Chapter 5
ထန်ရို့ ပြောလက်စကိုရပ်တန့်လိုက်ရင်း သူမမျက်နှာပေါ်တွင်အပြစ်ကင်းစင်သည့် အပြုံးကိုထပ်ပေါင်းလိုက်သည်။
‘’မနေ့က အစ်မ ရှန်းလျန့်နောက်ကို လိုက်နေတယ်လို့ လူတစ်ချို့ကပြောနေလို့လေ..’’
ထန်ချောင်းချောင်းက သူမ စကားကိုဖြတ်ပြောလိုက်သည်။
‘’ ဟဲလို ဆိုပြီး နှုတ်ဆက်လိုက်ရုံပဲ ...’’
‘’နှုတ်ဆက်တာ’’
ထန်ရို့ အံ့ဩသင့်သွားသည်။ သူမ၏ အိန္ဒြေရှိသောသခင်မလေးအပြုံးကိုပင် ဆက်မထိန်းထားနိုင်သကဲ့သို့ ဖြစ်သွားသည်။
‘’ ငါက ဟိုတယ်အပြင်ဘက်ထိ အပြေးလိုက်ပြီး နှုတ်ဆက်ရုံပဲကို သူကအဲ့လောက်ကြီးတဲ့ တုံ့ပြန်မှုလုပ်မယ်လို့ ဘယ်သူကထင်ထားမှာလဲ…’’
ထန်ချောင်းချောင်း ပါးစပ်ထဲသို့ ရေခဲမုန့်ဇွန်းအပြည့်တစ်ဇွန်းထည့်သည်။ ထို့နောက် အရသာခံကာ လျှာဖျားမှတဆင့်လည်ချောင်းတွင်းသို့ ဖြည်းငြင်းစွာမျိုချလိုက်သည်။
သူမ ထန်ရို့ကို လှမ်းကြည့်လိုက်ရင်း ‘’ နားလည်မှုလွဲနေတာက နင်ပဲလို့ ငါထင်တယ်… ဘာလဲ … ရှန်းလျန့်က နင့်ကိုဘာပြောလိုက်လို့လဲ..’’
ထန်ရို့ နှုတ်ခမ်းများကို တင်းကြပ်စွာစေ့လိုက်မိသည်။
ရှန်းလျန့်ပြောခဲ့သည်မှာ ထန်ချောင်းချောင်းက သူ့နောက်သို့ အရူးတစ်ယောက်လို လျောက်လိုက်နေသည့်အတွက် သူမ ဘာမှမလုပ်ခင်မှာပင် မြေပေါ်သို့တွန်းချခဲ့သည် ဟူ၍ပင်။
ထန်ချောင်းချောင်း သက်ပြင်းချလိုက်မိသည်။
‘’ဘာပဲဖြစ်ဖြစ်… ငါက ရှန်းလျန့်ရဲ့ အဒေါ်ပဲလေ… သူ့ဘက်က စပြီးမနှုတ်ဆက်တဲ့အပြင့် ငါ့ကိုမြေပေါ်တွန်းချလိုက်တယ်လေ…. ဒီနေ့ခေတ် လူတွေရဲ့နှလုံးသားက တကယ့်ကိုမကောင်းတော့တာပဲ… ရှေးခေတ်နဲ့လုံးဝမတူဘူး…’’
ထန်ရို့ ‘’….’’
‘ဒီ… ဒီလိုမျိုးနင့်ပါးစပ်ကိုဖွင့်ပြီး ပေါက်ကရတွေပြောရဲတယ်လား….’
