အပိုင်း ၂
Viewers 24k

ထန်ချောင်းချောင်း သူမလက်ကို ရှန်းယွဲ့၏လည်ပင်းနောက်သို့ပို့ကာ နောက်တဖက်ကို သူ၏ဒူးနားမှနေ၍ မင်းသမီးပွေ့ချီသကဲ့သို့ ချီမကာ ကုတင်ပေါ်သို့တိုက်ရိုက်သယ်သွားတော့သည်။
‘’ ကျွန်မ ဒီလိုမျိုးလုပ်ချင်တာ မဟုတ်ဘူးနော် ‘’
အင်းလေ… ဘယ်လိုမျိုး နူးညံ့သိမ်မွေ့တဲ့ မိန်းကလေးက ဒီလိုယောကျာ်းရင့်မာကြီးတစ်ယောက်ကို ပွေ့ချီမှာလဲလို့ ….
‘’ မင်း … မင်း .. ငါ့ကို အခုလွှတ်လိုက်စမ်း ‘’
(T/N : ပြောင်းပြန်တွေဖြစ်ကုန်ပြီ ဟိဟိ )
ရှန်းယွဲ့ ခန္ဓာကိုယ်တစ်ခုလုံးတောင့်တင်းသွားပြီး အရှက်ကွဲသလိုခံစားလိုက်ရသည်။ သို့သော်လည်း ထန်ချောင်းချောင်း လက်များမှာ သံချောင်းကဲ့သို့မာကျောလွန်းလှသည့်အတွက် သူ လုံးဝမလှုပ်ရှားနိုင်ပေ။ နဂိုကတည်းက သူခေါင်းမူးနေသည့်အတွက် ယခုလိုလှုပ်ရှားမှုမျိုး လုပ်လိုက်ရချိန်တွင်ရုတ်တရက် သတိလစ်သွားတော့သည်။
ထန်ချောင်းချောင်း က သူ့အား ကုတင်ပေါ်သို့တင်ပြီး တီးတိုးရေရွတ်လိုက်မိသည်။
‘’ ရှင်က အတော်လေးပေါ့နေတာပဲ’’
အမျိုးသားသည် အမည်းရောင်ညဝတ်အကျီကို ဝတ်ဆင်ထားပြီး အရိုးပေါ်အရေတင်မတတ် ပိန်ပါးလွန်းလှသည်။ သူမ သူ့လက်များကိုဆုပ်ကိုင်လိုက်ချိန်တွင် အရိုးများကိုသာ ခံစားလိုက်ရသည်။
ဘေးရှိမီးအိမ်ကို သူမ ဖွင့်လိုက်ပြီးနောက် အမျိုးသား၏အသွင်အပြင်ကို ရှင်းလင်းစွာတွေ့လိုက်ရသည်။
သူ၏မျက်နှာတွင် နှုတ်ခမ်းမွှေးများရှိနေပြီး နှုတ်ခမ်းများကိုပါဖုံးအုပ်နေကာ အသားအရေမှာဖျော့တော့နေသည်။ ထို့အပြင့် သူ၏ နဖူးပေါ်တွင်လည်း ချွေးများဖြင့်ပြည့်နှက်နေသည်။
သူမ အခန်းထဲကိုဝေ့ကြည့်ပြီး သူ့မျက်နှာကို သုတ်ပေးရန်အတွက် ရေချိုးခန်းထဲသို့ဝင်ကာ သဘက်တစ်ထည်ရှာလိုက်သည်။
နူးညံ့သောလက်တစ်စုံက သူ၏မျက်ခုံးများကို ထိတွေ့နေသည်ဟု ရှန်းယွဲ့ခံစားလိုက်ရဿည်။ သူ့မျက်နှာပေါ်သို့ တစ်ချို့သောအပူငွေ့များရောက်လာသည့်အတွက် နှလုံးသားထဲမှ သက်သောင့်သက်သာဖြစ်မှုကို ခံစားလိုက်ရသည်။
ထန်ချောင်းချောင်း သူ့မျက်နှာကို သုတ်ပေးရင်း ရေရွတ်လိုက်မိသည်။
