတော်ကြာအောင် ဆက်မလုပ်နိုင်တော့မည်ကို စိုးရိမ်နေခဲ့သည်။


ထို့ကြောင့်ပင် တစ်စုံတစ်ဦးက နောက်ကွယ်တွင် သူအားစိုက်ထုတ်ခဲ့ရသမျှကို နားလည်ပေးလာသောအခါတွင်မူ အဘယ်သို့ မခံစားရဘဲ နေလိမ့်မည်နည်း။


ဆရာဝူက သူ၏ မျက်ရည်များအား ပြန်လည် သွတ်သွင်းလိုက်ပြီး လည်ချောင်းရှင်းလိုက်သည်။ 


" မန်နေဂျာထုံ ... တကယ်ကို လေးလေးနက်နက်နဲ့ ပြောနေတာလား ... "


ထိုအခါ ထုံရွှယ်လူက ခေါင်းညိတ်ပြလိုက်လေ၏။


" ဟုတ်ပါတယ် ... ဆရာ့လို ခေတ်မီ ထိပ်တန်းလုပ်သားတွေကို စုပြီး အပိုင်းဆက် အင်တာဗျူးချင်တာ ... ခေတ်မီလုပ်သားတွေချည်းပဲ သီးသန့် ... "


ဆရာဝူသည် ပို၍ပင် စိတ်လှုပ်ရှားလာသည်။


" မန်နေဂျာထုံက ဘယ်တော့ အင်တာဗျူးလုပ်ချင်တာလဲ ... ကျွန်တော်အခု နည်းနည်း ညစ်ပတ်နေတယ် ... အိမ်ပြန်ပြီး အဝတ်အစား အရင်လဲလို့ရမလား "


ထိုအခါ ထုံရွှယ်လူက သူမ၏ လက်ကို ဝှေ့ယမ်းလိုက်ပြီး " ကျွန်မက အလျင်မလိုပါဘူး ဆရာဝူ ... ဒီနေ့တော့ တခြားပစ္စည်းလေးတွေလည်း ဝယ်စရာရှိသေးလို့လေ ... နည်းနည်းအလုပ်များနေတာ ... မနက်ဖြန်ဆိုရင်ရော ဘယ်လိုလဲ ... ကျွန်မ မနက်ဖြန် နေ့လည်ကျ ပြန်လာခဲ့မယ် ... " ဟု ပြောလိုက်လေ၏။


သူမက ပြောပြောဆိုဆိုနှင့် စားပွဲပေါ်မှ အသားများကို ကောက်ကိုင်လိုက်သည်။ထိုအခါ ဆရာဝူက အလျင်အမြန်ပင် ရောက်ရှိလာပြီး ထုံရွှယ်လူ့အား တားမြစ်လေသည်။


" မန်နေဂျာထုံ ... ကျွန်တော် အမှတ်မှားသွားတဲ့ပုံပါပဲ ... အဲဒါတွေက တခြားတစ်ယောက်အတွက်ပါ ... မန်နေဂျာထုံ့အတွက်က မပြင်ရသေးဘူး ... "


" ဪ ဟုတ်လား ... ဒါဆိုရင်လေ အရိုးတွေရယ် ဝက်အသည်းရယ် အူ‌တွေလိုမျိုး အပိုင်းတွေ ပေးပါ ...ဝက်ဗိုက်သားက အဆီသိပ်မများတဲ့ အခြမ်းတွေရောပဲ ... အများကြီးတော့ မလိုပါဘူး ... "


ဆရာဝူက သူမ၏ တောင်းဆိုချက်များ အားလုံးကို ခေါင်းညိတ်လေ၏။သူသည် မြန်ဆန်တိကျပြီး အခြားစားသောက်ဆိုင်အတွက် သိမ်းဆည်းထားသည့် အသားများအားလုံးကို ထုံရွှယ်လူထံသို့ ပေးအပ်ခဲ့သည်။ဆရာဝူမှာ အကောင်းတကာ့ အကောင်း‌ဆုံး အစိတ်အပိုင်းများကိုသာ ရွေးချယ်ပေးခဲ့ခြင်းဖြစ်လေ၏။


ထုံရွှယ်လူက သူတို့အား ပိုက်ဆံနှင့်လက်မှတ်များ ပေးခဲ့ပြီး ထွက်ခွာရန်ပြင်လိုက်သည်။


ထိုအချိန်တွင် ရှောင်စွင်းအမည်ရသောအခြားအလုပ်သမားတစ်ယောက်က ပြုံးဖြီးဖြီးဖြင့် သူမထံ လျှောက်လှမ်းလာခဲ့လေ၏။