ထန်ရို့ နှုတ်ခမ်းကိုက်လိုက်မိသည်။
‘’ ဘာပဲဖြစ်ဖြစ် နောက်တော့ရှန်းလျန့်က သူအမှားလုပ်မိတယ်ဆိုတာကို သိသွားတယ်လေ … အဲ့ဒါကြောင့် သူက သတင်းအရင်လွှင့်လိုက်တာပေါ့ ‘’
သူမသည် ရိုးသားသည့်မျက်နှာလေးနှင့် ‘’ ငါတို့တွေက မိသားစုပဲလေ…’’
ဇာတ်လိုက်မဆိုသည်မှာ မျှော်လင့်ထားသည့်အတိုင်းပင်။ မည်မျှကြီးမားသည့် ကိစ္စကြီးဖြစ်လာပါစေ သူမသည် ဖြူစင်ပြီး အပြစ်ကင်းသည့်ပုံစံကိုထိန်းထားနိုင်ဆဲဖြစ်သည်။
ထန်ချောင်းချောင်း မျက်လွှာချလိုက်သည်။
‘’ သူ့ဘာသာအရှက်ရသွားလို့ အဲ့သတင်းခေါင်းစဉ်ကိုပြန်ရုတ်သိမ်းလိုက်တယ်လေ…. netizens တွေက ဒီကိစ္စကို ပိုပြီးနက်နက်ရှိုင်းရှိုင်း ထပ်တူးမှာစိုးရိမ်လို့ပေါ့… မဟုတ်ရင် ငါနဲ့ သူ့မိသားစုကြားက ဆက်ဆံရေးဖြစ်တဲ့ သူ့ဦးလေးနဲ့ ငါနဲ့လက်ထပ်ထားတာပါ ပေါ်ကုန်တော့မှာလေ…’’
ထန်ရို့ သူမ မျက်လုံးများကိုကြည့်လိုက်ပြီး အထိတ်တလန့်ဖြစ်သွားသည်။
‘’အစ်မ … ဘာာပြောချင်တာလဲဆိုတာ ညီမလေး နားမလည်တော့ဘူး …’’
‘’ ငါ အသုံးမဝင်တဲ့ပဟေဠိတွေနဲ့ ဆက်မကစားချင်တော့ဘူး… နင်သိပါတယ်.. ငါလဲသိတယ်… ရှန်းလျန့်လဲသိတယ်… ဒါပေမယ့် အခုတော့အားလုံးပြီးသွားပြီ… နင် မစ်ထန်အဖြစ် အေးအေးဆေးဆေးနေလို့ရတယ်… ငါနဲ့ ရှန်းလျန့်ဆိုတာ အဒေါ်နဲ့တူလေးကြားက ဆက်ဆံရေးတစ်ခုဖြစ်သွားပြီလို့ ရှန်းလျန့် ကိုသွားပြောထားလိုက်… ပြီးတော့ နောက်တခါငါ့ကိုတွေ့ရင် အန်တီလို့ပဲခေါ်ပါလို့ …’’
မူလပိုင်ရှင်သည် ကိုယ်တပိုင်းမသန်သောသူနှင့်လက်ထပ်လိုက်ရသည့် အကြောင်းအရင်းမှာ နောက်ကွယ်တွင် ရှန်းလျန့်ရှိသောကြောင့်ပင်။ သူသည် မူလပိုင်ရှင်ကို မုန်းတီးပြီး ထန်မိသားစု၏ မမလေးနေရာကို မရစေချင်ပေ။ အကောင်းဆုံးနည်းလမ်းမှာ မူလပိုင်ရှင်မိသားစုထဲမှ ထွက်ခွာအောင်လုပ်ခြင်းပင်ဖြစ်သည်။
ရှန်းလျန့်၏ အဖွားသည် သူ၏ မသန်စွမ်းသောမြေးလေးအတွက် တစ်စုံတစ်ယောက် ရှာပေးလိုသည်။ ထို့ကြောင့် ရှန်းလျန့်သည် ထန်မိသားစုမှ အကြီးအကဲများနှင့်တိုင်ပင်ကာ ထိုလက်ထက်ပွဲကိုဖြစ်မြောက်အောင် စီစဉ်ခဲ့လေသည်။ အောက်တန်းကျသည့်မိန်းမနဲ့ မသန်စွမ်းယောကျာ်းဆိုတော့ လိုက်ဖက်ညီတယ်မဟုတ်ပါလား….