‘’ ကြည့်ကောင်းတဲ့သူတွေက တိတ်တိတ်ဆိတ်ဆိတ်နဲ့ နေနေရင်တောင် ကြည့်ကောင်းနေတုန်းပါပဲလား…’’
ရှန်းယွဲ့ မျက်နှာသည် အနည်းငယ်ပိန်သွယ်သည်။ သူ့တွင် နက်ရှိုင်းသောမျက်အိတ်များရှိပြီး မြင့်မားသောနှာတံရှိကာ ကွေးညွှတ်ခြင်းမရှိ ဖြောင့်တန်းနေသော နှုတ်ခမ်းပါးတစ်စုံရှိသည်။
သူ၏ မျက်ဝန်းများသည် နက်မှောင်ကာတောက်ပနေသည်။ သူ သူမကိုကြည့်သည့်အချိန်တွင် သူ့မျက်လုံးများက သူမကိုစုပ်ယူတော့မည်ဟုပင် ခံစားရသည်။
‘’ ရှင် နိုးပြီလား ‘’
သူမ ရှန်းယွဲ့ မျက်ဝန်းများပွင့်လာသည်ကိုကြည့်ရင်း စိတ်သက်သာရာရစွာဖြင့် ပြောလိုက်သည်။
‘’ ကျွန်မက ရှင်မူးလဲသွားတယ်ထင်နေတာ ‘’
ရှန်းယွဲ့ နိုးလာသည်နှင့်တပြိုင်နက် ပတ်ဝန်းကျင်တစ်ခုလုံးကို လေးလံသည့်ဖိအားများထုတ်လွှတ်ကာ ချက်ချင်းပင်ပြောလိုက်သည်။
‘’ထွက်သွား…’’
ထန်ချောင်းချောင်း လက်ထဲမှအဝတ်စကို ပစ်ချလိုက်ရင်း ‘’ ရှင် က ကျေးဇူးမသိတတ်တဲ့ခွေးလိုပဲ… လူကောင်းတွေကို မသိတတ်ဘူး…’’
‘’ လူကောင်း… ဟုတ်လား…’’
ရှန်းယွဲ့ ၏ပါးလျသောနှုတ်ခမ်းများက မြင့်တက်သွားသည်။
‘’ မင်း ငါ့ကိုလက်ထပ်ရတဲ့ရည်ရွယ်ချက်ကို လူတိုင်းသိတယ်… အဲ့ဒီတော့ ဟန်ဆောင်နေဖို့ မလိုဘူး….’’
သူက အခန်းတံခါးဝသို့ညွှန်ပြလိုက်ရင်း ‘’ အခုချက်ချင်း အခန်းထဲကထွက်သွားစမ်း…’’
‘’ဘာပြောတယ်… ရှင်သေချင်နေတာလား… ရှင်အစာ မစားချင်လို့လား ဒါမှမဟုတ် တစ်ယောက်ယောက်ခေါ်ပြီး ဖျားနေတဲ့ ရှင့်ကိုလာကြည့်စေချင်နေတာလား…’’
ထန်ချောင်းချောင်း သူ့ကို သနားစွာဖြင့်ကြည့်လိုက်သည်။
‘’ ရှင်ဖြစ်ချင်သလို ပေးဖြစ်မှာမဟုတ်ဘူး… တကယ်လို့ ရှင်သေသွားရင် ကံမကောင်းတဲ့သူက ကျွန်မပဲဖြစ်လိမ့်မယ်’’
မူလကိုယ်သည် ရှန်းယွဲ့ကိုလက်ထပ်ပြီး ချမ်းသာသည့်မိသားစုအပေါ် တွယ်တက်ခဲ့သည်ဟု ဆိုနိုင်သည်။ သူမ ခင်ပွန်းသည် မသန်စွမ်းအောက်ပိုင်းသေနေသူဖြစ်သည်။ သူသာသေဆုံးသွားလျင် များပြားလှသောအမွေများ သူမ ရမည်ဖြစ်သည်။
သို့သော်လည်း ရှန်းမိသားစုသည် ထိုကဲ့သို့အဖြစ်ခံမည်မဟုတ်ပေ။ ၂ နှစ်အတွင်းရှန်းယွဲ့သာ သေဆုံးသွားပါက ထိုအမွေများကို တပြားတစ်ချပ်မျှ မရရုံသာမက အဆုံးမရှိသော ဒုက္ခများနှင့်ရင်ဆိုင်ရမည်ဖြစ်သည်။