" မန်နေဂျာထုံ ... ကျွန်တော့်မှာလည်း မျှဝေပေးချင်တဲ့ အခက်အခဲတွေ ဇာတ်ကြောင်းတွေ အများကြီးရှိ ... "


ရှောင်စွင်း၏ စကားမ‌ဆုံးသေးမီမှာပင် ဆရာဝူက ကြားဖြတ်ပြောလာတော့သည်။


" မင်း ဒီနယ်ပယ်မှာ လုပ်နေတာ ၁၀ နှစ်တောင် မရှိသေးဘူး ... ဘာကို ဘယ်လို‌မျှဝေမလို့လဲ ... "


ဟာသပင်ဖြစ်သည်။သူတို့၏ နယ်ပယ်တွင် အခက်ခဲ‌ဆုံးသောအရာများကို တွေ့ကြုံခဲ့ရသည့် အကျွမ်းကျင်‌‌ဆုံးသူများသာ အင်တာဗျူးဖြေရန် ထိုက်တန်ပေ၏။ ဥပမာဆိုရသော် သူကဲ့သို့သော လူမျိုးပင်ဖြစ်သည်။


ရှောင်စွင်းမှာ ထိုကဲ့သို့သောအရာများကို အဘယ်တွေ့ကြုံဖူးလေမည်နည်း။

သူတို့၏ဇာတ်ကြောင်းများကို နှိုင်းယှဉ်ကြည့်လိုက်ပါက ရှောင်စွင်းပြောသော ခက်ခဲမှုများမှာ အသေးအဖွဲပင် ဖြစ်သွားလိမ့်မည်။


ထုံရွှယ်လူက ပြုံးပြလျက် ပြန်လည်ဖြေကြားလိုက်လေ၏။


" နောက်တစ်ခါဖြစ်နိုင်ပါတယ် ... အခုလောလောဆယ်တော့ နယ်ပယ်ကို ကိုယ်စားပြုတဲ့ လူတစ်ယောက်နဲ့ တွဲလုပ်ချင်လို့ပါ ... "


နယ်ပယ်ကို ကိုယ်စားပြုသူတစ်ယောက်ဟု ဆိုလိုက်ပေသည်။


ဆရာဝူမှာ ထိုစကားကိုကြားသောအခါတွင် ရုတ်ချည်းပင် ကျေနပ်သွားပြီး အောင်ပွဲများစွာ ဆွတ်ခူးခဲ့သော ကြက်ဖတစ်ကောင်သကဲ့သို့ ယုံကြည်ချက်အပြည့်ဖြင့် ခေါင်းမော့ရင်ကော့နေခဲ့လေသည်။


ရှောင်စွင်းမှာ ထိုစကားကိုကြားလိုက်ရသောအခါ အနည်းငယ် အားမလိုအားမရဖြစ်သွားရှာသည်။ 


" ဒါဆို နောက်အင်တာဗျူးတွေကျရင် ကျွန်တော့်ကို ထည့်စဉ်းစားပေးပါနော် မန်နေဂျာထုံ ... "


ထုံရွှယ်လူမှာ သူ့အား စာရင်းထိပ်ဆုံးတွင် မှတ်သားထားမည်ဖြစ်ကြောင်း ကတိပေးခဲ့ပြီး ထိုအခါမှ ရှောင်စွင်းတစ်ယောက် ပြုံးရယ်သွားနိုင်တော့လေ၏။


ကောင်းဝေ့ဖျင်မှာ ဝက်သားများကို သယ်လျက် ထောက်ပံ့ရေးနှင့်တင်ပို့ရောင်းချရေးကော်မတီမှ ထွက်ခွာလာခဲ့သည်။သူသည် ယခုလေးတင် မြင်တွေ့ခဲ့ရသည်များအား မယုံကြည်နိုင်သေးပေ။


မန်နေဂျာထုံမှာ မယုံနိုင်စရာကောင်းလောက်အောင်ပင် အံ့အားသင့်ဖွယ်ရာကောင်းလွန်းသည်။


သူသည် ယခင်က လျှိူတုံချန်နှင့် ဤနေရာသို့ လိုက်လာဖူးသည်။လျှိူတုံချန်သည်ပင်လျှင် အသားဆိုင်မှ သခင်ကြီးနှစ်ယောက်ကို ခယနေရသေးလေ၏။


