အပိုင်း ၁၆၂
Viewers 30k

🍵Chapter 162

 ကိုယ်မကြိုက်တဲ့လူတစ်ယောက်ကို ဘယ်လိုငြင်းရမလဲ




ထိုအချိန်မှာပင် ဆိုင်ရှေ့သို့ စက်ဘီးတစ်စီး ရောက်လာပြီး ဖန်ကျင်းယွမ် ပေါ်လာလေသည်။


ဖန်ကျင်းယွမ်က ချိုင်ချွန်းလန်အားကြည့်၍ ပြောလိုက်သည်။


"ဒီမှာ ဘာလုပ်နေတာလဲ အစ်မချွန်းလန်...ခုနက အစ်မ မန်နေဂျာထုံကို မျက်လုံးဖြူဝံပုလွေလို့ခေါ်လိုက်တာလား...အစ်မ နောက်နေတာမလား..."


"အစ်မတို့ရဲ့ ထုံမိသားစုက မန်နေဂျာထုံရဲ့ မိဘတွေ ဆုံးသွားတုန်းက ဘာများ ကူညီပေးခဲ့လို့လဲ...ကလေးသုံးယောက်ကို မန်နေဂျာထုံတစ်ယောက်တည်းပဲ အခု ရှာကျွေးနေရတာမဟုတ်ဘူးလား..."


"မန်နေဂျာထုံ ဒုက္ခရောက်နေတဲ့အချိန်မှာလည်း ရှင်တို့မိသားစုက ဘာမှ လာမကူညီပဲ ဇာတ်ဖျောက်နေခဲ့တာလေ...အဲဒါကို ဘာဖြစ်လို့ အခုလာပြီး မန်နေဂျာထုံကို မျက်လုံးဖြူဝံပုလွေလို့ လာခေါ်နေတာလဲ..."


ချိုင်ချွန်းလန်၏စကားများကြားစဉ်က လူအချို့သည်ပင် ထုံရွှယ်လူက တကယ်မြေခွေးဖြူဝံပုလွေနှင့်တူသည်ဟု တွေးကုန်ကြသည်။ သို့သော် ယခု ဖန်ကျင်းယွမ်၏စကားများကြားတော့မှ ထုံရွှယ်လူဘက်မှ ပြန်ပါကုန်ကြသည်။


"ဟွန်း ဟိုမိန်းမက အမှန်တွေလိုပြောနေတော့ ငါတောင် ယုံမိတော့မလိုဖြစ်သွားတယ်...တကယ်တော့ သူတို့မိသားစုကမှ မျက်လုံးဖြူဝံပုလွေဖြစ်နေတာပဲ..."


"ဟုတ်ပါ့...တော်တော်ရွံစရာကောင်းတဲ့ လုပ်ရပ်ပဲ...ပြီးတော့ ဒီကို တစ်မိသားစုလုံးခေါ်ပြီး စားစရာတွေ အလကားလည်း လာစားကြသေးတယ်...တကယ်ကို လူလိမ်လူညာတွေပဲ..."


"ဒါပဲလေ...အဲဒီမိန်းမက ဘယ်ရဲစခန်းမှာလုပ်တာလဲ...ငါ မနက်ဖြန်ပဲ သူ့ကို ရဲသွားတိုင်တော့မယ်...သူ့လိုလူမျိုးက လူထုရဲ့အကျိုးကို ဆောင်ရွက်မနေသင့်ဘူး..."


ထိုစကားများကြားသောအခါ ချိုင်ချွန်းလန်၏မိသားစုသည် အလွန်ရှက်လွန်းလှ၍ မျက်နှာများက ဖြူလိုက် နီလိုက် ဖြစ်ကုန်ကြကာ ထိုနေရာမှ ချက်ချင်းပျောက်သွားပါစေ ဟု ဆုတောင်းနေမိကြတော့သည်။


ချိုင်ချွန်းလန်သည်လည်း ကြောက်စိတ်ဖြင့် အသက်ကို ပြင်းစွာရှူနေမိတော့သည်။


မနက်ဖြန်ကျရင် တစ်ယောက်ယောက်က တကယ်ပဲ သူ့ကို ရဲသွားတိုင်ရင် ဘယ်လိုလုပ်မလဲ...


