🍵Chapter 161
ကိုယ်မကြိုက်တဲ့လူတစ်ယောက်ကို ဘယ်လိုငြင်းရမလဲ
အဖိုးဝမ် မျက်လုံးပြူးသွားသည်။
"ငါက ဒီမှာ ဘာလုပ်နေတာလဲ ဟုတ်လား...ဒါ စားသောက်ဆိုင်လေ...ငါ ဘာလုပ်နေတယ်လို့ မင်းထင်နေလဲ...တကယ်မေးသင့်တဲ့မေးခွန်းက မင်း ဒီမှာ ဘာလာလုပ်နေလဲ ဆိုတာပဲကွ..."
ဝမ်ရူကွေ့သည် ဘဝ၌ ပထမဆုံးအကြိမ်အဖြစ် မျက်လုံးကို ဝေ့ချင်သွားမိသည်။
"အဖိုး...ရဲဘော်ထုံက ကျွန်တော့်ချစ်သူလေ..."
ဟန်ဆောင်မနေပါနဲ့တော့ အဖိုးရယ်...အဖိုးသိပြီးသားမှန်း ကျွန်တော်သိပါတယ်...
အဖိုးဝမ်၏မျက်လုံးများ ပိုပြူးသွားကာ အလွန်အံ့ဩသွားသည့်ပုံစံ ဖမ်းလိုက်သည်။
"အိုး ဘုရားရေ...ဒီ ရဲဘော်ထုံက မင်းရဲ့ချစ်သူလို့ ပြောလိုက်တာလား..."
"မင်္ဂလာပါ ရဲဘော်ထုံ...အဖိုးက ဝမ်ရူကွေ့ရဲ့အဖိုးပါ...နောက်ဆိုရင် အဖိုးကို ရူကွေ့လိုပဲ အဖိုးလို့ ခေါ်လို့ရပြီပေါ့..."
ဟားဟားဟား...ဘယ်လိုတောင် ဟန်ဆောင်ကောင်းတဲ့ အဖိုးပါလဲ...
ဝမ်ရူကွေ့ကဲ့သို့ တည်ငြိမ်အေးစက်သောလူ၌ ဤကဲ့သို့ တက်ကြွကာ ဟန်ဆောင်ပန်ဆောင်နိုင်သောအဖိုးတစ်ယောက်ရှိနေလိမ့်မည်ဟု ထုံရွှယ်လူ မထင်ထားခဲ့မိချေ။
ထုံရွှယ်လူသည် အဖိုးဝမ်၏ဇာတ်လမ်းကို လိုက်လံကပြပေးရန် ဆုံးဖြတ်လိုက်သည်။
"မင်္ဂလာပါ အဖိုးဝမ်..."
အဖိုးဝမ်က နှုတ်ခမ်းအနည်းငယ်စူသွားသည်။ အဖိုးဟုခေါ်လျှင် လုံလောက်ပြီမဟုတ်လား။ အဘယ်ကြောင့် ဝမ် က ပါလာရသေးတာတုန်း..။
သို့သော် မြက်နုလေးကဲ့သို့ ကောင်းမွန်လွန်းသောမိန်းကလေးကို စိတ်ခုမသွားစေချင်ပေ။ ထို့ကြောင့် ယခုတွင်တော့ ဘာမှမပြောပဲ နေရပေဦးမည်။
မုန့်ချင်းချင်းနှင့် အခြားလူများကတော့ သူတို့ရှေ့၌ ဖြစ်နေသည့်အဖြစ်အပျက်များကိုကြည့်ကာ ပါးစပ်အဟောင်းသားပွင့်၍ အံ့ဩတကြီး ကြည့်နေမိကြသည်။
ဤ "အလွန်ချမ်းသာသော" ဧည့်သည်အဖိုးကြီးက မန်နေဂျာထုံ့ချစ်သူ၏ အဖိုးဖြစ်နေသည်လား။
