အပိုင်း ၁၅၅
Viewers 30k

🍵Chapter 155

- စားသောက်ဆိုင်မှ လူများမှာ နှစ်သစ်ကူးနေ့သကဲ့သို့ စိတ်လှုပ်ရှားနေကြသည် 



စုမိသားစုမှာ အစိုးရဆန့်ကျင်သူများဟု တံဆိပ်ကပ်ခံရပြီး ၎င်းတို့၏ စည်းစိမ်နှင့် ဥစ္စာပစ္စည်းများအားလုံးကိုလည်း သိမ်းယူခြင်းခံခဲ့ရလေသည်။


စုယွဲ့ရှန်းမှာ အိမ်ပြန်နိုင်ရန်အတွက် ထိုကိစ္စများကို ဖြေရှင်းရန် လိုအပ်ခဲ့သည်။ အားလုံး မြို့တော်သို့ ပြန်ကြသောအခါတွင် သူလည်း အိမ်ပြန်ရန် အခွင့်အရေးရခဲ့လေ၏။


သူတို့သည် ဥယျာဉ်ခြံဝင်းရှိသည့် နေအိမ်တွင် အစဉ်အဆက်နေထိုင်ခဲ့ကြပြီး ထိုနေရာက အလွန်ကျယ်ဝန်းသည်။သိမ်းယူခံရပြီးနောက်တွင်မူ အစိုးရက ထိုနေရာကို ငှားရမ်းခဲ့ပြီး အိမ်၏အချို့အစိတ်ပိုင်းများမှာ လုံးဝပင် ယိုယွင်းပျက်စီးနေပြီဖြစ်လေ၏။


စုယွဲ့ရှန်းမှာ ဤအတောအတွင်း အိမ်ပြင်ရင်း အလွန်အလုပ်ရှုပ်နေခဲ့သည်။


နောက်ဆုံးတွင်မူ စုမိသားစုသည် လေးနှစ်တာ ခွဲခွာခဲ့ရသော အိမ်ဆီသို့ ပြန်လည်ပြောင်းရွှေ့နိုင်ခဲ့ကြလေ၏။


အဖေစုနှင့် အမေစုတို့မှာ ရင်းနှီးသောမြင်ကွင်းကို မြင်လိုက်ရသောအခါ မတတ်သာတော့ဘဲ မျက်ရည်ကျလာခဲ့ကြသည်။


စိတ်ငြိမ်သက်သွားသောအခါတွင် အမေစုသည် စုယွဲ့ရှန်းကိုကြည့်ကာ " ရိလန်နဲ့ အမေတို့မြေးလေးကို ဘယ်တော့ ပြန်ခေါ်လာမှာလဲ ... " ဟု မေးမြန်းလာလေ၏။


" ရှောင်ကျိုးကို မကြာခင် ခေါ်လာခဲ့ပါ့မယ် ... "

အဖေစုနှင့် အမေစုတို့မှာ တစ်စုံတစ်ရာ မူမမှန်သည်ကို ခံစားမိသွားကြသည်။


" ရိလန်ကိုရော ... မင်းသူ့ကိုပြန်မခေါ်ဘူးလား ... "


စုယွဲ့ရှန်းက သူ၏ မျက်မှန်ကို ချိန်ညှိလိုက်ပြီး " မကြာခင် ခေါ်လာမှာပါ ... " ဟု အမှုမဲ့အမှတ်မဲ့ ဖြေလိုက်လေ၏။


ထိုအခါ လင်မယားနှစ်ယောက်သား အကြည့်ချင်းဖလှယ်လိုက်ကြတော့သည်။


အမေစုက မျက်မှောင်ကြုတ်လျက် ပြောလာခဲ့လေ၏။


" ယွဲ့ရှန်း မင်း ရိလန်ကို ပြန်ပြီး လက်ထပ်မယူဘဲ နေမလို့လား ... အဲလိုဆိုရင်တော့ မဟုတ်သေးဘူးနော် ...  "


