🍵Chapter 156
စုယွဲ့ရှန်း၏ မျက်လုံးများက ပိုမိုနက်ရှိုင်းလာသည်
ယင်းအပြောအဆိုကြောင့် လူတိုင်း ထိမိသွားကြလေသည်။
အားလုံးမှာ သူတို့လည်း အောင်မြင်မှုမှတ်တမ်းတွင် ပါဝင်နိုင်လာလေမလားဟူသည့် တူညီသည့်အကြောင်းအရာကိုသာ သိလိုစိတ်ပြင်းပြနေခဲ့ကြသည်။
အချို့မှာ ညစာစားပြီးနောက် ၎င်းတို့၏ သူငယ်ချင်းများနှင့် မိသားစုများကိုပင် စာတမ်းအား လာကြည့်ရန် တိုက်တွန်းကြလေ၏။
သူတို့မှာ သတင်းစာထဲမှ အကြောင်းအရာမဟုတ်ဘဲ စားသောက်ဆိုင်နံရံတွင်ချိတ်ထားသော ဇာတ်ကြောင်းများကိုသာ ပြောနေခြင်းဖြစ်သော်လည်း ဤသည်မှာ " အောင်မြင်မှု မှတ်တမ်း " ဖြစ်သည်။
ကျိန်းသေပေါက် ဂုဏ်ယူရမည့် အရာမျိုးပင်။
ဆရာဝူနှင့် မန်နေဂျာကျိုးတို့သည် နေ့လည်စာစားချိန်ရောက်သည်နှင့် ၎င်းတို့၏လုပ်ဖော်ကိုင်ဖက်များ ၊ ဆွေမျိုးများကို စားသောက်ဆိုင်သို့ ဆွဲခေါ်လာခဲ့ကြသည်။
သူတို့သည် အောင်မြင်မှုမှတ်တမ်းတွင် ပါဝင်ခဲ့ကြသည်။နှစ်ဦးသားမှာ ထိုအရာကို မရှက်ရွံ့ကြဘဲ တတ်နိုင်သမျှ လူအများအပြားကို သိစေချင်ကြလေ၏။
လူအတော်များများမှာ ထိုအကြောင်းကို သိသည်နှင့် စာတမ်းကို သွားဖတ်ကြည့်ချင်ကြသော်လည်း မည်သည်ကိုမှ မမှာယူဘဲ စားသောက်ဆိုင်ထဲသို့ ဝင်ရောက်ခြင်းက ရိုင်းပျရာရောက်သည်။
ထို့ကြောင့်ပင် စားသောက်ဆိုင်သည် ဗလာဖြစ်နေရာမှ လူစည်ကားရာ အဖြစ်သို့ ရုတ်ချည်း ပြောင်းလဲသွားခဲ့သည်။
စားသောက်ဆိုင်မှာ ၎င်းအရေးကိစ္စမဖြစ်ပွားမီကပင် ဤမျှလောက်အထိ မစည်ကားခဲ့ဖူးချေ။
စားသောက်ဆိုင် ဝန်ထမ်းများမှာ ပင်ပန်းနွမ်းနယ်နေကြသော်လည်း အပျော်နှင့်ရောယှက်နေသော ပင်ပန်းနွမ်းနယ်မှုမျိုးဖြစ်သည်။
စားသောက်ဆိုင်သည် နောက်ဆုံးတွင် ပြန်လည် လည်ပတ်လာခဲ့လေပြီ။အလုပ်လက်မဲ့ဖြစ်မည်ကို စိုးရိမ်စရာ မလိုတော့ချေ။
***
စုယွဲ့ရှန်းမှာ ရှောင်ကျိုးအား ပြန်ခေါ်သွားသော်လည်း ကုရိလန်ကိုမူ မခေါ်သကဲ့သို့ ပြန်လည်ပေါင်းသင်းရန်လည်း စကားမဟချေ။
ပထမနှစ်ရက်တွင် ပြဿနာ မကြီးကျယ်သေးသော်လည်း သီတင်းပတ်တစ်ပတ်အကြာသည်အထိ စုမိသားစုက မည်သည်ကိုမှ မပြောသဖြင့် ကုမိသားစုမှာ စိုးရိမ်စ ပြုလာတော့သည်။
အမေကုက မေးမြန်းလာခဲ့၏။
