အပိုင်း ၁၅၇
Viewers 30k

🍵Chapter 157

 သူ့ကိုဘယ်မှာတွေ့ခဲ့တာလဲ အသေးစိတ်ပြောပြ 




အခြားသူများမှာလည်း အိမ်ထဲသို့ ဝင်လာခဲ့ကြသည်။

ထိုအခါ စုယွဲ့ရှန်းက အမြန်မိတ်ဆက်ပေးလိုက်လေ၏။

 

" ဒါက ကျွန်တော့်မိဘတွေနဲ့ ကျွန်တော့်ရဲ့ ဒုတိယမြောက်ညီပါ ... ရှောင်ကျိုးကို ကယ်တင်ပေးခဲ့တဲ့အတွက် လူကိုယ်တိုင်လာပြီး ကျေးဇူးတင်ချင်ပေမဲ့ မြို့တော်ကို ပြန်ရောက်ရောက်ချင်း လုပ်စရာလေးတွေများလို့ နှောင့်နှေးသွားပါတယ် ... ကျွန်တော်တို့ တောင်းပန်ပါတယ် ... "


ထုံရွှယ်လူလည်း လူကြီးနှစ်ဦးအား နှုတ်ဆက်လိုက်လေ၏။

ထိုအချိန်တွင် အမေစုက စိတ်ခံစားချက်ပြင်းထန်စွာဖြင့် ထုံရွှယ်လူ၏ လက်များကို ဆုပ်ကိုင်လာခဲ့သည်။


" ရဲဘော်ထုံ လုပ်ပေးခဲ့သမျှအတွက် ကျေးဇူးအများကြီးတင်ပါတယ် ... ရဲဘော်ထုံကြောင့်သာမဟုတ်ရင် ကျွန်မတို့ ရှောင်ကျိုးလေးနဲ့ ဘယ်တော့မှ ပြန်ဆုံနိုင်မှာ မဟုတ်ဘူး ... "


ယခုချိန်ပြန်တွေးကြည့်လျှင်ပင် ကြောက်မက်စရာကောင်းနေသေးသည်။

လူတစ်ယောက်က ဤလောက်အထိဆိုးဆိုးဝါးဝါးဖြစ်နိုင်သည်ဟု မည်သည့်အခါကမှ သူမ မတွေးခဲ့ဖူး‌ပေ။လိုင်မူချင်းသည် ကုမိသားစုတွင် ကြီးပြင်းခဲ့လေ၏။သို့သော်လည်း သူမကို ပြုစုပျိုးထောင်ပေးခဲ့သည့်ကျေးဇူးကြွေးအား အောက်မေ့မည်မဆိုထားနှင့် ကလဲ့စားချေ၍ပင် ကျေးဇူးဆပ်ပေးလိုက်သေးသည်။


" အဲလိုမပြောပါနဲ့ ... "

ထုံရွှယ်လူက ပြုံးလျက် ဆိုလိုက်လေ၏။

 

ထိုအခါ အဖေစုက ဝင်ရောက်ပြောကြားလာခဲ့သည်။

" ကျေးဇူတင်ရမှာပေါ့ ... အဲလိုအခြေအနေမျိုးမှာ မူမမှန်တာကို ဘယ်သူကမှ သတိထားမိမှာမဟုတ်ဘူး ... ရဲဘော်ထုံက ရှောင်ကျိုးလေးရဲ့ ကယ်တင်ရှင်ပါပဲ ... ကျေးဇူးအများကြီးတင်ပါတယ်ဗျာ ... "


အဖေစုက ပြောပြောဆိုဆိုဖြင့် ထုံရွှယ်လူ့အား ဦးညွှတ်ပြလိုက်လေ၏။ထို့နောက် သူက သားလတ်ဖြစ်သူအား သူတို့ ယူလာသော လက်ဆောင်ကို ထုံရွှယ်လူ့ထံ ပေးအပ်စေသည်။


ထိုထဲတွင်  နို့မှုန့်များ ၊ နို့သကြားလုံးများနှင့် ရုပ်မြင်သံကြားစက်တစ်ခုပါဝင်သည်ကို ထုံရွှယ်လူ သတိပြုမိသွားလေ၏။