၎င်းတို့အားလုံး မွေးမြူရေးခြံသို့ အပို့ဆောင်ခံခဲ့ရစဉ်တွင် မြေးဖြစ်သူကို ပြုစုခဲ့သူမှာ ရိလန်ပင်ဖြစ်သည်။


သူတို့သာ တစ်ခုခုဖြစ်သွားခဲ့ပါက ရှောင်ကျိုးလေးသာလျှင် စုမိသားစု၏ တစ်ဦးတည်းသော သားစဉ်မြေးဆက်အဖြစ် ကျန်ရစ်ခဲ့မည်ဖြစ်လေ၏။


ခင်ပွန်းသည်ဘက်မှ မိသားစုမှာ အစိုးရဆန့်ကျင်သူများဟု တံဆိပ်ကပ်ခံရချိန်တွင် ဇနီးသည်အများစုက ကွာရှင်းရန် တောင်းဆိုကြမည်ဖြစ်သည်။သို့ရာတွင်လည်း ရိလန်မှာတော့ ထိုစဉ်အချိန်တွင် ကွာရှင်းပြတ်စဲမည့်အစား သူတို့နှင့်အတူ မွေးမြူရေးခြံသို့ လိုက်ပါချင်ခဲ့သည်။သူတို့သည် ရိလန်ကို မနည်းဖြောင်းဖြခဲ့ရလေ၏။


ကုမိသားစုသည် အခြားသူများအား သူတို့မိသားစုကို နှစ်ပေါင်းများစွာ တိတ်တဆိတ် ကြည့်ရှုစောင့်ရှောက်ပေးစေခဲ့သည်။


ထို့ကြောင့်ပင် ကုမိသားစုမှာ ပေါ့ပေါ့တန်တန်ဆန်ပြီး ရှောင်ကျိုးလေး၏ အရေးကိစ္စအား ကောင်းစွာမဖြေရှင်းပင်လျှင်မူ စုမိသားစုသည် ၎င်းတို့အတွက် ကုမိသားစု လုပ်ဆောင်ပေးခဲ့သည့်အရာများကို အောက်မေ့မှတ်သားထားရန် လိုအပ်ပြီး ထို့အတွက် ကျေးဇူးသိတတ်ရမည်ဖြစ်သည်။


အဖေစုကတော့ မည်သည်ကိုမှ မပြောပေ။သားဖြစ်သူမှာ နောင်ရေးကို အများအပြားတွေးတောပြီးမှ ဆုံးဖြတ်ချက်ချတတ်သူမှန်း သူကောင်းကောင်းသိသည်။

စုယွဲ့ရှန်းတွင်လည်း အကြောင်းပြချက်တစ်ခုမဟုတ်တစ်ခု ရှိလိမ့်မည်။


" စိတ်မပူပါနဲ့ အမေ ... ကျွန်တော်လုပ်နေတာကို ကျွန်တော်သိပါတယ် ..."


သူသည် ကုရိလန်နှင့် ပြန်လည်ပေါင်းသင်းမည်မှာ သေချာလေသည်။သို့သော်လည်း ထို့မတိုင်မီတွင် ကုမိသားစု၏ သဘောထားကွဲလွဲမှုများအား ပြုပြင်ရန် လိုအပ်လိမ့်မည်။


မဟုတ်လျှင် အခြားနောက်ဆက်တွဲ ပြဿနာအများအပြား ရှိလာနိုင်သည်။


 ***


အခြေစိုက်စခန်းတွင်ဖြစ်လေ၏။

 

ဆိုင်ရာပိုင်ရာများရှိသော ရောင်းရင်းသုံးဦး ပြန်လည်ဆုံစည်းမိကြပြန်သည်။


ကျိုးရန်သည် မြို့မှပြန်လာပြီးကတည်းက မှိုင်တွေမနေတော့ပေ။

သူသည် နွေဦးရာသီတွင် ပြန်လည်ထူထူထောင်ထောင်ဖြစ်လာသည့် သစ်ခြောက်ပင်တစ်ပင်နှင့် ဆင်တူပြီး ခေါင်းစခြေဆုံး လန်းဆန်းနေလေ၏။