မူလပိုင်ရှင်သည် ထိုကစားပွဲတွင် ရောင်းစားခံလိုက်ရသော်လည်း ထန်ရို့ အတွက်တော့ အခွင့်ကောင်းတစ်ခုဖြစ်သည်။ ထို့အပြင့် ထန်ရို့သည် ထိုအကြောင်းကို အစမှအဆုံးထိ သိသော်လည်း ဝင်ရောက်စွက်ဖက်ခြင်းမရှိသလို တားမြစ်ခြင်းလည်းမရှိပေ။ တခြားတစ်ယောက်၏မကောင်းမှုသည့် သူမအတွက် ပျော်ရွှင်စရာများကို ယူဆောင်လာသည်မဟုတ်ပါလား….
မူလပိုင်ရှင်သည် ငယ်စဉ်ကတည်းကပင် ချစ်ခြင်းမေတ္တာမရရှိခဲ့ပေ။ ထို့ကြောင့် သူမသည် သူမမိဘများ၏အချစ်ကို ပိုင်ဆိုင်ထားသော ထန်ရို့အပေါ်တွင် မနာလိုခဲ့သည်။
သို့သော်လည်း ယခုအချိန်တွင် ဒီခန္ဓာကိုယ်ကို သူမ ပိုင်ဆိုင်ထားပြီဖြစ်သည်။ သူမသည် ရှေးဟောင်းသံယောက်ချိုတစ်ခုမှ မွေးဖွားလာသူဖြစ်သည်။ ထို့ကြောင့် မိသားစုအတွင်းမှ ချစ်ခြင်းမေတ္တာများဆိုသည်မှာ သူမအတွက်မလိုအပ်ပေ။ ထိုအရာများကို ထန်ရို့တစ်ယောက်တည်းသာ ယူလိုက်ပါတော့….
ထန်ချောင်းချောင်း မုန့်ပုံးကိုယူပြီး အပြုံးလေးဖြင့် ပြောလိုက်သည်။ ‘’ ငါသွားတော့မယ်… နင့်ကော်ဖီကို အေးအေးဆေးဆေးဆက်သောက်လိုက်နော် ညီမလေး …. ဒီတစ်ကြိမ်တော့ ငါနင့်ကိုဝယ်တိုက်လိုက်ပါ့မယ်…’’
ထန်ရို့၏ အမူအရာမှာ အတော်လေးဆိုးရွားသွားတော့သည်။
……………………
..‘’ မဒမ်… ပြန်လာပြီလား… မဒမ်အပြင်ထွက်သွားတာနဲ့ ဆရာကအစာမစားတော့ဘူး ပြီးတော့ နာစ်မကိုလဲမောင်းထုတ်လိုက်တယ်… အာယာ…. ဒါနဲ့ဆို မောင်းထုတ်ခံရတဲ့ နာစ်မက ၁၈ ယောက်မြောက်ပဲ….’’
ထန်ချောင်းချောင်ူ အိမ်သို့ပြန်ရောက်သည်နှင့်တပြိုင်နက် အန်တီဝမ်သည် ပြင်းထန်နေသောအိမ်အခြေအနေကို တင်ပြတော့သည်။ သူမက ထန်ချောင်းချောင်း ကို ဒီအိမ်၏ အိမ်ရှင်မအဖြစ် အသိအမှတ်ပြလိုက်ပြီဖြစ်သည်။
‘’ အိုကေ…. ကျွန်မသိပြီ…’’’
ထန်ချောင်းချောင်း အပေါ်ထပ်သို့ တန်းမတက်သေးဘဲ မီးဖိုချောင်ထဲသို့ အရင်ဝင်သွားလိုက်သည်။ ည ၇ နာရီကျော်ပြီဖြစ်၍ သူမကိုယ်တိုင်လည်း ဗိုက်ဆာနေပြီဖြစ်သည်။
တနေကုန်အစာမစားသည့် ရှန်းယွဲ့ဆိုလျင် ပို၍ပင်ဗိုက်ဆာနေလောက်မည်။ လူတွေဗိုက်ဆာသည့်အချိန်ဆိုလျင် စိတ်တိုတတ်ကြသည်။ ထို့ကြောင့် အချိန်မီအစာစားသင့်သည်။
