အပိုင်း ၃
Viewers 24k

Chapter 3


ထန်ချောင်းချောင်း ကျင့်ကြံခြင်းနယ်မြေတွင်ရှိစဉ်က ဆရာအဆင့်စားဖိုမှုးသည် သူမကိုအသုံးပြုကာ ထောင်ပေါင်းများစွာသောလူများအတွက် ချက်ပြုတ်ခဲ့သည်။ bigu အဆင့်မရောက်သေးသော တာအိုဆရာများအတွက် အစားအစာသည် ကျင့်ကြံခြင်းတွင် လိုအပ်ချက်တစ်ခုဖြစ်ခဲ့သည်။ သံယောက်ချိုဖြင့် ချက်ပြုတ်ထားသော အစားအစာမှတဆင့် သူတို့သည် တည်ငြိမ်သောဝိညဉ်စွမ်းအင်များကို ရရှိကြလေသည်။


(bigu သည် တာအိုဆရာများ၏ အစားမလိုသောနည်းလမ်းတစ်ခုဖြစ်သည်။ ကျင့်ကြံပြီး အဆင့်တစ်ခုသို့ရောက်သည်နှင့် ပတ်ဝန်းကျင်ရှိ ဝိညဉ်စွမ်းအင်များကိုစုပ်ယူကာ စွမ်းအင်များကိုရကြသည်။ ထိုသူတို့အတွက် အစာစားဖို့မလိုအပ်တော့ပေ။)


သူမသည် သံယောက်ချိုတစ်ခု မဟုတ်တော့သော်လည်း သူမလက်များကိုဖြန့်လိုက်သည်နှင့် ဝိညဉ်စွမ်းအင်များသည် သူမလက်ဖဝါးမှတဆင့်စီးဝင်လာသည်။


လက်မှတဆင့်အော်ရာများကို စုပ်ယူပြီးနောက် ထိုစွမ်းအင်များကို သံယောက်ချိုအသွင်သို့ပြောင်းလဲလိုက်သည်။


ဝိညဉ်စွမ်းအင်များသည် သူမလက်ဖဝါးကို သတိရနေသကဲ့သို့ ပွတ်သပ်လိုက်လေသည်။


‘’ နင် ငါ့ဘက်မှာရှိနေမှတော့ စိတ်သက်သာရာရသွားပါပြီ’’


စွမ်းအင်က ပျော်ရွှင်သွားဟန်ဖြင့် နှစ်ချက်ခန့်ထခုန်ပြသည်။ ထန်ချောင်းချောင်းပြုံးလိုက်ပြီး သူမလက်လေးဖြင့်ဆွဲထားလိုက်သည်။


သူမ ရေခဲသေတ္တာထဲမှ ပါဝင်ပစ္စည်းများကိုကြည့်လိုက်သည်။ သူမ ခဏလောက်စဉ်းစားပြီးနောက် လက်ဖဝါးအရွယ် ရွှေဖရုံသီးတစ်လုံးကိုထုတ်ယူလိုက်သည်။ ထို့နောက် ရွှေဖရုံသီးကိုလှီးကာ အစေ့များကိုထုတ်ပြီး အတုံးသေးလေးများအဖြစ်တုံးသည်။ ထို့နောက် အိုးထဲတွင် ပေါင်းထားလိုက်သည်။ သူမ ရေခဲသေတ္တာထဲမှ လိမ္မော်ရောင်ပြောင်းဆန် လက်တစ်ဆုပ်ကိုယူကာ ဆေးကြောလိုက်သည်။ ထိုပြောင်းဆန်များကို မြေအိုးထဲသို့ထည့်ပြီး မီးအေးအေးဖြင့် အချိန်ကြာကြာကြိုလိုက်သည်။


အရံဟင်းပွဲအဖြစ် သူမ ဆန်ပြုတ်စတင်ပြုလုပ်တော့သည်။ ရှန်းယွဲ့ အခန်းဝတွင် လွှင့်ပစ်ထားသော ကြက်ဉမွှေကြော် ဆန်ပြုတ် နှင့် အစိမ်းရောင်အစားအစာများကို သူမ တွေ့ခဲ့သည်။ အန်တီဝမ် အနေဖြင့် လူနာအတွက်သင့်တော်သော ပေါ့ပါးသည့်စားစရာများ ပြုလုပ်ပေးထားသည်ဟု သူမ တွေးလိုက်မိသည်။ သို့သော်လည်း ရှန်းယွဲ့မှာ တစ်လုပ်မျှပင် မစားခဲ့ပေ။