ကျိုးရန်က သူ၏ ဆံပင်များကို သပ်တင်လိုက်ပြီး ကျေနပ်စွာ ကြွားလုံးထုတ်လာခဲ့သည်။


" ရှောင်းယွီက ငါ့ကို စိတ်ပြေသွားပြီကွ ... မနေ့က ညစာစားနေတုန်း ကြက်ဖင်ဆီဖူးတောင် ချန်ထားပေးခဲ့သေးတယ် ... "


 ဝမ်ရူကွေ့ "……"


 ဟွမ်ချီမင်  "……"


" မင်းတို့နှစ်ယောက်က ဘယ်လိုလာကြည့်နေကြတာလဲ ... ငါပြောပြမယ်... ကြက်ဖင်က တကယ်အရသာရှိတာကွ ... နောက်တစ်ခေါက်ကြုံရင် စားကြည့်ကြ ... ငါညာပြောတာမဟုတ်မှန်း သိကြလိမ့်မယ် ... "


ထိုအခါ ဟွမ်ချီမင်က ခေါင်းယမ်းလျက် ပြောလာခဲ့သည်။


" ဪ ... ဘာများလဲလို့ ... ငါ့ဇနီးလောင်းလေးလည်း မနေ့ညက ငါ့ဆီဖုန်းဆက်တယ်လေကွာ ... ဒီနေ့အစားအသောက်ပို့ပေးလိုက်မယ်တဲ့ ... "


စကားပြောနေစဉ်တွင် ဟွမ်ချီမင်မှာ ကျိုးရန်နှင့် တူညီသော အမူအရာမျိုးရှိသည်။သူသည်လည်း ကြွားလုံးထုတ်နေခြင်းပင်။


ထိုအချိန်တွင် ဝမ်ရူကွေ့က သူ၏တူချောင်းများကို ချလိုက်ပြီး ဝင်ပြောလာခဲ့သည်။သူ၏ နားရွက်ဖျားများက နီရဲနေလေ၏။


" ငါ့ကောင်မလေးကတော့ အခြေစိုက်စခန်းကိုလာပြီး စားစရာလာပေးတယ် ... မွေးနေ့ခေါက်ဆွဲတောင် လုပ်ပေးသွားသေးတယ် ... "


 ကျိုးရန် "……"


 ဟွမ်ချီမင် "……"


နှစ်ဦးစလုံး ရှုံးနိမ့်သွားကြလေပြီ။သူတို့၏ ရည်းစားများမှာ အခြေစိုက်စခန်းသို့ တစ်ခါမှ မလာဖူးကြပေ။


ဝမ်ရူကွေ့မှာ ရက်အနည်းငယ်ကြာ တက်ကြွနေခဲ့သည်။

ယခုတွင်မူ သူ့ထံတွင် အချက်အပြုတ်တော် ၊ ချစ်စရာကောင်းပြီး အလွန်ပင် ဂရုစိုက်တတ်သော ရည်းစားလေးတစ်ဦးရှိကြောင်း အခြေစိုက်စခန်းတစ်ခုလုံး သိရှိသွားကြလေပြီ။


ကျိုးရန်နှင့် ဟွမ်ချီမင်တို့ နှစ်ဦးစလုံးမှာ ဝမ်ရူကွေ့အား အနိုင်ပိုင်းနိုင်မည့် နည်းလမ်းကို တွေးတောနေခဲ့ကြသည်။

သုံးယောက်ရှိသည့်အထဲတွင် လူလွတ်ဘဝမှ နောက်ဆုံး ကျွတ်လွတ်သွားခဲ့သည့် ဝမ်ရူကွေ့က သူတို့အား အမှီလိုက်နိုင်သဖြင့် နှစ်ဦးသား ရှုံးနိမ့်သွားသလို ခံစားခဲ့ကြရလေ၏။