သို့သော်လည်း မန်နေဂျာထုံမှာမူ စကားအနည်းအကျဉ်းဖြင့်ပင် အကောင်းဆုံးအသားများကို သူမထံ ပေးချင်လာအောင် စွမ်းဆောင်နိုင်ခဲ့သည်။


 အံ့သြဖွယ်ရာကောင်းလှပေ၏။


ထုံရွှယ်လူသည် ကောင်းဝေ့ဖျင်၏ လေးစား‌အံ့ဩနေသော အကြည့်ကို လျစ်လျူကာ သူ့အား ဟင်းသီးဟင်းရွက်တန်းသို့ ခေါ်ဆောင်သွားခဲ့သည်။


ထုံရွှယ်လူမှာ သူမ၏ စွမ်းရည်ကို ထပ်မံအသုံးချခဲ့ပြီး ဟင်းရွက်ဆိုင်မှ မန်နေဂျာ ကျိုးကိုလည်း သူမ၏ ဘက်တော်သားအဖြစ် မဆိုင်းမတွပင် စည်းရုံးနိုင်ခဲ့လေသည်။


ထုံရွှယ်လူသည်  စားသောက်ဆိုင်သို့ ပြန်ရောက်ပြီးနောက် မာလာထန်ကို စတင်ပြုလုပ်ခဲ့သည်။


ဤသည်မှာ သူတို့၏ ပထမဆုံးနေ့ဖြစ်သဖြင့် ထုံရွှယ်လူမှာ မာလာထန်ကို အများအပြားမပြုလုပ်ခဲ့ချေ။


မာလာထန်မှာ ဆန်းသစ်သော အစားအသောက်တစ်မျိုးဖြစ်ပြီး လူအများက သူမတို့စားသောက်ဆိုင်ကို လုံးလုံးလျားလျား ပြန်လည်မကြိုဆိုကြသေးခြင်းလည်း ပါဝင်သည်။


ထို့ကြောင့် ထုံရွှယ်လူမှာ ပထမဆုံးရက်တွင် ဖောက်သည်အများအပြားရရန် မျှော်လင့်မထားချေ။


မုန့်ချင်းချင်းနှင့် ကောင်းချွန်းယွီတို့က အသီးအရွက်များကို ဆေးကြောရန် ကူညီပေးခဲ့ပြီး ယင်းနောက်တွင် အားလုံးဝိုင်းဖွဲ့ကာ အသားနှင့် အသီးအရွက်များအား တံစို့ထိုးကြတော့သည်။


ထုံရွှယ်လူသည် တိုဟူးကြော်၊ မှိုမျိုးစုံ၊ မှိုနက် ၊ အသည်းကဲ့သို့သော ဝက်ကိုယ်တွင်းအင်္ဂါများနှင့် ဟင်းသီးဟင်းရွက်များကို ပြင်ဆင်ထားသည်။


လူအများကြားထဲတွင် ယခုထက်ပို၍ တဖြည်းဖြည်းကျယ်ပြန့်လာသည်နှင့် အခြားပစ္စည်းများဖြစ်သော အသားလုံးနှင့် ငါးအသားလုံး စသည်တို့ကိုလည်း မိတ်ဆက်ပေးဦးမည်ဖြစ်သည်။


အားလုံးပြင်ဆင်ပြီးသောအခါ ထုံရွှယ်လူမှာ မာလာထန်အတွက် လိုအပ်သော အနီရောင်ဟင်းချိုကို စတင်ပြင်ဆင်တော့သည်။

ဤအဆင့်တွင်မူ သူမကို ကူညီပေးနိုင်သူမရှိပေ။


မာလာထန်တွင် နည်းစနစ်များစွာ ပါဝင်ခြင်းမရှိဘဲ တစ်ခုတည်းသောလှည့်ကွက်မှာ ဟင်းချို၏ ပါဝင်ပစ္စည်းများပင်ဖြစ်သည်။


ကောင်းဝေ့ဖျင်ထံတွင် မယုံကြည်ရသည်မျိုးမရှိသော်လည်း သတိထားခြင်းက မမှားနိုင်ပေ။မလိုလားအပ်သော ပြဿနာများကို ရှောင်ရှားရန်အတွက် ထုံရွှယ်လူသည် လောလောလတ်လတ်တွင် ဟင်းချိုချက်နည်းကို မည်သူနှင့်မှ မျှဝေရန် အစီအစဉ်မရှိချေ။