သူမ ပြည်တွင်းကြက် ၂ ပေါင်ခန့်ကို ထုတ်ယူလိုက်သည်။ ထို့နောက် အတုံးသေးလေးများတုံးပြီး ရေဆေးကာ အိုးထဲထည့်ပြုတ်လိုက်သည်။
ထို့နောက် အထဲတွင် အဝါဖျော့ရောင်အသားပါဝင်သည့် ကြီးမားသစ်အယ်သီးများကို ထုတ်ယူကာ ဆီပူပူထဲတွင် ရွှေညိုရောင်သန်းလာသည်အထိ လှော်ကာဘေးတွင်ခဏထားလိုက်သည်။
ထို့နောက် ကြက်သွန်နီ, ဂျင်း, ကြက်သွန်ဖြူနှင့် တခြားဟင်းခတ်အမွေးအကြိုင်များကို ကြက်သားထဲသို့ထည့်ကာ ကြော်လိုက်သည်။ ပြည်တွင်းကြက်သည် တောင်ပေါ်ဒေသတွင် မွေးမြူထားသည့်အတွက် အသားမှာနူးညံ့ပြီး အနံ့မပြင်းပေ။ အနည်းငယ် ကြော်ပြီးနောက် အရေပြားမှာ အနည်းငယ်လိပ်တက်လာပြီး အထဲမှအဆီများထွက်ပေါ်လာသည်။ ကြက်ကြော်အနံ့မှာ ရုတ်တရက် မီးဖိုချောင်ထဲတွင် မွှေးပျံ့လာတော့သည်။
မွှေးပျံ့သောရနံ့ထွက်ပေါ်လာချိန်တွင် ထိုထဲသို့ ဝိုင်နှင့် ရေအနည်းငယ် ထပ်ထည့်ပြီး မီးနည်းနည်းဖြင့် ဆက်ချက်လိုက်သည်။ ကြက်သားကျက်ခါနီးတွင် သစ်အယ်သီးကိုလောင်းထည့်ကာ အချိန်ခဏထပ်တည်လိုက်သည်။
ထန်ချောင်းချောင်း ကြက်ဥ ၄ လုံးခွဲကာ အဝါရောင်ပြောင်းသည်အထိ ဇွန်းဖြင့်ခေါက်လိုက်သည်။ ထို့နောက် အရမ်းချဉ်သီးကို ရေနွေးနှင့်ပြုတ် အခွံနွှာကာ အတုံးလေးများတုံးလိုက်ပြီး အရည်ထွက်လာသည်အထိ ကြော်လိုက်သည်။ ထို့နောက် မွှေထားသောကြက်ဥများကို လောင်းထည့်လိုက်သည်။ နောက်ဆုံးတွင် နုတ်နုတ်စင်းထားသောကြက်သွန်ဖြူနှင့် အရသာမှုန့်များကို ရောထည့်ကာ မီးဖိုပေါ်မှချလိုက်သည်။
ကြက်သားအိုးပွက်ပွက်ဆူအောင် စောင့်နေချိန်တွင် ခွက်မှို၊ ရှီတကီမှိုနှင့် အပ်မှို ( မှိုသုံးမျိုး) တို့ဖြင့် စွပ်ပြုတ်တစ်ခွက် အမြန်ချက်လိုက်သည်။
ထို့နောက် ဟင်းပန်းကန်များကို စားပွဲပေါ်တွင် သေချာတင်ပြီးနောက် အပေါ်ထပ်သို့တက်သွားသည်။
သူမ ယဉ်ကျေးစွာဖြင့် တံခါးကို ၃ ကြိမ်ခေါက်လိုက်သည်။
‘’ ကျွန်မပါ…’’
အခန်းသည် မည်းမှောင်နေသည့်အတွက် မီးဖွင့်လိုက်သည်။ အမျိုးသားသည် အိပ်ယာပေါ်တွင် ခေါင်းကိုမှီထားပြီး သူ၏အကြည့်သည် မိုင်ပေါင်းများစွာကို ငေးကြည့်နေသကဲ့သို့ပင်။