" ရိလန် ...ယွဲ့ရှန်းက ပြန်ပေါင်းကြမယ်လို့ မပြောဘူးလား ... "
" ခဏစောင့်ပေးပါလို့တော့ ပြောတာပဲ ... " ကုရိလန်မှာလည်း အနည်းငယ် စိတ်ရှုပ်ထွေးနေပုံပင်။
ထိုအခါ အမေကုက မျက်မှောင်ကြုတ်လာ တော့သည်။
" ' ခဏ ' ဆိုတာက ဘယ်လောက်လဲ ... သူ့ကိုမမေးလိုက်ဘူးလား "
ကုရိလန်လည်း ခေါင်းခါပြလိုက်သည်။
အမေကုမှာ ကုရိလန်၏ မသိနားမလည်မှုကြောင့် စိတ်ခုသွားတော့လေ၏။
" ဒါက အရေးကြီးတယ်လေ ... ဘာလို့မမေးတာလဲ ... ယွဲ့ရှန်းပြန် ရောက်လာတာ ရက်ချီနေပြီ ... သူက ဘာတွေများ အလုပ်ရှုပ်နေတာလဲ ... "
" ယောက်ဖက အလုပ်ပြန်ဝင်တော့မှာလေ ... လောလောဆယ်တော့ အချိန်အားမယ်မထင်ဘူး ... " အစ်ကိုကြီးကုက ဝင်ရောက်ပြောကြားလာသည်။
အဖေစုမှာ ယခင်က တော်လှန်ရေး ကော်မတီမှ လက်ထောက်ညွှန်ကြားရေးမှူး ဖြစ်ခဲ့ပြီး ယခုတွင် ရာထူးမှ နှုတ်ထွက်လိုက်သဖြင့် စုယွဲ့ရှန်းက သူ၏နေရာအား တာဝန်ယူမည်ဖြစ်သည်။
စုယွဲ့ရှန်းမှာ အရည်အချင်းရှိသူဖြစ်ပြီး သူ့ထံတွင် ထိုသို့သော ကိစ္စများသာ မဖြစ်ပျက်ခဲ့ပါက ယခင်ကတည်းက လက်ထောက်ညွှန်ကြားရေးမှူး ရာထူးနေရာသို့ ရောက်ရှိနေလောက်ပြီဖြစ်သည်။သို့သော်လည်း အခြေအနေအရပ်ရပ်ကြောင့် နှောင့်နှေးသွားခဲ့ရပြီး ထိုအခြင်းအရာကပင် စုယွဲ့ရှန်းအား ၎င်းရာထူးနေရာနှင့် ပို၍ အံဝင်ခွင်ကျ ဖြစ်သွားစေလေ၏။
အစ်ကိုကြီးကုမှာ စုယွဲ့ရှန်းက အစ်မကြီးဖန်အား ရဲစခန်းသို့ တန်းတန်းမတ်မတ်ခေါ်ဆောင်သွားပုံ ၊ လိုင်မူချင်းကို အဝေးပို့လိုက်ပုံများအား ပြန်လည်သတိရပြီး စိုးရိမ်စိတ်ဝင်သွားခဲ့သည်။
" ယွဲ့ရှန်းက ဒီကိုလာဖို့အချိန်မရှိဘူးဆိုရင် သမီးပဲ သူ့ဆီ သွားလိုက်လေ ... ယွဲ့ရှန်းက ပိုပိုပြီးတော့ ထူးချွန်လာတာ ... သူ့ကို အပိုင်ဆွဲထားမှရမယ် ... "
" ဒါပေမယ့် ယွဲ့ရှန်းက သူ့ဆီ လာမလည်ဖို့ ပြောတယ် ... ပြန်မပေါင်းကြသေးတာမလို့ မသင့်တော်ဘူးတဲ့ ... "
အမေကုမှာ ထိုစကားကိုကြားသောအခါ ထိတ်လန့်သွားတော့သည်။
ထိုစကားက မည်သည့်အဓိပ္ပါယ်နည်း။သူမ၏သမီးမှာ ရှောင်ကျိုးလေး၏ မိခင်ရင်းပင်ဖြစ်သည်။ထိုသို့ဖြစ်၍ သူ့ထံ သွားရောက်လည်ပတ်သည်က မည်သည့်နေရာတွင် မှားယွင်းနေသနည်း။