ဒါတွေအကုန်လုံးက ထုံရွှယ်လူ့အပြစ်တွေပဲ...အဲဒီကောင်မသာ ငါ့ကိုပေးဝင်ရင် ဒါတွေ တစ်ခုမှ ဖြစ်လာမှာမဟုတ်ဘူး!...


ထုံရွှယ်လူကတော့ ချိုင်ချွန်းလန်ကို ဆက်ပြီး လက်ခံစကားပြောနေရန် အကြောင်းမရှိတာ့သောကြောင့် ကောင်းချွန်းယွီအား မောင်းထုတ်ခိုင်းလိုက်သည်။


ထုံရွှယ်လူသည် ယခင်ကကဲ့သို့ ကြာပန်းဖြူမ ယောင်ဆောင်၍ လူအများ၏ သနားကြင်နာမှုကို ရယူနိုင်သော်လည်း ထိုသို့လုပ်ခြင်းက သူမအတွက် မကောင်းနိုင်ချေ။


အခြားလူများက ထုံရွှယ်လူသည် အလွန်ပျော့ညံ့၍ ပြဿနာများနှင့်ကြုံလျှင် ဘာမှမလုပ်တတ်ပဲ ငိုသာငိုတတ်သူဟု ထင်သွားနိုင်သည်။


သူမသည် အသက် ၁၉ နှစ်ပင် မပြည့်သေးပဲ စားသောက်ဆိုင်မန်နေဂျာဖြစ်နေသူမဟုတ်လား။ သူမက ပျော့ညံ့သည့်ပုံပြနေလျှင် အခြားလူများက ဝင်၍ အခွင့်ကောင်းယူသွားနိုင်သည်။


ထို့ကြောင့် ထုံရွှယ်လူသည် တိုက်ရိုက်အဖြစ်ဆုံး နည်းလမ်းကို ရွေးချယ်လိုက်ခြင်းဖြစ်သည်။


ဖန်ကျင်းယွမ်သာ အချိန်မှီရောက်မလာပါက အချို့ဘေးလူများက ထုံရွှယ်လူအား မျက်လုံးဖြူဝံပုလွေမ ဟု ထင်သွားကြနိုင်သည်။ သို့သော် မျက်လုံးဖြူဝံပုလွေဖြစ်ရခြင်းက ကြာပန်းဖြူဖြစ်ရခြင်းထက်တော့ သာပါသေးသည်။


ထုံရွှယ်လူသည် ယခု၌ ဘဝအသစ်ရနေပြီဖြစ်သောကြောင့် သူမသည် ‌ပျော့ပျောင်းနူးညံ့သည့် ပန်းလေးမဟုတ်ပဲ စိတ်ဓာတ်သန်မာသူဟု အခြားလူများမျက်စိထဲ၌ မြင်အောင်လုပ်ရန်မှာ အရေးအကြီးဆုံးဖြစ်သည်။


သူမအပေါ် အခွင့်ကောင်းယူ၍ အနိုင်ကျင့်မည့်လူများကို သူမဘက်မှ ပြန်၍ သင်ခန်းစာပေးနိုင်ရန်လိုပေသည်။


ချိုင်ချွန်းလန်သည် ဒေါသထွက်လွန်း၍ သွေးအန်တော့မတတ်ပင်ဖြစ်နေသော်လည်း လူများစွာက သူမကို ဝေဖန်နေကြသောကြောင့် ဆက်မနေရဲတော့ပဲ ရှက်စိတ်ဖြင့် ပြန်သွားရတော့သည်။


ချိုင်ချွန်းလန် ပြန်ထွက်သွားပြီးသောအခါ တန်းစီစောင့်နေကြသော ဧည့်သည်များက မှာစရာရှိသည်များကို ဆက်မှာကြသည်။


ရောင်းချရန် နံပါတ်များအားလုံးကုန်သွားသောအခါ ဖန်ကျင်းယွမ်က ထုံရွှယ်လူအနားလျှောက်လာကာ ပြောလိုက်သည်။

"ငါ နင့်ကိုပြောစရာရှိတယ်..."


ထုံရွှယ်လူက ဖန်ကျင်းယွမ်၏ခိုးကြောင်ခိုးဝှက်ပုံကို အကဲခတ်၍ ဆိုင်သိမ်းဆည်းရေးများကို မုန့်ချင်းချင်းနှင့် အခြားလူများထံ လွှဲကာ ဖန်ကျင်းယွမ်နှင့်အတူ ဆိုင်ထောင့်သို့ လျှောက်လာလိုက်သည်။


"ခုနက ကူညီပေးလို့ ကျေးဇူးတင်ပါတယ်..."