ထိုမျှမက မန်နေဂျာထုံ၏ချစ်သူကလည်း အလွန့်အလွန်ပင် ချောမောကြည့်ကောင်းလှပေသည်။
မုန့်ချင်းချင်းပင် ကြည့်ရင်း ရှက်သွေးဖြာသွားမိသည်။
မန်နေဂျာထုံ၏ချစ်သူသည် သူမ မြင်ဖူးသမျှ ယောင်္ကျားများထဲ၌ အချောမောဆုံး ယောင်္ကျားဖြစ်၍ မန်နေဂျာထုံနှင့် အလွန်လိုက်ဖက်လှသည်ဟု ထင်မိသည်။
ယခု ထိုအဖိုးက ဝမ်ရူကွေ့၏အဖိုးဟု သိပြီးသောအခါ ထုံရွှယ်လူသည် သူမ၏ရိုသေမှုကို ပြရန်လိုလာတော့သည်။
ထို့ကြောင့် အဖိုးဝမ်အတွက် ဇီးသီးခြောက်ကိတ်မုန့်ကို ကိုယ်တိုင်ဖုတ်ပေးလိုက်ရာ အဖိုးဝမ်သည် အလွန်ပျော်ရွှင်သွား၍ ထုံရွှယ်လူအား ချီးကျူးမဆုံးတော့ချေ။
အဖိုးဝမ်: "ရှောင်လူ...သမီးက ရူကွေ့ရဲ့ချစ်သူမှန်း အဖိုးလည်းသိပြီးပြီဆိုတော့ အဖိုးတို့အိမ်ကို ဘယ်တော့လာမှာလဲ..."
ရှောင်လူ?
ထုံရွှယ်လူက ပြုံးကာပြောလိုက်သည်။
"အဖိုးဝမ်...ကျွန်မကို ရွယ်လူလို့ပဲ ခေါ်လို့ရပါတယ်...ရူကွေ့က ဌာနချုပ်ကို ဘယ်တော့ပြန်ရမှာလဲ..."
ဝမ်ရူကွေ့: "သန်ဘက်ခါကျရင်..."
ဝမ်ရူကွေ့သည် ပိတ်ရက်ရသည်က အလွန်နည်း၍ သူ၏ဌာနကလည်း မြို့တော်နှင့် ဝေးကွာလွန်းသောကြောင့် စောစောပြန်ရမည်ဖြစ်သည်။
ရူကွေ့သည် ဘဝ၌ ပထမဆုံးအကြိမ်အဖြစ် ရူပဗေဒပညာရပ်ကို အသက်မွေးဝမ်းကြောင်းအလုပ်အဖြစ်ရွေးချယ်မိသည်မှာ မှားများမှားသွားပြီလားဟု တွေးမိသွားသည်။
ထုံရွှယ်လူက ခေါင်းကို အနည်းငယ်စောင်းကာပြောလိုက်သည်။
"ဒါဆို မနက်ဖြန်ရော...မနက်ဖြန်နေ့လယ်မတိုင်ခင် ကျွန်မ လာခဲ့မယ်လေ...အဲဒီလိုဆို အဆင်ပြေမလား အဖိုးဝမ်..."
အဖိုးဝမ်က ဆန်ကိုကောက်စားနေသော ကြက်ပေါက်လေးကဲ့သို့ ခေါင်းကို တဆတ်ဆတ်ငြှိမ့်လိုက်သည်။
"အင်း...သမီး ဘယ်အချိန်လာလာ အဖိုးအတွက် အဆင်ပြေပါတယ်..."
"ဒါဆို မနက်ဖြန် လာခဲ့မယ်နော်..."
