(ထောင်ချီသော နံပါတ်တစ်မေးခွန်းများ - ထန်ချောင်းချောင်း တစ်ယောက်ဘယ်တော့ ဖျော်ဖြေရေးလောက ထဲကနေထွက်မှာလဲ)
(အမျိုးသားဆယ်လီနောက်ကိုလိုက်ပြီး လမ်းပေါ်မှာစွန့်ပစ်ခံလိုက်ရတယ်တဲ့… ရှက်ဖို့ကောင်းလိုက်တာ… ကံကောင်းပြီး ရှန်းလျန့်က အကန်းမဟုတ်လို့လေ … တကယ်လို့ သူမသာ သူ့ကိုအခုလိုလိုက်ကပ်နေမယ်ဆိုရင် သူတော့ ကောင်းကောင်းဒုက္ခရောက်တော့မှာပဲ)
(ထန်ချောင်းချောင်း ပထမဆုံးပွဲဦးထွက်ကို ဘယ်လိုများလုပ်ခဲ့လဲဆိုတာ ငါမသိတော့ဘူး…. သူမ ဆီမှာမျက်နှာလေးကလွဲလို့ တခြားဘာရှိသေးလို့လဲ…. သူမ သီချင်းလဲ မဆိုနိုင်သလို သရုပ်ဆောင်လဲ မလုပ်တတ်ဘူးလေ… သူမက တကယ့်ကို အလှပန်းအိုးတစ်လုံးသာသာပဲ )
(ပြောရရင် သူမရဲ့ အလှတရားက တကယ်တော့အလကားပါပဲ… ထူပိန်းနေတဲ့ မိတ်ကပ်နဲ့ သူမ မျက်နှာကိုဘယ်လောက်ကြာကြာဖုံးကွယ်ထားနိုင်မှာလဲ …. အကုန်အတုအယောင်တွေမို့ ငါလဲသေသွားနိုင်တယ်)
(တော်ပါတော့… ထန်ချောင်းချောင်း ရဲ့ animated ပုံတွေကြည့်ပြီး ရှန်းလျန့်ရဲ့ ပုံကိုပါ လမ်းဘေးပစ်ချမိတာ အကြိမ်မနည်းတော့ဘူး… အဲ့ဒါက လုံးဝကိုမှော်ဆန်သလိုပဲ… သူမက တကယ့်ကိုဖုန်မှုန့်တစ်စပဲလို့ ငါထင်တယ်)
(အဲလိုမပြောကြပါနဲ့ … ဒါက ထန်ချောင်းချောင်း ပွဲဦးထွက်ပြီးကတည်းက အခုလုံးဝကို ဟော့ဖြစ်တာ ပထမဆုံးပဲ … အနာဂါတ်မှာ သူမအတွက် အခွင့်အရေးက မရှိလောက်တော့ဘူးလေဟယ်… ဟားဟားဟား )
Netizens များက တစ်ယောက်ပြီးတစ်ယောက် ထန်ချောင်းချောင်း ကို တိုက်ခိုက်နေကြသည်။ ထိုကြောင့်ပင် အင်တာနက်တစ်ခုလုံး ပျော်ရွှင်စရာကောင်းသော အငွေအသက်များဖြင့် ပြည့်နှက်နေတော့သည်။
ထိုအချိန်တွင် နက်ဝက်တစ်ခုလုံး၏ အလှောင်ခံ အရယ်ခံနေရသော သူသည် animated ပုံများကို ကြည့်နေသည်။ သူမ ထိုပုံများကို ထပ်ကာ ထပ်ကာနှိပ်ကြည့်နေသည်။ ခဏကြာပြီးနောက် သူမသည် ဖျော်ဖြေရေးအသိုင်းအဝိုင်း ခွေးသွေးဝတ္တု တစ်ပုဒ်ထဲသို့ ကူးပြောင်းလာကြောင်း လက်ခံလိုက်တော့သည်။
သူမသည် ဒီကမ္ဘာကမဟုတ်ဘဲ ကျင့်ကြံခြင်းလောကမှဖြစ်သည်။ ထို့အပြင့် သူမသည် မသေမျိုး တာအိုသခင်တစ်ယောက်မဟုတ်ဘဲ ကိုယ်ပိုင်အော်ရာရှိသော စိုက်ပျိုးရေးကမ္ဘာမှ ပထမတန်းစား စားဖိုမှုး၏လက်စွဲ သံယောက်ချိုကြီးတစ်ခုသာဖြစ်သည်။