ထိုခေတ်ကာလတွင် ၁၈ လက်မ ရုပ်မြင်သံကြားစက်တစ်လုံးလျှင် ယွမ် ၁၄၅၀ နှင့် ၂၀ လက်မ တစ်လုံးကို ယွမ် ၁၆၅၀  ပေါက်ဈေးရှိသည်။


ဤစုမိသားစုမှာ ဝက်ဝက်ကွဲအောင် ချမ်းသာသည်ဖြစ်လိမ့်မည်။

သူတို့သည် လက်တလောကမှ မူလအဆင့်အတန်းကို  ပြန်လည်ရရှိထားခြင်းဖြစ်သော်လည်း ဤသို့ဈေးခေါင်ခိုက်သော ပစ္စည်းများကို ဝယ်ယူနေနိုင်လေပြီ။


ရုပ်မြင်သံကြားစက်အတွက် လက်မှတ်များ ရရှိရန်မှာ တော်ရုံတန်ရုံမဖြစ်နိုင်သော အရေးကိစ္စပင်။စုမိသားစုမှာ ထုံရွှယ်လူထင်ထားသည်ထက် ပိုမိုအားကောင်းနေပုံရသည်။


ထုံရွှယ်လူက သူမ၏လက်များကို အမြန်ဝှေ့ယမ်းပြလိုက်လေ၏။


" ကျေးဇူးပြုပြီး တီဗီကိုတော့ ပြန်ယူသွားပေးပါ ... ဒီလောက်စျေးကြီးတဲ့လက်ဆောင်ကို ကျွန်မ လက်မခံနိုင်ဘူး ... "


" ဒီလိုမပြောပါနဲ့ ရဲဘော်ထုံ ... ရှောင်ကျိုးလေးနဲ့ယှဉ်ရင် ဘာမှ မဟုတ်တဲ့အရာပါ ... "

 

သူ၏ သားလတ်မှာ လူပျိုကြီးဖြစ်နေဆဲသာဖြစ်သည်။သူတို့၏ ဂုဏ်သိက္ခာကိုသာ ပြန်လည်အဖတ်မဆယ်နိုင်ခဲ့ပါက ရှောင်ကျိုးမှာ စုမိသားစု၏ တစ်ဦးတည်းသော သားစဉ်မြေးဆက်အဖြစ် ကျန်ရစ်ခဲ့မည်ဖြစ်သည်။ရှောင်ကျိုးသာ တစ်ခုခုဖြစ်သွားခဲ့လျှင်လည်း စုမိသားစုမှာ ယင်းနေရာတွင်သာ အဆုံးသတ်ခဲ့မည်ဖြစ်လေ၏။


ထုံရွှယ်လူက လေးနက်သော အမူအရာမျိုးကို တမင်လုပ်ယူထားသည်။


" အဘိုးစု ... ရုပ်မြင်သံကြားစက်ကိုတော့ ကျွန်မ တကယ် လက်မခံနိုင်ပါဘူး ... အဘိုးစုက ကျွန်မကို စားသောက်ဆိုင် မန်နေဂျာဖြစ်အောင် လုပ်ပေးထားပြီးသားလေ ... ဒါကိုပါ လက်ခံလိုက်ရင် လောဘကြီးလွန်းရာ ကျပါတယ် ... ပြီးတော့ အဲလိုအခြေအနေမျိုးမှာ ဘယ်သူမဆို ဝင်ကူညီပေးကြမှာပဲ ... အဲဒါကြောင့် ရုပ်မြင်သံကြားစက်ကိုတော့ ပြန်ယူသွားကြပါနော် ... "


ထုံရွှယ်လူသည် စုမျိုးရိုးကဲ့သို့သော အင်အားကြီးမိသားစုက သူမအား လောဘကြီးလွန်းသူဟု ထင်မြင်သွားမည်ကို မလိုလားချေ။


