Chapter 4
ထန်ချောင်းချောင်ူ လင်ဗန်းကိုအောက်ထပ်သို့ ပြန်ယူလာချိန်တွင် အန်တီဝမ်က သူမနားကပ်လာရင်း ပြောလိုက်သည်။
‘’မဒမ်… အခုလေးတင် ဖုန်းဝင်လာတယ်… သူက မဒမ် အကိုလို့ပြောတယ်…. ပြီးတော့ သူ့ကို မြန်မြန် ဖုန်းပြန်ခေါ်ပါတဲ့…’’
အိုး… သူမ မေ့တော့မလိုပဲ ….
ယခုအချိန်မှာ သူမက ဖျော်ဖြေရေးနယ်ပယ်က အမျိုးသမီးသရုပ်ဆောင် တစ်ဦးဖြစ်နေတုန်းပဲဆိုတာလေ….
ထန်ချောင်းချောင်း သူမ အခန်းသို့ပြန်လာပြီးနောက် အားကုန်နေသောဖုန်းကို တွေ့လိုက်ရသည်။ အားသွင်းပြီး ဖုန်းပြန်ဖွင့်လိုက်ချိန်တွင် များပြားလှသော missed calls နှင့် wechat မှ မက်ဆေ့များက noti bar တွင်တက်လာသည်။ အများစုမှာ သူမ၏ မန်နေဂျာအကိုချမ် ဆီမှဖြစ်ပြီး ကျန်သည့်ကောလ်များမှာ အမေထန်နှင့် ထန်ရို့ဆီမှဖြစ်သည်။
အကိုချမ် အမည်၏အဓိပ္ပာယ်မှာ ပိုက်ဆံဖြစ်သည်။
အကယ်၍ သူ၏အနုပညာရှင်သာ ငွေရှာနိုင်မည်ဆိုလျင် သူ့မျက်လုံးထဲတွင် အားလုံးကသူ၏ ကလေးများဖြစ်သည်။ ထိုကလေးများကို ထောက်ပံ့နိုင်ရန် သူ့နှလုံးသားတစ်ခုလုံးကိုပုံအပ်ပေလိမ့်မည်။ အကယ်၍ ထိုအနုပညာရှင်များက ငွေမရှာနိုင်လျင် သူတို့အားလုံးကိုလျစ်လျူရှုကာ ကိုယ့်ဘာသာထောက်ပံ့နိုင်ရန်ပင် ကူညီပေးမည်မဟုတ်ပေ။
မူလပိုင်ရှင်သည် ဒုတိယအမျိုးအစားဖြစ်သည်။
မူလပိုင်ရှင်သည် မမျှော်လင့်သောအခွင့်အလမ်းဖြင့် ဖျော်ဖြေရေးလောကထဲသို့ ဝင်ရောက်လာခြင်းဖြစ်သည်။ သူမသည် ချမ်းသာသည့်မိသားစုမှ သမီးဖြစ်သည့်အပြင့် ချမ်းသာသည့်သူနှင့် လက်ထပ်ထားရသော်လည်း ထိုအချက်အလက်များသည် သူမ၏အသက်မွေးဝမ်းကြောင်းအလုပ်အပေါ်တွင် မသက်ရောက်ပေ။
ထန်မိသားစုသည် ထန်ရို့၏ ခံစားချက်များနှင့် ပုံရိပ်အား ထိခိုက်မည်ကိုစိုးရိမ်ကြသည်။ ထို့ကြောင့် မူလပိုင်ရှင်ကို ပြန်ခေါ်ယူခဲ့သော်လည်း ဝေးကွာသောဆွေမျိုးကဲ့သို့ပင် ဆက်ဆံကြသည်။ သူတို့သည် သူမ၏အမည်ကိုပင် ခေါ်ဆိုခြင်းမပြုပဲ ပစ်ထားလေသည်။