သူမသည် နှစ်ထောင်ပေါင်းများစွာအတွင်း ပထမဆုံးသောစိတ်ဝိညဉ်ရှိလာသည့် သံတုံးတစ်တုံးဖြစ်ပေလိမ့်မည်။ ကျင့်ကြံရေးကျောင်းတွင် တစ်နှစ်ပါတ်လုံးနေခဲ့သည့်အကျိုးကြောင့် သူမတွင် စိတ်ဝိညဉ်အသိရှိလာသည်မှာ အံ့ဩစရာမဟုတ်ပေ။
သို့သော်လည်း လူသားခန္ဓာကိုယ်တစ်ခုရရန် နှစ်ပေါင်းမည်မျှကြာမည်ကို မည်သူမှ မခန့်မှန်းနိုင်ပေ။ တခြားဝိညဉ်များစွာကပင် သူတို့တဘဝလုံးကျင့်ကြံလျင်တောင် လူသားခန္ဓာမရနိုင်ကြပေ။ ထိုအရာသည် စိတ်ဝိညဉ်မရှိသည်ထက်ပင် ပို၍နာကျင်ရလေသည်။ သို့သော် သူမတွင် စိတ်ဝိညဉ်အသိရှိလာပြီး မကြာခင်မှာပင် ကောင်းကင်မိုးကြိုးဒဏ်ခံလိုက်ရလေသည်။ ထို့မိုးကြိုးဒဏ်ကြောင့်ပင် သူမသည် ‘’ သမီးအစစ်နှင့်အတုအယောင် - ထိပ်တန်းဆယ်လီကြီးရဲ့ ချစ်ခြင်းကိုခံလိုက်ရတယ် ‘’ ဆိုသည့် ဝတ္တုထဲသို့ ရောက်ရှိလာရလေသည်။
သူမသည် ဆေးရုံပေါ်တွင်မှားယွင်းစွာပါသွားခဲ့သည့် ထန်မိသားစု၏ သမီးအစစ်အမှန် ထန်ချောင်းချောင်း ဖြစ်သည်။ ထန်မိသားစု မှားယွင်းကာခေါ်သွားသည့် ကလေးမလေးနာမည်မှာ ထန်ရို့ဖြစ်ပြီး သူမသည် ဒီဝတ္တု၏အမျိုးသမီးဇာတ်လိုက်ဖြစ်သည်။ သူမ(ထန်ရို့)က သမီးအစစ်မဟုတ်သော်လည်း ထန်မိသားစုရှိလူတိုင်းက သူတို့၏သမီးအရင်းထက်ပိုချစ်ကြသည်။ သူမသည် သူမ၏အဓိကဇာတ်လိုက်မပါဝါကို မှီခိုပြီး ထိပ်တန်းအမျိုးသားအားလုံးကိုဆွဲဆောင်ကာ ရှန်းလျန့်ကို နောက်ဆုံးအနိုင်ရသူဖြစ်လေသည်။
ထိုခွေးသွေးဝတ္တုထဲတွင် ရှန်းလျန့်နှင့် ထန်ရို့ တို့နှစ်ဦးလုံး၏ အရူးအမူးစွဲလန်းခြင်း၊ နာကျင်မှုကိုသာယာခြင်း၊ တစ်ယောက်အပေါ်တစ်ယောက်နှိပ်စက်ပြီးမှ ပျော်ရွှင်မှုကိုရရှိခြင်း အစရှိသော အချစ်အမုန်းပါဝင် အပိုင်းများ ၃၀၀ ကျော်ခန့်ပါဝင်သည်။
သမီးအရင်းမှာ အဓိကဇာတ်လိုက်မနှင့် ဆန့်ကျင်ဘက်ပင်ဖြစ်သည်။ ထန်ချောင်းချောင်း သည် အတ္တကြီးကာ အိုင်ကျူနိမ့်ပြီး အဓိကဇာတ်လိုက်မနှင့်ပါတ်သတ်သမျှအားလုံးကို မနာလိုသည်။ အထူးသဖြင့် ရှန်းလျန့် နှင့်ပတ်သတ်လာလျင်ဖြစ်သည်။ သူမသည် အဓိကဇာတ်လိုက်နှင့်နီးစပ်ရန် နှင့် ဇာတ်လိုက်မအား လက်စားချေရန် ရှန်းလျန့်၏ဦးလေးတဝမ်းကွဲနှင့် လက်ထပ်လိုက်လေသည်။