ဖန်ကျင်းယွမ်က လက်ခါပြလိုက်သည်။

"ငါတို့က ညီအစ်မတွေပဲကို...ဒါလေးက ဘာမှမဖြစ်ဘူးလေ...အစ်မချွန်းလန်ကို ဒီလောက်လောဘကြီးတဲ့လူလို့ ငါတစ်ခါမှ မတွေးဖူးဘူး...ငါပြန်ရောက်ရင် ခြံထဲက လူတိုင်းကို ဒီအကြောင်း လိုက်ပြောဦးမယ်..."


ထုံရွှယ်လူက တိတ်တိတ်သာနေနေလိုက်သည်။


ထို့နောက် ဖန်ကျင်းယွမ်က ဘေးဘီသို့ အကဲခတ်ကာ ခပ်တိုးတိုးပြောလိုက်သည်။

"ငါ နင့်ကို မေးစရာရှိလို့...နင့်ရဲ့ မိသားစုက နင့်ကို နင်မကြိုက်တဲ့လူနဲ့ မိတ်ဆက်ပေးဖို့စီစဉ်နေကြတယ်ဆိုရင် နင်ဘာလုပ်မလဲ..."


ထုံရွှယ်လူက မျက်ခုံးကို အနည်းငယ်ပင့်လိုက်သည်။

"နင်က အဲဒီလူကို ဘာဖြစ်လို့မကြိုက်တာလဲ..."


ဖန်ကျင်းယွမ်က နှုတ်ခမ်းကို အနည်းငယ်စူကာပြောလိုက်သည်။

"အဲဒီလူက ချောမှမချောပဲ...သူ့ကိုကြည့်ရတာ အာလူးကြီးလိုပဲ..."


ထုံရွှယ်လူသည် အော်ရယ်မိတော့မတတ်ပင် ဖြစ်သွားသည်။

"သူကရော ဘယ်လိုမိန်းကလေးမျိုးကိုကြိုက်လဲ..."


ဖန်ကျင်းယွမ်က နားမလည်သလို မျက်တောင်တစ်ချက်ခတ်လိုက်သည်။

"သူ ဘယ်လိုမိန်းကလေးမျိုးကိုကြိုက်လဲဆိုတာ ငါက ဘာဖြစ်လို့ စိတ်ဝင်စားရမှာလဲ...ငါသိတာက ငါသူ့ကို မကြိုက်ဘူးဆိုတာပဲ!..."


ထုံရွယ်လူ: "စိတ်ဝင်စားရမှာပေါ့...နင်က သူ နင့်ကို မကြိုက်စေချင်ဘူးဆိုရင် နင်ကိုယ်တိုင်က သူမကြိုက်တဲ့မိန်းကလေးလိုပုံစံ နေရမယ်လေ..."


"ဥပမာ သူက သဘောကောင်းပြီး ဂရုစိုက်တတ်တဲ့ မိန်းကလေးမျိုးကိုကြိုက်တယ်ဆိုရင် နင်က မေ့တတ်ပြီး အရှက်ရစေမယ့်မိန်းကလေးပုံစံနေမယ်...သူက ချစ်ဖို့ကောင်းတဲ့မိန်းကလေးမျိုးကို ကြိုက်ရင် နင်က မာမာထန်ထန်နေရမယ်...သူကြိုက်တဲ့ပုံစံနဲ့ ပြောင်းပြန်နေလိုက်ရုံပဲလေ..."


ဖန်ကျင်းယွမ်က ထုံရွှယ်လူ၏စကားကြားသောအခါ မျက်လုံးများ တောက်ပသွားကြသည်။

"အို ရွှယ်လူရယ် နင်အရမ်းတော်တာပဲ...ငါ ဘာဖြစ်လို့ အဲဒါကို မစဉ်းစားမိပါလိမ့်..."


ထုံရွှယ်လူ: "တခြားဘာပြောစရာရှိသေးလဲ..."