သူတွင် အဖျားရှိသည့်အတွက် ထိုဟင်းပွဲများသည် သူ့ပါးစပ်ထဲတွင် သေချာပေါက် အရသာရှိမည်မဟုတ်မှန်း သူမ သဘောပေါက်လိုက်သည်။ အစားအစာများမှာ အရမ်းကိုပေါ့ပါးနေသည်။ မဟုတ်လျင် သူ၏ အစာစားချင်စိတ်ကို လှုံ့ဆော်နိုင်မည်မဟုတ်ပေ။ 


ရေခဲသေတ္တာထဲတွင် တိုဖူးအနည်းငယ် သူမတွေ့လိုက်သည့်အတွက် တို့ဖူးလုံးကြော်လုပ်ပေးရန် တွေးလိုက်မိသည်။ 


သူမ တို့ဖူးများကိုကြေအောင်ချေလိုက်ပြီး ကြက်ဉနှစ်လုံးပစ်ထည့်ကာ ဂျုံအနည်းငယ်ပါထပ်ထည့်လိုက်သည်။ ထို့နောက် အရသာပိုကောင်းစေရန် ငြုပ်ကောင်းမှုန့်ဖြူးပြီး အနှစ်ဖြစ်လာသည့်အထိ မွှေလိုက်သည်။


သူမ တို့ဖူးအနှစ်ကို အလုံးသေးသေးလေးများဖြစ်အောင်လုံးပြီးနောက် လက်ဖဝါးပေါ်တွင် အနည်းငယ်ပြားအောင်လုပ်လိုက်သည်။ ဒယ်အိုးထဲမှ ဆီပူလာသည်နှင့် ထိုတို့ဖူးလုံးများကို ရွှေရောင်သန်းလာသည်အထိ‌ကြော်လိုက်သည်။ 


ချက်ပြုတ်သည့်အသံနှင့်အတူ အရသာရှိသောအနံ့က မီးဖိုချောင်တစ်ခုလုံးကို လွှမ်းခြုံသွားသည်။


‘’ အနံ့က တော်တော်လေးကောင်းတာပဲ…’’


 တကယ်တမ်းတွင် အန်တီဝမ်သည် သူမ၏မဒမ် မီးဖိုချောင်အား မီးရှို့ပစ်မည်ကိုစိုးသောကြောင့် အပြင်မှစောင့်နေခြင်းဖြစ်သည်။


မမျှော်လင့်စွာဖြင့် သူမစောင့်နေခဲ့သော်လည် မည်သည့်ကြီးမားသောကိစ္စတစ်ခုမျှ ဖြစ်မလာခဲ့ပေ။ ထိုအစား မွှေးပျံ့သည့်ရနံ့များသာ မီးဖိုချောင်ထဲမှ ပြန့်လွင့်လာသည်ကို သိလိုက်ရသည်။


‘’ ဒီကိုလာပြီး မြည်းကြည့်ပါဦး…’’


သူမ ပန်းကန်ပြားထဲသို့ ကြော်ထားသောတို့ဖူးလုံး ၃-၄ လုံးခန့်ထည့်လိုက်သည်။


အန်တီဝမ်သည် လက်ကိုယမ်းလိုက်ရင်း ‘’ မမြည်းတော့ပါဘူး… ဒါတွေက ဆရာအတွက်မဟုတ်လား…’’


‘’သူ အများကြီးမစားနိုင်ပါဘူး…’’


ထန်ချောင်းချောင်း ပြောရင်းဖြင့် သူမ၏အားနေသော နောက်လက်တစ်ဖက်က တို့ဖူးလုံးတစ်လုံးကိုကောက်ယူပြီး ပါးစပ်ထဲပစ်ထည့်လိုက်သည်။ တို့ဖူးကြော်၏အပြင်ဘက်ပိုင်းကို ကြွပ်ရွသည့်အထိကြော်ထားသော်လည်း  အတွင်းပိုင်းသည် နူးညံ့ပြီး အရည်ရွှမ်းနေသည်။ အိုးထဲမှထွက်လာသည်မှာ မကြာသေးသည့်အတွက် အပူချိန်ကိုထိန်းသိမ်းထားပြီး အတော်လေးပူနေသေးသည်။