အနီရောင်ဟင်းချိုပြုလုပ်ရန် ပါဝင်ပစ္စည်းအများအပြား လိုအပ်ပြီး ၎င်းတို့အားလုံးကို ထောက်ပံ့ရေးနှင့်တင်ပို့ရောင်းချရေးကော်မတီမှ မရရှိနိုင်ပါ။


သူမသည် ဝေ့ကျီကောင်းကို အကူအညီ ကြိုတောင်းထားခဲ့သည်။ဝေ့ကျီကောင်းထံတွင် ယခင်က တိုင်းရင်းဆေးဆရာဖြစ်ခဲ့ဖူးသော သူငယ်ချင်းတစ်ယောက်ရှိသည်။

ထိုတစ်ယောက်မှာ တိုင်းရင်းဆေးဆရာအလုပ်ဖြင့် အသက်မမွေးတော့သော်လည်း သူ့အိမ်တွင် ဆေးဖက်ဝင်အပင်များစွာ ရှိနေသေးသည်။


ထုံရွှယ်လူသည် ဝေ့ကျီကောင်းမှတစ်ဆင့် ထိုတစ်ယောက်ထံမှ ဆေးဖက်ဝင်အပင်များ ၊ ဖာလာစေ့နှင့် သစ်ကြံပိုးခေါက် အနည်းငယ်ကို တိတ်တဆိတ်ဝယ်ယူခဲ့လေ၏။


နေ့လယ်စာစားပြီးနောက် ထုံရွှယ်လူသည် ကောင်းဝေ့ဖျင်တို့အား မီးဖိုနှင့် မီးဖိုချောင်သုံးပစ္စည်းများကို ဆိုင်တံခါးဝသို့ ရွှေ့ပြောင်းစေခဲ့သည်။အားလုံးအဆင်သင့်ဖြစ်သွားသောအခါတွင်မူ ထုံရွှယ်လူသည် မာလာတန်ကို စတင်ပြုလုပ်ခဲ့လေ၏။


သူမသည် အိုးကြီးကို မီးဖိုပေါ်တင်လိုက်ပြီး ယင်းအိုးကြီးပွက်ပွက်ဆူလာသည်နှင့်အမျှ အံ့သြဖွယ်ရနံ့များ ထွက်ပေါ်လာသည်။

၎င်းအနံ့မှာ စွဲမက်ဖွယ်ကောင်းပြီး လမ်းပေါ်ရှိ လမ်းသွားလမ်းလာများကို အံ့အားသင့်စေခဲ့သည်။


" အဲမှာ ဘာတွေလုပ်နေတာလဲ မသိဘူး ... အနံ့အရမ်း‌မွှေးတယ် ... "


" မီးဖိုပေါ်က တံစို့တွေကို ကြည့်လိုက်ပါဦး ...  ထူးဆန်းလိုက်တာ ... ဒီလိုမျိုး တစ်ခါမှ မတွေ့ဖူးဘူး ... "


" ငါရောပဲ ...  ဒါပေမယ့် အံ့သြစရာကောင်းတဲ့ အနံ့ရနေရင်တောင် အဲဒီကို သွားလို့မရဘူး ...  ဘာက ပိုအရေးကြီးလဲအစားအသောက်ကောင်းလား ... ဒါမှမဟုတ် မင်းဘဝလား ...."


ထိုကဲ့သို့သော စကားမျိုးများကို ဆိုင်အနီးတစ်ဝိုက်တွင် ခပ်စိပ်စိပ်ကြားနေရသည်။

မုန့်ချင်းချင်းသည် ထိုသို့သော စကားများကို ကြားသောအခါ အလွန်စိတ်တိုသွားပြီး ကိုယ်တိုင်ကိုယ်ကျ သွားရောက်လျက် ထိုလူများအား အခြေအနေအရပ်ရပ်ကိုရှင်းလင်းပြောပြချင်စိတ်ပေါက်သွားတော့လေသည်။


သို့သော်လည်း ထုံရွှယ်လူကတော့ မတုန်လှုပ်ပေ။သူမသည် ထိုစကားများကြောင့် စိတ်အနှောက်အယှက်မဖြစ်ပါ။


ဤလိုအခြေအနေမျိုးက ပုံမှန်သာဖြစ်ပြီး နောက်ထပ် ရက်အနည်းငယ် ထပ်မံစောင့်ဆိုင်းရန်သာ လိုအပ်သည်။