ထို့အပြင် သူမသည် နောက်နောင်တွင် ရုပ်မြင်သံကြားစက်အား ဝယ်ယူလာနိုင်မည်ဖြစ်သည်။မည်သို့ပင်ဆိုပါစေ ထုံရွှယ်လူသည် ထိုသို့သောမိသားစုမျိုးနှင့် ဆက်ဆံရေးကို ဤအတိုင်း ဖြတ်တောက်မပစ်လိုက်နိုင်ပေ။


ထုံရွှယ်လူက ရုပ်မြင်သံကြားစက်ကို လက်ခံရန် အလေးအနက်ငြင်းဆိုလာသောအခါတွင် စုမိသားစုက သူမအား ဆက်လက်မဖြောင်းဖြကြတော့‌ချေ။သူတို့၏ စိတ်ထဲ၌ ထုံရွှယ်လူ့အပေါ် အထင်ကြီးမှုများ တိုးပွားလာလေ၏။


စုမိသားစုသည် ထုံရွှယ်လူတို့ အိမ်၌ နာရီဝက်ခန့် နေပြီးနောက် ထွက်ခွာသွားခဲ့ကြသည်။


သူတို့ထွက်သွားစဉ်တွင် ထုံရွှယ်လူမှာ တစ်စုံတစ်ရာကို သိလိုစိတ်ပြင်းပြနေခဲ့လေ၏။ရှောင်ကျိုး၏ မိခင်ကို နောက်ဆုံးတစ်ကြိမ်တွင် မတွေ့ခဲ့ရဘဲ ယခုတွင်လည်း သူမအား အဘယ်ကြောင့် မမြင်ရပြန်လေသနည်း။


၎င်းအခြင်းအရာ၏ နောက်ကွယ်တွင် အခြားဇာတ်လမ်းများ ရှိနေနိုင်ပါသလော။


စုမိသားစုထွက်ခွာသွားပြီးနောက် ထုံကျားရှင်းက စိတ်ပျက်လက်ပျက်ဖြစ်နေသောအမူအရာဖြင့် မေးမြန်းလာခဲ့လေ၏။


" အစ်မ ... ရုပ်မြင်သံကြားစက်ကို စောစောက ဘာလို့ ယူမထားလိုက်တာလဲ ... "


ထိုအရာမှာ ရောင်စုံ ရုပ်မြင်သံကြားစက်ပင်ဖြစ်သည်။အကယ်၍သာ သူတို့က ၎င်းကို လက်ခံခဲ့ပါက သူသည် ကျောင်းတွင် ရုပ်မြင်သံကြားစက်ကို ပိုင်ဆိုင်သည့် ပထမဆုံးသူ ဖြစ်လာမည်ဖြစ်သည်။ယင်းပြင် ထိုအကြောင်းအား တစ်နှစ်ပတ်လုံး ကောင်းကောင်းကြီး ကြွားလုံးထုတ်နိုင်သေးပေ၏။


ထုံရွှယ်လူက ထုံကျားရှင်းအား တစ်ချက်ကြည့်ပြီး ဆိုလိုက်တော့သည်။


" အမြင်မကျဉ်းစမ်းနဲ့ ... ရုပ်မြင်သံကြားစက်လိုချင်ရင် ကိုယ့်ဘာသာကိုယ်ဝယ် ... သူများကို အားကိုးဖို့ပဲ မတွေးနဲ့ ... "


ထိုအခါ ထုံကျားရှင်းမှာ ရှက်ရွံ့သွားခဲ့ပြီး အခြားမည်သည်ကိုမှ ဆက်မပြောတော့ပေ။

 

*** 


ထိုနေ့ ညလယ်ပိုင်းတွင် ရုတ်တရက် မိုးစတင်ရွာသွန်းပြီး ဆောင်းဦးမိုးက အပူချိန်ကို ကျဆင်းသွားစေသည်။

နံနက်အိပ်ရာနိုးသောအခါ ဆောင်းတွင်းရောက်နေသလို ခံစားလိုက်ရပြီး အေးလွန်းသဖြင့် အားလုံး သွားများခိုက်ခိုက်တုန်နေကြတော့လေ၏။