ထန်ချောင်းချောင်း အသက်ရှုရှိုက်လိုက်ပြီး အန်တီဝမ်အား လာစားရန် မျက်လုံးဖြင့်ဖိတ်ခေါ်လိုက်သည်။


သူမ ဝါးစားလေလေ မွှေးရနံ့မှာထွက်ပေါ်လာလေဖြစ်သည်။ 


အန်တီဝမ်လည်း တံတွေးမျိုချလိုက်ပြီး သူမ၏ကိုယ်ပိုင်စည်းမျဉ်းကိုချိုးဖောက်လိုက်တော့သည်။ သူမ တူတစ်စုံကိုယူကာ တစ်လုံးမြည်းကြည့်လိုက်သည်။


သူမ မျက်လုံးများချက်ချင်းပင် ပြူးကျယ်သွားသည်။ ဒီတို့ဖူးက သူမအရင်ဝယ်ထားတဲ့ဟာပဲမဟုတ်လား… ဘာလို့ သူမချက်တာနဲ့ အရသာမတူရတာလဲ….


‘’ဒါက လုံးဝကိုအံ့ဩစရာပဲ…’’


‘’အရမ်းစားကောင်းတယ်’’ အန်တီဝမ် ရိုးသားစွာဖြင့်သက်ပြင်းချလိုက်သည်။ ဒီတစ်ကြိမ်မှာတော့ ဟင်းချက်ခြင်းသည် မဒမ်၏တကယ်အသက်မွေးဝမ်းကြောင်း အလုပ်ဖြစ်သည်ကို လက်ခံလိုက်တော့သည်။


ထန်ချောင်းချောင်း ခပ်ရေးရေးပြုံးလိုက်မိသည်။ သူမ၏ဘဝတွင် အဖြစ်ချင်ဆုံးဆန္ဒမှာ ဟင်းချက်ခြင်းနှင့် နူးညံ့သိမ်မွေ့သော မိန်းကလေးတစ်ဦး ဖြစ်လာရန်ဖြစ်သည်။


ယခုဆိုလျင် သူမ၏ အိမ်မက်များပြည့်ဝရန် မခက်ခဲတော့ပေ။


ဒယ်အိုးထဲရှိ တို့ဖူးလုံးများကြော်ပြီးချိန်တွင်  ကြက်သွန်မြိတ်၊ ငြုတ်သီးခြောက်နှင့် ပဲပင်ပေါက်လက်တစ်ဆုပ်တာအပြည့်ကို ရေဆေးလိုက်သည်။ သူမ ပဲပင်ပေါက်များကို မီးပြင်းပြင်းနှင့်ကြော်လိုက်ပြီး ဗနီကာကိုဇွန်းအပြည့်ထည့်ကာ အကြိမ်အနည်းငယ်မွှေလိုက်သည်။


ရွှေဖရုံသီးပေါင်းထားသည့် အနံ့သည်မွှေးပြန့်လာသောကြောင့် ဇွန်းဖြင့်ချေလိုက်သည်။ ထိုအချိန်တွင် ပြောင်းဆန်ပေါ်တွင် အလွှာတစ်လွှာထွက်ပေါ်လာသည့်အတွက် ချေထားသောရွှေဖရုံသီးကို ပြောင်းဆန်ထဲသို့လောင်းထည့်ကာ မွှေလိုက်သည်။ ထို့နောက် မိနစ်အနည်းငယ် ထပ်ပြုတ်လိုက်သည်။ နောက်ဆုံးတွင် ရွှေဖရုံသီးဆန်ပြုတ်တခွက် ရရှိလာသည်။


အန်တီဝမ်သည် ဘာမှမလုပ်ပေးရသည့်အပြင့် သခင်ဖြစ်သူ၏အစားကိုပါ ယူစားမိသည့်အတွက် အပြစ်ရှိသည့်ခံစားချက်ဖြင့် ရှေ့သို့တိုးကာ ပြောလိုက်သည်။


‘’မဒမ်… ကျွန်မ ဆက်လုပ်လိုက်ပါ့မယ်…’’


‘’မလိုဘူး.. ကျွန်မဘာသာပဲ လုပ်မယ်..’’


