အပိုင်း ၁၅၈
Viewers 30k

🍵Chapter 158

- ထိုည၌ ထုံကျားရှင်းသည်ပင် တိတ်ဆိတ်နေခဲ့သည်



တော်တော်ဆိုးသည့်ရူကွေ့ပဲ။ 


သူ၏ချစ်သူမိန်းကလေးအကြောင်းကို အဖိုးဝမ်က အခြားလူထံမှ ကြားရသည်သာမက ထိုမိန်းကလေးကို အိမ်ခေါ်လာရန်အတွက်ကို သူမနှင့် တိုင်ပင်ရဦးမည်ဟု ဆိုလေသည်။


ယခု ဝမ်ရူကွေ့က အလွန်အလုပ်များနေသည်ဖြစ်ရာ အစားစားရန်ကိုပင် အချိန်လုနေရခြင်းဖြစ်၍ မြက်နုလေးနှင့် အိမ်ခေါ်လာဖို့ကိစ္စတိုင်ပင်ရန် မည်မျှစောင့်ရဦးမည်မသိပေ။ 


ဦးလေးဇုန်း: "နန်မြို့နားက အစိုးရပိုင်စားသောက်ဆိုင်တစ်ခုခုပဲဖြစ်မယ်လို့ ကျွန်တော်ထင်တယ်...ဗိုလ်မှူး မြက်နုလေးက အရမ်းတော်တာပဲ...ဒီလောက်အသက်အရွယ်ငယ်ငယ်လေးနဲ့ စားသောက်ဆိုင်ရဲ့ မန်နေဂျာဖြစ်လာနိုင်တာ..."


"မြက်နုလေးက အရမ်းတော်တဲ့ စားဖိုမှူးကိုးကွ...စားသောက်ဆိုင်ရဲ့မန်နေဂျာဖြစ်လာတာ မဆန်းပါဘူး..."

အဖိုးဝမ်က သူ၏မုတ်ဆိတ်ကိုသပ်၍ ဂုဏ်ယူစွာပြောလိုက်သည်။


ယခု သူတို့ပြောနေသည့်မိန်းကလေးမှာ အဖိုးဝမ်၏ အနာဂတ် မြေးချွေးမလောင်းဖြစ်သည်မဟုတ်လား။ ထိုကလေးမက သေချာပေါက်တော်နေမည်မှာ အဆန်းမဟုတ်ချေ။


ဦးလေးဇုန်း: "ဗိုလ်မှူး...အခု စားသောက်ဆိုင်ကို သွားမလို့လား...ကျွန်တော်လည်းလိုက်မယ်လေ..."


အဖိုးဝမ်က ဦးလေးဇုန်းကို ရှုတည်တည်ကြည့်၍ ခေါင်းကို ဘယ်ပြန်ညာပြန် ခါလိုက်သည်။

"မရပါဘူး...မင်း ငါနဲ့ လိုက်ခဲ့လို့ မဖြစ်ဘူး...မြက်နုလေးက မင်းနဲ့တွေ့ဖူးတယ်လေ...မင်းသာ ငါနဲ့ပါလာရင် မင်းကို သူ ချက်ချင်း မှတ်မိသွားမှာ..."


ဦးလေးဇုန်း: "ဗိုလ်မှူး မြက်နုလေးနဲ့သွားတွေ့တာကို လျှို့ဝှက်နေဖို့လိုသေးလို့လား..."


အဖိုးဝမ်က ဦးလေးဇုန်းအား မသိရကောင်းလား ဆိုသည့်လေသံဖြင့်ပြန်ပြောလိုက်သည်။

"လိုတာပေါ့ကွ...အဲဒီကောင်စုတ်လေး ရူကွေ့က ငါ့ကို လျှို့ဝှက်ချက်တွေ ထားနေမှတော့ ငါကလည်း မြက်နုလေးဆီသွားတွေ့တာကို သူ့ဆီကနေ ပြန်လျှို့ဝှက်ထားရမှာပေါ့..."