ဝမ်ရူကွေ့က ဆက်ပြောလာခဲ့သည်။


" လူနှစ်ယောက် အချင်းချင်း ဆွဲငင်ကြတဲ့အချိန်မှာ တစ်ဖက်လူရဲ့ကိုယ်သင်းနံ့ကို ရနိုင်တယ်ဆိုပြီးတော့ အရင်က စာအုပ်တစ်အုပ်ထဲမှာ ဖတ်ဖူးတယ် ... မင်းတို့ရော ကြုံဖူးကြလား ... "


ထိုအခါ ဟွမ်ချီမင်က မျက်ခုံးပင့်လျက် ဆိုလာလေ၏။


" အဲလိုမျိုးရှိတာလား ... ငါ့ကောင်မလေးအနားမှာ ရှိနေတိုင်း သူ့ကိုယ်သင်းနံ့လေးအမြဲရနေတာ မအံ့ဩတော့ပါဘူးလေ ... အရင်တုန်းက သူ့ကို ရေမွှေးဆွတ်ထားလားလို့ မေးဖူးတယ် ... သူကတော့ မဟုတ်ဘူးလို့ အမြဲပြောတာပဲ ... ညာပြောတာထင်တယ် ...  သူကတော့ ငါ့ဆီကနေ မြက်စိမ်းနံ့မျိုးရတယ်လို့‌ ပြောတယ် "


ဟွမ်ချီမင်မှာ ကျေနပ်ဝံ့ကြွားစွာဖြင့် ကြွားလုံးထုတ်နေခဲ့လေ၏။

ထို့နောက် သူက ကျိုးရန်ဘက်သို့ လှည့်ကာ " ချီးထုပ်ကောင် ကျိုးရန် ... မင်းရည်းစားကရော မင်းကို ဘာပြောလဲ " ဟု မေးမြန်းလိုက်သည်။


ကျိုးရန်မှာ စိတ်ပျော်နေပုံမရချေ။

သူ၏ကောင်မလေးမှာ သူ့ထံမှ ချွေးနံ့နှင့် ခြေထောက်နံ့များရသည်ဟု အကြိမ်အနည်းငယ် ပြောခဲ့ဖူးသည်။

အနံ့အသက်ဆိုးများမှာလည်း ဆွဲဆောင်မှုတစ်ခုပင် မဟုတ်ပါလော။


🍵

ထုံရွှယ်လူသည် သူမ၏မှတ်စုစာအုပ်ကို ယူဆောင်ပြီး ဆရာဝူနှင့် မန်နေဂျာကျိုးတို့ထံ အလည်အပတ်သွားခဲ့သည်။


ဆရာဝူသည် အင်တာဗျူးကို အလွန်အလေးအနက်ထားခဲ့လေ၏။သူသည် အမြဲတမ်း ဖိုသီဖတ်သီ ၀တ်ဆင်လေ့ရှိပြီးအဝတ်အစားပေါ်မှ ဝက်သွေးများကိုပင် ဂရုမစိုက်တတ်ချေ။


သို့သော်လည်း ယနေ့တွင်မူ ဆရာဝူသည် နှစ်သစ်ကူးအခါသမယအတွက်သာ သီးသန့်ထားရှိသော အဝတ်အစားများကို ၀တ်ဆင်ပြီး ဆံပင်ကိုလည်း အသေအချာဖြီးသင်ထားသည်။


သူသည် ထောက်ပံ့ရေးနှင့်တင်ပို့ရောင်းချရေးကော်မတီသို့ စောစောသွားကာ ထုံရွှယ်လူအလာကို စောင့်ဆိုင်းနေခဲ့လေ၏။

ထုံရွှယ်လူ ရောက်လာသောအခါတွင် သူသည် ခါတိုင်းကဲ့သို့ ထောင့်မကျိုးသူ မဟုတ်တော့ပေ။


ဆရာဝူသည် ထုံရွှယ်လူ့အတွက် ရေတစ်ခွက်ကို ကိုယ်တိုင်ကိုယ်ကျ ယူဆောင်လာပေးပြီး သူယူလာသော အဆာပြေမုန့်များကိုပင် ထုတ်ကျွေးခဲ့သည်။