ထုံရွှယ်လူမှာ နိုးထလာခဲ့ပြီး နံနက်စာပြင်ဆင်ရန် ကြံစည်လိုက်သော်လည်း တစ်စုံတစ်ရာ ပုံမှန်မဟုတ်သည်ကို ခံစားမိသွားတော့သည်။


ထုံမျန်မျန်၏ မျက်နှာက အလွန်နီမြန်းနေလေ၏။ထုံရွှယ်လူလည်း ထုံမျန်မျန်၏ နှဖူးကို လက်ဖြင့်စမ်းကြည့်လိုက်တော့သည်။


ပူခြစ်နေသည်။

ပေါင်မုန့်လုံးလေး အဖျားတက်နေလေပြီ။


ထုံရွှယ်လူသည်  သူမ၏အဝတ်အစားများကို အမြန်ဝတ်လိုက်ပြီး ထုံကျားမင်ကို နှိုးရန် ထွက်သွားလေသည်။

ထို့နောက် သူမသည် ထုံကျားမင်ကို ဆိုင်သော့ပေးကာ သူမကိုယ်စား စားသောက်ဆိုင်တံခါးအား သွားဖွင့်စေလေ၏။


ထုံကျားမင်နှင့် ထုံကျားရှင်းတို့နှစ်ဦးစလုံးမှာ သူတို့၏ညီမငယ် အဖျားကြီးနေသည်ကို တွေ့လိုက်ရသောအခါ တုန်လှုပ်သွားကြရှာသည်။


" အစ်မ ...  ဒီနေ့ ခွင့်ယူပြီး အစ်မနဲ့အတူ ဆေးရုံလိုက်ခဲ့မယ် ..."

ထုံကျားရှင်းက ပြောလာခဲ့လေ၏။


ထိုအခါ ထုံရွှယ်လူလည်း ခေတ္တတွေးတောပြီး ခေါင်းညိတ်ပြလိုက်သည်။


" ကောင်းပြီ ... ကျားမင် ကျောင်းသွားရင် မင်းအတွက် ခွင့်တိုင်ပေးလိမ့်မယ် ...  သွားကြရအောင် ... "


သူမသည် ကျသင့်ငွေရှင်းခြင်းကဲ့သို့သော ကိစ္စရပ်များဖြင့် ဆေးရုံထဲတွင် လုံးချာလည်နေမည်ဖြစ်သည်။ထိုသို့သောအချိန်တွင် ထုံမျန်မျန့်အတွက် ကူညီပေးရန် တစ်စုံတစ်ယောက်ရှိနေခြင်းက အထောက်အကူဖြစ်စေလိမ့်မည်။


ထုံရွှယ်လူသည် ဆောင်းတွင်းဝတ် ဂျက်ကတ်တစ်ထည်ကို ဆွဲထုတ်လာလျက် ထုံမျန်မျန့်၏ ခန္ဓာကိုယ်အား ထုပ်ပိုးလိုက်လေ၏။ထုံကျားရှင်းသာ အတူလိုက်ပါလာမည်ဆိုလျှင် အမြန်ဆုံးသွားရမည့် နည်းလမ်းမှာ စက်ဘီးစီးသွားဖို့ရန်သာဖြစ်သည်။


ထုံရွှယ်လူ စက်ဘီးထုတ်လာသည်ကို မြင်သောအခါ ထုံကျားရှင်း၏ မျက်လုံးများက ချက်ချင်းပင် ပြူးကျယ်သွားလေ၏။


" အစ်မ ... စက်ဘီးစီးတတ်လို့လား ... "


ထိုအခါ ထုံရွှယ်လူလည်း ရှက်ရွံ့မနေဘဲ ပြောချလိုက်တော့သည်။


" တစ်မိုးအောက်မှာ မင်းအစ်မ မလုပ်နိုင်တာ ဘာမှမရှိဘူး ... "


ထုံကျားရှင်း "……"


ထုံရွှယ်လူက စက်ဘီးကို အိမ်အပြင်ဘက်သို့ တွန်းသွားလိုက်သည်။ထုံကျားရှင်း စက်ဘီးပေါ်တက်လာပြီး များမကြာမီမှာပင် ထုံရွှယ်လူသည် ခြေနင်းကို နင်းလိုက်ပြီး စက်ဘီးမှာလည်း တဟုန်ထိုး ‌ရွေ့လျားသွားခဲ့လေ၏။