မူလပိုင်ရှင်သည် အဓိကဇာတ်လိုက်နှင့် ဇာတ်လိုက်မကြားက ချီးမွှမ်းထိုက်သောခံစားချက်များကို ဇွဲရှိရှိဖျက်စီးမည့် ဖြတ်လျောက်သာသာဖြစ်သည်။ နောက်ဆုံးတွင် ရှန်းမိသားစုနှင့် ထန်မိသားစု နှစ်ခုလုံးမှ သူမကို စွန့်ပစ်ခဲ့ပြီး ဆိုးဆိုးရွားရွားအဆုံးသတ်ခဲ့ရသည်။ သူမသည် အမုန်းများဖြင့် ပျက်စီးပြီးသေဆုံးရမည့် အမြှောက်စာဇာတ်ကောင်သာဖြစ်သည်။
ဒီတစ်ကြိမ်မှာတော့ …. ဟိုတယ်ဖွင့်ပွဲတွင် ဖြစ်ပျက်ခဲ့သည့် ကိစ္စအပေါ် Netizens များက သူမကိုလှောင်ပြောင်နေခြင်းဖြစ်သည်။ မူလပိုင်ရှင်သည် ဝိုင်များသောက်ခဲ့ပြီး ဟိုတယ်မှထွက်ခွာတော့မည့် ရှန်းလျန့်နောက်သို့ ရဲရဲတင်းတင်း လိုက်ခဲ့လေသည်။ သူမ သူ့အား ဟိုတယ်အပြင်ဘက်တွင် ရဲတင်းစွာဖြင့် ဝန်ခံခဲ့သည်။
ရှန်းလျန့်သည် ထိပ်တန်းနာမည်ကြီးဆယ်လီတစ်ဉီးဖြစ်သည်။ ထို့ကြောင့် သူသည် မိန်းမတစ်ယောက်နှင့် တွန်းထိုးနေသည့်ဓါတ်ပုံအား မထွက်စေလိုပေ။ ထို့ကြောင့် သူက ရွံရှာစွာဖြင့် သူမလက်ကို ပုတ်ထုတ်လိုက်သည်။ မူလပိုင်ရှင်သည် ပုတ်ထုတ်လိုက်သည့်အရှိန်ကြောင့် အရှက်ရစွာဖြင့် မြေပေါ်သို့လဲကျသွားသည်။ ထို့နောက် ရှန်းလျန့်သည် သူ၏နေကာမျက်မှန်ကိုတပ်ဆင်ကာ ပြိုင်ကားပေါ်သို့တက်ပြီး မောင်းထွက်သွားတော့သည်။
ထို့အပြင် မရေတွက်နိုင်သောဖန်များက ထိုအဖြစ်အပျက်ကို ရိုက်ကူးပြီးနောက် မူလပိုင်ရှင်သည် လူတိုင်း၏ဟာသတစ်ခုဖြစ်လာတော့သည်။
သံယောက်ချိုဝိညဉ်တစ်ခုအနေနဲ့ … အာ… မဟုတ်သေးဘူး … ငါက အခု ထန်ချောင်းချောင်း ပဲဟာကို…..
သူမစိတ်ထဲက အချက်အလက်များကိုရှင်းထုတ်ပြီးနောက် သူမတွင် အတွေးတစ်ခုတည်းသာရှိသည်။
‘ကျေးဇူးပါ ဘုရားသခင်…. ကျေးဇူးပါ … အဲ့ဒီ မိုးခြိမ်းသံကြီးကိုလဲ တကယ်ကျေးဇူးတင်ပါတယ်…. အဲ့ဒီ ကောင်းကင်မိုးကြိုးကြောင့်သာမဟုတ်ရင် ဒီခန္ဓာကိုယ်လေးကို ဘယ်လိုလုပ်ပြီးရမှာလဲ … ပြီးတော့ ဒါက မိန်းကလေးခန္ဓာကိုယ်လေးဖြစ်နေသေးတယ်လေ ‘
သူမ တာအိုကျောင်းတွင်နေစဉ်က နေရာတိုင်းတွင် ကြမ်းတမ်းထွားကြိုင်းသော အမျိုးသားများထက် မွေးကြိုင်နူးညံ့သောညီမလေးများကို ပိုသဘောကျခဲ့သည်။ ထိုအချိန်တွင် သူမ တိတ်တဆိတ်ကြုံးဝါးမိသည်
‘ အနာဂါတ်မှာ ငါက ကျင့်ကြံရေးအမျိုးသမီးလေးတစ်ယောက်ဖြစ်ရမယ် ….’