…………


ရှန်းယွဲ့ အိပ်ယာပေါ်တွင်လှဲနေသည်။ သူ၏အစာအိမ်သည် ဟောင်းလောင်းဖြစ်နေပြီး အချိန်တိုင်းလိုလို အသံမြည်နေသော်လည်း စားချင်သည့်စိတ်ဖြစ်ပေါ်မလာပေ။ အိမ်အကူလုပ်ပေးသည့် အစားအစာများသည် သူကို မအီမသာဖြစ်စေသည်။


ထိုအချိန်တွင် အောက်ထပ်မှ မွှေးပျံ့သောအနံ့က လွှင့်ပျံလာပြီး သူ၏အစာအိမ်ကို ပို၍မသက်မသာဖြစ်လာစေသည်။ ‘ ဒီမိန်းမ ဘာလှည့်ကွက်တွေ လုပ်နေလဲဆိုတာ ဘယ်သူသိမှာလဲ…’


‘’ဒေါက်… ဒေါက်…’’


တံခါးအပြင်မှ ခေါက်သံထွက်ပေါ်လာသည်။


‘’ကျွန်မပါ… ‘’


ထန်ချောင်းချောင်း သူ့ အဖြေကိုမစောင့်ဘဲ အခန်းတံခါးကိုတွန်းကာ ဝင်ရောက်လာသည်။


ရှန်းယွဲ့ အေးစက်သည့်လေသံဖြင့်ပြောလိုက်သည်။ 


‘’ မင်းကို ဘယ်သူကဝင်လာခိုင်းလို့လဲ…’’


ထန်ချောင်းချောင်း သူ၏အတွေးများကို ထပ်ဂရုမစိုက်တော့ပေ။ သူမ စားစရာများကို စားပွဲပေါ်သို့တင်ကာ ပြတင်းပေါက်မှလိုက်ကာများကို ဆွဲဖွင့်လိုက်သည်။


‘’ ရှင်ဘာလို့ လိုက်ကာတွေကိုပိတ်ထားသေးတာလ… လေကောင်းလေသန့်က ရှင့်ခန္ဓာကိုယ်အတွက်ကောင်းတယ်ဆိုတာ မသိဘူးလား’’


လိုက်ကာဖွင့်လိုက်သည်နှင့် တပြိုင်နက် တောက်ပသည့်နေရောင်ခြည်သည် အခန်းတစ်ခုလုံးကိုမှန်မှတဆင့် ဖြတ်သန်းကျရောက်သွားသည်။ အမှောင်ထဲတွင် အချိန်ကြာမြင့်စွာနေလာသည့် ရှန်းယွဲ့သည် နေရောင်ကြောင့် သူ့မျက်လုံးများ ရုတ်တရက်ကျိန်းစပ်သွားပြီး မဖွင့်နိုင်တော့ပေ။ သူ အလင်းရောင်နှင့် နေသားကျရန် အချိန်တစ်ခုယူလိုက်ရသည်။


မျက်လုံးပြန်ဖွင့်လိုက်သည်နှင့် သူ့အရှေ့တွင် ထန်ချောင်းချောင်း၏ မျက်နှာကိုတွေ့လိုက်ရသည်။


သူမသည် အနည်းငယ်စိုစွတ်နေသော ဆံပင်များကို နားရွက်အနောက်သို့ညှပ်ထားသည်။ သူမ၏ ရှင်းလင်းနေသောမျက်နှာသည် ဖြူဖွေးနေပြီး အနည်းငယ်အနီရောင်သန်းနေသည်။ သူမ၏ အနက်ရောင်စပျစ်သီးနှင့်တူသော မျက်လုံးများကို မျက်တောင်ခတ်လိုက်သည်။ ထို့နောက် သူမ နီးကပ်လာသည်နှင့်တပြိုင်နက် သူမကိုယ်မှ သစ်သီးနံ့ကို ရလိုက်သည်။


ထန်ချောင်းချောင်း လက်ကိုယမ်းလိုက်ရင်း ‘’ ဘာဖြစ်လို့လဲ…’’