အိမ်မှာ ရှောင်ချီနှင့် ရှောင်ပါးတို့နှစ်ကောင်သည် အရွယ်ရောက်နေပြီဖြစ်၍ မြက်နုလေးအား ချက်ခိုင်းချင်နေမိသည်။ တစ်ကောင်ကို စွပ်ပြုတ်လုပ်၍ တစ်ကောင်ကို ပေါင်းလိုက်လျှင် မည်မျှစားကောင်းမည်နည်း။
သို့သော်လည်း စိတ်ကူးမျှသာရှိပေသည်။
သူ့အိမ်သို့ ပထမဆုံးအကြိမ်လာလည်သောမိန်းကလေးကို တန်း၍ ဟင်းချက်ခိုင်းရန်မသင့်တော်ဘူးမဟုတ်လား။
အဖိုးဝမ် ဤမျှ မရိုင်းစိုင်းသေးပေ။
ယခုတွင်တော့ စားသောက်ဆိုင်သည် စီးပွားရေးလုပ်နေသည့်နေရာဖြစ်သောကြောင့် အဖိုးဝမ်သည် စားပြီးသောအခါ သူနေချင်သလောက် ဆက်ထိုင်နေ၍ မရတော့ချေ။
ထို့ကြောင့် ဝမ်ရူကွေ့အား ဇီးသီးခြောက်ကိတ်မုန့် သယ်ခိုင်းကာ အိမ်သို့ ပျော်ရွှင်စွာ ပြန်လာလိုက်သည်။
ဝမ်ရူကွေ့က မပြန်ချင်သေးသော်လည်း အဖိုးဝမ်က သူမပါမချင်း မပြန်တော့မည့်ပုံပေါ်နေသောကြောင့် လိုက်ပြန်ရတော့သည်။ ထို့အပြင် စားသောက်ဆိုင်ကလည်း စကားပြော၍ကောင်းသောနေရာမဟုတ်ပေ။
နောက်တစ်နေ့ ပြန်တွေ့ရမည်ဟူသောအတွေးကပင် ဝမ်ရူကွေ့ကိုပျော်ရွှင်သွားစေသည်။
အဖိုးဝမ်နှင့် ဝမ်ရူကွေ့တို့ ထွက်သွားပြီးသောအခါ မုန့်ချင်းချင်းက ထုံရွှယ်လူနားသို့ အပြေးရောက်လာသည်။
"မန်နေဂျာထုံ...ရှင့်ရဲ့ ကောင်လေးက အရမ်းချောတာပဲ...ရှင်တို့နှစ်ယောက် တကယ်ကို လိုက်ဖက်တယ်..."
ဘေးမှကောင်းဝေ့ဖျင်ကလည်း ခေါင်းတဆတ်ဆတ်ငြှိမ့်နေလေသည်။
ကောင်းချွန်းယွီက ပြုံးကာပြောလိုက်သည်။
"မန်နေဂျာထုံလို အဖက်ဖက်က ပြည့်စုံနေတဲ့မိန်းကလေးတစ်ယောက်က သူ့လိုပဲ ပြီးပြည့်စုံတဲ့ ချစ်သူမျိုးလိုတယ်လေ...အခုလိုလူမျိုးနဲ့ဆိုတော့ ကောင်းကင်ဘုံက စီစဉ်ပေးတဲ့ အချစ်ရေးဖြစ်သွားတာပေါ့..."
ထိုစကားကိုကြားသောအခါ မုန့်ချင်းချင်းကို ခေါင်းကို ထပ်ခါထပ်ခါ ညိတ်လိုက်သည်။
မုန့်ချင်းချင်းစိတ်ထဲမှလည်း ထိုသို့ပင်တွေးနေသည်ဖြစ်သော်လည်း အစ်မချွန်းယွီကဲ့သို့ စကားလှအောင် ထုတ်မပြောတတ်သောကြောင့် ဖြစ်သည်။
ထုံရွှယ်လူလည်း ပြုံးနေလိုက်မိသည်။
"ကျေးဇူးတင်ပါတယ်...ကျွန်မလည်း သူက တကယ်ကို ကောင်းတဲ့လူလို့ ထင်မိတယ်..."