‘’ကျွန်မပြန်လာပြီ…’’
ရှန်းယွဲ့က သူမနှင့်သူ ဘာမှမဆိုင်ကြောင်းကို ကိုယ်ဟန်အမူအယာဖြင့် ပြလိုက်သည်။
ထန်ချောင်းချောင်းက စိတ်အနှောက်အယှက်မဖြစ်ပေ။ သူမ အခန်းကိုဝေ့ကြည့်လိုက်ပြီး ထောင့်တွင်ထောင်ထားသော ဝှီလ်းချဲလ်ဆီသို့ တည့်တည့်လျောက်သွားလိုက်သည်။
ရှန်းယွဲ့ အောက်ထပ်သို့မဆင်းသည်မှာ အချိန်အတော်ကြာနေသည့်အတွက် ဝှီလ်းချဲလ်ပေါ်တွင် ဖုန်တစ်ချို့တင်နေသည်။ သူမ ဖုန်များကိုသေချာစွာသုတ်လိုက်ပြီး သူ့ဆီသို့တွန်းသွားသည်။
ရှန်းယွဲ့ မျက်လုံးပင့်ကာ သူမကိုကြည့်ပြီး အေးစက်သည့်လေသံဖြင့် ‘’ မင်း ဘာလုပ်မလို့လဲ…’’
‘’ ကျွန်မ ဒီနေ့ ကုမ္ပဏီကိုသွားတယ်… ပြီးတော့ မသွားခင်ရှင့်ကိုလာပြောမလို့ပဲ ရှင်အိပ်နေတာနဲ့ မပြောလိုက်ရဘူး… ပြီးတော့ ကျွန်မ အကျီနည်းနည်းဝယ်ခဲ့သေးတယ်… ကျွန်မ ဗီဒိုထဲကအကျီတွေက ဝတ်လို့မရအောင် တော်တော်ရုပ်ဆိုးနေလို့လေ… နောက်တော့ ဟိုဟိုဒီဒီ နည်းနည်းလောက်လျောက်ပတ်ပြီး ပြန်လာခဲ့တာ… ရှင် ဗိုက်ဆာနေပြီလား… ကျွန်မချက်ပြုတ်ပြီးပြီ… အောက်ဆင်းပြီး စားရအောင်…’’
သူမ၏ အသံသည် နူးညံ့ပျော့ပြောင်းနေပြီး သူ မည်မျှပင်စိတ်ဆိုးနေပါစေ ဂွမ်းစအားလက်သီးနှင့် ထိုးသကဲ့သို့ပင်။
‘’ မသွားဘူး… ဒီမှာပဲစားမယ်…’’
‘’ ရှင် တနေကုန် အခန်းထဲမှာနေနေတာ … မညီးငွေ့ဘူးလား…’’
‘’မင်း နဲ့မဆိုင်ဘူး…’’
‘’ ရှင် တွေးကြည့်ပါဦး… အိပ်ယာပေါ်မှာပဲထိုင်ပြီး အစာစားရတာ အရသာမဆိုးဘူးလား… မတော်တဆ အိပ်ယာပေါ် ဟင်းရည်တွေဖိတ်ကုန်ရင် ဘယ်လိုလုပ်မလဲ… ပြီးတော့ အဲ့ဟင်းရည်တွေပေနေတဲ့ အိပ်ယာပေါ်မှာ အနံ့တွေနေပြီး စေးကပ်ကပ်နဲ့ ရှင်အိပ်နေရမှာပေါ့…’’
‘’ ကျွတ်… ကျွတ်… ကျွတ်… ရှင့်အိပ်ယာကနေ အရင်က အရွက်ပုပ်နံ့တွေ ရတယ်ဆိုတာ ဒါကြောင့်ကိုး…’’
ထန်ချောင်းချောင်း အတိတ်ဘဝကို သတိရမိသွားသည်။ အရင်ကမ္ဘာက စားဖိုမှုးတစ်ချို့သည် မသန့်ရှင်းကြပေ။ သူတို့၏ အဝတ်များကိုပင် လဲမဝတ်ကြပေ။ ထို့ကြောင့် သူတို့ခန္ဓာကိုယ်မှ မယုံနိုင်စရာကောင်းသည့် ချဉ်တူးသောအနံ့များ ထွက်လေ့ရှီကြသည်။ ထိုအနံ့များကြောင့် သူမမှာ အကြိမ်ပေါင်းမနည်း မူးလဲမတတ်ပင်။
