အပိုင်း ၁၆၀
Viewers 30k

🍵Chapter 160

 မင်းဒီမှာ ဘာလာလုပ်နေတာလဲ ရူကွေ့




အဆင့် ၁ စားဖိုမှူးလိုင်စင်လက်မှတ်ဆိုပါလား...


မယုံနိုင်စရာပေပဲ...


ဤမိန်းကလေးသည် ဤအသက်အရွယ်နှင့် ဤမျှ စွမ်းဆောင်နိုင်အောင် မည်သူကများ သွန်သင်ဆုံးမထားခဲ့ပါသလဲ...


အသက် ၁၉ နှစ်နှင့် စားသောက်ဆိုင် မန်နေဂျာဖြစ်ကာ အဆင့် ၁ စားဖိုမှူးလိုင်စင်ကို ရထားနိုင်သည့် အစွမ်းအစမှာ ကြောက်ဖို့ပင် ကောင်းနေတော့သည်။


အတိတ်က မိန်းမများအပေါ် နှိမ်ချသည့်စိတ်ဖြင့် ကြည့်ခဲ့ကြသော လူများသည် အခုမှ ရှက်နေကြသည်။ ခေါင်းဆောင်ကြီး၏စကားမှာ မှန်ပေသည်။ အမျိုးသမီးများသည် တကယ်ပင် ကောင်းကင်တစ်ဝက်ကို ထမ်းထားနိုင်ပါလား။


သူတို့သည် မိန်းမများအပေါ် နှိမ်ချခြင်းကို ရပ်သင့်နေပေပြီ။


ထုံရွှယ်လူအား လှောင်ပြောင်ခဲ့သော လူသည်လည်း မျက်နှာနီနီနှင့် အကြည့်လွှဲကာ ဘာမှထပ်မပြောတော့ပေ။


လူများက စကားအနည်းငယ်ပြောဆိုပြီး မကြာခင်မှာပင် အကြီးတန်းအုပ်ချုပ်သူများ ရောက်လာကြလေသည်။


မန်နေဂျာလင်းက အစည်းအဝေးကို အတိုချုပ်ရှင်းလင်းပြီးသောအခါ တစ်လစိန်ခေါ်မှုအကြောင်းကို ပြန်အစဖော်လိုက်သည်။


"နန်မြို့ဆိုင်ခွဲရဲ့ မန်နေဂျာထုံ ဒီမှာ ရှိလား..."


ထုံရွှယ်လူက မတ်တပ်ရပ်ကာ ပြောလိုက်သည်။

"ဟဲလို မန်နေဂျာလင်း..."


မန်နေဂျာလင်း: "ဂုဏ်ယူပါတယ် ရဲဘော်ထုံ...မင်းက စာမေးပွဲကို အောင်ရုံမက ဂုဏ်ထူးတွေပါ ရသွားတာပဲ..."


အမှန်တော့ ထုံရွှယ်လူက စားသောက်ဆိုင်အား တစ်လအတွင်း တိုးတက်ပြောင်းလဲအောင် လုပ်နည်ဟုပြောခဲ့စဉ်က မန်နေဂျာလင်းသည်လည်း ထုံရွှယ်လူအား အထင်သေးခဲ့မိသည်။


သို့သော် ရဲဘော်ထုံသည် စားသောက်ဆိုင်အား နှစ်ပတ်အတွင်း တိုးတက်အောင်လုပ်ခဲ့သည့်အပြင် လူတိုင်း၏ပါးစပ်ဖျား၌လည်း တသသဖြစ်နေအောင် လုပ်လိုက်ခြင်းဖြင့် လူတိုင်းအား အံ့အားသင့်စေခဲ့သည်။


နေ့တိုင်းလိုလိုပင် ထိုစားသောက်ဆိုင်မှ မာလာထန်အကြောင်းပြောနေသူ တစ်ယောက်မဟုတ် တစ်ယောက်တော့ မန်နေဂျာလင်း တွေ့နေရသည်။