ဖန်ကျင်းယွမ်က ခေါင်းခါလိုက်သည်။

"ဟင့်အင်း မရှိတော့ဘူး...ငါ အဲဒီ ဦးအာလူးလက်ကလွတ်ပြီးရင် နင့်ကို ထပ်လာပြောမယ်..."


ထိုသို့ပြောပြီးသောအခါ ဖန်ကျင်းယွမ်သည် စက်ဘီးပေါ်သို့တက်၍ ထွက်သွားတော့သည်။


ထုံရွှယ်လူကတော့ ဘာလုပ်ရမည်ပင်မသိပဲ ခေါင်းခါရင်းသာ ကျန်ခဲ့လေသည်။


🍵


ထုံရွှယ်လူသည် ထိုည၌ အိမ်ပြန်ရောက်သောအခါ ချက်ချင်း မီးဖိုထဲသို့ တန်းဝင်၍ အချိုမုန့်လုပ်ရန် ပြင်ဆင်လိုက်သည်။


ထုံမျန်မျန်နေမကောင်းဖြစ်နေစဉ်က အရသာရှိသည့်မုန့်လုပ်ကျွေးမည်ဟု ကတိပေးထားခဲ့သည်မဟုတ်လား။ ထုံမျန်မျန်သည်ယခု အဖျားတော့ မရှိတော့သော်လည်း လည်ချောင်းနာနေသေးသည်။ ထို့ကြောင့် လည်ချောင်းကို ဒုက္ခပေးနိုင်သည့်မုန့်မျိုးကို ထုံရွှယ်လူ လုပ်၍မဖြစ်ပေ။


ထို့ကြောင့် ထုံရွှယ်လူဟည် ယခုမနက် အလုပ်မသွားခင်တည်းက ပဲသီးစိမ်းများကို ရေစိမ်ထားခဲ့သည်။


ယခုဆိုလျှင် ပဲသီးစိမ်းကိတ်မုန့်လုပ်ရန် အဆင်သင့်ဖြစ်နေပေပြီ။


မနက်ဖြန်၌ ဝမ်မိသားစုအိမ်သို့လည်း သွားရဦးမည်ဖြစ်သောကြောင့် မုန့်များကို အပိုလုပ်ကာ ဘီစကစ်အချို့လည်း ထပ်လုပ်သွားမည်ဟု ထုံရွှယ်လူ စဉ်းစားလိုက်သည်။


ထုံရွှယ်လူသည် ဝမ်ရူကွေ့အတွက် အသားခြောက်နှင့် အမဲသားလုံးများလည်းလုပ်ထား၍ မနက်ဖြန် ပို့ပေးဖို့စီစဉ်ထားသေးသော်လည်း ယခုတော့ လူကိုယ်တိုင် ပေး၍ရသွားပြီဖြစ်သည်။


မုန့်များကိုမြင်သောအခါ ထုံမျန်မျန်က ချစ်ဖွယ်ကောင်းစွာ ပြုံးလိုက်သည်။


"မမကို မျန်မျန်အချစ်ဆုံးပဲ..."


ထုံမျန်မျန်သည် အဖျားကြောင့် ကိုယ်‌အလေးချိန်အနည်းငယ်ကျသွားသည်ကို ထုံရွှယ်လူသတိထား‌မိသောအခါ ရင်ထဲ၌ နာကျင်သွားမိသည်။


"မမကလည်း မျန်မျန့်ကို အများကြီးချစ်ပါတယ်..."


ထုံကျားရှင်းက ကိုယ်ကို လှုပ်ရမ်း၍ ပဲသီးစိမ်းကိတ်မုန့်စားနေရင်းက လှမ်းပြောလိုက်သည်။

"မျန်မျန် အရင်တုန်းက ကိုကိုလေးကို အချစ်ဆုံးလို့ပြောနေတာမဟုတ်ဘူးလား...ဪ ကိုကိုသိလိုက်ပါပြီ...မျန်မျန်က အခုတော့ စိတ်ပြောင်းသွားပြီပေါ့ ဟုတ်လား...မျန်မျန်က လူဆိုးမလေးပဲ..."


ထုံမျန်မျန်က ပါးစပ်လေးဝိုင်းသွားကာ ပြောလိုက်သည်။

"မဟုတ်ဘူး...မျန်မျန် လူဆိုးမလေး မဖြစ်ချင်ဘူး...မျန်မျန်ဘာလုပ်ရမလဲဟင်..."