ဝတ္တုထဲရှိ အရေးအကြီးဆုံးအချက်မှာ ရှန်းယွဲ့သည် သူကိုယ်သူနှိပ်စက်ရင်း မသေဆုံးသည့်အပြင် ပို၍ပုံမှန်မဟုတ်ဖြစ်လာသည်။ နောက်ပိုင်းတွင် သူသည် ရှန်းမိသားစု၏ပိုင်ဆိုင်မှုအတွက် အဓိကဇာတ်လိုက်နှင့် ယှဉ်ပြိုင်ခဲ့လေသည်။ မူလပိုင်ရှင်၏ သေဆုံးမှုသည်လည်း သူနှင့်ပတ်သတ်နေသည်။
ယခုအချိန်တွင် သူသည် အစာမစား ရေမသောက်သလို ဆရာဝန်လည်း အတွေ့မခံပေ။ သူ့ကိုယ်သူ နှိပ်စက်နေပုံရပြီး အနာဂါတ်တွင် သူမပင် အပြစ်တင်ခံရပေလိမ့်မည်။
ရှန်းယွဲ့ ပြောလိုက်သည်။
‘’ အဲ့ဒီတော့ မင်းက အဲ့လောက်လဲတုံးအ မနေဘူးပဲ…’’
သူသည် မူလပိုင်ရှင်၏တုံးအမှုကို အပြစ်တင်နေမှန်းသိသော်လည်း အကြောင်းပြချက်မရှိ သူမအား အပြစ်တင်နေသည်ဟူ၍လည်း ခံစားမိသည်။
ထန်ချောင်းချောင်း ကုတင်ဘေးတွင်ပြန်ထိုင်လိုက်သည်။
‘’ ဒါဆို ကျေးဇူးပြုပြီး ကောင်းကောင်းပူးပေါင်းပေးပါလား… ကျွန်မရှင့်အကျီကိုအရင်လဲပေးမယ်… ချွေးတွေနဲ့ရွဲနစ်နေပြီမဟုတိလား …’’
သူမ သူ့လည်ပင်းကိုမတိတွေ့ခင်မှာပင် သူမလက်များရိုက်ချခံလိုက်ရသည်။
‘’ ငါ့ကို မထိနဲ့…’’
ရှန်းယွဲ့ နှုတ်ခမ်းများကိုတင်းတင်းစေ့ထားကာ သူ၏မျက်နှာမှာလည်း ရေခဲပြင်အလား အေးစက်လို့နေသည်။
ထန်ချောင်းချောင်းက သူ့လက်ကိုပြန်ကိုင်လိုက်ရင်း ‘’ ရှင် ကျွန်မကိုခုခံနိုင်လို့လား… ယောကျာ်းနဲ့ မိန်းမကြားက ကွာခြားမှုကြောင့် ရှင်ရှက်နေတာလား…’’
သူမသည် ယခုလေးတင်မှ လူသားဖြစ်လာသည့်အတွက် လူ့စည်းမျဉ်းများကို သိပ်သဘောမကျပေ။
ရှန်းယွဲ့ သူမကို စိုက်ကြည့်နေသည်။
‘’ ဒါဆို အန်တီဝမ်ကို ကျွန်မသွားခေါ်လိုက်မယ်…’’
‘’ ငါ ဘယ်သူ့ကိုမှမလိုဘူး…’’
ထန်ရှောင်းရှောင်း သူမ၏အကျီလက်များကို ခေါက်တင်လိုက်သည်။
‘’ကျွန်မလုပ်ပေးရမလား ဒါမှမဟုတ် အန်တီဝမ်ကို လုပ်ခိုင်းမလား … မဟုတ်ရင် ရှင်ရေချိုးဖို့ ကျွန်မ ရှင့်ကိုကူရလိမ့်မယ်’’
ရှန်းယွဲ့ သူ့ရှေ့ရှိ အမျိုးသမီးကို စူးစူးရဲရဲ စိုက်ကြည့်လိုက်သည်။ သူမ သူ့ကိုနှိပ်စက်ဖို့ ရောက်လာသည်မှာ အသေအချာပင်။