သူမ အမုန်းဆုံးမှာ ညစ်ပါတ်သည့်အမျိုးသားများပင်ဖြစ်သည်။
အိပ်ယာပေါ်တွင် အစာစားခြင်းသည် မှားယွင်းသည့်ကိစ္စတခုဟု ရှန်းယွဲ့ တခါမှမတွေးခဲ့မိပေ။ သို့သော် သူမထိုသို့ပြောပြီးနောက် သူသည်ဟင်းရည်အိုးကြီးတစ်ခုထဲတွင် ဝင်စိမ်နေသကဲ့သို့ ခံစားလိုက်ရသည်။
ရှန်းယွဲ့ မျက်နှာတစ်ခုလုံး ပုပ်သိုးသွားပြီး ‘’ အဲ့ ဝှီးချဲလ်ကို ဒီယူလာခဲ့ … ‘’
‘’ ဟုတ် …’’
ထန်ချောင်းချောင်း မျက်လုံးများပိတ်သွားသည်အထိ ပြုံးလိုက်မိသည်။
သူမ သူ့ခြေထောက်အား အိပ်ယာအောက်သို့ချပေးလိုက်သည်။ ထို့နောက် ရှန်းယွဲ့၏ ညာဘက်လက်ကို သူမပုခုံးပေါ်သို့တင်ကာ မတ်တပ်ရပ်နိုင်အောင် ကူညီပေးလိုက်သည်။
ရှန်းယွဲ့သည် အမျိုးသမီးလေး၏ပိန်ပါးသော ပုခုံးလေးကိုဖက်လိုက်သည်။ သူမ၏မျက်နှာသည် သူလက်နှင့်အလွန်နီးကပ်နေသည်။ သူမ၏ နားရွက်လေးများသည် သေးငယ်ပြီးခပ်ဝိုင်းဝိုင်းလေးဖြစ်ကာ နီလာရောင်နားကပ်လေး ဝတ်ဆင်ထားသည်။ သူမ ခေါင်းကိုအသာလေးလှည့်လိုက်စဉ် သူမစည်းထားသည့်ပိုနီတေးဆံပင်ဖျားလေးက သူပါးကို ငြင်သာစွာပွတ်တိုက်သွားသည်။
ရှန်းယွဲ့ ကြက်သေသေသွားပြီး ခြေလှမ်းမှားကုန်သည်။ သို့သော်လည်း သူ ချက်ခြင်းပင် ဝှီးချဲလ်ပေါ်သို့ ထိုင်ချပစ်လိုက်သည်။ ရုတ်တရက်ဖြစ်စဉ်ကြောင့် ထန်ချောင်းချောင်း သူမကိုယ်သူမ မထိန်းနိုင်တော့ဘဲ ရှန်းယွဲ့လက်မောင်းထဲသို့ ပြုတ်ကျသွားတော့သည်။
ရုတ်တရက် ပတ်ဝန်းကျင်တစ်ခုလုံး ကြောက်မက်ဖွယ်ကောင်းလောက်အောင်ပင် တိတ်ဆိတ်သွားတော့သည်။
ရှန်းယွဲ့ မျက်နှာတစ်ခုလုံးမှုန်မှိုင်းသွားကာ ကြောက်စရာကောင်းလာသည်။ သူ့အသံသည် သွားကြားထဲမှထွက်လာပြီး ‘’ မင်းရဲ့လက်…’’
‘’ဟင်…’’
သူမ ရုတ်တရက်ကြောင်ငေးနေပြီး မတုန့်ပြန်နိုင်ပေ။
‘’ မင်း လက်ကိုမဖယ်သေးဘူးလား…’’
သူမလက်သည် သူ၏အောက်ပိုင်းကိုသွားထိမိနေကြောင်း ရုတ်တရက်သတိထားမိသွားသည်။ သူမလက်ကို ပြန်ရုတ်လိုက်ကာ တီးတိုးရေရွတ်လိုက်သည်။
‘’ အဲ့ဒါက ရှုးပေါက်တဲ့နေရာလေးပဲကို… ဘယ်သူ့ဆီမှာ မပါတာရှိလို့လဲ..’’