ဝမ်ရူကွေ့သည် စကားပြောချိုသူတစ်ယောက်မဟုတ်ပေ။ အပြစ်ကင်းစင်သူဖြစ်သော်လည်း အနည်းငယ် အတီးအတနိုင်ကာ အလွန်လည်း ရှက်တတ်သေးသည်။ သို့သော် ဝမ်ရူကွေ့သည် ယုံကြည်ရသောလူတစ်ယောက်ဟုတော့ ထုံရွှယ်လူ ထင်မိ၏။
ထုံရွှယ်လူ၏စကားကြောင့် မုန့်ချင်းချင်းနှင့် အခြားလူများက အံ့ဩသွားကြသည်။
ဤခေတ်အခါ၌ လူတော်တော်များများသည် သူတို့ကိုယ်တိုင် သို့မဟုတ် မိသားစုများကို အခြားလူများက ချီးကျူးသောအခါ "အို မဟုတ်ပါဘူး သူက အဲဒီလောက်မတော်ပါဘူး..." သို့မဟုတ် "သူက တကယ်တော့ တော်တော်တုံးတာပါ..." စသဖြင့် မဟုတ်သည်များကို လှည့်ပြောတတ်ကြသည်။
သူ၏ချစ်သူက တကယ်ပင်ကောင်းသည်ဟု တဲ့တိုးပြောသူကို ယခုမှပင် တွေ့ဖူးကြခြင်းဖြစ်သည်။
သို့သော်လည်း ထုံရွှယ်လူ၏အပြုအမူက မှားနေသည်ဟု မခံစားရသည့်အပြင် ထိုသို့ တဲ့တိုးပြောခြင်းကပင် သဘာဝကျ၍ ကောင်းသည်ဟု ထင်မိကြသည်။
အဘယ်ကြောင့်ကောင်းသည်ဟု ထင်မိရခြင်းကိုတော့ သူတို့ကိုယ်တိုင်ပင် စဉ်းစားမရချေ။
ဝမ်ရူကွေ့ ပြန်ရောက်နေသောကြောင့် ထုံရွှယ်လူသည် တစ်နေကုန် ပျော်ရွှင်နေမိသည်။
သို့သော်လည်း လောကကြီးက ထုံရွှယ်လူအား ပျော်ခွင့်ပေးချင်ပုံမရချေ။ သူမ၏အပျော်များကို ဖျက်ဆီးမည့်လူကတော့ ရောက်လာသည်သာဖြစ်သည်။
ထိုည၌ မထင်ထားသော ဧည့်သည်အချို့ရောက်လာကာ ထိုအုပ်စုကို ဦးဆောင်လာသူက ချိုင်ချွန်းလန်ဖြစ်နေလေသည်။
ချိုင်ချွန်းလန်သည် စရောက်လာတည်းက အာကျယ်အာကျယ်လှမ်းပြောလိုက်သည်။
"ရွှယ်လူ...ငါ ငါ့မိသားစုကိုခေါ်လာတာ...စားပွဲနှစ်လုံး ပြင်ပေးစမ်း..."
ချိုင်ချွန်းလန်သည် ပြောရင်းဖြင့် စားသောက်ဆိုင်ထဲသို့ လှမ်းဝင်မည်ပြင်လိုက်သည်။
အပြင်၌ စောင့်နေကြသော ဧည့်သည်များထံမှ ချက်ချင်းပင် မကျေနပ်သံများထွက်လာကြသည်။
"ဟေး...ခင်ဗျားက ဘယ်သူလဲ...တန်းစီလေ..."
"ဟုတ်တယ်...ဒီလို ကြားဖြတ်ဝင်လို့မရဘူးလေ...အနောက်မှာ တန်းစီမှပေါ့..."