ထိုအမျိုးသမီးက ရဲရဲတင်းတင်းပြန်ကြည့်နေသည့်အတွက် သူ ခဏလောက် တိတ်ဆိတ်သွားရသည်။ ခဏကြာပြီးနောက် သူက ခပ်တိုးတိုးသာပြောလိုက်သည်။
‘’ အန်တီဝမ်…’’
‘’ အစောကြီးကတည်းက အဲ့လိုပြောလိုက်ရင် ပြီးနေတာကို ‘’
ထန်ရှောင်းရှောင်း ပြုံးလျက် အောက်ထပ်ဆင်းသည့်လှေကားနားသို့ အလျင်အမြန်ပြေးသွားကာ အန်တီဝမ်ကို အပေါ်ထပ်တက်လာရန် ခေါ်လိုက်သည်။
အန်တီဝမ်သည် သူမတို့နှစ်ယောက်သား စကားများမည်ကို စိုးရိမ်တကြီးဖြင့် အောက်ထပ်မှစောင့်ကြည့်နေသည်။ သို့သော်လည်း သူမဝင်လာချိန်မှာတော့ သူမ၏ဆရာသည် အိပ်ယာပေါ်တွင် ငြိမ်သက်စွာလှဲပြီး မျက်နှာထားမှာလည်း အလွန်တည်ငြိမ်နေလေသည်။
ထို့အပြင့် သူမ၏ မဒမ်မှာ အပြုံးလေးဖြင့် ခါးထောက်ထားရင်း ပြောနေသည်။
‘’ အန်တီဝမ်… ကျေးဇူးပြပြီး ဆရာဝန်အရင်ခေါ်လိုက်ပါ… ကျွန်မတို့မှာ မိသားစုဆရာဝန် ရှိတယ်မဟုတ်လား….’’
‘’ ဟုတ်... ဟုတ်… ‘’ အန်တီဝမ်သည် ရှန်းယွဲ့အား ကြည့်ရင်း တုန့်ဆိုင်းစွာဖြင့် ပြန်ဖြေလိုက်သည်။
‘’ ဘာဖြစ်လို့လဲ…’’
‘’ မင်း ဆရာဝန်ခေါ်ဖို့မလိုဘူး….’’
‘’ဘာလို့လဲ… ရှင်ဖျားနေတာမဟုတ်လား…’’
‘’ ငါ မလိုဘူးလို့ပြောရင် မင်းခေါ်ဖို့မလိုဘူးပေါ့… ထန်ချောင်းချောင်း… မင်းငါ့ကိုလာမရှုပ်ချင်ဘူး မဟုတ်လား…’’
ရှန်းယွဲ့ ရင်ထဲတွင် ဒေါသများ ထိန်းမရဖြစ်နေတော့သည်။
လွန်ခဲ့သော တစ်နှစ်ခွဲ့က ရှန်းယွဲ့ ကားအက်စီးဒင့်ဖြစ်ခဲ့ကြောင်းကို သူမ သတိရမိသည်။ ပထမတွင် သူ၏ခြေထောက်များမှာ ခံစားချက်အနည်းငယ်ရှိနေသေးသည်။ ထိုအချိန်တွင် သူသည် ကမ္ဘာတဝှမ်းရှိထိပ်တန်းဆရာဝန်များ၏ ကုသမှုကို ခံယူခဲ့သည်။ သို့သော် နည်းအမျိုးမျိုးဖြင် စမ်းသပ်ခဲ့ပြီးနောက် အလုပ်မဖြစ်ခဲ့ပေ။ ဆန့်ကျင်ဘက်အနေဖြင့် ထိုကုသမှုများက သူ့အားနှိပ်စက်ခဲ့သည်။ သူ့ခန္ဓာကိုယ်နာကျင်ရသကဲ့သို့ ခံစားချက်များမှာလည်း ထိခိုက်ခဲ့ရသည်။
နောက်ပိုင်းတွင် သူ၏ခြေထောက်များမှာ ထုံလာပြီး မည်သည့်ခံစားမှုမျိုးကိုမှ မခံစားရတော့ပေ။