သူသည် ထုံရွှယ်လူ့အား ခါတိုင်းထက်ပင် အရေးပေးနေလေ၏။


ဆရာဝူက သူ၏ အဝတ်အစားများအား စိတ်လှုပ်ရှားစွာဖြင့် သပ်သပ်ရပ်ရပ်ဖြစ်အောင်လုပ်နေသည်။


" မန်နေဂျာထုံ ကျွန်တော်အဆင်ပြေရဲ့လား ... "


ထုံရွှယ်လူမှာ ရယ်မောမိတော့လုနီးနီးပင်။


" အဆင်ပြေတာမှ မင်္ဂလာဆောင်ဖို့ ဝတ်စားထားသလိုပဲ ... ကျွန်မတို့ အချိန်သိပ်မရဘူး ... အင်တာဗျူးစလိုက်ကြရအောင်လေ ... "


" အင်တာဗျူး " ဟူသော စကားလုံးက ဆရာဝူအား ချက်ချင်းပင် လေးနက်တည်ကြည်‌သော အသွင်အပြင် ဖြစ်သွားစေသည်။


ထုံရွှယ်လူသည် သူမ ကြိုတင်ပြင်ဆင်လာသော မေးခွန်းအချို့ကို မေးမြန်းခဲ့သည်။သို့သော်လည်း မေးခွန်းများများစားစားမေးရန် မလိုလိုက်ချေ။ဆရာဝူမှာ စတင်ဖြေဆိုလိုက်သည့်အချိန်မှစ၍ စကားစမပြတ်တော့သောကြောင့်ဖြစ်သည်။


သူသည် ဤနယ်ပယ်ထဲသို့ မည်သို့ရောက်ရှိလာပုံ ၊ ‌လေ့ကျင့်ရေးဆင်းခဲ့ရပုံများနှင့်  အဆင့်ဆင့်ဖြတ်ကျော်ပြီး ထောက်ပံ့ရေးနှင့်တင်ပို့ရောင်းချရေးကော်မတီတွင် ခေါင်းဆောင်ဖြစ်ရွေးချယ်ခံခဲ့ရပုံများကို ပြောပြခဲ့သည်။ဆရာဝူ၏ ဇာတ်ကြောင်းများက ဝမ်းနည်းစရာကောင်းပြီး အတုယူဖွယ်ရာများနှင့် ပြည့်နှက်နေသည်။


ဇာတ်ကြောင်းများက ဝမ်းနည်းစရာကောင်းသလောက် ဆရာဝူမှာ မျက်လုံးများ နီရဲလာခဲ့လေ၏။ထုံရွှယ်လူသည်လည်း လေးစားသမှုရှိသောအနေဖြင့် မျက်ရည်များဝေ့ဝိုက်နေအောင် တမင်လုပ်ယူထားလိုက်သည်။


နှစ်နာရီအကြာတွင် ဆရာဝူက တင်ပြချက်အား အပြီးသတ်ခဲ့လေ၏။


ထုံရွှယ်လူက သူမ၏ မှတ်စုစာအုပ်ကို ပိတ်လိုက်ပြီး " ကောင်းပါတယ် ... ဒီလောက်ဆို အဆင်ပြေပါပြီ ... ကျွန်မ ပြန်ရောက်တာနဲ့ အချက်အလက်တွေ စုစည်းပြီး စားသောက်ဆိုင်မှာ ချိတ်ထားလိုက်ပါ့မယ် ... " ဟု ပြောလိုက်သည်။


ဆရာဝူမှာ အတောမသတ်နိုင်သေးပေ။

" လုံလောက်တာ သေချာရဲ့လား ... မန်နေဂျာထုံ ...  နောက်ထပ် မေးစရာရှိသေးလား ... "


ထုံရွှယ်လူက ခေါင်းယမ်းပြလိုက်သည်။

" လုံလောက်ပါပြီ ...  မေးစရာရှိရင် ပြန်လာခဲ့ပါ့မယ် ဆရာဝူ ... "