ယွဲ့ရှန်းထံတွင် သူမ၏ သမီးနှင့် ပြန်ပေါင်းထုတ်ရန် စိတ်ကူးမရှိသောကြောင့်သာ ထိုစကားမျိုး ပြောထွက်ခြင်းဖြစ်နိုင်မည်။
ဖြူဖျော့နေသော သမီးဖြစ်သူကို ကြည့်ရှုရင်း အမေကုမှာ သူမ၏ ထင်ကြေးများအား ထုတ်ဖော်မပြောပြနိုင်ရှာပေ။
နောက်ပိုင်းတွင် သူမသည် အဆာပြေမုန့်အချို့ဝယ်ပြီး မြေးဖြစ်သူထံ လာလည်ခြင်းကို ဆင်ခြေအဖြစ်အသုံးပြုကာ စုမိသားစု၏ သဘောကို သိရှိရန် အလည်အပတ် သွားရောက်ခဲ့လေ၏။
သို့သော်လည်း စုမိသားစုက အင်တင်တင်လုပ်နေခဲ့ပြီး သူတို့သည် သံသယဝင်ချင်စရာကောင်းကာ တိတိကျကျအဖြေကိုလည်း မပေးကြချေ။
အိမ်ပြန်ရောက်သောအခါတွင် အမေကုခမျာ အားယုတ်သွားတော့သည်။
သူတို့၏သားမက်က စိတ်ပြောင်းသွားလေပြီ။သူသည် ကုရိလန်နှင့် ပြန်လည်မပေါင်းသင်းလိုတော့ပေ။
ကုမိသားစုမှာ လိုင်မူချင်းက ရှောင်ကျိုးအား ရောင်းစားသည်ဟု သိလိုက်ရသည့်အချိန်ကထက်ပင် ပိုမိုတုန်လှုပ်ပြီး ကူရာကယ်ရာမဲ့ဖြစ်ခဲ့ရလေသည်။
ပိုဆိုးသည်မှာ စုယွဲ့ရှန်းကိုလည်း ဆက်သွယ်၍မရခြင်းပင်။
တစ်မိသားစုလုံး ခေါင်းဖြတ်ခံထားရသော ကြက်များသကဲ့သို့ ဗြောင်းဆန်နေခဲ့လေပြီ။
ကုမိသားစုမှာ ဖော်ပြ၍မရနိုင်လောက်အောင်ပင် စိုးရိမ်ပူပန်နေခဲ့ကြလေ၏။
🍵
စားသောက်ဆိုင် စီးပွားရေးက ပိုမိုကောင်းမွန်လာပြီး ထုံရွှယ်လူ့ကို ဝေဖန်ခဲ့သူများသည်ပင် အံ့ဩသွားကြလေသည်။
တစ်လပင် မပြည့်သေးသော်လည်း စားသောက်ဆိုင်လုပ်ငန်းက ကောင်းကောင်းမွန်မွန်လည်ပတ်နေပြီး ယခင်ကထက်ပင် ပိုမိုသာလွန်နေသေးသည်။
ယခင်က သူတို့ပြောခဲ့သည်များကို ပြန်တွေးတောမိသောအခါတွင် ထိုသူများမှာ မျက်ခွက်ဖြတ်ရိုက်ခံရသလို ခံစားသွားကြရရှာ၏။
ထုံရွှယ်လူက သူတို့ထက် သာလွန်သည်ဟု မယုံကြည်ကြသော အချို့သူများမှာမူ ၎င်းတို့၏ ဆွေမျိုးများကို စားသောက်ဆိုင်သို့ သွားရောက်လည်ပတ်စေပြီး အကြောင်းအရာများကို စပ်စုစေလေသည်။ထို့နောက်တွင်မူ သူတို့သည် ၎င်းတို့၏ ကိုယ်ပိုင်စားသောက်ဆိုင်များတွင် မာလာထန်နှင့် အောင်မြင်မှုမှတ်တမ်းအား ပြန်လည်ဖန်တီးခဲ့ကြလေ၏။
မည်သို့ပင်ဆိုစေကာမူ ၎င်းတို့၏ဇာတ် ကြောင်းများသည် ထုံရွှယ်လူကဲ့သို့ ကောင်းမွန်စွာရေးသားထားခြင်းမျိုးမဟုတ်သည့်အပြင် ထုံရွှယ်လူ၏ အောင်မြင်မှုမှတ်တမ်းမှာလည်း လူသိများပြီးသားဖြစ်သည်။