ထိုအချိန်မှစ၍ ရှန်းယွဲ့သည် ဆရာဝန်များနှင့် တွေ့ဆုံရန် ငြင်းဆန်ခဲ့လေသည်။ သူသည် မည်သည့်ဆရာဝန်ကိုမှ မယုံကြည်တော့ပေ။ တကြိမ်ကဆိုလျင် အဖျားကြောင့် သေမလိုပင်ဖြစ်သွားခဲ့ရသည်။
ထန်ချောင်းချောင်း ထိုအချက်ကိုတွေးပြီးနောက် ‘’ ဒါဆိုလဲ အန်တီဝမ်… သူကို ညအိပ်ဝတ်စုံနောက်တစ်ထည် လဲပေးလိုက်ပါ… ပြီးရင် စောင်နဲ့ အိပ်ယာခင်းတွေကိုပါ လဲလိုက်… အခန်းကိုလဲ သန့်ရှင်းရေးလုပ်ဦး… နေထုတ်လှမ်းတာက ပိုကောင်းလိမ့်မယ်…’’
အခန်းထဲတွင် တနှစ်ပတ်လုံး နေရောင်ခြည်မရှိသည့်အတွက် ထူးဆန်းသည့်အနံ့အသက်ရှိနေသည်။
အန်တီဝမ်သည် သူမကိုကြည့်ပြီးနောက် ရှန်းယွဲ့ကို ထပ်ကြည့်လိုက်ပြန်သည်။
‘သူ ဘာမှမကန့်ကွက်ဘူးပေါ့… ထူးဆန်းလိုက်တာ… အခုဒီမှာ ဘာတွေဖြစ်သွားပါလိမ့်… ‘
ရှန်းယွဲ့အား ပြုစုစောင့်ရှောက်ရန် ဒီကိုရောက်ကတည်းက သူမ တစ်ခါမှ ရှန်းယွဲ့အိပ်ခန်းကို သေချာစွာ သန့်ရှင်းရေး မလုပ်ပေးဖူးပေ။
ရှန်းယွဲ့ မျက်လုံးမှိတ်ထားလိုက်သည့်အတွက် အတော်လေးအသက်ရှုရလွယ်သွားသည်။ သူ ထိုမိန်းမကို အခန်းထဲမှ အလျင်အမြန်ထွက်သွားစေလိုသည်။ သူမ၏ တည်ရှိမှုသည် သူ့အား အတော်လေးခေါင်းကိုက်စေသောကြောင့်ဖြစ်သည်။
အန်တီဝမ်သည် သူမ အလုပ်ကိုမစခင် ထန်ေချာင်းေချာင်းအား ကြည့်လိုက်သည်။
ထန်ချောင်းချောင်း သူမ အကြည့်နှင့်ဆုံသွားသည့်အတွက် မျက်တောင်ခတ်လိုက်ရင်း ‘’ ရှင် စလို့ရပြီနော် အန်တီဝမ်’’
‘မဒမ်က ဒီမှာဆက်နေဦးမှာလား’
အန်တီဝမ် နှလုံးသားထဲမှ တွေးလိုက်မိသည်။
‘’မင်း အခု အခန်းထဲကသွားလို့ရပြီ’’
ရှန်းယွဲ့၏ အေးစက်သည့်အသံက ထွက်ပေါ်လာသည်။
အန်တီဝမ်ကလည်း ‘’ မဒမ်… ဒီမှာ ကျွန်မရှိနေရင် လုံလောက်ပါပြီ… မဒမ် ကိုယ့်ကိုကိုယ် သန့်ရှင်းရေးသွားလုပ်လို့ရပါပြီ…’’
‘’ ကျွန်မ လုပ်ဖို့မလိုဘူး… အကုန်ဆင်ပြေတယ်…’’
‘’တစ္ဆေလို ညစ်ပတ်လိုက်တာ…’’
ရှန်းယွဲ့ မျက်လုံးမဖွင့်ဘဲ အေးစက်သည့်စကားတစ်ချို့ကို ထုတ်ပြောလိုက်သည်။
‘’ ဘယ်လိုဖြစ်နိုင်မှာလဲ…’’
ထန်ချောင်းချောင်း သူမမျက်နှာကိုထိလိုက်စဉ် အဖြူနှင့်အမည်းများ သူမလက်ပေါ်တွင် ပေကျံနေသည်ကိုတွေ့လိုက်ရသည်။ သူမ လက်မောင်းကိုမြှောက်ကာ အနံ့ခံလိုက်ရာတွင် အရက်နှင့်ချွေးနံ့ရောနေသော ထူးဆန်းသည့်အနံ့ကိုရလိုက်သည်။