ထုံမျန်မျန်၏ အူကြောင်ကြောင်ဖြစ်သွားပုံလေးကို ကြည့်၍ ချစ်ဖို့ကောင်းလွန်းသောကြောင့် ထုံရွှယ်လူ၏နှလုံးသားပင် တဆတ်ဆတ်တုန်သွားလေသည်။


မုန့်စားပြီးသောအခါ ထုံရွှယ်လူသည် ကလေးသုံးယောက်လုံးကို စာကြည့်ခန်းသို့ ခေါ်လာလိုက်သည်။


ဖတ်လိုက် နားလိုက်လုပ်ခဲ့ရာမှ နောက်ဆုံးတွင်တော့ ထုံရွှယ်လူသည် အထက်တန်းကျောင်းအငယ်တန်းဖတ်စာအုပ်များအကုန်လုံးကို ဖတ်ပြီးခဲ့ပြီဖြစ်သည်။ အချိန်တော်တော်ကြာကြာ ယူခဲ့ရသော်လည်း အချက်အလက်အများစုကို ခေါင်းထဲစွဲအောင် မှတ်နိုင်ခဲ့သည်။


ယခု အထက်တန်းကျောင်းအကြီးတန်းဖတ်စာအုပ်များကို ဆွဲထုတ်လိုက်သည်။ ထုံရွှယ်လူသည် ထိုဖတ်စာအုပ်များကိုလည်း လွယ်မည်ထင်ခဲ့သော်လည်း လှန်ကြည့်လိုက်သောအခါ အံ့ဩသွားရသည်။


ဤခေတ်၏ အထက်တန်းကျောင်းအကြီးတန်းဖတ်စာအုပ်များသည် ထုံရွှယ်လူတို့ခေတ်နှင့် အလွန်ခြားနားနေသည်။ စာများက ခက်သည်တော့မဟုတ်သော်လည်း သင်ကြားပေးသည့်အကြောင်းအရာများက တော်တော်ကွဲပြားနေသည်။


ပိုအ‌ရေးကြီးသည်က ထုံရွှယ်လူသည် သူမ၏မှတ်ဉာဏ်တော်တော်များများကို မေ့နေပြီဖြစ်သည်။ ယခင်က တစ်တန်းလုံး၏အတော်ဆုံး အဆင့် ၁ ဖြစ်‌ခဲ့သော်လည်း ယခုတွင်တော့ စလုံးရေစ မှ ပြန်လုပ်ရပေတော့မည်။


ကံကောင်းစွာပင် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲများက နောက်တစ်နှစ်အထိ ပြန်မစကြသေးသောကြောင့် ထုံရွှယ်လူအတွက်စာကြည့်ချိန်တော့ တော်တော်ရသေးဟည်။


ထုံရွှယ်လူဟည် ထိုစာမေးပွဲကို အထင်သေးခဲ့မိသည်ကတော့ အမှန်ပင်ဖြစ်သည်။ သေချာစဉ်းစားကြည့်လျှင် ထို တက္ကသိုလ်ဝင်ခွင့်စာမေးပွဲများ ပြန်စသောနှစ်၌ လူ သန်းပေါင်း ၅.၇ သန်း ဝင်ဖြေခဲ့သော်လည်း လူ ၂၇၀,၀၀၀ သာ တက္ကသိုလ်များသို့ ဝင်ခွင့်ရခဲ့ကြသည်။ တကယ်ပင် လူတစ်သန်း၌ တစ်ယောက်ဟု ပြော၍ရသည့် ပမာဏဖြစ်သည်။


ထို့ကြောင့် အနာဂတ်၌ ထုံရွှယ်လူသည် စိတ်ကို သေချာပိုင်းဖြတ်ကာ စာများကို သေချာလုပ်ရတော့မည်ဖြစ်သည်။


ထုံရွှယ်လူသည် ရူပဗေဒဖတ်စာအုပ်အား လှမ်းကြည့်၍ အကြံတစ်ခုရသွားသည်။


သူမနှင့် ဝမ်ရူကွေ့တို့ တွေ့ရသည့်အချိန်က အလွန်ရှားပါးသောကြောင့် မနက်ဖြန်ကျလျှင် ဝမ်ရူကွေ့အား ရူပဗေဒကို စာရှင်းပြခိုင်းရန် ဆုံးဖြတ်လိုက်သည်။


ဝမ်ရူကွေ့တစ်ယောက်ရှက်သွားလျှင် ဖြစ်သွားတတ်သည့် မျက်နှာနီနီလေးကို စဉ်းစားလိုက်မိသောအခါ ထုံရွှယ်လူသည် မနေနိုင်ပဲ ပြုံးမိသွားတော့၏။


🍵


စစ်တပ်ဝန်းထဲ၌...