ထုံရွှယ်လူက ရိုသေသည်လည်းမဟုတ် မောက်မာသည်လည်းမဟုတ် သာမာန်လေသံနှင့် ပြောလိုက်သည်။


"ကျွန်မကို အားပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ် မန်နေဂျာလင်း...မန်နေဂျာလင်းတစ်ယောက်ကသာ ကျွန်မကို မယုံကြည်ပေးခဲ့ဘူးဆိုရင် ကျွန်မ ဒီလောက်အထိ လုပ်နိုင်ဖို့ဆိုတာ အိပ်မက်ထဲတောင် ထည့်မက်ရဲမှာမဟုတ်ပါဘူး..."


ထုံရွှယ်လူ၏စကားများကြောင့် မန်နေဂျာလင်း အလွန်ပျော်သွားမိလေသည်။


ဟုတ်ပေသည်...သူက အလွန်တော်သည့် ခေါင်းဆောင်ကောင်းဖြစ်၍သာ ထုံရွှယ်လူ ဤမျှ လုပ်ဆောင်နိုင်ခဲ့ခြင်း ဖြစ်လိမ့်မည်...


ထုံရွှယ်လူက ထိုသို့ပြောပြီး လချုပ်စာရင်းနှင့် လုပ်ဆောင်ချက်စာရင်းတို့ကို ပေးလိုက်သည်။


မန်နေဂျာလင်းက အနည်းငယ်လှန်ကြည့်ပြီး မျက်လုံးများ အရောင်တောက်လာကြသည်။


မန်‌နေဂျာလင်းသည် ယခင်ကလည်း လချုပ်စာရင်းများစွာကို ကြည့်ဖူးသော်လည်း အကုန်လုံးက စက္ကူစုတ်သာသာ သာဖြစ်သည်။ ရေးထားသည်များက ဘာအဓိပ္ပာယ်မှမရှိချေ။


သို့သော် ယခု ထုံရွှယ်လူ၏စာရင်းကတော့ အကုန်လုံးကို ဇယားများနှင့် ‌သေသပ်မှန်ကန်စွာ လုပ်ထားလေသည်။


မဆိုးပေ...ရဲဘော်ထုံသည် တကယ်ပင် စွမ်းဆောင်ရည်မြင့်မားသူတစ်ယောက်ဖြစ်လေသည်။


သူမ၏စွမ်းဆောင်နိုင်စွမ်းများက ယောင်္ကျားရဲဘော်များစွာထက်ပင် သာလွန်နေတော့သည်။


🍵

သုတေသနအခြေစိုက်စခန်း၌..


ကျိုးရန်တစ်ယောက် ပြန်ရောက်လာပြီးတည်းက ပြုံးရွှင်ကာ မြောက်ကြွမြောက်ကြွဖြစ်နေသည်။


ကြည့်မရတော့သော ဟွမ်ချီမင်က မနေနိုင်တော့ပဲ မေးလိုက်လေသည်။

"ဟေ့ကောင် ချီးဦးနှောက်ကျိုး...ဒီလောက်အစောကြီးထပြီး ဘာတွေ အူမြူးနေတာလဲ..."


ကျိုးရန်က ထိုးတော့မည်ပုံနှင့် လက်ရမ်းလိုက်သည်။

"ခွေးဥဟွမ်...ငါ့ကို နောက်တစ်ခါ ချီးဦးနှောက်လို့ ခေါ်ရဲခေါ်ကြည့်..."


ဟွမ်ချီမင်က ရယ်၍ ပြောလိုက်သည်။

"စကားမတည်တဲ့ကောင်က ငါမဟုတ်ပါဘူးကွ...မင်းက ဘာတွေ ဖြစ်နေတာလဲ...ပြုံးနေတာ ပါးစပ်က နားရွက်တက်ချိတ်တော့မယ်.."