ရှန်းယွဲ့ ချောင်းခြောက်တစ်ချက်ဆိုးလိုက်ရင်း ခေါင်းကိုတဖက်သို့လှည့်ကာ


‘’ မင်း ဒီကိုဘာလာလုပ်တာလဲ…’’


"ရှင့်အတွက် စားစရာယူလာတာပေါ့… ကျွန်မကိုယ်တိုင်လုပ်ထားတာနော်…’’


သူမ ရွှေဖရုံသီးဆန်ပြုတ်၊ တို့ဖူးလုံးကြော်နှင့် ပဲပင်ပေါက်ကြော်ကို သူ့အရှေ့သို့တွန်းပို့လိုက်သည်။


ရှန်းယွဲ့ မျက်လုံးများပင့်ပြီး တစ်ချက်ကြည့်လိုက်သည်။


‘ ဒါတွေက အခုလေးတွင် အနံ့ရလိုက်တဲ့ဟာတွေလား…. သူမက သူ့အတွက်ချက်ပြုတ်ပေးနေတာလား…’


‘မဖြစ်နိုင်ဘူး… ‘


သူမ ရုတ်တရက်ဒီလိုကြင်နာတတ်လာမယ်ဆိုတာ သူမယုံပေ။


‘’မင်းချက်ထားထဲ့ ဒီစားစရာတွေထဲမှာ အဆိပ်တွေထည့်ထားမယ်ဆိုတာ ဘယ်သူသိမှာလဲ…’’


‘’ ဗီလိန်လို နှလုံးသားရှိတဲ့သူကသာ ဒီလိုမျိုးမေးခွန်းထုတ်မှာ..’’


‘’ငါက ဗီလိန်ပဲ ဒါပေမယ့် ဘယ်သူကမှ မင်းကို ဗီလိန်အတွက် မချက်ပြုတ်ခိုင်းဘူး…’’ 


စားစရာများ၏အနံ့သည် သူ့နှာခေါင်းဝတွင် ကလူကျီဆယ်နေသော်လည်း စောင်အောက်မှဝမ်းဗိုက်ကို လက်ဖြင့်ဖိရင်းပြောလိုက်သည်။


‘’ ဒါတွေပြန်ယူသွား…’’


ထန်ချောင်းချောင်းက ရှုံးနိမ့်မှုကိုအလွယ်တကူ လက်မခံနိုင်ပေ။


‘’မယူဘူး… တကယ်လို့ ယူသွားရင် အပြစ်ရှိတဲ့သူက ကျွန်မဖြစ်သွားမှာပေါ့ … ဒီမှာကြည့်…’’


သူမ ပန်းကန်းတိုင်းက စားစရာများကို နည်းနည်းစီမြည်းစားပြလိုက်သည်။


‘’အခု ရှင်စိတ်ချလက်ချ စားလို့ရပြီ’’


သူမ သူ့အတွက် ကောင်းသည့်ရည်ရွယ်ချက်နှင့် ချက်ပြုတ်ပေးခဲ့သည်။ သူမ မကျေနပ်သည့်လေသံဖြင့် တီးတိုးရေရွတ်လိုက်သည်။


‘’၅ ပေ ၇ လက်မအရွယ်ရှိတဲ့ ယောကျာ်းရင့်မကြီးက ဘာလို့ ဒီလောက်တောင် သဘောထားသေးပြီး စိတ်ကောက်တတ်ရတာလဲ…’’


ရှန်းယွဲ့ မျက်လုံးနှစ်ဖက်ကိုမှိတ်ထားရင်း ပါးစပ်ဟကာပြောလိုက်သည်။


‘’၆..’’


‘’ဘာကြီး…’’


‘’၆ လို့’’


ထန်ချောင်းချောင်း အံ့ဩသွားပြီး အကျယ်ကြီးအော်ရယ်လိုက်မိသည်။ 


‘’ ရှင်ပြောချင်တာက ရှင်က ၆ ပေပေါ့လေ… ၅ ပေ ၇ လက်မ မဟုတ်ဘူးပေါ့… ဟားဟားဟား… ဒါကို စိတ်ထဲထားနေတာလား…’’


‘ဒီ မိန်းမကတော့… ဒါက ယောကျာ်းတစ်ယောက်ရဲ့ ကိုယ့်ကိုကိုယ်လေးစားမှုပဲကွ…’