ကြည့်ရတာ ဘုရားသခင်က သူမဆုတောင်းကိုကြားပြီး အခွင့်အရေးပေးခြင်းဖြစ်နိုင်သည်။
အပေါ်ထပ်မှ ဆူညံသံတစ်ချို့က ထန်ချောင်းချောင်း အတွေးများကို အနှောက်အယှက်ဖြစ်သွားသည်။ သူမ တံခါးဖွင့်လိုက်စဉ် လှေကားမှထိတ်လန့်တကြားဆင်းလာသည့် အန်တီဝမ်ကို တွေ့လိုက်ရသည်။
အန်တီဝမ်က အမောတကောဖြင့် ပြောလိုက်သည်။
‘’ဆရာက အစားမစားဘဲ အရာအားလုံးကို ဝုန်းဒိုင်းကြဲပြီး ဖျက်ဆီးနေတယ်’’
ထန်ချောင်းချောင်း ဒုတိယထပ်ကိုကြည့်လိုက်သည်။ သူမနှင့် ရှန်းယွဲ့လက်ထပ်ထားသည်မှာ တစ်လခန့်ရှိပြီး တစ်ခါမှ ဒုတိယထပ်သို့ သူမ မတက်ဖူးပေ။
‘’ကျွန်မသွားကြည့်လိုက်မယ်’’
အန်တီဝမ်က သူမကို တားလိုက်သည်။ ‘’ မဒမ်… အဲ့ဒါမကောင်းဘူးထင်တယ်…. ဆရာက သူ့ခွင့်ပြုချက်မရဘဲ ဘယ်သူ့ကိုမှ အပေါ်ထပ် တက်မလာခိုင်းဘူး’’
‘’ ကျွန်မက သူ့ဇနီးပဲ …. ဘာလို့မသွားရမှာလဲ…’’
အန်တီဝမ် အနည်းငယ်အံ့ဩသွားသည်။
‘’မဒမ်… ရှင်မေ့သွားတာလား … ဒီကိုစရောက်လာကတည်းက မဒမ်ခင်ပွန်းက အပေါ်ထပ်ကိုမတက်ခိုင်းဘူး … ပြီးတော့ မဒမ်ကလဲ သူသေရင်တောင် တက်မလာဘူးလို့ပြောခဲ့တယ်လေ… ပြီးတော့ ကျွန်မတိုကိုလဲပြောသေးတယ် … ဒီ ပထမထပ်နဲ့ မဒမ်ခင်ပွန်းနဲ့ ဘာပတ်သတ်မှုမှမရှိဘူးဆို … ‘’
ထန်ချောင်းချောင်း အံ့အားသင့်သွားသည်။
‘’ကျွန်မက အဲ့လောက်ဆိုးတဲ့သူလား…’’
အန်တီဝမ် ခေါင်းငြိမ့်ပြလိုက်သည်။ သို့သော် သူမ မျက်ဝန်းထဲတွင်တော့ အထွန့်တက်ချင်သည့်အရိပ်များ ပေါ်လွင်နေသည်။
မူလပိုင်ရှင်သည် ဗီလိန်ဖြစ်ရန် အများကြီးအားစိုက်ထုတ်စရာပင် မလိုခဲ့ပေ။
‘’ဆရာက အခုအတော်လေးစိတ်ဆိုးနေတယ်… အခုချိန်မှာ ဘယ်သူမှသူကို စိတ်ပြေအောင်လုပ်နိုင်မှာမဟုတ်ဘူး… သူ စိတ်ငြိမ်သွားတဲ့အထိ မဒမ်စောင့်နေသင့်တယ်…. မဟုတ်ရင် အပေါ်တက်သွားတာနဲ့ တုတ်နဲ့တန်းအရိုက်ခံရလောက်တယ် ‘
ထန်ရှောင်းရှောင်း ခဏမျှတိတ်ဆိတ်သွားပြီးနောက် အန်တီဝမ်ကို ပြုံးပြလိုက်သည်။
‘’ ရပါတယ်…. ကျွန်မပဲ သွားကြည့်ပြီး ခပ်မြန်မြန်လေးပြန်ဆင်းလာလိုက်မယ်…’’