ရှန်းမိသားစုကလည်း ရှန်းယွဲ့နှင့် ထန်ချောင်းချောင်းလက်ထပ်ပြီးနောက်တွင် မူလပိုင်ရှင်အား ရှန်းယွဲ့၏ကျန်းမာရေးအဆောင်တခုသာသာသတ်မှတ်ခဲ့ကြပြီး သူမတို့ကြားကပတ်သတ်မှုကို ဘယ်တော့မှ မထုတ်ဖော်ရန်သတိပေးခဲ့ကြသည်။
အဖေနှင့် အမေက သူမကိုမချစ်ကြသလို ခင်ပွန်းဖြစ်သူ၏မိသားစုကလည်း သူမကို မနှစ်သက်ကြပေ။ မူလပိုင်ရှင်၏ဘဝသည် ဟာသတစ်ခုလိုပင်။ နောက်ဆုံး မူလပိုင်ရှင်၏ နှလုံးသားထဲတွင် မခံစားနိုင်တော့ဘဲ ပြဿနာများလုပ်လာသည်မှာ အံ့ဩစရာမဟုတ်ပေ။
သူမ အေဂျင်စီ၏မျက်လုံးထဲတွင်လည်း မူလပိုင်ရှင်သည် နောက်ခံမရှိ၊ အရည်အချင်းမရှိ၊ ကျော်ကြားခြင်းမရှိဟူသော မရှိ ၃ ပါးနှင့် ညီနေသည့် အမျိုးသမီးသရုပ်ဆောင်တစ်ယောက်သာဖြစ်သည်။
အကိုချမ်၏ လက်အောက်တွင်များပြားလှသော အနုပညာရှင်များရှိသည် ။ သူသည် မူလပိုင်ရှင်ကို အကြိမ်ကြိမ်တွန်းအားပေးခဲ့သော်လည်း မအောင်မြင်သည့်အတွက် သူမကို တစ်လတွင် တစ်ကြိမ်လောက်သာ ဖုန်းခေါ်လေ့ရှိသည်။
ယခုအချိန်တွင် သူမအား အလျင်စလိုဖြင့် ဖုန်းများဆက်တိုက်ခေါ်နေခြင်းမှာ မနေ့က သူမနှင့် ရှန်းလျန့် ၏ ကိစ္စကြောင့်ပင်ဖြစ်မည်။
ဖုန်းမြည်သံထပ်မံထွက်ပေါ်လာသည့်အတွက် သူမ အလျင်အမြန်ကိုင်လိုက်သည်။
ဖုန်းဆက်သွယ်မှုရလိုက်သည်နှင့်တပြိုင်နက် အကိုချမ်၏စကားများသည် ဝါးကျည်တောက်ထဲမှ ထွက်ကျလာသည့် ပဲစေ့များကဲ့သို့ တရစပ်ထွက်ပေါ်လာသည်။
‘’မစ်ထန်… နောက်ဆုံးတော့ ဖုန်းကိုင်ပြီပေါ့လေ… ငါ မင်းကိုဖုန်းခေါ်နေတာ အကြိမ် ၂၀ / ၃၀ လောက်ရှိနေပြီ …. ဘယ်တွေသွားနေတာလဲ… မင်းစိတ်ကူးပေါက်ပြီး မဟုတ်တာတစ်ခုခုလုပ်လိုက်တယ်လို့တောင် တွေးနေမိတာ…. မင်းရဲ့အိမ်ဖုန်းကိုသာ ငါ မသိဘူးဆိုရင် ရဲစခန်းကိုဖုန်းခေါ်နေလောက်ပြီ သိလား…’’
‘’ ကျွန်မ အိပ်ပျော်နေတာ… ပြီးတော့ ဖုန်းအားလဲ ကုန်သွားတယ်လေ…’’
ထန်ချောင်းချောင်း ရိုးရိုးရှင်းရှင်းပင်ပြန်ဖြေလိုက်သည်။
‘’ ဘာအကြောင်းပြချက်ဖြစ်ဖြစ် ငါ ဂရုမစိုက်ဘူး… ကုမ္ပဏီကို မြန်မြန်လာခဲ့… မင်းအတွက် အလုပ်ရှိတယ်…’’
‘ဘာ… ဒါပဲလားဟ… သူ သူမကိုမဆူဘဲ ပိုက်ဆံပေးမလို့လား…’