ကျိုးရန်က အင်္ကျီအိတ်ကပ်ထဲမှ ဓာတ်ပုံအသေးလေးတစ်ခုကို ဆွဲထုတ်ကာ ပြုံး၍ကြည့်ရင်း ပြောလိုက်သည်။

"ငါ့ကောင်မလေးက သူ့ပုံလေး ပို့လိုက်တယ်ကွ...အခုကစပြီး ငါ သူ့မျက်နှာလေးကို နေ့တိုင်းမြင်နိုင်တော့မယ်..."


ဟွမ်ချီမင်က နှုတ်ခမ်းကို အနည်းငယ်စူလိုက်သည်။

"ကျစ်...အဲဒါ ဘာများထူးဆန်းလို့လဲ...ငါဆို ငါ့ကောင်မလေးဓာတ်ပုံရတာ ကြာပေါ့..."


ဝမ်ရူကွေ့ကတော့ မျက်တောင်သာတစ်ချက်ခတ်ကာ ဘာမှမပြောချေ။


အဘယ်ကြောင့်ဆိုသော် သူ့၌ ကောင်မလေးပုံ မရှိသောကြောင့်ဖြစ်သည်။


ဝမ်ရူကွေ့ တစ်ခုခုဖြစ်သွားသည်ကို ကျိုးရန်က ချက်ချင်းသတိထားလိုက်မိကာ ရယ်၍ ပြောလိုက်သည်။


"ရူကွေ့...မင်းမှာရော မင်းကောင်မလေးပုံရှိလား..."


ဝမ်ရူကွေ့: "မရှိဘူး..."


"ဟားဟားဟားဟား...ငါထင်သားပဲ..."

ကျိုးရန်သည် ဝမ်ရူကွေ့အား မစာမနာ အော်ရယ်လိုက်သည်။


ဟွမ်ချီမင်သည်ပင် အနည်းငယ် စိတ်ကြီးဝင်သွားမိသည်။


နောက်ဆုံး‌တွင်တော့ သူတို့သည် ဝမ်ရူကွေ့ထက် တစ်နေရာတွင်တော့ သာနိုင်ခဲ့ပြီမဟုတ်လား။


နေ့လယ်စာစားချိန်၌ ဝမ်ရူကွေ့သည် သာမာန်ထက်ပို၍ပင် တိတ်ဆိတ်နေသည်။


နေ့လယ်စာစားပြီးသောအခါ ဝမ်ရူကွေ့သည် ခေါင်းဆောင်ကျွမ်း၏အခန်းသို့ တန်းသွားလိုက်သည်။


ခေါင်းဆောင်ကျွမ်းကျန့်ဟွေ့က ဝမ်ရူကွေ့အား မြင်သောအခါ မော့ကြည့်၍ မေးလိုက်သည်။

"မင်းရဲ့ကောင်မလေးကိုသွားတွေ့ဖို့ ခွင့်ယူချင်တယ် ဟုတ်လား..."


ဝမ်ရူကွေ့၏နားရွက်များက အနည်းငယ်ရဲတက်သွားသည်။

"ဟုတ်ကဲ့..."


ကျွမ်းကျန့်ဟွေ့က ရယ်ကာ ပြောလိုက်သည်။

"အရင်က မင်း တစ်သက်လုံး တစ်ယောက်တည်းပဲနေသွားရမှာကို ငါစိုးရိမ်ခဲ့တာ အခုပြန်စဉ်းစားရင် ရယ်စရာ‌တွေဖြစ်ကုန်ပြီပဲ..."


ဝမ်ရူကွေ့က ဘာမှပြန်မပြောသော်လည်း ထုံရွှယ်လူအကြောင်းတွေးလိုက်ရုံနှင့် သူ၏မျက်လုံးများက နူးညံ့သွားကြသည်။