ဦးလေးဇုန်းလည်း ဘာပြောရတော့မည်မသိဖြစ်သွားသည်။


သို့သော် ဦးလေးဇုန်း မလိုက်ရတော့လျှင် မြက်နုလေး၏ဟင်းချက်လက်ရာကိုလည်း သူစားရတော့မည်မဟုတ်ချေ။


***


ထုံမျန်မျန်၏အဖျားက ကျသွားပြီဖြစ်သော်လည်း အားပျော့နုံးခွေကာ အလွန်သနားစဖွယ်ကောင်းနေဆဲဖြစ်သည်။


ထုံရွှယ်လူက ထုံမျန်မျန်အား အိမ်သို့ပြန်ခေါ်လာကာ ထုံကျားမင်နှင့် ထုံကျားရှင်းတို့အား သေချာဂရုစိုက်ခိုင်းထားလိုက်သည်။ ထို့နောက် စားသောက်ဆိုင်သို့မသွားမီ ရှန်ဝမ်ရုံဆီသို့ သွား၍ ထုံမျန်မျန်နေမကောင်းသည့်အကြောင်းကိုလည်း ပြောထားလိုက်သေးသည်။


စားသောက်ဆိုင်သို့ရောက်သောအခါ နောက်ထပ် ပုံမှန်အစည်းအဝေးတစ်ခု ထပ်လုပ်၍ အခြားလူများကို ဝေဖန်လိုသည်များကို အားမနာတမ်းပြောရန် အားပေးပြန်သည်။ ထိုအစည်းအဝေး၌ စားသောက်ဆိုင်မှအလုပ်သမားများအားလုံးသည် သူတို့၏ အထင်အမြင်များကို မဖုံးကွယ်ပဲ လွတ်လပ်စွာ ပြောနိုင်လေသည်။


ကောင်းဝေ့ဖျင်နှင့် မုန့်ချင်းချင်းတို့ကတော့ စကားနည်းသူများပီပီ ခေါင်းကိုသာခါ၍ ပြောစရာမရှိပါဟု ပြောကြသည်။


ကောင်းချွန်းယွီကတော့ လက်ကို‌မြှောက်ကာ ပြောလိုက်သည်။

"မန်နေဂျာထုံ...ကျွန်မတို့ဆိုင်က မာလာထန်ရောင်းတာနည်းပြီး စောစောမလာရင် ကုန်ကုန်သွားတယ်လို့ ဧည့်သည်တွေပြောတာ ကြားခဲ့ရပါတယ်...ကျွန်မတို့ မာလာထန်ကို ပိုရောင်းသင့်လား..."


"ဟင့်အင်း မလိုပါဘူး...သူတို့စားချင်တယ်ဆိုရင် စောစောလာရုံပဲလေ..."


ထုံရွှယ်လူက ကောင်းချွန်းယွီကို အကဲခတ်လိုက်သည်။ အနာဂတ်၌ စီးပွားရေးအခြေအနေများ ပိုကောင်းမွန်လာလျှင် ကောင်းချွန်းယွီသည် လုပ်ငန်း၌ အလွန်အသုံးဝင်လိမ့်မည်ဟု ထုံရွှယ်လူ တွေးမိသည်။


ယခုတွင်တော့ စားသောက်ဆိုင်က မည်မျှပင် ရောင်းကောင်းပါစေ၊ အလုပ်သမားများက သတ်မှတ်ထားသော ဝင်ငွေသာ ရနေသောကြောင့် အလုပ်ပိုကြိုးစားလျှင်လည်း ဘာမှထူးမည်မဟုတ်ချေ။


ထိုစနစ်မှာ ကွန်မြူနစ်ဝါဒ၏အကြီးမားဆုံး ပြဿနာပင်ဖြစ်သည်။ ပိုလုပ်လျှင်လည်း ဘာအကျိုးအမြတ်မှမရသောကြောင့် လူများသည် အနည်းဆုံး အောက်ခြေရည်မှန်းချက်လောက်ကိုသာ ပြည့်မှီအောင်လုပ်ကြတော့သည်။


ထုံရွှယ်လူသည် အနာဂတ်၌ သူတို့ ပိုက်ဆံပိုရစေရန် အကြံဉာဏ်များရှိသော်လည်း ယခုတွင်တော့ ထိုအကြံများကို အကောင်အထည်ဖော်ရန် မဖြစ်နိုင်သေးချေ။


"ဒီနေ့ အသားလုံးတွေ လုပ်ကြရအောင်..."