ချိုင်ချွန်းလန်က ခါးထောက်ကာ ရပ်လိုက်သည်။
"ကျွန်မက ဒီဆိုင်မန်နေဂျာရဲ့ ယောက်မပဲ...ဒီမှာစားဖို့ကို တန်းစီနေစရာမလိုဘူး..."
ထိုစကားကြောင့် အချို့လူများက တိတ်သွားကြသည်။
သို့သော် အကုန်လုံးကတော့ ငြိမ်ခံနေကြမည့်လူများမဟုတ်ပေ။
"ခင်ဗျားက မန်နေဂျာရဲ့ယောက်မဖြစ်တော့ရော ဘာဖြစ်လဲ...မန်နေဂျာရဲ့ယောက်မလည်း တန်းစီရမှာပဲလေ..."
"ဟုတ်တယ်...ဒီလိုသာ ကြားဖြတ်တာကို ခွင့်ပြုမယ်ဆိုရင် ဒီစားသောက်ဆိုင်ကို နောက်ဘယ်တော့မှမလာတော့ဘူး..."
"ဟုတ်တယ်...ကျွန်မရောပဲ..."
ချိုင်ချွန်းလန်၏**မောင်က ရင်ကိုကော့၍ နှုတ်ခမ်းကိုထော်ကာ ပြောလိုက်သည်
"မင်းတို့ ဒီကို ပြန်လာလာ မလာလာ ငါတို့က ဘာဖြစ်လို့ဂရုစိုက်ရမှာလဲ...ငါတို့က တန်းစီရမယ့် လူမျိုးမဟုတ်ဘူးကွ...ထုံရွှယ်လူကို ငါတို့မိသားစုက မွေးစားထားတာ...ငါတို့ကြောင့်သာမဟုတ်ရင် အဲဒီကောင်မလေးက ပြန်ပေးဆွဲသူတွေရဲ့ ရောင်းစားခံရတာကြာပေါ့...အဲဒါကြောင့် ငါတို့ကို သူက ဦးစားပေးတာ ဘာဖြစ်လဲ..."
ထုံရွှယ်လူသည် အပြင်၌ ဖြစ်ပျက်နေသည်များကို ခံစားချက်မဲ့သောမျက်နှာဖြင့် ကြည့်နေလေသည်။
အပြင်မှလူများ စကားပြောပြီးသည်ကို စောင့်နေပြီးမှ အေးစက်စွာပြောလိုက်သည်။
"အစ်မချွန်းယွီ...အဲဒီလူတွေကို ဆိုင်ကနေ မောင်းထုတ်လိုက်ပါ...သူတို့ လက်ပါတော့မယ့်ပုံပေါ်တာနဲ့ ရဲတွေကို ချက်ချင်းခေါ်လိုက်ပါ..."
"ဒီ ချိုင်ချွန်းလန်ဆိုတဲ့ မိန်းမက ရဲစခန်းမှာ အလုပ်လုပ်နေတာပါ...လူထုအကျိုးကိုဆောင်ရွက်ရမယ့်လူတစ်ယောက်က တစ်ချိန်လုံး အစိုးရဆီကနေ ဘယ်လို အကျိုးအမြတ်ထုတ်ရမယ်ဆိုတာကိုပဲ စဉ်းစားနေတယ်လေ...သူ့လိုမိန်းမမျိုးကို ရဲစခန်းက ဘယ်လိုကိုင်တွယ်မလဲဆိုတာ ကျွန်မ မြင်ချင်မိတယ်..."
ထုံရွှယ်လူ၏စကားကြောင့် တန်းစီစောင့်နေသော လူများထံမှ လက်ခုပ်သံများထွက်ပေါ်လာသည်။
"ဒါပဲကွ မန်နေဂျာထုံဆိုတာ..."
"မန်နေဂျာထုံက ဒီလို မတရားလုပ်မယ့်လူမဟုတ်ဘူးဆိုတာ ငါသိသားပဲ..."