ဝမ်ရူကွေ့သည် ယခုမှပင် ပို၍ လူသားဆန်လာတော့သည်။


ခေါင်းဆောင်ကျွမ်းက ထိုအရာကို သတိထားမိသောအခါ ကျေနပ်ဝမ်းသာသွားမိသည်။


ဌာနမှ လူပျိုနောက်တစ်ယောက် ဝဋ်ကျွတ်သွားသည်မှာ ဝမ်းသာစရာသတင်းဖြစ်သည်။


ဝမ်ရူကွေ့သည် ထုံရွှယ်လူအား အံ့ဩသွားစေချင်သောကြောင့် ကြို၍ ဖုန်းမဆက်ထားလိုက်ပေ။


တကယ်တော့ ဝမ်ရူကွေ့သည် ဖုန်းကြိုဆက်ချင်လျှင်တောင် ဘယ်ကို ခေါ်ရမည်မသိသောကြောင့်ဖြစ်သည်။ ထုံမိသားစု၌ ဖုန်းမရှိ၍ စားသောက်ဆိုင်၌လည်း ဖုန်းမရှိချေ။


🍵

ယနေ့၌လည်း အဖိုးဝမ် စားသောက်ဆိုင်သို့ ရောက်လာပြန်လေသည်။


အပြင်၌ မိုးရွာနေသောကြောင့် စားသောက်ဆိုင်သို့ လာစားသူများ နည်းပါးနေ၏။


အပြင်ရာသီဥတုက သွားချင်းရိုက်လောက်အောင် ချမ်းအေးနေသောကြောင့် အဖိုးဝမ်သည် ဆိုင်ထဲ၌ ဟင်းရည်ပူပူကို တစ်ဇွန်းချင်းခပ်သောက်ကာ ကျေနပ်နေမိသည်။


စားပြီးသောအခါ အဖိုးဝမ်သည် ရုတ်တရက် ရှည်လျား၍ ကျယ်လောင်သော သက်ပြင်းကို ချလိုက်သည်။


ထို့နောက် ထုံရွှယ်လူ ထိုင်နေသည့်နေရာသို့ လှမ်းကြည့်လိုက်သော်လည်း ထုံရွှယ်လူက သူ့အား ကြည့်မနေသည်ကို မြင်သောအခါ ထပ်၍ သက်ပြင်းချလိုက်ပြန်သည်။


အဖိုးဝမ်၏သက်ပြင်းချသံက နွားအော်သံထက်ပင် ကျယ်နေသောကြောင့် ထုံရွှယ်လူ မကြားပဲ မနေနိုင်တော့ချေ။


ဆိုင်သို့ နေ့တိုင်းနီးပါးလာနေသော အဖိုးကို ထုံရွှယ်လူ တော်တော်ရင်းနှီးနေမိပြီဖြစ်သည်။ထို့ကြောင့် အဖိုးနားသို့သွားကာမေးလိုက်သည်။

"ဘာဖြစ်လို့ပါလဲ လူကြီးမင်း..."


အဖိုးဝမ်က သက်ပြင်းတစ်ခါထပ်ချကာ ခေါင်းကို ခါလိုက်သည်။

"အဖိုးရဲ့ သားသမီးတွေနဲ့ မြေးတွေက တစ်ယောက်မှ မကောင်းကြပါဘူးကွယ်...အဖိုးရဲ့အဖြစ်က ဆိုးလှပါတယ်..."


ထုံရွှယ်လူ: "..."


အဖိုးဝမ်: "အဖိုးရဲ့သားရော မြေးရောက တစ်ယောက်မှ သုံးစားမရဘူး...သူတို့က အဖိုးကို အိမ်မှာ တစ်ယောက်တည်းထားထားကြတယ်လေ...အဖိုးမှာ စကားပြောစရာလူ တစ်ယောက်မှ မရှိဘူး..."


ထုံရွှယ်လူလည်း အဖိုးအိုပြောသည်မှာဖြစ်နိုင်သည်ဟု တွေးလိုက်သည်။

"လူကြီးမင်းရဲ့ ချွေးမကရော လူကြီးမင်းကို ဂရုမစိုက်ဘူးလား..."