အန်တီဝမ်မှာ သူမကို မတားနိုင်တော့ပေ။
ထန်ချောင်းချောင်း ဒုတိယထပ်သို့ရောက်သည်နှင့် ရှန်းယွဲ့ ၏ ရှုပ်ပွနေသည့်အခန်းကို ပွင့်ေနသည့်တံခါးဝမှတွေ့လိုက်ရသည်။
သူမ တံခါးနားသို့ တိတ်ဆိတ်စွာချဉ်းကပ်သွားစဉ် မှန်စတချပ်က သူမမျက်နှာနားမှဖြတ်သန်းသွားသည်။ ကံကောင်းစွာနှင့်ပင် သူမ ညာလက်ဖြင့် ဖမ်းလိုက်နိုင်သည်။
‘အချိန်ကိုက်ပဲ… မဟုတ်ရင် သူမ မျက်နှာသွေးထွက်နေတော့မှာ အသေအချာပဲ’
အမျိုးသားသည် ဖန်ကွဲသံကိုမကြားရသည့်အတွက် တစ်စုံတစ်ယောက် အပေါ်ထက်သို့တက်လာသည်ကို သိလိုက်သည်။
‘’ ငါ ဘာမှမစားဘူးလို့ ပြောထားတယ်မဟုတ်လား… ပြီးတော့ ငါ့ကိုဘယ်သူမှ လာပြီးပြုစုပေးစရာမလိုဘူး… ငါ့ကိုတစ်ယောက်တည်းထားလိုက်စမ်းပါ…’’
အမျိုးသားသည် အားပါးတရအော်ဟစ်နေပြီး အတော်လေးဒေါသထွက်နေပုံရသည်။ တခြားသူတစ်ယောက်သာဆို ချက်ချင်းပင်ထွက်ပြေးသွားလောက်ပြီဖြစ်သည်။
သို့သော် ထန်ချောင်းချောင်းသည် သံယောက်ချို ကလန်အဖွဲ့ဝင် တစ်ဉီးဖြစ်သည့်အတွက် လုံးဝအရှုံးမပေးနိုင်ပေ။ ( ကလန်တွင် သူမ တစ်ဉီးတည်းရှိပေမယ့်လည်းပေါ့ )
သူမ ကြမ်းပြင်ပေါ်ရှိအစားအသောက်များ ပန်းကန်ပြားများကိုရှောင်ကာ အိပ်ခန်းထဲသို့ လမ်းလျောက်ဝင်လိုက်သည်။ နေ့အချိန်ဖြစ်သော်လည်း အခန်းကို လိုက်ကာများဖြင့်ကာထားသောကြောင့် အလင်းမဝင်နိုင်ပေ။ လျောက်လမ်းမှ အလင်းရောင်ကြောင့်သာ အထဲကိုမြင်ရခြင်းဖြစ်သည်။ သူမ သည် အခန်းအလယ်တွင်ကြီးမားသော အိပ်ယာနှင့် တစ်စုံတစ်ယောက်က အိပ်ယာကိုမျက်နှာမူထိုင်နေသည်ကို တွေ့လိုက်ရသည်။
သူမ ဖြေးညင်းစွာဖြင့် အနားသို့ကပ်လိုက်သည်။ သူမ အနားကပ်လိုက်သည်နှင့် ထူးဆန်းသည့်အနံနှင့် အသီးအရွက်ပုပ် အနံ့များက ထွက်ပေါ်လာသည်။
အမျိုးသားသည် တစ်စုံတစ်ယောက်၏ ခြေသံကိုကြားလိုက်ရသည့်အတွက် သူ့နောက်ကျောသည် ရုတ်တရက်တင်းကြပ်သွားသည်။
‘’ ငါပြောနေတယ်မဟုတ်လား … မစားချင်ဘူးလို့ … ထွက်သွားစမ်း … ‘’
‘’ ဘာမှမစားရင် ရှင့်ခန္ဓာကိုယ်က ဘယ်လိုလုပ်ပြီးပြန်ကောင်းလာမှာလဲ…’’