သူတို့သည် ပမာဏကို ပိုများအောင်မလုပ်နိုင်သော်လည်း ရွေးချယ်စရာအမျိုးအစားကို‌တော့ ပိုများအောင်လုပ်နိုင်ပေသည်။ ထိုသို့မှမလုပ်လျှင်လည်း လာစားသည့်ဧည့်သည်များက ဆိုင်ကို ခဏလေးနှင့် ရိုးသွားပေလိမ့်မည်။


ထုံရွှယ်လူသည် အစည်းအဝေးပြီးသောအခါ ဟင်းချက်စရာများဝယ်ရန် ကောင်းဝေ့ဖျင်ကိုခေါ်၍ ထွက်လာလိုက်သည်။


အနာဂတ်နှင့်ယှဉ်လျှင် ယခုခေတ်၏အမဲသားဈေးက အတော်အတန်သက်သာနေဆဲဖြစ်သည်။ အမဲသားတစ်ပိသာက ဝက်သားတစ်ပိသာနှင့် ဈေးတူတူလောက်ပင်ရှိသေးသည်။


ထုံရွှယ်လူသည် အမဲသားလုံး၊ ငါးအသားလုံးနှင့် ဝက်သားလုံးများဝယ်ရန် အမဲသားအချို့၊ ငါးနှင့် ဝက်သားများဝယ်လိုက်သည်။


ထုံရွှယ်လူ အမဲသားများဝယ်နေသည်ကို မြင်သောအခါ ကောင်းဝေ့ဖျင်က အံ့ဩသွားသည်။

"မန်နေဂျာထုံ...ဒီအမဲသားတွေအကုန်လုံးက အမဲသားလုံးလုပ်ဖို့လား..."


ထုံရွှယ်လူက ခေါင်းငြှိမ့်လိုက်သည်။

"ရှင်မစားဖူးသေးလို့ပါ...သေချာသာလုပ်ရင် အမဲသားလုံးက ငါးအသားလုံးထက် ပိုစားလို့ကောင်းတယ်...နောက်ကျ ရှင်သိလာမှာပါ..."


ထုံရွှယ်လူ၏ဟင်းချက်လက်ရာကို သိထားသောကြောင့် ကောင်းဝေ့ဖျင်သည် မနေနိုင်ပဲ တံတွေးမြိုချလိုက်မိသည်။ မန်နေဂျာလုပ်သောဟင်းတိုင်းသည် အရသာမရှိသောဟင်းဆို၍ မရှိချေ။


စားသောက်ဆိုင်သို့ပြန်ရောက်သောအခါ ထုံရွှယ်လူသည် အမဲသားလုံးများကို စလုပ်ရန် ပြင်ဆင်လိုက်သည်။


ရာသီဥတုက အေးလာပြီဖြစ်သောကြောင့် ပိုသောအသားများကိုလည်း နောက်တစ်နေ့အတွက် သိမ်းထား၍ ရသည်။


အမဲသားလုံးများလုပ်ရသည်မှာ လူတော့ အတော်ပင်ပန်းသည်။ အသားများကို အကြောနှင့် အသားချည်းသက်သက်ခွဲထုတ်ကာ အဆီကိုလည်း ဖယ်ထုတ်ပစ်ရသည်။ ထို့နောက်တွင်မှ အသားများကို ထုရသည်။


အသားများကို ထုခြင်းက အားအလွန်သုံးရသောကြောင့် ထုံရွှယ်လူသည် လူတိုင်းကို တစ်လှည့်စီလုပ်ခိုင်းလိုက်သည်။


အမဲသားများကို နုတ်နုတ်စဉ်း၍ ထုထောင်းပြီးသောအခါ အသားထဲသို့ ရေနှင့် ပြောင်းကော်မှုန့်များထည့်ကာ နယ်ရသည်။ ထို့နောက်တွင်တော့ အမဲသားလုံးများဖြစ်အောင် လုံး၍ရပြီဖြစ်သည်။