အဖိုးဝမ်က မျက်မှောင်ကြုတ်လိုက်သည်။

"သူက ပိုတောင်ဆိုးသေးတယ်...သူတို့အကြောင်းထားလိုက်ပါတော့...အဖိုးပြောပြမယ်...အဖိုးရဲ့မြေးက ဟိုတလောကပဲ ရည်းစားရသွားတယ်လေ...ဒါပေမယ့် အဖိုးက သူ့ကောင်မလေးကို တွေ့ချင်တယ်ပြောတော့ သူ့ကို အိမ်ကို ခေါ်မလာနိုင်ဘူးတဲ့..."


ခေါင်းတခါခါနှင့်ပြောနေသော အဖိုးဝမ်ကိုကြည့်ရင်းဖြင့် ထုံရွှယ်လူသည် ထိုအဖိုးအိုကို သနားသွားမိသည်။


ထိုအဖိုး၏သား၊ ချွေးမနှင့် မြေးတို့အားလုံးသည် အကုန်မကောင်းသည့်လူများပါလား။ ဘယ်လောက်တောင် ကံဆိုးတာပါလဲ။


ထုံရွှယ်လူ: "လူကြီးမင်းရဲ့မြေးနဲ့ စကားကို သေချာပြောကြည့်ပါလား..."


အဖိုးဝမ်: "အဖိုး အဲဒီလို မလုပ်ရသေးဘူးထင်လို့လား...အဖိုးရဲ့ ငတုံးမြေးက အဖိုးကို အဖိုးလို့တောင်မခေါ်တော့ဘူး...ရဲဘော်ထုံ...မင်းကပဲ ငါ့ကို အဖိုး‌လို့ခေါ်ပေးပါလား...အဖိုးလို့ခေါ်သံလေးကြားချင်လို့ပါ..."


ထိုအချိန်မှာပင် အရှေ့တံခါးဆီမှ ဩရှသော်လည်း ညင်သာသည့်အသံတစ်သံ ထွက်လာလေသည်။


"အဖိုး..."


ထုံရွှယ်လူက မော့ကြည့်လိုက်ရာ တံခါးဝ၌ရပ်နေသော ဝမ်ရူကွေ့ကို တွေ့လိုက်ရဘေသည်။


"ဟင်...ရှင်ဒီမှာ ဘာလုပ်နေတာလဲ ရူကွေ့..."


အဖိုးဝမ်: "..."


ထုံရွှယ်လူသည် ပါးစပ်မှ လွှတ်ခနဲပြောလိုက်ပြီးမှ ခဏရပ်ကာ ပြန်စဉ်းစားလိုက်သည်။


နေပါဦး...ခုန ရူကွေ့ ဘာပြောလိုက်တာလဲ...


ဒီဖိုးဖိုးကြီးကို ရူကွေ့က အဖိုးလို့ခေါ်လိုက်တာလား...


ထုံရွှယ်လူ၏မျက်လုံးများပြူးသွားကြကာ သူမ၏ရှေ့မှ အဖိုးအိုတစ်လှည့် ဝမ်ရူကွေ့ကိုတစ်လှည့် ကြည့်လိုက်သည်။


အဖိုးဝမ်က အသက်ကြီးနေကာ မျက်နှာကလည်း အရေပြားများတွဲ၍ မုတ်ဆိတ်ရှိနေသောကြောင့် သူ့အား ဝမ်ရူကွေ့နှင့်တူသည်ဟု ထုံရွှယ်လူ တစ်ခါမှ မတွေးမိခဲ့ခြင်းဖြစ်သည်။


သို့သော် ယခု နှစ်ယောက်လုံးကို ယှဉ်ကြည့်လိုက်မှ သူတို့နှစ်ယောက်သည် ရုပ်ဆင်နေသည်ကို သတိထားလိုက်မိသည်။


ထုံရွှယ်လူ့ရှေ့မှ လူကြီးသည် ဝမ်ရူကွေ့၏အဖိုးဖြစ်၍ ဝမ်ရူကွေ့က ထိုလူကြီးတစ်ချိန်လုံး ပြောနေသည့် မကောင်းသာ့်မြေး ဖြစ်နေသည်လား။


ထုံရွှယ်လူ အလွန်အံ့ဩသွားမျသည်။


အဖိုးဝမ်လည်း ပါးစပ်အဟောင်းသားနှင့် အံ့ဩနေလေသည်။


ဘာတွေဖြစ်ကုန်တာလဲ...