ရှန်းယွဲ့ အမျိုးသမီးတစ်ဦး၏ ချိုသာသည့်အသံကိုကြားလိုက်ရသည်။ ထိုအသံသည် အန်တီဝမ်မဟုတ်ဘြဲ လွန်ခဲ့သည့်တစ်လခန့်က လက်ထပ်ထားသည့် သူ့ဇနီး၏ အသံပင်ဖြစ်သည်။
‘’ မင်းကို ဘယ်သူဝင်လာခိုင်းလဲ … ထွက်သွားစမ်း … ‘’
ရှန်းယွဲ့ ပြင်းထန်စွာဖြင့် အော်ဟစ်လိုက်သည်။
သို့သော် ထန်ချောင်းချောင်း က သူ၏အသံသည် တစ်စုံတစ်ခုမှားယွင်းနေကြောင်း ခံစားလိုက်မိသည်။ သူ၏အသံသည် ရင်ခေါင်းထဲမှလာပြီး အသက်ရှုသံမှာတိုလွန်းသည်။ သူ အသက်ရှုမဝဖြစ်နေပုံပင်။
ထန်ချောင်းချောင်း တုန့်ဆိုင်းနေပြီးမှ သူ့အခြေအနေကိုသိရန် အနားသို့ကပ်သွားလိုက်သည်။
ရှန်းယွဲ့က အော်ဟစ်လိုက်သည်။
‘’ ရပ်လိုက် … မလှုပ်နဲ့ … ‘’
သူမ ရပ်တန့်သွားသော်လည်း ‘’ ကျွန်မ ရှင့်ကိုဂရုစိုက်လို့ပါ ‘’
ဟုတ်ပါသည်။ ဒီစကားများ သူမ ပါးစပ်ကနေထွက်ပေါ်လာသည်မှာ အနည်းငယ်ရယ်စရာကောင်းလေသည်။ မူလပိုင်ရှင်သည် လက်ထပ်ပြီးသည်နှင့် ရှန်းယွဲ့အခြေအနေအား လျစ်လျူရှုရုံသာမက အိမ်အကူများရှေ့တွင်မရှောင် ကျယ်လောင်စွာဖြင့် မကြာခဏ အေးစက်စွာလှောင်ပြောင်လေ့ရှီသည်။ သူမပြောစကားများကို သူကြားသွားလျင်တောင် လုံးဝဂရုမစိုက်သည့်အပြင့် သူ့အား အလျင်အမြန်ပင် သေစေချင်ခဲ့သည်။
ရှန်းယွဲ့ ဒီမိန်းမ၏ ကြင်နာမှုများကို မယုံကြည်ပေ။ သူ့တွင်ရှိသမျှအားကိုသုံးကာ ကုတင်တဖက်သို့ရောက်အောင် ရွေ့လိုက်သည်။ သူဖျက်စီးထားသောကြောင့် စားပွဲပေါ်တွင် မီးအိမ်မှလွဲ၍ တခြားအရာများမရှိပေ။
သူ မီးအိမ်ကိုလှမ်းဆွဲယူထားကာ ထိုအမျိုးသမီး အနားသို့ထပ်ကပ်လာသည်နှင့် သူမအား မီးအိမ်ဖြင့် ရိုက်ရန် ပလပ်ပေါက်ကိုဆွဲထုတ်ထားလိုက်သည်။
သူ၏ခန္ဓာကိုယ်တဝက်မှာ လေထဲတွင် တန်းလန်းဖြစ်နေသည့်အတွက် ထန်ချောင်းချောင်း ရပ်တန့်သွားပြီး စိုးရိမ်စွာဖြင့်ပြောလိုက်သည်။
‘’ သတိထားဉီး … ပြုတ်မကျစေနဲ့…’’
ပြောပြီးသည်နှင့် ရှန်းယွဲ့သည် ကုတင်ပေါ်မှလိမ့်ကျသွားသည်။
’ ဒီ သောက်မိန်းမကတော့… ဘာလို့ အဲ့လိုပြောနေရတာလဲ ..’