ရှန်းယွဲ့ မျက်နှာမှုန်ကုပ်သွားပြီး သူမ၏ ၅ ပေ ၇ လက်မကို ဂရုမစိုက်တော့ပေ။


ထန်ချောင်းချောင်း အားပါးတရ ရယ်ပြီးနောက် ရှန်းယွဲ့အား ခေါင်းစခြေဆုံးကြည့်လိုက်သည်။ သူ၏ ခန္ဓာကိုယ်သည် ပိန်ပါးသော်လည်း သွယ်လျပြီး ၁၈၅ စင်တီမီတာထက်မနည်းပေ။


‘’ ၅ ပေ ၇ လက်မက ပုံမှန်ပါပဲ… မဟုတ်ရင် ယောကျာ်းလေးတွေအတွက် အရပ်က အရေးကြီးလို့လား…’’


ရှန်းယွဲ့ သူမကိုအေးစက်စွာစိုက်ကြည့်လိုက်သည်။


‘’ အရေးကြီးတယ်…’’


ထန်ချောင်းချောင်း ခေါင်းငြိမ့်ပြလိုက်သည်။


‘’ရှင် ကိုယ့်ကိုကိုယ် တန်ဖိုးထားတတ်သေးတယ်ဆိုတော့ မသေချင်သေးဘူးဆိုတဲ့သဘောပေါ့… ရှင် မသေချင်သေးရင် အစာစားသင့်တယ်…’’


သူမ ဆန်ပြုတ်တစ်ဇွန်းကိုကိုင်ကာ သူ့ပါးစပ်နားတေ့ပေးလိုက်သည်။


‘’ရှင့်ကို ခွံ့ကျွေးရမှာလား…’’


ရှန်းယွဲ့ ငြင်းဆန်ချင်သော်လည်း ဆန်ပြုတ်၏မွှေးရနံ့မှာချိုမြိန်လွန်းလှသည်။ ထိုအနံ့မှာ သူ၏အစာအိမ်ကို ပို၍လှုံ့ဆော်လာပြီး သည်းမခံနိုင်ဖြစ်စေသည်။


သူ ခဏမျှတိတ်ဆိတ်သွားပြီးနောက် ‘’ ငါ့ဘာသာစားနိုင်တယ်… တူနဲ့ ဇွန်းကိုသာလဲပေး’’


ထန်ချောင်းချောင်း ‘’….’’


‘ဒီဆရာသခင်ကြီးကို အတော်လေးပြုစုရတာ ခက်ခဲ့တာပဲ …. ‘


သို့သော် ကံကောင်းစွာဖြင့် သူမ ပန်းကန်ခွက်ယောက်အပိုတစ်စုံယူလာခဲ့သည်။


‘’စားရအောင်…’’


ရှန်းယွဲ့ ဆန်ပြုတ်ကို ဖြည်းညင်းစွာ အရသာခံလိုက်သည်။ ရွှေဖရုံသီးဆန်ပြုတ်သည် စေးကပ်ပြီးနူးညံ့နေသည်။ ပြောင်းဆန်နှင့် ရွှေဖရုံသီး၏ ရနံ့သည်ပေါင်းစပ်သွားပြီး ချိုမြိန်မှုကိုဖြစ်ပေါ်စေသည်။ တစ်ငုံစားပြီးနောက် ဆန်ပြုတ်၏ပူနွေးသောအရသာသည် လည်ချောင်းမှတဆင့် အစာအိမ်အောက်ခြေအထိစီးဆင်းသွားသည်ကို ခံစားမိသည်။ အသံစုံမြည်နေသည့် သူ၏ အစာအိမ်သည် သက်တောင့်သက်သာဖြစ်သွားသည်။


တို့ဖူးလုံးကြော်သည် အပြင်ဘက်တွင် ကြွပ်ရွနေပြီး အတွင်းဘက်တွင်နူးညံ့နေသည်။ တိုဖူးလုံးကြော်၏အရသာသည် သူ၏ကြာရှည်စွာပျောက်ကွယ်နေသော အရသာခံအဖုလေးများကို နိုးထစေပြီး အရသာရှိလာစေသည်။ 