သူမသည် ယခင်က စက်ဘီးစီးခြင်းအား အကြိမ်အနည်းငယ် လေ့ကျင့်ခဲ့ဖူးသည်။

ဤကလေးများသာ မည်သို့စီးနင်းရမည်ကို လုံးဝ မသိကြခြင်းဖြစ်လေ၏။


ထုံမျန်မျန်သည် ၃၉ ဒီဂရီ စင်တီဂရိတ် အထိ အဖျားတက်နေပြီး အနည်းငယ်သာပိုမိုကြန့်ကြာသွားခဲ့ပါက ဦးနှောက်ထိခိုက်သွားနိုင်ကြောင်း ဆရာဝန်က အသိပေးခဲ့သည်။


ထုံရွှယ်လူသည် ၎င်းနှင့်ပတ်သက်၍ အပြစ်ရှိသလို ခံစားခဲ့ရသည်။သူမသည် ညဘက်တွင် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားပြီး မနက်တွင်ပင် နိုးထရန် ခက်ခဲခဲ့လေ၏။


ထုံမျန်မျန်မှာ ညသန်းခေါင်တွင် အဖျားကြီးလာခဲ့ခြင်းဖြစ်နိုင်သော်လည်း ထုံရွှယ်လူမှာ ယင်းကို လုံးဝသတိမထားမိခဲ့ပေ။

ထိုအရာအတွက် သူမတွင် တာဝန်ရှိလေသည်။


ဆရာဝန်က ထုံမျန်မျန့်အား အဖျားသက်သာအောင် ဆေးထိုးပေးချင်သည်။   ပေါင်မုန့်လုံးလေးသည် အလွန်ပင်ကြောက်လန့်သွားပြီး သူမ၏ အနက်ရောင် မျက်လုံးဝိုင်းများထဲမှ မျက်ရည်များ စီးကျလာတော့လေ၏။


ထုံရွှယ်လူက ထုံမျန်မျန့်ကို အမြန်နှစ်သိမ့်ပေးလိုက်သည်။


" မျန်မျန်လေးက လိမ္မာပါတယ် ... ဆေးထိုးလိုက်ရင် မြန်မြန်သက်သာလာမှာ ... ညီမလေး ခံနိုင်ရည်ရှိပါတယ် ... "


ပေါင်မုန့်လုံးလေး၏ မျက်လုံးများက မှိတ်တုတ်မှိတ်တုတ်ဖြစ်နေပြီး မျက်ရည်များဖြင့် ပြည့်နှက်နေသည်။


" ခံနိုင်ရည်ရှိတယ်ဆိုတာက ဘာကြီးလဲ မမ ... စားလို့ရလား ... "


ထုံရွှယ်လူသည် ထုံမျန်မျန်မှာ သနားစဖွယ်ဖြစ်ပြီး ချစ်ဖို့ကောင်းသည်ဟု ခံစားလိုက်ရတော့လေ၏။


" ခံနိုင်ရည်ရှိတယ်ဆိုတာက သတ္တိရှိတာကိုပြောတာ ... မျန်မျန်က အပ်ကိုမကြောက်ဘူးလို့ ... "


ထိုအခါ ထုံမျန်မျန်က နှုတ်ခမ်းထော်လျက် ပြန်ဖြေရှာသည်။


" မမ ... မျန်မျန်က ခံနိုင်ရည်မရှိဘူး ... မျန်မျန် အပ်ကြောက်တယ် ... "


ထုံရွှယ်လူမှာ ပေါင်မုန့်လုံးလေးအား ရင်ခွင်ထဲတွင် ပိုက်ထားရုံမှလွဲ၍ ရွေးချယ်စရာမရှိတော့ဘဲ နောက်ပိုင်းတွင် စားကောင်းသောက်ဖွယ်များ ကျွေးပါ့မည်ဟု ကတိတဖွဖွပေးနေခဲ့သည်။