ခဏအကြာတွင် စားသောက်ဆိုင်ရှေ့၌ စက်ဘီး ၅ စီး ၆ စီးခန့် ရပ်လာကြကာ ငယ်ရွယ်လှသော မိန်းကလေးများက စက်ဘီးပေါ်မှ ဆင်းသက်လာလေ၏။

ရှေ့ဆုံးမှ ဦးဆောင်လာသူမှာ ဖန်ကျင်းယွမ်ပင်ဖြစ်သည်။


" ရွှယ်လူ ... နင့်ကို လာ‌အားပေးတာ ... "


ထုံရွှယ်လူလည်း ယဉ်ကျေးမှုအဖွဲ့မှ အဖွဲ့သားများကို ကြည့်ပြီး ပြုံးပြလိုက်သည်။


" အတော်ပဲပေါ့ ... ဒီနေ့ အသစ်အဆန်းလေးလုပ်ထားတယ် ... စားကြည့်ကြပါဦး ...  " 


ဖန်ကျင်းယွမ်မှာ မွှေးပျံ့သောရနံ့ကို ခံစားမိနေပြီးသားပင်။သူမ၏ မျက်လုံးများက တောက်ပနေခဲ့သည်။


" ဒါ နင်ပြောနေတဲ့ဟာလား ... တံစို့နဲ့ စားရတာလား ... "


ထုံရွှယ်လူလည်း ခေါင်းညိတ်ပြလိုက်‌သည်။


" ဒါက မာလာထန်လို့ ခေါ်တယ်‌လေ ... နင်ကြိုက်တာကို ရွေးလိုက် ... ငါနင့်အတွက် ချက်ပေးမယ် ... စပ်တာရော မစပ်တာရော ရွေးလို့ရတယ် ... "


နှာဖျားထဲသို့ တည့်တည့်တိုးဝင်လာသော ရနံ့နှင့်အတူ ဖန်ကျင်းယွမ်၏ ဝမ်းဗိုက်က တဂွီဂွီဖြစ်လာသည်။


" ဒါရယ် ဒါရယ် ဟိုတစ်ခုရယ် လိုချင်တယ် ... အကုန်လုံးပဲ တစ်ခုစီထည့်ပေးလိုက်ပါတော့ ... "


" ဟုတ်ပြီ ... ခေါက်ဆွဲလည်း ရှိတယ် ...မလောက်မှာ စိုးရိမ်ရင် ခေါက်ဆွဲလည်း ထည့်စားလို့ရတယ် ... "


ဖန်ကျင်းယွမ်မှာ အမျိုးအစားတစ်ခုစီအပြင် ခေါက်ဆွဲကိုပါ ထပ်ပေါင်းမှာယူလိုက်တော့လေ၏။

" ကြက်သွန်မြိတ်နဲ့ စပ်စပ်လေးလုပ်ပေး ... "


ယင်းနောက်တွင် အခြားသူများကလည်း အသီးသီးမှာယူလာကြသည်။


ထိုအခြင်းအရာကို မြင်သော မုန့်ချင်းချင်းမှာ ပါးစပ်နားရွက်တက်ချိတ်တော့မတတ် ပြုံးဖြီးနေခဲ့လေ၏။နောက်ဆုံးတွင် သူမတို့၏ဆိုင်၌ စားသုံးသူများ ရှိလာခဲ့လေပြီ။


ယဉ်ကျေးမှုအဖွဲ့မှ လူများသည် ဖန်ကျင်းယွမ်၏ အနောက်သို့သာ လိုက်ပါလာခဲ့ခြင်းဖြစ်ပြီး ဤသို့သော အစားအသောက်အသစ်အဆန်းမျိုးကို မြည်းစမ်းရမည်ဟု မျှော်လင့်မထားကြပေ။


သူတို့သည် မာလာထန်က ဤမျှလောက်အထိ အရသာရှိမည်ဟူ၍လည်း ထင်မှတ်မထားခဲ့ကြချေ။၎င်းမှာ စပ်စပ် ထုံထုံနှင့် ရနံ့လည်းမွှေးသည်။ဟင်းချိုရည်မှာလည်း အနံ့အရသာ ကြွယ်ဝပေ၏။