‘ငါဒီလာက်ဆိုးဆိုးရွားရွား အပြောခံထားရတာတောင် ငါ့အတွက်က အလုပ်ရှိနေသေးတာလား…’
ထန်ချောင်းချောင်း မယုံနိုင်အောင်ဖြစ်နေသည်။ ဒါက ယုတ္တိမရှိတဲ့ ခွေးသွေးဒရမ်မာမို့လို့ပဲလား…
ယခုလိုအဖြစ်အပျက်မျိုး မူရင်းစာအုပ်ထဲတွင် မပါဝင်ပေ။ သူမ ကူးပြောင်းလာသည့်အတွက် ကမ္ဘာကြီးက တဖက်စောင်းသွားတာများလား…
အကိုချမ်၏ လေသံမှာ အတော်လေးပျော်ရွှင်နေပုံရသည်။
‘’ ငါလဲ အဲ့ဒါကိုမျှော်လင့်မထားမိဘူး… နင့်ရဲလှည့်ကွက်က ဂုဏ်သိက္ခာကို ထိခိုက်စေပေမယ့်လဲပေါ့လေ…. ဘာပဲဖြစ်ဖြစ် အနက်ကအနက် အနီကအနီပါပဲ…. ဖျော်ဖြေရေးလောကထဲမှာရှိတဲ့ ဘယ်သူကများ အပြောအဆိုမခံဖူးတာရှိလို့လဲ နာမည်ကြီးစူပါစတားတွေတောင် anti-fans တွေရှိနေသေးတာ… သူတို့က အဆိုးဆုံးပဲ… ဒါပေမယ့်လဲ ဘယ်သူကမှ ဂရုစိုက်တာမဟုတ်ပါဘူး…’’
‘’ချောင်းချောင်း… မင်းက ငါ့လက်အောက်မှာနေလာတာ ကြာပြီနော်… မင်းမှာ အနာဂတ်တစ်ခုရှိမှန်းငါသိတယ်…. အခု မင်းအတွက်အခွင့်အလမ်းတွေရောက်လာပြီ… ဒါကို ဆုပ်ကိုင်ထားတတ်ရမယ်…’’
ထန်ချောင်းချောင်း ‘’ …. ‘’
အကိုချမ် သည် အမှန်တကယ် အရည်အချင်းရှိသည့်အတွက် သူ၏ မျက်နှာကို ချက်ခြင်းပင်ပြောင်းလဲနိုင်သည်။ သို့သော် သူ သူမကိုအမှိုက်ဟုခေါ်နေသည့်အသံမှာ သူမနားထဲတွင် ရှိနေဆဲဖြစ်သည်။
‘’ ရှင် ကျွန်မကို အခုထိအလုပ်ကြောင်း မပြောသေးဘူးလား…’’
‘’ အဲ့ဒါက Cantaloupe Video က နေထုတ်လွှင့်မယ့် ‘ အံ့ဩစရာအစားအသောက်များ’ ဆိုတဲ့ reality show တစ်ခုပဲ... သူတို့နောက်ဆုံး ဧည့်သည်တစ်ယောက်လိုနေသေးတဲ့အတွက် မင်းကို ဖိတ်ခေါ်လိုက်တာပဲ…. မင်းဒီနေ့ကုမ္ပဏီကိုလာခဲ့… ဘယ်လိုဆက်လုပ်မလဲဆိုတာ ဆွေးနွေးရအောင်…’’
‘’ ရှိုးက ဘယ်မှာရိုက်ကူးမှာလဲ…’’
‘’ ဒီမြို့ထဲမှာပဲ… ဘာလဲ… မင်းက နေရာရွေးချင်သေးတာလား… ငါ ပြောမယ်…. တတိယကမ္ဘာက လူရိုင်းမျိုးနွယ်စုထဲကိုသွားရမယ်ဆိုရင်တောင် မင်း အထုတ်အပိုးပြင်ပြီး ပျံသန်းသွားရမယ် … နားလည်လား…’’
ကောင်းပြီ … ဒါကမှ ပုံမှန်အကိုချမ်ပဲလေ….