ထိုသူများလုပ်နေသမျှမှာ ဆင်တူယိုးမှားများသာဖြစ်ပြီး မည်သူကမှလည်း အာရုံမစိုက်ကြပေ။
သူတို့ပြုလုပ်ထားသော မာလာထန်မှာ ထုံရွှယ်လူ၏ မာလာထန်နှင့် ဆင်တူသည်ဟု ထင်ရသော်လည်း တကယ်တမ်းစားကြည့်သောအခါတွင် ချို့ယွင်းနေသည်မျိုးရှိသေးသည်။ခြုံငုံပြောရပါလျှင် သူတို့၏ မာလာထန်မှာ စွဲမက်ဖွယ်အရသာမရှိချေ။
ဈေးနှုန်းချင်းလည်းအတူတူဖြစ်ရာ ဧည့်သည်များအတွက် ထုံရွှယ်လူတို့စားသောက်ဆိုင်သို့ သွားရောက်ခြင်းကသာ ပိုမိုအဆင်ပြေသည်။
ထို့အပြင် နန်မြို့တော် အစိုးရပိုင်စားသောက်ဆိုင်မှာ အလွန်နာမည်ကြီးလာပြီး လူအများအပြားက ထိုအရာကို မြည်းစမ်းကြည့်ချင်စိတ်ဖြင့် လာရောက်ကြလေသည်။
ဤသည်မှာ နှောင်းခေတ်တွင် အင်တာနက်ပေါ်တွင် ကျော်ကြားသူများက နာမည်ကျော်နေရာများကို လာရောက်သည်နှင့် ဆင်တူပေသည်။
နေရာတစ်ခု ပိုနာမည်ကြီးလာလေလေ ၊ လာရောက်သူများ ပိုမိုများပြားလာလေလေဖြစ်သည်။
လူများထံတွင် လူစုလူဝေးရှိရာသို့ သွားတတ်ကြသော သဘောသဘာဝရှိလေ၏။
စားသောက်ဆိုင်အကြောင်းမှာ လူအတော်များများ၏ပါးစပ်ဖျားတွင်ရှိနေသဖြင့် နောက်ဆုံးတွင် အခြားထုံမိသားစုမှာ ထိုအကြောင်းကို သိရှိသွားကြတော့သည်။
ထိုနေ့တွင် ချိုင်ချွန်းလန်သည် အိမ်ပြန်ရောက်စဉ်တွင် သတင်းတစ်ခုကို ဖောက်သည်ချခဲ့လေ၏။ထုံရွှယ်လူမှာ စားသောက်ဆိုင်တွင် အစားထိုး စားဖိုမှူးဖြစ်ခဲ့ရုံသာမက ယခုတွင် စားသောက်ဆိုင်မန်နေဂျာအဖြစ် ခန့်အပ်ခြင်းခံရကြောင်းကို သူမက မိသားစုဝင်များအား ပြောပြခဲ့လေသည်။
အသက် ၁၈ နှစ်အရွယ် မန်နေဂျာဖြစ်လေ၏။ယင်းအပြင် မိန်းကလေးလည်းဖြစ်သည်။
ဤလို ဖြစ်ရပ်မျိုးက ကြုံတောင့်ကြုံခဲပင်။
ယင်းအကြောင်းကို သိရှိသွားသောအခါတွင် အခြားထုံမိသားစုမှာ တုန်လှုပ်သွားပြီး အနည်းငယ် နောင်တရသလို ခံစားလိုက်ကြရတော့သည်။
ထုံရွှယ်လူနှင့် ကောင်းမွန်သောဆက်ဆံရေးကို ထိန်းသိမ်းထားပြီး သူမဒုက္ခရောက်နေစဉ်တွင် အကြိမ်ကြိမ်လျစ်လျူမထားခဲ့ပါက ယခုအခါ စားသောက်ဆိုင်တွင် ရံဖန်ရံခါ အကြွေးစနစ်ဖြင့် ဝင်ရောက် စားသုံးနိုင်လောက်သည်။