ရှန်းယွဲ့ သူ၏ခန္ဓာကိုယ်အောက်ပိုင်းကို မလှုပ်နိုင်ပေ။ ထို့ကြောင့် သွားကြိတ်ကာ သူ့ခန္ဓာကိုယ်အပေါ်ပိုင်းကို ကုတင်ပေါ်သို့တက်နိုင်ရန် ကြိုးစားလိုက်သည်။
ထန်ချောင်းချောင်း လျင်မြန်စွာလျောက်သွားပြီး ထိုင်ချလိုက်သည်။ သူမ လက်က ရှန်းယွဲ့ကို ထိလိုက်သည်နှင့်တပြိုင်နက် သူက သူမလက်ကောက်ဝတ်ကို တင်းကြပ်စွာဆုပ်ကိုင်လိုက်သည်။
အမျိုးသားလက်သည် ပိန်နေသော်လည်း အားအင်အပြည့်နှင့်ဖြစ်သည်။ သူ၏ မျက်လုံးအစုံသည် သူမကို စူးရဲစွာစိုက်ကြည့်နေသည်။ အခန်းထဲတွင် အလင်းရောင်မှိန်နေသော်လည်း သူ့မျက်လုံးထဲမှ အလင်းရောင်ကို သူမ ခံစားမိသည်။
အေးစက်ပြီး ဓါးမြှောင်ကဲ့သို့ ထက်ရှသည်။
‘ ရက်တွေအများကြီး အစာမစားထားတာတောင်မှ ဒီလောက်ထိ အားသန်နေတုန်းလားဟ …. ‘
‘’ရှင် မလွှတ်ဘူးဆိုရင် ကျွန်မ ဘယ်လိုကူညီရမှာလဲ…’’
ထန်ချောင်းချောင်း သူ့လက်ချောင်းများကို တစ်ချောင်းချင်းစီ ဖြေလိုက်သော်လည်း တစ်ချောင်းလွတ်သည်နှင့် နောက်တစ်ချောင်းက ပြန်ဆုတ်ကိုင်ထားသည်။
သူမ သူ့နဖူးကိုစမ်းလိုက်စဉ် ကြောက်စရာကောင်းသည်အထိ ပူလောင်နေသည်ကို သိလိုက်ရသည်။
သူမ ယခုလိုလုပ်လိမ့်မည်ဟု ရှန်းယွဲ့ ထင်မှတ်မထားပေ။ အေးမြမှုကိုယူဆောင်လာသည့် နူးညံ့သောလက်လေးက သူနဖူးပေါ်ရောက်လာချိန်မှာတော့ သူ ခဏမျှရပ်တန့်သွားသည်။
အဆုံးတွင် ရှန်းယွဲ့သည် လူနာတစ်ဉီးသာဖြစ်သည်။ ထန်ချောင်းချောင်း ကို ကိုင်ထားသည့်သူလက်သည် အချိန်ကြာလာသည်နှင့်အမျှ အားလျော့လာသည်။ ထို့ကြောင့် သူမ သူ့လက်များကိုဖြေလိုက်ရာ သူ့အင်အားကုန်သွားပြီဖြစ်၍ လက်က မြေပေါ်သို့ပြုတ်ကျသွားတော့သည်။ သူသည် သေဆုံးခါနီးသားရဲတစ်ကောင်ကဲ့သို့ မြေပေါ်တွင် လဲကျနေသည်။
သို့သော်လည်း ထန်ချောင်းချောင်း က သူ့အားကူညီရန်ကြိုးစားတိုင်း အဝေးသို့ သူမကိုတွန်းလွှတ်မြဲဖြစ်သည်။
ထန်ချောင်းချောင်း သူ့အားကြည့်ကာ ‘’ ရှင် တချိန်လုံးမြေပေါ်မှာပဲ လှဲနေတော့မှာလား…’’
ရှန်းယွဲ့ သက်ပြင်းရှိုက်ကာ ပြောလိုက်သည်။
‘’ မင်း ကြင်နာချင်ယောင်ဆောင်စရာမလိုပါဘူး…’’
သူ မျက်လုံးများကိုမှိတ်လိုက်သည်။
ထန်ချောင်းချောင်း လက်ကောက်ဝတ်မှာ လက်သီးနှင့်အထိုးခံရသကဲ့သို့ နာလာသည်။