အဖိုးဝမ်သည် မြက်နုလေးအား သူ့ကို အဖိုးဟု ခေါ်ခိုင်းနိုင်ရန် အလွန်နီးစပ်နေပြီဖြစ်သည်။ ဒီကောင်စုတ်လေးရူကွေ့က ဒီအချိန်ကျမှပဲ ပေါ်လာရသတဲ့လား။


အရူးကတော့ အမြဲ အရူးဖြစ်နေမှာပါပဲ။


အဖိုးဝမ်သည် တွေးလေလေ ဒေါသထွက်လာလေလေဖြစ်ကာ မုတ်ဆိတ်များပင် တဆတ်ဆတ်လှုပ်ခါနေတော့သည်။


ဝမ်ရူကွေ့က ဆိုင်ထဲဝင်လာကာ အဖိုးဝမ်အား အဖိုး ဟုတစ်ခေါက်ထပ်ခေါ်လိုက်ပြီးမှ ထုံရွှယ်လူအား လှည့်ပြောလိုက်သည်။


"ဟုတ်တယ်...ကျွန်တော် ဒီနေ့ ခွင့်တစ်ရက်ရလို့..."


ဝမ်ရူကွေ့သည် ထုံရွှယ်လူနှင့်မတွေ့ရသည်မှာ သုံးပတ်ခန့်ရှိပြီဖြစ်သည်။


ထို့ကြောင့် ယခု ဝမ်ရူကွေ့သည် သူ့ပါးစပ်ထဲသို့ တစ်စုံတစ်ယောက်က ဆီးသီးခြောက်များ ထိုးထည့်ထားသကဲ့သို့ တစ်ချိန်တည်းမှာပင် ချိုလိုက် ချဉ်လိုက်ဖြစ်နေသလို ခံစားနေရသည်။


ဝမ်ရူကွေ့၏အကြည့်များသည် ထုံရွှယ်လူ၏မျက်နှာနား၌သာဝဲနေကြ၍ ထိုနေရာမှ အကြည့်မလွှဲနိုင်ဖြစ်နေလေသည်။


ထုံရွှယ်လူကတော့ ဧည့်သည်အဖိုးအိုအား ဝမ်ရူကွေ့ခေါ်လိုက်သည့် အသုံးအနှုန်းကိုသာ စိတ်ဝင်စားနေသည်။

"သူက ရှင့်ရဲ့ အဖိုးလား..."


ဝမ်ရူကွေ့ ဘာမှမပြောရသေးခင်မှာပင် အဖိုးဝမ်က ခေါင်းငြှိမ့်ကာ ပြောလိုက်သည်။

"ဟုတ်ပါတယ် ရဲဘော်ထုံ...ဒါက အဖိုးအမြဲပြောနေတဲ့ မကောင်းတဲ့ အရူးမြေးပါပဲ..."


"ဟားဟားဟားဟား..."


ထုံရွှယ်လူသည် မထိန်းနိုင်ပဲ အော်ရယ်လိုက်မိတော့သည်။


သာမာန်လူတစ်ယောက်သည် ယခုကဲ့သို့ လက်ပူးလက်ကြပ်မိကာ အလိမ်ပေါ်သွားပါက ရှက်နေမည်ဖြစ်သည်။


အဖိုးဝမ်ကတော့ မရှက်သည့်အပြင် သူ့လုပ်ရပ်ကပင် မှန်နေသလိုလို စကားပြောနေလေသည်။


ဘယ်လိုတောင် ထူးဆန်းတဲ့ အဖိုးကြီးပါလိမ့်။


"ဟုတ်တယ်...ဒါ ကျွန်တော့်အဖိုးပါ..."


ဝမ်ရူကွေ့က သက်ပြင်းချကာပြောလိုက်သည်။

"ဒီမှာ ဘာလာလုပ်နေတာလဲ အဖိုး..."