ထို့အပြင် သူတို့၏ သမီး / ညီမက မန်နေဂျာဟု အခြားသူများကို ပြောပြနိုင်ပါက အလွန် ဂုဏ်ယူစရာကောင်းလိမ့်မည်။
အကျဉ်းကျနေသည့် ထုံကျန်းကျန်းထက်တော့ များစွာ ဂုဏ်သိက္ခာရှိသေးပေ၏။
ချိုင်ချွန်းလန်သည် ထိုအကြောင်းကို ပြောပြနေစဉ်တွင် အလွန်စိတ်လှုပ်ရှားနေခဲ့သည်။
" စားသောက်ဆိုင်မှာ တစ်ခုခုဖြစ်သွားလို့ သူတို့ ဖောက်သည်တွေ အကုန် ဆုံးရှုံးသွားတယ်လို့ ကြားတယ် ... ထုံရွှယ်လူက " အောင်မြင်မှုမှတ်တမ်း " နဲ့ " မာလာထန် " ကို ဖန်တီးပြီး စားသောက်ဆိုင်ကို ပြန်ပြီးတော့ နာမည်ကျော်အောင်လုပ်ထားတာတဲ့ ... "
" အဲဒီစားသောက်ဆိုင်မှာ စားချင်ရင် တိုကင်ယူရမယ်လို့ ပြောတယ် ... လူတွေအများကြီး စောင့်ရတာ ရက်ချီနေပြီတဲ့ ... ဒါပေမယ့် ခုထိ မာလာထန်ကို မစားရသေးဘူးတဲ့ ... ဘယ်လိုအရသာလဲ သိချင်လိုက်တာ ... "
အမေထုံ၏ မျက်နှာမှာတော့ ရေပုပ်မြောင်းသကဲ့သို့ မည်းမှောင်နေသည်။
" ညစာစားစရာရှိတာစား ... ဘာလို့ ပြောစရာတွေများနေတာလဲ ... ညစာမစားချင်ရင် အခုချက်ချင်း ထွက်သွားလို့ရတယ် ... "
ချိုင်ချွန်းလန် "……"
အမေထုံမှာလည်း အနည်းငယ် နောင်တရမိလေသည်။သို့သော်လည်း သူမသည် မာနကို နှိမ့်ချပြီး ထုံရွှယ်လူ့အား သွားရှာတော့မည် မဟုတ်ပေ။
ထိုညတွင် ထုံရွှယ်လူသည် အလုပ်မှ အိမ်သို့ ပြန်ရောက်လာပြီး ကြာကြာမထိုင်ရသေးမီမှာပင် တံခါးခေါက်သံကို ကြားလိုက်ရသည်။
ထုံကျားရှင်းက အပြေးလေးသွားပြီး တံခါးဖွင့်ပေးခဲ့လေ၏။ယင်းနောက်တွင်မူ အိမ်ထဲသို့ လူအချို့ဝင်ရောက်လာသည်။
ထိပ်ဆုံးမှ ဝင်ရောက်လာသူမှာ ရှောင်ကျိုးလေးကို ပွေ့ချီထားသော စုယွဲ့ရှန်းပင်။
" ညဉ့်နက်ကြီး နှောက်ယှက်မိလို့ စိတ်အနှောင့်အယှက်ဖြစ်သွားရင် တောင်းပန်ပါတယ် ရဲဘော်ထုံ ... "
စုယွဲ့ရှန်းကိုတွေ့သောအခါ ထုံရွှယ်လူလည်း လျင်မြန်စွာ မတ်ထပ်ထရပ်လိုက်သည်။
"မင်္ဂလာပါ ရဲဘော်စု ... "
ထိုအချိန်တွင် ရှောင်ကျိုးက ထုံရွှယ်လူအား လက်နှစ်ဖက်ကို ဆန့်တန်းပြလျက် ပက်ချွဲနှပ်ချွဲဆိုလာခဲ့လေ၏။
" မမ ... ရှောင်ကျိုး မမကို အရမ်းလွမ်းတယ် ... "
ထုံရွှယ်လူက အလျင်အမြန်ပင် ရှောင်ကျိုးအား တစ်ဆင့်ပွေ့ချီယူထားလိုက်သည်။