အခုလေးတင် သူမကိုကောင်းကောင်းမွန်မွန်ပြောနေ၍ ထိတ်လန့်သွားရသည်မဟုတ်ပါလား။
ထန်ချောင်းချောင်း ဖုန်းချလိုက်သည်။ ဒီမြို့တွင်ရိုက်ကူးရေးလုပ်မည်ဆိုလျင် အတော်လေးအဆင်ပြေသည်ဟု သူမတွေးမိသည်။ ရှန်းယွဲ့၏ ယခုအခြေအနေကို စိုးရိမ်သောကြောင် ဒီမြို့မှတခြားနေရာသို့ သူမ မသွားချင်သေးပေ။
သူမ အပြင်ထွက်ခါနီးအချိန်တွင် အဝတ်ဗီဒိုကို သေချာကြည့်လိုက်သည်။ နောက်ဆုံးတွင် ခါတိုင်းကဲ့သို့ ခရမ်းရောင်နှင့်အနီရောင်များ မဝတ်ဘဲ အဝါဖျော့ရောင်အကျီကိုရွေးလိုက်ပြီး ဆံပင်ကိုပိုနီတေးပုံစံချည်နှောင်ကာ ကျောပိုးအိတ်လွယ်လိုက်သည်။
ထန်ချောင်းချောင်း၏ မူလအသားအရည်မှာ ဖြူဖွေးသည့်အတွက် အဝါရောင်စကပ်သည် သူမကိုပို၍လင်းလက်စေသည်။ ဒီနေ့တွင် သူမသည် မိတ်ကပ်ကိုပေါ့ပေါ့ပါးပါးပင်လိမ်းထားပြီး ချယ်ရီရောင်နှုတ်ခမ်းနီဆိုးထားသည့်အတွက် မျက်နှာတစ်ခုလုံးသည် ကြည်လင်တောက်ပနေသည်။
သူမ အပြင်မထွက်ခင် ရှန်းယွဲ့အား စကားပြောခဲ့သင့်သည်ဟု တွေးလိုက်မိသည်။
ထို့ကြောင့် သူ့အခန်းသို့သွားလိုက်သော်လည်း ရှန်းယွဲ့ အိပ်ပျော်နေသည်ကိုတွေ့လိုက်ရသည်။
သူ့အဖျား သက်သာသွားပြီဖြစ်၍ အစောပိုင်းကလို ဒေါသတကြီးသောင်းကျန်းနေခြင်းမရှိတော့ဘဲ နေမကောင်းသည့်အလှလေးကဲ့သိုပင် အိပ်ယာပေါ်တွင် တိတ်ဆိတ်စွာလှဲလျောင်းနေသည်။
ထန်ချောင်းချောင်း သူ့အား ခဏကြည့်ပြီးနောက် တိတ်ဆိတ်စွာထွက်ခွာသွားသည်။
သူမ တဖက်သို့လှည့်လိုက်သောကြောင့် မျက်စိပွင့်နေသော ရှန်းယွဲ့ကို မတွေ့လိုက်ရပေ။
.....
သူမ အေဂျင်စီသို့ရောက်သောအခါ အကိုချမ်သည် အလွန်စိတ်အားထက်သန်နေလေသည်။ သူသည် တခြားအနုပညာရှင်များကိုပါ သူမဆီမှသင်ယူသင့်ကြောင်း ပြောဆိုနေသည်။
သူမက အကန်းတစ်ယောက်မဟုတ်ပေ။ တခြားအနုပညာရှင်များက သူများအထင်သေးသည့်မျက်လုံးများဖြင့် သူမအား စကားအနည်းငယ်သာပြောသည်ကို နားလည်သည်။ သူတို့၏အမြင်တွင် ထန်ချောင်းချောင်းသည် ကြယ်ပွင့်ရှန်းလျန့်အားအသုံးချခဲ့သောကြောင့် ယခုလိုကျော်ကြားမှုမျိုးရလာသည့်အတွက် စကားထဲထည့်ပြောရန်မထိုက်တန်ပေ။
တကယ်တော့… အဲ့ဒါက အမှန်ပဲလေ….