ပဲပင်ပေါက်ကြော် ကြွပ်ကြွပ်လေးသည် သူ၏ပါးစပ်ထဲတွင် လတ်ဆတ်နေသည်။ အချဉ်နှင့် လတ်ဆတ်မှုက သွားရည်ယိုမတတ် စားချင်စိတ်ဖြစ်ပေါ်လာစေသည်။ သူကိုယ်တိုင်ပင် မသိလိုက်ဘဲ တစ်လုပ်ပြီးတစ်လုပ် စားလိုက်မိသည်။


သူ၏အစာအိမ်လေး နောက်ဆုံးတွင်  ပြန်ရှင်သန်လာသည်ဟု ရှန်းယွဲ့ ခံစားလိုက်မိသည်။ ကားအက်စီးဒင့်ဖြစ်ပြီးကတည်းက ယခုလိုပျော်ရွှင်စွာဖြင့် မစားသောက်ခဲ့ရၕပေ။ 


‘ဒါတွေအကုန်လုံး သူမ တကယ်ချက်ပြုတ်ခဲ့တာလား…’


သူမအား ကြည့်လိုက်ချိန်တွင် ထန်ချောင်းချောင်းသည် ပန်းကန်ထဲမှ တို့ဖူးလုံးကြော်ကို နှိုက်စားနေပြီဖြစ်သည်။


သူမသည် ဖြူဖွေးနူးညံ့သည့် မျက်နှာလေးဖြင့် ဟမ်းစတားလေးတစ်ကောင်ကဲ့သို့ စားသောက်နေသည်။


သူမ စားနေသည်ကိုကြည့်ရင်း ရှန်းယွဲ့ အစာစားချင်စိတ်ဖြစ်ပေါ်လာသည်။ သို့သော် သူ သတိမထားမိခင်မှာဘဲ သူ၏ ပန်းကန်သည် အလွတ်ဖြစ်နေတော့သည်။


ပြောင်ရှင်းနေသည့် ပန်းကန်ကိုကြည့်ရင်း ထန်ချောင်းချောင်း ပြုံးလိုက်သည်။ ဒါက စားဖိုမှုးတိုင်းအတွက် အကောင်းဆုံးချီးကျူးမှုပဲ မဟုတ်လား…


ရှန်းယွဲ့ ညစာပန်းကန်ကို အ‌ရှေ့သို့တွန်းလိုက်ပြီး ‘’ အရသာလဲမကောင်းဘူး .. ပြန်ယူသွား ‘’


သူ အစာလေးနည်းနည်းစားရုံနှင့် ဒီမိန်းမကို ကျေနပ်ခွင့်မပြုနိုင်ပေ။


‘’အပြန်အလှန်ဆိုတဲ့စကားကို ကျွန်မ နားလည်သွားပြီ’’


ထန်ချောင်းချောင်း ဒေါသထွက်စွာဖြင့် ပြောလိုက်ပြီး မတ်တပ်ရပ်လိုက်သည်။ ထို့နောက် သူ့နှဖူးနှင့် သူမနဖူးကို လက်တစ်ဖက်စီဖြင့် စမ်းလိုက်သည်။


‘’နောက်ဆုံးတော့ ရှင့်အဖျားကျသွားပြီပဲ… အနားယူလိုက်ဦး… သက်သာသွားလိမ့်မယ်…’’


သူမ၏ ဝိညဉ်အော်ရာသည် သာမန်အဖျားလောက်ကို အေးအေးဆေးဆေး ကုသနိုင်သည်။


ရှန်းယွဲ့ တကိုယ်လုံး သက်သောင့်သက်သာဖြစ်သွားပြီး သူ၏ခံစားချက်များလည်း ကောင်းမွန်လာသည်။ 


ထန်ချောင်းချောင်း နောက်တစ်ကြိမ် သူ့အားထိလိုက်ချိန်တွင် ပထမအကြိမ်တုန်းကလို မတုန်လှုပ်တော့ပေ။ သူ မျက်လုံးများကိုမှိတ်ပြီး ပြောလိုက်သည်။


‘’ ငါ အိပ်ချင်ပြီ… မင်းထွက်သွားတော့…’’


‘’ရှင်စားပြီးတာနဲ့ အိပ်နေမယ်ဆိုရင် နောက်ပိုင်းကျ ဝက်ဖြစ်လာလိမ့်မယ်’’ 


သူမ တီးတိုးရေရွတ်လိုက်သည်။


Xxxxxxx