" ရှောင်ကျိုးလေးက မမကို လွမ်းလို့ ဒီနေ့ရောက်လာတာလား ... "
ထိုအခါ ရှောင်ကျိုးက ခေါင်းညိတ်ပြပြီး "မမ မျန်မျန့်ကိုရောပဲ ... " ဟု ဆိုလာလေ၏။
" မျန်မျန်က အိပ်ပျော်နေတယ် ... ဒီည တွေ့လို့မရလောက်တော့ဘူး ... "
ထုံရွှယ်လူမှာ ရယ်ချင်စိတ်ကို ထိန်းထားရရှာသည်။ရှောင်ကျိုးသည် ထုံမျန်မျန့်အား " မမ " ဟုသာ ခေါ်ဆိုသုံးနှုန်းနေဆဲပင်။
အမှန်မှာ သူသည် ထုံမျန်မျန့်ထက် တစ်နှစ်ပိုကြီးလေ၏။
ထိုအခါ ရှောင်ကျိုးက မျက်မှောင်ကြုတ်လျက် လက်တစ်ချောင်းကိုထောင်ပြလာလေသည်။
" သူ့ကို တစ်ခေါက်လောက်ပဲ ကြည့်လို့ရမလားဟင် ... တစ်ခါလေးပဲလေ ... "
" ရတာပေါ့ ... "
ထုံရွှယ်လူက ရှောင်ကျိုးလေး၏ ခေါင်းကို ခပ်သာသာပုတ်ပြီး ဖြေဆိုလိုက်လေ၏။
ရှောင်ကျိုး၏ မျက်လုံးများက ချက်ချင်းပင် တောက်ပလာသည်။သူက ထုံရွှယ်လူထံမှ ဆင်းသွားခဲ့ပြီး လမ်းညွှန်စရာမလိုဘဲနှင့်ပင် ထုံမျန်မျန်ရှိသည့်အခန်းတွင်းသို့ ဝင်သွားခဲ့လေ၏။
ထိုအခြင်းအရာကိုမြင်သောအခါ စုယွဲ့ရှန်း၏ မျက်လုံးများက ပို၍နက်မှောင်သွားခဲ့သည်။
စုယွဲ့ရှန်းမှာ ရှောင်ကျိုးလေးသည် ထုံမိသားစုအိမ်တွင် အဘယ်ကြောင့် လိမ္မာပြီး သွက်သွက်လက်လက်ရှိနေပုံကို သိလိုခဲ့သည်။ယင်းပြင် ရှောင်ကျိုးလေးမှာ အိမ်ပြန်ရောက်လာပြီးနောက် ထုံမိသားစုကို လွမ်းဆွတ်ကြောင်း တဖွဖွပြောနေခဲ့လေ၏။
နောက်ဆုံးတွင် စုယွဲ့ရှန်းတစ်ယောက် သိရှိသွားခဲ့လေပြီ။
ထုံမိသားစုမှ မိဘနှစ်ပါးမှာ ကွယ်လွန်သွားပြီး သားသမီးများကို ချန်ထားရစ်ခဲ့နိုင်သည်။သို့သော်လည်း အကြီးဆုံးသမီးဖြစ်သော ထုံရွှယ်လူက သူမ၏ မောင်ငယ်ညီမငယ်များကို အလွန်ဂရုစိုက်လေ၏။
ရှောင်ကျိုးလေးမှာ ကုမိသားစုထက် ထုံမိသားစုနှင့်နေရသည်ကို ပို၍ စိတ်ချမ်းသာပုံရလေသည်။အမှန်တကယ်တွင် ကုမိသားစုမှာ ရှောင်ကျိုးလေးအား ပြုစုပျိုးထောင်ရာတွင် များစွာ လစ်ဟင်းခဲ့သည်။
ရှောင်ကျိုးလေးမှာ အသက် ၄ နှစ်ရှိပြီဖြစ်သော်လည်း သူ၏ အမည် သို့မဟုတ် လူကြီးများ၏ အမည်ကိုပင် မသိခဲ့ပေ။ လမ်းပျောက်ဆုံးသွားသည်နှင့် အိမ်ပြန်လမ်းကိုပင် ရှာမတွေ့နိုင်တော့ပေ။
ထိုအခြင်းအရာက စုယွဲ့ရှန်းအား အလွန်တရာ ဒေါသထွက်စေသည်။