အကိုချမ်နှင့်ပြောပြီးနောက် သူမ သိလိုက်ရသည်မှာ ‘အံ့ဩစရာအစားအသောက်များ’ အစီအစဉ်သည် ယခုမှ စတင်မည့် ဧည့်သည် ၆ ဦးပါသော ရှိုးတစ်ခုဖြစ်သော်လည်း နောက်ကွယ်တွင် နာမည်ကြီးပလက်ဖောင်းတစ်ခုရှိသည်။ ထို့ကြောင့်ပင် အကိုချမ် က သူမအား အလွန်အကျွံအရေးပေးနေခြင်းဖြစ်သည်။
ထန်ချောင်းချောင်း ကုမ္ပဏီကိစ္စများပြီးသည်နှင့် ရှောပင်းမောသို့သွားလိုက်သည်။
အတိတ်တုန်းကဆိုလျင် ကျင့်ကြံရေးနယ်ပယ်မှ စီနီယာအစ်မများ မီးဖိုချောင်ထဲတွင် တိုးတိုးတိတ်တိတ် စားစရာများခိုးစားကြချိန်တွင် သေမျိုးကမ္ဘာသို့ ခိုးကြောင်ခိုးဝှက်ဖြင့် သွားလှည်ပတ်ကာ ထိုနေရာမှပိုးထည်နှင့်အစားအစာများအကြောင်းကိုပြောတိုင်း သူမ အားကျခဲ့ရသည်။
ယခုအချိန်တွင် ထိုပျော်ရွှင်မှုကို သူမကိုယ်တိုင်ကိုယ်ကျ ခံစားနိုင်ပြီဖြစ်သည်။
သူမအတွက်အဝတ်များကိုဝယ်ပြီးနောက် အတော်လေးပျော်ရွှင်နေသည်။ သို့သော် သူမ မမျှော်လင့်ထားသည့်သူတစ်ဦးနှင့် တွေ့ဆုံရမည်ဟု မထင်မှတ်ထားပေ။
လူထောင်ပေါင်းများစွာကြားတွင် ထင်ရှားသည့် ဇာတ်လိုက်မထန်ရို့သည် အမျိုးသမီးလေးနှစ်ယောက်နှင့်အတူတူ ဈေးဝယ်ထွက်လာခြင်းပင်။
ထန်ရို့သည်လည်း ထန်ချောင်းချောင်းနှင့် တွေ့မည်ဟု မထင်မှတ်ထားသည့်အတွက် နေရာတွေ ရပ်တန့်သွားသည်။ သူမနှင့်အတူပါလာသော မိန်းကလေးက ထန်ချောင်းချောင်းကိုကြည့်ရင်း တီးတိုးပြောလိုက်သည်။
‘’အဲ့ဒါ နင့်ရဲ့ အဝေးအမျိုးမဟုတ်လား… သူမက တကယ့်ကိုဈေးပေါတဲ့ပုံပဲ…’’
ထန်ရို့ ခေါင်းအသာငြိမ့်လိုက်ရင်း ‘’ နင်တို့တွေ အရင်ပြန်နှင့်ကြတော့… ငါ သူ.နဲ့ နည်းနည်းလောက်ပြောစရာရှိတယ်..’’
သူမ သူငယ်ချင်းများထွက်သွားသည်နှင့် ထန်ရို့ ထန်ချောင်းချောင်းနားသို့ပြေးလာကာ သူမလက်ကို ရင်းနှီးစွာဖြင့် ဆုပ်ကိုင်လိုက်သည်။
‘’အစ်မ… ဒီမှာတွေ့ရမယ်လို့ မထင်မိဘူး… တိုက်ဆိုင်လိုက်တာနော်…’’
ထန်ချောင်းချောင်း သူမလက်ကို ပြန်ဆွဲထုတ်လိုက်သည်။ ‘’ ငါ့ ကုမ္ပဏီက ဒီနားမှာလေ ‘’
‘ဘာကို ဘယ်လိုတိုက်ဆိုင်ရမှာလဲ…’
ထန်ရို့ နင်သွားသည်။ ထန်ရှောင်းရှောင်း၏ ကုမ္ပဏီသည် အနီးအနားတွင်ရှိသောကြောင့် သူမသည်လည်း ဒီနားတစ်ဝိုက်တွင် ရှိနေသည်ကို သူမ သိသင့်သည်။