အမဲသားလုံးများကို အိုးထဲ ထည့်မပြုတ်မီ အရင် အသားကျအောင် ထားထားရသေးသည်။ အမဲသားလုံးများကို ထိုကဲ့သို့ လက်ဖြင့် အစအဆုံးလုပ်ခြင်းသည် အလွန်ပင်ပန်းရသော်လည်း စက်ဖြင့်ထုတ်ထားသော အသားလုံးများထက်တော့ ပို၍ စားကောင်းသည်မှာ အမှန်ပင်ဖြစ်လေသည်။


အမဲသားလုံးများ လုပ်ပြီးသောအခါ ငါးအသားလုံးများကို စလုပ်လိုက်ကြသည်။


ငါးအသားလုံးလုပ်ရသည်မှာလည်း အမဲသားလုံးလုပ်ရသည့်ပုံနှင့် ခပ်ဆင်ဆင်ပင်ဖြစ်သည်။ မတူသည်က ငါးကို လုံးဝကြေသွားအောင်ကြိတ်ရသည့်အဆင့်သာဖြစ်သည်။


အမဲသားလုံးနှင့် ငါးအသားလုံးများလုပ်ပြီးသွားသောအခါ မုန့်ချင်းချင်းနှင့်အခြားလူများကို အနည်းငယ်စီ မြည်းကြည့်ခွင့်ပေးလိုက်သည်။


အမဲသားလုံးများမှာ ဝါးလိုက်လျှင်ထုတ်ထုတ်ထုတ်ထုတ်နှင့် ကြွပ်ရွနေသည်။ တစ်ကိုက်ကိုက်လိုက်ရုံနှင့်ပင် အမဲသားအရသာပြည့်ပြည့်ဝဝ ရသွားစေသည်။


ဤခေတ်အခါ၌ လူတော်တော်များများက အမဲသားကို စားလေ့စားထမရှိကြသေးချေ။ အချို့ဆိုလျှင် အမဲသားကို အလွန်ညှီသည်ဟုထင်နေကြသည်။ သို့သော် ယခု ထုံရွှယ်လူတို့၏ အမဲသားကတော့ လုံးဝညှီစော်မနံချေ။


ညှီစော်မနံသည့်အပြင် ပိုစားလေ အရသာပိုကောင်းလေဖြစ်နေ၍ ထပ်ခါ ထပ်ခါ စားချင်နေမိကြလေသည်။


ငါးအသားလုံးများကတော့ အမဲသားလုံးလောက် ထုတ်ထုတ်ထုတ်ထုတ်မဖြစ်သော်လည်း နူးညံ့‌ကာ စားကောင်းနေသည်ပင်ဖြစ်သည်။


အသားလုံးများကို မြည်းကြည့်ပြီးသောအခါ မုန့်ချင်းချင်းနှင့်တကွ အခြားလူများ၏မျက်လုံးများတောက်ပသွားကြကာ ထုံရွှယ်လူအား ချီးကျူးလိုက်ကြသည်။


ကောင်းချွန်းယွီ: "မန်နေဂျာထုံ...ဒီအသားလုံးတွေကို ကျွန်မတို့ရောင်းရင် ခဏလေးနဲ့ ကုန်သွားမှာပဲ..."


ထုံရွှယ်လူက ဝက်သားလုံးများကိုပါ လုပ်ချင်သော်လည်း အမဲသားလုံးနှင့် ငါးအသားလုံးများကို လုပ်ပြီးသွားသောအခါ လူတိုင်း၏လက်မောင်းများက ညောင်းကိုက်နေကြပြီဖြစ်သောကြောင့် ဝက်သားများကို အသားလုံးမလုပ်ပဲ အခြားနေရာ၌ သုံးဖို့သာ သိမ်းထားလိုက်ရတော့သည်။