ဆရာဝူမှာ အနည်းငယ် စိတ်ပျက်သွားပုံပေါ်လေ၏။

" ဟုတ်ကဲ့ပါ ... မေးစရာရှိရင် ကျိန်းသေပေါက်ပြန်လာပါနော် မန်နေဂျာထုံ ... "


ထုံရွှယ်လူမှာ  ခေါင်းညိတ်ပြလျက် မတ်တပ်ရပ်လိုက်ပြီး ဆရာဝူလက်ဆောင်ပေးသည့် ဝက်သားပြားကို ယူကာ ထွက်ခွာသွားခဲ့သည်။


ထုံရွှယ်လူမှာ နောက်တစ်ကြိမ် အင်တာဗျူးအတွက် ဟင်းသီးဟင်းရွက်ဆိုင်သို့ ဦးတည်သွားခဲ့လေ၏။


အိမ်ပြန်ရောက်သောအခါ ထုံရွှယ်လူသည် သူမ စုဆောင်းထားခဲ့သော အချက်အလက်များအား စာတမ်းတစ်ခုအဖြစ် စုစည်းလိုက်သည်။သူမသည် ၎င်းအား မျက်ရည်ကျလောက်သည်အထိဖြစ်အောင် အသေအချာ စီကုံးခဲ့လေ၏။


ယင်းနောက်တွင် သူမသည် စာရေးကိရိယာဆိုင်မှ စာရွက်ဖြူတချို့နှင့် ကုန်တိုက်မှ အဝတ်စနီများကို ဝယ်ယူခဲ့သည်။


သူမသည် ထုံကျားမင်အား အဆိုပါစာတမ်းကို စာရွက်ပေါ်တွင် ကူးရေးစေခဲ့လေ၏။ထုံကျားမင်မှာ သူမထက် လက်ရေးပိုလှပြီး သူ့ထံတွင် ပုံအပ်ထားလိုက်သည်က ပိုအဆင်ပြေသည်။


ဖန်ကျင်းယွမ်အပြင် နောက်တစ်နေ့တွင် ဖူကျန့်ယိသည်လည်း ရဲစခန်းမှ လုပ်ဖော်ကိုင်ဖက်များကို ခေါ်ဆောင်ကာ ထုံရွှယ်လူတို့ဆိုင်သို့ လာရောက်ခဲ့သည်။


နောက်တစ်နေ့တွင်လည်း ရှန်ဝမ်ရုံက က‌လေးများနှင့်အတူ လာရောက်‌အားပေးသေးလေ၏။ထို့အတူ ကျန်းတန့်ဟုန်လည်း ရောက်လာခဲ့သည်။


လူတိုင်းမှာ မာလာထန်ကို အရသာတွေ့ကြလေ၏။


စားသောက်ဆိုင်တွင် ဧည့်သည်များပိုမိုများပြားလာသလောက် ကြည့်ရှုသူများလည်း တိုးပွားလာသည်။

စားသုံးသူအားလုံးမှာ ဝမ်းဗိုက်ကို ပွတ်လျက် ထွက်ခွာသွားတတ်ကြပြီး မည်သူမှ နေမကောင်းမဖြစ်ခဲ့ကြပေ။ထို့ကြောင့်ပင် အားလုံး၏ စိုးရိမ်လွန်ကဲမှုများ လျော့ကျလာခဲ့သည်။


နောက်ထပ် နှစ်ရက်ခန့်ကြာသောအခါ စားသုံးသူအသစ်များ ရောက်ရှိလာကြလေ၏။သူတို့အားလုံးမှာ မာလာထန်ကိုမြည်းစမ်းရန်အတွက် ရောက်ရှိလာကြခြင်းပင်။


ထုံရွှယ်လူက အင်တာဗျူးထားသည်များအား စာတမ်းအဖြစ် ပြောင်းလဲပြီး စားသောက်ဆိုင်ထဲ၌ ချိတ်ဆွဲထားပြီးချိန်တွင်မူ အကြီးမားဆုံးသော အပြောင်းအလဲ ဖြစ်ပေါ်လာတော့သည်။