‘လူသားတွေက အရာအားလုံးမှာ ထူးချွန်ပေမယ့် မဟုတ်တဲ့စည်းမျဉ်းစည်းကမ်းတွေလည်း များလိုက်တာ… တော်တော်ဒုက္ခများတာပဲ….’
‘’ မင်း … ‘’
သူမ၏ အပြစ်ကင်းသည့်အပြုအမူကြောင့် ရှန်းယွဲ့ ဒေါသအလွန်ထွက်သွားသည်။
‘ သူမက တော်တော်လေး အရှက်မရှိတာပဲ…’
ဗီလာသည် ၃ ထပ်သာရှိသော်လည်း ရှန်းယွဲ့သွားလာရအဆင်ပြေစေရန် အထဲတွင် ဓါတ်လှေကား ထပ်တပ်ထားသည်။
ထန်ချောင်းချောင်း ရှန်းယွဲ့အား အောက်ထပ်သို့ခေါ်လာသည်ကို မြင်လိုက်သည့် အန်တီဝမ်သည် အလွန်ပျော်ရွှင်သွားသည်။ သူမ ချက်ချင်းပင် သူတို့အတွက် ပန်းကန်ခွက်ယောက်များစီစဉ်ကာ စားပွဲပေါ်သို့တင်ပြီး နှစ်ဦးသားအတွက်နေရာလွတ်ပေးရန် အခန်းထဲမှလစ်ထွက်သွားတော့သည်။
ရှန်းယွဲ့ စားပွဲပေါ်မှအစားအစာများကိုမြင်ပြီးနောက် အနည်းငယ်စိတ်လျော့လိုက်သည်။
ထန်ချောင်းချောင်းက အပြုံးလေးဖြင့်ပြောသည်။
‘’စားတော့…’’
ရှန်းယွဲ့ သူမအား အေးစက်စွာကြည့်လိုက်သည်။ ‘ ဒီဟင်းပွဲလောက်နဲ့ မင်း ... ငါ့ကိုပျော်ရွှင်အောင်မလုပ်နိုင်ပါဘူး ‘
ရှန်းယွဲ့ ထိုအတွေးကိုနှလုံးသားထဲမှ တွေးလိုက်မိသော်လည်း ကြက်သားတစ်တုံးစားပြီးနောက် ဟင်းအရသာမှာ အလွန်ကောင်းမှန်း ခံစားလိုက်ရသည်။
ကြက်စတူးသည် အလွန်နူးညံ့ပြီး တကိုက်ကိုက်ရုံဖြင့် အရိုးများကိုဖယ်ရှားနိုင်သည်။ ထို့အပြင် ညှီနံ့လည်းမနံပေ။ ကြက်သား၏သင်းပျံ့သောအနံ့နှင့် သစ်အယ်စေ့၏ ချိုမြိန်မှုတို့က တစ်သားတည်းဖြစ်နေသည်။ အရသာမှာ ချိုပြီး အဆီပါသော်လည်း ဆီပြန်မနေပေ။
ခရမ်းချဉ်သီးနှင့်ရောကြော်ထားသော ကြက်ဥမွှေကြော်၏ အရောင်သည် နီရဲလေးဖြစ်ကာ စွပ်ပြုတ်မှာလည်း ချိုချဉ်လေးဖြစ်သည်။ သူ ဇွန်းအပြည့်ခပ်ကာ ထမင်းဖြူနှင့်ရောနယ်လိုက်သည်။
သူ မှိုဟင်းချိုနောက်တစ်ဇွန်း ထပ်သောက်လိုက်သည်။ များပြားလှသည့် ဟင်းခတ်ပစ္စည်းများမပါဝင်ဘဲ ဆားနှင့် ငြုတ်ကောင်းအရသာက မှိုဟင်းရည်ထဲတွင်ပါဝင်နေကာ သူ၏ခံတွင်းကိုရှင်းစေသည်။
Xxxxxxxx