၁၁နာရီတိတိတွင် ဧည့်သည်များစရောက်လာကြလေသည်။


ထုံရွှယ်လူသည် ပုံမှန်ဆိုလျှင်တော့ လာစားသည့်လူများကို သိပ်ဂရုမပြုမိသော်လည်း ယခုတွင်တော့ ရှေ့ဆုံး၌ ရပ်စောင့်နေသော ဧည့်သည်တစ်ဦးကို ရုတ်တရက် သတိထားမိသွားသည်။


ထိုဧည့်သည်သည် အသက် ၆၀ ခန့်ရှိပုံပေါ်ကာ အသက်က မငယ်တော့သော်လည်း တက်ကြွဖျတ်လတ်နေပုံပေါ်လေသည်။


ထိုဧည့်သည်လူကြီး၏မျက်လုံးများက တောက်ပနေ၍ အခြားလူကြီးများကဲ့သို့လည်း ခါးကုန်းမနေပေ။ ကျောကို ဖြောင့်ဖြောင့်ထား၍ ခပ်တောင့်တောင့်ရပ်နေပုံမှာ ကြည့်၍ပင်ကောင်းနေသေးသည်။


ထိုလူကြီးသည် အဝတ်အစားကိုလည်း သပ်ရပ်စွာ ဝတ်ဆက်ထားသည်။ ဆံပင်ကို ဆီထည့်ထားသောကြောင့် တောက်ပြောင်ကာ သေသပ်စွာဖြီးထားသည်။ ခေါင်းပေါ်၌ ထိုးထောင်နေသော၊ မသေမသပ်ဖြစ်နေသော ဆံပင်ဟူ၍ တစ်မျှင်မှမရှိချေ။


ထုံရွှယ်လူသည် ထိုလူကြီးကို အကဲခတ်ရင်းဖြင့် ထိုလူကြီးသည် ငယ်စဉ်က အလွန်ချောမောခဲ့၍ အပြောလည်းကောင်းမည့်ပုံဟု တွေးနေမိသည်။


ထိုလူကြီးသည် ဆိုင်သို့ ပထမဆုံးရောက်လာသူဖြစ်သောကြောင့် လူစခေါ်သောအခါ နံပါတ်၁ တိုကင်ပြားကို ရသွားသည်။ ထို့ကြောင့် မှာရန် ကောင်တာနားသို့လျှောက်လာသည်။


ထိုလူကြီးသည် ထုံရွှယ်လူနားသို့ လာကာမေးလိုက်သည်။

"ရဲဘော် မင်းက ဒီက စားပွဲထိုးလား...မင်းတို့ရဲ့ စားဖိုမှူး ဘယ်မှာလဲ..."


ထုံရွှယ်လူက ပြန်ပြောလိုက်သည်။

"ကျွန်မက စားပွဲထိုးမဟုတ်ပါဘူး...ကျွန်မက ဒီဆိုင်ရဲ့ မန်နေဂျာနဲ့ စားဖိုမှူးပါ...လူကြီးမင်းက ကျွန်မကို ရှာနေတာပါလား..."


ထုံရွှယ်လူပြောသံကိုကြားသောအခါ ဧည့်သည်လူကြီး၏ မုတ်ဆိတ်မွှေးများ လှုပ်သွားကြသည်။


"ဘာမှအရေးတကြီးကိစ္စရှိလို့မဟုတ်ပါဘူး...ဒီစားသောက်ဆိုင်က အစားအစာတွေက ကောင်းလွန်းတယ်လို့ သတင်းမွှေးလို့ စားဖိုမှူးကို တွေ့ချင်ရုံပါ...ဒီအသက်အရွယ်လေးနဲ့ ဒီလောက်တော်တဲ့ စားဖိုမှူးဖြစ်လာတာ အရမ်းတော်တာပဲ ရဲဘော်..."