သူမသည် " အောင်မြင်မှုမှတ်တမ်း " ဟူသည့်စာသားပါ စာရွက်အဖြူတစ်ရွက်နှင့်အတူ စားသောက်ဆိုင်အတွင်းအနီရောင်နဖူးစည်းစာတမ်းကို ချိတ်ဆွဲထားခဲ့သည်။

စာရွက်အောက်ဘက်တွင်မူ အောင်မြင်မှုဇာတ်ကြောင်းများဖြင့် ပြည့်နှက်နေသော စာရွက်နှစ်ရွက်ရှိလေ၏။

 

ဧည့်သည်များ စားသောက်ဆိုင်ထဲသို့ ဝင်ဝင်ချင်းမှာပင် ၄င်းစာတမ်းကို တွေ့ရှိနိုင်သည်။


" အောင်မြင်မှုမှတ်တမ်းတဲ့လား အဲဒါက ဘာကြီးလဲ ... "


" အဲဒီထဲက ဆရာဝူက ထောက်ပံ့ရေးနဲ့တင်ပို့ရောင်းချရေးကော်မတီက မဟုတ်ဘူးလား ... "

 

" ဟင်းရွက်ဆိုင်က မန်နေဂျာကျိုးလည်းပါတယ် ... သူက ကျွန်တော့်နှစ်ဝမ်းကွဲရဲ့ အိမ်နီးချင်းလေ ... သူ့ကိုလည်းသိတယ် ... သူလည်းမှတ်တမ်းထဲမှာ ပါတာလား ... "


" ဒီအောင်မြင်မှုမှတ်တမ်းရဲ့ရည်ရွယ်ချက်က ဘာလဲ ...  "


နောက်ဆုံးတွင် တစ်စုံတစ်ယောက်က သတ္တိမွေး၍ ဝန်ထမ်းများကို မေးမြန်းလာခဲ့သည်။ထိုအခါ မုန့်ချင်းချင်းနှင့် ကောင်းချွန်းယွီတို့မှာ ထုံရွှယ်လူ‌မှာကြားထားသည့်အတိုင်း ပြောပြလိုက်ကြတော့လေ၏။


" ဒါက အောင်မြင်မှုမှတ်တမ်းပါ ... ထုံးစံအတိုင်း အပြောင်မြောက်ဆုံးနဲ့ ခေတ်မီတဲ့ အရည်အချင်းရှိသူတွေပဲ ဒီလိုနေရာမျိုးမှာ ပါဝင်လို့ရတာပါ ... ဥပမာပြောရရင်တော့ ထောက်ပံ့ရေးနဲ့ တင်ပို့ရောင်းချရေးကော်မတီက ဆရာဝူနဲ့ ဟင်းရွက်ဆိုင်က မန်နေဂျာကျိုးတို့လို လူတွေပေါ့ ... သူတို့နှစ်ဦးလုံးက ခေတ်နဲ့လိုက်လျောညီထွေတဲ့ အလုပ်သမားတွေပါ ... "


" သူတို့က တိုင်းပြည်နဲ့ ဆိုရှယ်လစ်စနစ်အတွက် အများကြီး စွန့်လွှတ်ခဲ့တယ် ... သူတို့က ကျွန်တော်တို့အတွက် စံနမူနာကောင်းတွေ ချမှတ်ပေးခဲ့တယ် ... အဲဒါကြောင့် ကျွန်တော်တို့က အဲဒီပုဂ္ဂိုလ်တွေကို အင်တာဗျူးပြီးတော့ စာတမ်းရေးပြီး ဒီနေရာမှာ မှတ်တမ်းတင်ထားတာပါ ...  သူတို့ရဲ့ ဇာတ်ကြောင်းတွေကိုဖတ်ပြီးတော့ လူတွေကို ပိုပြီး စိတ်အားထက်သန်လာစေချင်တဲ့ ရည်ရွယ်ချက်ပါ ... "