‘’ပုပ်နံ့ထွက်နေတာ’’ အမျိုးသားသည် ညှာတာမှုမရှိစွာဖြင့် ဆက်ပြောလိုက်သည်။
‘’အား …’’
သူမ ထိတ်လန့်စွာဖြင့် အော်ဟစ်လိုက်ပြီး ချက်ချင်းပင် အောက်ထပ်သို့ဆင်းကာ အခန်းထဲသို့ ပြေးဝင်သွားတော့သည်။
သူမ မှန်ရှေ့တွင်ရပ်နေမိသည်။ မှန်ထဲမှ အမျိုးသမီး၏ မျက်နှာပေါ်တွင် မိတ်ကပ်များပေပွနေသည်။ eyeliner နှင့် mascara မှာ တသားတည်းထပ်တူကျနေသည်။ အမည်းရောင်အကွက်များမှာ သူမ ပါးပြင်ပေါ်တွင်ရှိနေပြီး သူမ မျက်နှာတစ်ခုလုံး အမှန်တကယ်ညစ်ပါတ်နေလေသည်။
ဟုတ်ပါသည်။ မူလပိုင်ရှင်သည် မနေ့က ရှန်းလျန့်ကို ဟိုတယ်တွင် ရှက်ရွံ့စွာဝန်ခံခဲ့သည်။ အိမ်သို့ပြန်လာပြီးနောက် သူမသည် အရက်များအလွန်အကျွံသောက်ပြီး မိတ်ကပ်မဖျက်သလို ရေလည်းမချိုးခဲ့ပေ။ ထို့နောက် အရက်ကြောင့် အိပ်ပျော်သွားပြီး ပြန်နိုးလာချိန်တွင် သူမ ဖြစ်လာခဲ့သည်။
ထန်ချောင်းချောင်း သူမခန္ဓာကိုယ်မှ ရွံ့ရှာဖွယ်ရာကောင်းသော အနံ့ကို ရှုလိုက်မိသည်။ သူမ ချက်ချင်းပင် ရေကန်ထဲတွင် နာရီဝက်ခန့်စိမ်လိုက်သည်။ ထို့နောက် ခေါင်းစခြေဆုံး သန့်ရှင်းရေးလုပ်လိုက်ပြီး မက်မွန်သီးပုံပါသည့် ညအိပ်ဝတ်စုံကိုရွေးဝတ်လိုက်သည်။ ထိုအချိန်တွင် သူမ၏ ပုံရိပ်သည် မှန်ထဲတွင် သိသာစွာပြောင်းလဲသွားတော့သည်။
မူလပိုင်ရှင်သည် အလွန်ညံ့ဖျင်းသော အမြင်ရှိသည်။ သူမသည် အနီရောင်နှင် ခရမ်းရောင် အဆင်များဝတ်ရသည်ကိုနှစ်သက်ပြီး မျက်နှာကို ထူပိန်းသည့် မိတ်ကပ်များဖြင့် ခြယ်သရသည်ကို နှစ်သက်လေသည်။ ထိုအပြင်အဆင်ကြောင့်ပင် သူမ၏ အလွန်တုံးအ ညံ့ဖျင်းမှုကို netizens များကဝေဖန်ကြခြင်းဖြစ်သည်။
တကယ်တမ်း သူမတွင် ဖျော်ဖြေရေးနယ်ပယ်အတွက် သင့်လျော်သည့် အနက်ရောင်ဆံပင်နှင့် မက်မွန်ပန်းသဏန်မျက်လုံးများရှိသည်။ သူမ၏ မျက်လုံးအစွန်းသည် အနည်းငယ်မြင့်တက်နေပြီး ဘဲဥပုံမျက်နှာပေါ်တွင် ဂုဏ်ယူဖွယ်တည်ရှိနေသည်။ သူမမျက်နှာလေးသည် ပြုံးလိုက်ချိန်တွင် မျက်ခုံးမျက်လုံးများမှာ ကွေးတက်သွားပြီး သူမ မပြုံးသည့်အချိန်တွင် ချစ်စရာကောင်းသည့် ဆွဲဆောင်မှုမျိုးကို ပြသနေသည်။