နောက်ဆုံးတွင် ပေါင်မုန့်လုံးလေးက အနည်းငယ် တောင့်ခံပါ့မည်ဟူ၍ ပြန်လည် ကတိပြုလာလေ၏။

သို့သော်လည်း အနည်းငယ်သာဖြစ်သည်။


များမကြာမီမှာပင် ထုံမျန်မျန်၏ လက်မောင်းထဲသို့ အပ်တစ်ချောင်းစိုက်ဝင်သွားပြီး ထုံမျန်မျန်မှာလည်း ရုတ်ချည်းပင် အော်ဟစ်ငိုကြွေးတော့လေ၏။


ဆေးထိုးပြီးနောက် အခြေအနေစောင့်ကြည့်ရန်အတွက် ဆေးရုံတွင် အချိန်အနည်းငယ် နေရန် လိုအပ်နေသေးသည်။

ငွေပေးချေပြီးနောက်တွင် ထုံကျားမင်လည်း ရောက်ရှိလာသည်ကို ထုံရွှယ်လူ တွေ့လိုက်ရ၏။


" အစ်မ ... မျန်မျန် ဘယ်လိုနေလဲ ... သူဖျားနေသေးလား "


" အဖျားကျအောင် ဆေးထိုးထားတယ် ... " စားသောက်ဆိုင်တံခါးကို သော့သွားဖွင့်ပြီးပြီလား ... "


ထိုအခါ ထုံကျားမင်က ခေါင်းညိတ်ပြလေ၏။

" ဖွင့်ပြီးပါပြီ ... ဒါပေမဲ့ အစ်မက အစိုးရပိုင်စားသောက်ဆိုင်မန်နေဂျာဆိုတော့ အလုပ်ပျက်လို့ အဆင်ပြေရဲ့လား ... "


" အဆင်ပြေမှာပါ ... ခဏနေမှ သွားလိုက်မယ် ... "


မောင်နှမနှစ်ယောက်သား စကားတပြောပြောဖြင့် လူနာခန်းထဲသို့ ဦးတည်သွားခဲ့ကြသည်။


 သူတို့ ထွက်သွားပြီးသည်နှင့် တစ်ပြိုင်နက် အမှောင်ထောင့်မှ တစ်စုံတစ်ယောက်က တိတ်တဆိတ် ထွက်လာခဲ့သည်။ဦးလေးဇုန်းသည် အလွန်စိတ်လှုပ်ရှားနေပြီး သူ၏ မျက်နှာက နီရဲနေလေ၏။မြက်နုလေးမှာ အစိုးရပိုင်စားသောက်ဆိုင်၌ မန်နေဂျာရာထူးပင် ဖြစ်သည်။


ဦးလေးဇုန်းမှာ ဆေးရုံမှ ထွက်ခွာလာပြီးနောက် စစ်တပ်အိမ်ရာသို့ တစ်ချိုးတည်းပြေးတော့သည်။


" ဗိုလ်ကြီး ...ကျွန်တော့်မှာ အရေးတကြီး သတင်းစကားရှိတယ် ... "


အိမ်ပြန်ရောက်သောအခါတွင် ဦးလေးဇုန်းမှာ အမောဆို့နေလေ၏။


ထိုအခါ အဘိုးဝမ်က ဦးလေးဇုန်းအား " ဟေ့ကောင် ရှောင်ဇုန်း ... မင်းက လူပျိုပေါက်လေးမဟုတ်တော့ဘူးကွ ... ကျန်းမာရေးကို ပိုဂရုစိုက်ရမှာပေါ့ ... "

ဟု ပြောလာခဲ့သည်။


" ဗိုလ်ကြီး ... ကျွန်တော် မြက်နုလေးနဲ့ တွေ့ခဲ့တယ် ... "


ထိုအခါ အဘိုးဝမ်၏ မျက်လုံးများ ပြူးကျယ်သွားခဲ့ပြီး သူက ဦးလေးဇုန်းအား အမြန်ဆွဲခေါ်သွားတော့လေသည်။


 " သူ့ကိုဘယ်မှာတွေ့ခဲ့တာလဲ အသေးစိတ်ပြောပြ ... "