‘’ ဟိုဘက်ထောင့်လေးမှာ ကော်ဖီဆိုင်ရှိတယ်… အဲ့မှာသွားထိုင်ရအောင်လေ…’’
‘’ အိုကေ…’’ ထန်ေချာင်းေချာင်းတည်ငြိမ်စွာဖြင့် ခေါင်းငြိမ့်ပြီး ကော်ဖီဆိုင်ဘက်သို့ လျောက်သွားသည်။
ထန်ရို့ စိတ်ထဲ တစ်မျိုးဖြစ်သွားသည်။
ထန်ချောင်းချောင်းသည် ရှန်းလျန့်အား ရင်ဖွင့်ရာတွင် မအောင်မြင်ခဲ့သည့်အတွက် အရှက်ရပြီး အိမ်တွင်ပုန်းနေမည်ဟု သူမတွေးခဲ့မိသည်။ သို့သော် ထန်ချောင်းချောင်းက အရှက်အကြောက်မရှိဘဲ ရှော့ပင်စင်တာသို့လာသည့်အပြင့် သူမနှင့်ပါတွေ့ရဲသေးသည်။
‘ အရှက်မရှိလိုက်တာ…’
ထန်ချောင်းချောင်းတစ်ယောက် ကော်ဖီဆိုင်တွင်ထိုင်ပြီးနောက် မီနူးဖွင်ကြည့်လိုက်စဉ် များပြားလှသည့် အချိုပွဲများကိုတွေ့လိုက်ရသည်။ ထိုအချိုပွဲများသည် တရုတ်စတိုင်အချိုပွဲများနှင့်မတူပေ။
‘အားလုံးက အရသာရှိမယ့်ပုံပဲ…’
သူမ စားပွဲထိုးလေးကိုခေါ်လိုက်သည်။
‘’ mousse, sabayon, tiramisu နဲ့ ဒီကိတ်ကို နှစ်ပွဲစီလုပ်ပေး… တစ်ပွဲစီက ဒီမှာစားဖို့… နောက်တစ်ပွဲစီက ပါဆယ်နော်…’’
သူမ မီနူးကို ထန်းရို့ဆီသို့ပေးလိုက်သည်။
‘’နင့်ဘာသာမှာ…’’
ထန်ရို့ နောက်တစ်ကြိမ်နင်သွားပြန်သည်။ ‘ဒီလောက်အများကြီးမှာတာတောင် သူမအတွက် နည်းနည်းလေးတောင် မှာမပေးဘူးလား’
‘’ ကော်ဖီတစ်ခွက်ဆို ရပါပြီ’’
ထန်ရို့ အတွေးများဖြင့် ကော်ဖီကိုမွှေလိုက်သည်။
‘’အမေနဲ့ ညီမလေးက အစ်မအကြောင်းကိုတွေးနေတာ… သူမ မနေ့တုန်းက အစ်မကို အကြိမ်အများကြီးခေါ်သေးတယ် ဒါပေမယ့် အစ်မက ဖုန်းမကိုင်ဘူးလေ…’’
‘’ သူ(မ)က ဘာလိုချင်လို့ဆက်တာလဲ…’’
ထန်ချောင်းချောင်း သိသိရက်နှင့်ပင်မေးလိုက်သည်။ သူတို့သည် အကြောင်းမရှိဘဲ သူမကို ဖုန်းခေါ်လေ့မရှိကြပေ။
Sabayon သည် အတော်လေးအရသာရှိသည်။ တစ်ကိုက်ခန့်စားပြီးနောက် ဝိုင်နှင့်အကြက်ဉ၏ မွှေးကြိုင်မှုက သူမလျှာဖျားမှတဆင့် စီးဆင်းသွားသည့်အတွက် အရသာက လုံးဝကို ကောင်းမွန်သည်။
ထန်ရို့ သူမအား စကားအများကြီးမပြောပေ။
‘’ မနေ့ကအကြောင်း အစ်မကိုပြောချင်လို့… အဲ့ဒါက နားလည်မှုလွဲတာပါ…’’
ထန်ချောင်းချောင်း ကိတ်ကိုမျိုချလိုက်သည်။
‘’ နားလည်မှုလွဲတာ ဟုတ်လား… အဲ့မှာ နားလည်မှုလွဲတာတခုမှမရှိပါဘူး…’’
Xxxxxxx