သို့သော်လည်း သူမသည် ထိုမျက်နှာလေးကို ပုံစံမကျသည့် မိတ်ကပ်များဖြင့် ဖုံးအုပ်ထားခဲ့သည်။
သူမကိုယ်သူမ သန့်ရှင်းအောင်လုပ်ပြီးနောက် မီးဖိုချောင်ထဲသို့ တန်းတန်းမတ်မတ် ဝင်ရောက်သွားတော့သည်။
အန်တီဝမ်သည် မီးဖိုချောင်ထဲတွင် အလုပ်ရှုပ်နေပြီး သူမ ဝင်လာသည်ကိုမြင်သောအခါ အံ့အားသင့်သွားသည်။
ထန်ချောင်းချောင်း က စိတ်လှုပ်ရှားစွာဖြင့်ပြောလိုက်သည်။
‘’ဘာဖြစ်လို့လဲ.. ကျွန်မ မျက်နှာမှာ တစ်ခုခုပေနေလို့လား’’
‘’ မဟုတ်ပါဘူး… မဒမ် ဒီလိုမျိုး ဝတ်စားထားတာကို ပထမဆုံးမြင်ဖူးလို့ပါ…. ပိုကြည့်ကောင်းလို့လေ… အိုး… အရင်က မဒမ်မလှဘူးလို့ ပြောချင်တာမဟုတ်ဘူးနော်…
အန်တီဝမ်က အလျင်အမြန် ရှင်းပြသည်။
‘’ရပါတယ်… ကျွန်မ အရင်က ပုံဆိုးပန်းဆိုးတွေ ဝတ်တာပဲကို…’’’
ထန်ချောင်းချောင်း သူမလက်ကိုယမ်းကာ စိတ်မဆိုးကြောင်း ပြသလိုက်သည်။
အန်တီဝမ်က စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချလိုက်သည်။ ဒီနေ့ မဒမ်တစ်ယောက် အများကြီးပြောင်းလဲသွားသည်ဟု သူမ ခံစားမိပြီး ယခုလိုပြောင်းလဲသွားသည်ကို သူမ သဘောကျသည်။
‘’ မဒမ်… ကျွန်မ ဆရာရဲ့ အကျီနဲ့ အိပ်ယာခင်းတွေကို လဲပြီးပြီ… အခုက သူ့အတွက် စားစရာလုပ်ပေးမလို့… မဒမ်ကော ဘာစားချင်လဲ…’’
ထန်ချောင်းချောင်း က မီးဖိုချောင်ကို သေချာကြည့်လိုက်ပြီးနောက် ‘’ ရှင်သွားနားလိုက်ပါဦး… ကျွန်မ သူ့အတွက် ချက်ပေးလိုက်မယ်…’’
အန်တီဝမ်က အံ့ဩတကြီးမေးလိုက်သည်။
‘’မဒမ်က ဘယ်လိုချက်လဲဆိုတာ သိတယ်လား…’’
ထန်ရှောင်းရှောင်းက ဂုဏ်ယူစွာဖြင့် ပြုံးလိုက်ရင်း ‘’ ဒါက ကျွန်မရဲ့ အလုပ်အဟောင်းပဲလေ…’’
သံယောက်ချိုမှာ ဘာအသက်မွေးဝမ်းကျောင်းရှိရမှာလဲ…. သေချာပေါက် ဟင်းချက်တာပဲပေါ့…
အန်တီဝမ် ထွက်သွားပြီးနောက် သူမ ရေခဲသေတ္တာကိုဖွင့်လိုက်သည်။ အထဲတွင် လတ်ဆတ်သော ဟင်းချက်စရာများ အပြည့်ရှိနေသည်။
ရှန်းယွဲ့ ဖျားနေသည့်အတွက် လတ်ဆတ်သည့်အစားအစာများကို စားသည်မှာပိုကောင်းမည် မဟုတ်ပါလား…
Xxxxxxx