စက်ဘီးစီးနေစဉ်တွင် လူတိုင်း၏ လက်များက အေးခဲနေခဲ့သော်လည်း မာလာတန်စားပြီးနောက်တွင်မူ ချွေးများထွက်လာကာ ၎င်းတို့၏ ခန္ဓာကိုယ်မှာလည်း ပူနွေးသွားတော့သည်။


သာမာန်အားဖြင့် ဤသို့စားသောက်နိုင်ရန်အသားများကို တစ်ပွဲချင်းစီ မှာယူရမည်ဖြစ်ပြီး လူတစ်ဦး ၊ နှစ်ဦးစာအတွက် အလွန်များသော အစားအသောက် ပမာဏဖြစ်သည်။ယင်းပြင် ၎င်းတို့မှာ ဈေးလည်း ကြီးသေး၏။


ယခုအခါတွင်မူ သာမန်ငွေပမာဏ သုံးရုံဖြင့် မတူညီသော အသားနှင့် ဟင်းသီးဟင်းရွက် အမျိုးအစားများစွာကို စုံစုံလင်လင်စားသုံးနိုင်ပေသည်။အလွန်ကောင်းသော အကြံဉာဏ်ပင်ဖြစ်သည်။


ကနဦးတွင် များများစားစား မှာယူမထား သော သူများသည်ပင်လျှင် အစားအသောက်များ ထပ်မံမှာယူလာခဲ့၏။


ယဉ်ကျေးမှုအဖွဲ့ က ဆိုင်တွင်းသို့ ဝင်ရောက်ကာ အစားအသောက်များ အငမ်းမရစားသုံးနေသည်ကို ကြည့်ရှုပြီး အခြားသူများမှာလည်း အလိုလို သွေးဆောင်ခြင်းခံလိုက်ရလေသည်။


အချို့က အချိန်အတော်ကြာ တွေဝေနေပြီးနောက် နောက်ဆုံးတွင် စမ်းစားကြည့်ရန် ဆုံးဖြတ်လိုက်ကြသော်လည်း အစားအသောက်များက ကုန်သွားခဲ့လေပြီ။


ထုံရွှယ်လူသည် ပထမဆုံးရက်တွင် အများအပြားမပြင်ဆင်ခဲ့ဘဲ ဖန်ကျင်းယွမ်နှင့် သူမ၏အဖွဲ့မှာလည်း ပမာဏများစွာကို မှာယူခဲ့သဖြင့်  စားစရာများ အကုန်ရောင်းကုန်သွားပြီဖြစ်သည်။


အားလုံးပြီးသွားသောအခါတွင် ထုံရွှယ်လူ ၊ ကောင်းဝေ့ဖျင်နှင့် အခြားသူများက သိမ်းဆည်းရန် စတင်ပြင်ဆင်ကြတော့လေ၏။


ကနဦး၌ တွေဝေနေခဲ့ကြသူများလည်း ချက်ချင်းပင် နောင်တရသွားကြသည်။


ဗိုက်တင်းသွားသည်အထိ စားသောက်ခဲ့သော ဖန်ကျင်းယွမ်က ဆိုင်ပြင်သို့ထွက်ရာလမ်းတွင် " မနက်ဖြန် ငါပြန်လာမယ် ... ငါ့အတွက် သေချာ‌ပေါက်ချန်ပေးထားနော် ... " ဟု အမှာပါးလာခဲ့၏။


အခြားသူများမှာလည်း ဖန်ကျင်းယွမ်ကဲ့သို့ပင် သူတို့အတွက် အစားအသောက်များ ချန်ထားပေးစေလိုကြသည်။


သို့သော်လည်း ထုံရွှယ်လူသည် ထိုနေ့ညတွင် မာလာထန်ကို မပြင်ဆင်ခဲ့ပေ။


ရောင်းချမည့် အစားအသောက်ပမာဏနည်းပါးသလောက် မစားဖူးသောသူများက ပိုမိုစားလိုစိတ်ပြင်းပြလာလိမ့်မည်။


ပထမဆုံးနေ့တွင် မည်သူမျှ မလာရောက်ကြသော်လည်း အချို့က ဈေးနှုန်းမေးမြန်းကြလေ၏။ဤသည်မှာလည်း သူ့နည်းသူ့ဟန်နှင့်သူ တိုးတက်မှုတစ်ရပ်ပင်။


စားသောက်ဆိုင်မှ လူများမှာ နှစ်သစ်ကူးနေ့သကဲ့သို့ စိတ်လှုပ်ရှားနေကြတော့သည်။