အဖိုးဝမ်သည် ဝန်းထဲသို့ ပြန်ရောက်ရောက်ချင်းမှာပင် အိမ်နီးချင်း အဖိုးကျန်းဆီသွားကာ ကြွားတော့သည်။


အဖိုးဝမ်သည် ကြွားလွန်းလှသောကြောင့် နောက်ဆုံးတွင် အဖိုးကျန်းက အိမ်မှ နှင်ထုတ်လိုက်ရတော့သည်။ နှင်ထုတ်ခံရသည့်အခါမှပင် အဖိုးဝမ်လည်း ဇီးသီးခြောက်ကိတ်မုန့်ကိုကိုင်ကာ အိမ်ပြန်လာခဲ့သည်။


ဝမ်ရူကွေ့ကတော့ အိမ်သို့ပြန်ရောက်ရောက်ချင်း ဦးလေးဇုန်းနှင့်အတူ သန့်ရှင်းရေးလုပ်နေသည်။


သူတို့အိမ်က အလွန်ရှုပ်ပွနေသည်မဟုတ်သော်လည်း မနက်ဖြန်၌ ထုံရွှယ်လူက အိမ်သို့ ပထမဆုံးအကြိမ် လာမည်ဖြစ်သောကြောင့် အရာရာကို အကောင်းဆုံးဖြစ်ချင်နေမိခြင်းပင်။


ဦးလေးဇုန်းကလည်း ထိုသို့ပင်တွေးသည်။


အဖိုးဝမ်ကတော့ သူ့ဘာသာသူ အားရကျေနပ်ကာ ပျော်ရွှင်နေလေသည်။ ရှောင်ချီနှင့် ရှောင်ပါး ကြက်လေးနှစ်ကောင်နှင့်ပင် သွားစကားပြော၍ မကြာခင် သူတို့ အစားခံရတော့မည်ကို ပြောပြနေသေးသည်။


ရှောင်ချီနှင့် ရှောင်ပါးတို့သည် ကြောက်လွန်း၍ ထိုညက ဘာမှပင် မစားနိုင်ကြတော့ချေ။


နောက်တစ်နေ့၌ ထုံရွှယ်လူသည် စားသောက်ဆိုင်အတွက် လိုအပ်မည့် ပစ္စည်းများအားလုံးကိုဝယ်ကာ မာလာထန်အတွက် ဟင်းရည်ကို ချက်ပေးပြီးနောက် ကျန်သည့်တစ်နေ့လုံးကို ခွင့်ယူလိုက်သည်။


ကောင်းဝေ့ဖျင်သည် ဆိုင်တစ်ဆိုင်လုံးကို ကောင်းကောင်းမကိုင်တွယ်နိုင်သေးသော်လည်း ဤမျှလောက်ကိုတော့ သူလုပ်နိုင်ပါလိမ့်မည်။


ထုံရွှယ်လူ စားသောက်ဆိုင်ထဲမှ ထွက်လိုက်သောအခါ အပြင်၌ စက်ဘီးပေါ်၌ထိုင်ကာ စောင့်နေသော ဝမ်ရူကွေ့ကို တွေ့လိုက်ရသည်။


ဆောင်းဦးရာသီ၏နေရောင်ခြည်က ဝမ်ရူကွေ့ပေါ်သို့ကျနေ၍ သူ၏ဆံပင်ကို အရောင်တစ်မျိုးဖြစ်နေစေကာ တစ်ကိုယ်လုံး ‌ရောင်ဝါများ ဖြာနေသကဲ့သို့ ဖြစ်နေ၏။


နေရောင်အောက်၌ ဝမ်ရူကွေ့သည် ထုံရွှယ်လူအား ‌ပြုံးပြလိုက်သည်။ မည်မျှပင် နွေးထွေး၍ ချောမောသော အမျိုးသားလေးပါလဲ။