"ဟုတ်ပါရဲ့...မန်နေဂျာထုံက ဟင်းချက်ကောင်းရုံမကဘူး တရားလည်း မျှတတဲ့လူတစ်ယောက်ပဲ...ကျွန်မတော့ ဒီမှာပဲ အမြဲလာစားတော့မယ်..."
"ကျွန်တော်ရောပဲ..."
လူအများက ပျော်ရွှင်သွားကြချိန်တွင် ချိုင်ချွန်းလန်၏မျက်နှာက နီရဲနေတော့သည်။
ချိုင်ချွန်းလန်သည် ဖားကဲ့သို့ ပြူးထွက်နေသောမျက်လုံးများဖြင့် ထုံရွှယ်လူကို စားမတတ် ဝါးမတတ် လှည့်ကြည့်လိုက်သည်။
"ထုံရွှယ်လူ နင်က ကျေးဇူးမသိတတ်တဲ့ မျက်လုံးဖြူဝံပုလွေပဲ...ထုံမိသားစုက နင့်ကို ဒီလောက်နှစ်ပေါင်းများစွာ ကျွေးမွေးစောင့်ရှောက်လာတာကိုတောင် နင်က ပြန်ပြီး ကျေးဇူးမဆပ်တာထားပါတော့...အခု ငါတောင်းဆိုနေတာ ထမင်းလေးတစ်နပ်ရယ်ပါ...အဲဒါကိုတောင် နင်က ငြင်းတယ်ပေါ့...နင့်မှာ စာနာစိတ်လေး နည်းနည်းတောင်မရှိတော့ဘူးလား..."
ထုံရွှယ်လူက လှောင်သည့်အသံဖြင့်ရယ်လိုက်သည်။
"ထုံမိသားစုက ကျွန်မကို နှစ်ပေါင်းများစွာ ကျွေးမွေးလာတာ ရှင်နဲ့ဘာဆိုင်လို့လဲ...ရှင့်ရဲ့မျိုးရိုးနာမည်က ထုံ မို့လို့လား...ရှင်က ကျွန်မအတွက် ပိုက်ဆံတစ်ပြားတောင် ကုန်ခဲ့ဖူးလို့လား..."
"ပြီးတော့ ထုံမိသားစုက ကျွန်မကို ကျွေးမွေးထားတုန်းမှာ ကျွန်မရဲ့ မိသားစုအရင်းကလည်း ထုံတွေရဲ့သမီးကို ကျွေးမွေးစောင့်ရှောက်ထားတာပဲလေ...ကျွန်မကတော့ ကျေးဇူးကြွေးတွေ ကြေပြီထင်တာပဲ...အဲဒါကြောင့် ထုံမိသားစုအပေါ် ကျွန်မ အကြွေးတင်နေတယ်တွေ ဘာတွေ လာမပြောပါနဲ့...တကယ်လို့သူတို့အပေါ် ကျွန်မ ကျေးဇူးကြွေး တင်နေတယ်ဆိုရင်တောင် မိသားစုထဲကို လက်ထပ်ပြီးဝင်လာတဲ့ရှင်နဲ့ ဘာမှမဆိုင်ပါဘူး..."
ထိုအချိန်မှာပင် ဆိုင်ရှေ့သို့ စက်ဘီးတစ်စီး ရောက်လာလေသည်။
(**ဒီမှာယောကျ်ားလို့သုံးထားပါတယ် ဒုတိယအစ်ကိုက ဒီလိုပြောမယ်မထင်တာရယ် နောက်မှာပါလာတဲ့ စကားအရရယ် မောင်လို့ပြောင်းသုံးထားပါတယ် ကိုယ့်သဘောနဲ့ကိုယ်ပြောင်းတာမဟုတ်ပါဘူး မှားရေးမိတာလားလို့ပါ *တကယ်လို့ အဆင်မပြေရင်ပြန်ပြင်ပေးပါ့မယ်နော်)