အမှန်အတိုင်းပြောရလျှင် ထိုဧည့်သည်လူကြီး၏ရုပ်ရည်မှာ တည်ငြိမ်လွန်း၍ မျက်လုံးများကလည်း စူးရှလွန်းလှသည်။ ထို့ကြောင့် ထိုလူကြီးအား စကားနည်းမည့်လူဟု ထုံရွှယ်လူထင်ထားမိသော်လည်း ယခုတွင်တော့ စကားများတရစပ်ပြောနေလေသည်။


ထုံရွှယ်လူက ပြုံးကာပြောလိုက်သည်။

"ဒီလို ချီးကျူးလို့ ကျေးဇူးတင်ပါတယ်ရှင်...ကျွန်မတို့ဆိုင်ရဲ့ မာလာထန်ကိုရော မြည်းကြည့်ပါဦးလား...ဒီနေ့ အစားအသောက်အသစ်တွေလည်းရနေပါတယ်...အမဲသားလုံးနဲ့ ငါးအသားလုံးတွေလေ...မြို့တော်မှာ အမဲသားလုံးရောင်းတဲ့ဆိုင်က ကျွန်မတို့တစ်ဆိုင်ပဲရှိလိမ့်မယ်ဆိုတာ ကျွန်မ ရဲရဲကြီး ပြောရဲတယ်..."


လူကြီး၏မျက်လုံးများက ကောင်းကင်မှကြယ်များကဲ့သို့ တောက်ပသွားကြလေသည်။

"ဟုတ်ပြီ...ငါ တစ်မျိုးကို တစ်ပွဲစီမှာမယ်...နောက် ပါဆယ်လည်း ထည့်ယူသွားဦးမယ်..."


လူကြီးသည် ပြောနေရင်းဖြင့် အိတ်ထဲမှ ထမင်းဘူးနှစ်ဘူးကို မျက်လှည့်ဆရာကဲ့သို့ ဆွဲထုတ်လိုက်သည်။


ထိုလူကြီးသည် အစားအသောက်ကိုကြိုက်နှစ်သက်မည့်ပုံဟု ထုံရွှယ်လူ တွေးလိုက်သည်။ ထို့ကြောင့် ချက်ပြုတ်ရမည့်ပစ္စည်းများကို အနီရောင်ဟင်းရည်ထဲသို့ ထည့်ရင်း ပြုံးကာမေးလိုက်သည်။

"လူကြီးမင်း အစပ်စားနိုင်ပါလား..."


ဧည့်သည်လူကြီးက ရုတ်တရက် မျက်မှောင်ကြုတ်လိုက်သည်။

"အရမ်းမစပ်ရင်တော့ရပါတယ်...ဒါပေမယ့် ငါ့ကို လူကြီးမင်းလို့ခေါ်တာ တစ်မျိုးကြီးပဲ...ငါက မင်းရဲ့ အဖိုးအရွယ်ဖြစ်နေပြီလေ...ငါ့ကို အဖိုးဝမ်လို့ခေါ်ပါလား..."


ထုံရွှယ်လူ: "..."


အဖိုးလို့ခေါ်တာကရော တစ်မျိုးဖြစ်နေတာပဲမဟုတ်ဘူးလား...


ထို့အပြင် သူ့နာမည်ကလည်း ဝမ်ရူကွေ့၏မျိုးရိုးနာမည်နှင့်ဆင်နေသေးသည်။ ထို့ကြောင့် ထိုလူကြီးအား ထုံရွှယ်လူ ပို၍ ရင်းနှီးသွားသကဲ့သို့ ခံစားလိုက်ရသည်။


သူ့ကို ထုံရွှယ်လူက အဖိုးဝမ်ဟု မခေါ်သောအခါ အဖိုးဝမ်သည် မျက်တောက်တစ်ချက်ခတ်၍ မေးလိုက်သည်။

"မင်းရဲ့ မျိုးရိုးနာမည်က ထုံနော်...ဘယ်လိုပေါင်းတဲ့ ထုံလဲ...နတ်သမီးပုံပြင်လို့ အဓိပ္ပာယ်ရတဲ့ ထုံလား..."


ထုံရွှယ်လူက ခေါင်းခါလိုက်သည်။

"မဟုတ်ပါဘူး...ဆောင်းရာသီလို့ အဓိပ္ပာယ်ရတဲ့ ထုံပါ..."


အဖိုးဝမ်က သူ၏မုတ်ဆိတ်ကို သပ်ကာပြောလိုက်သည်။

"ဪ..."