🍵Chapter 163
သူက ဘယ်လိုတောင်သားရဲဆန်တာလဲ။
ဝမ်ရူကွေ့ကိုမြင်သောအခါ ထုံရွှယ်လူကအလိုလိုပြုံးလိုက်မိသည်။
“ရှင်ရောက်လာပြီဘဲ”
သူမ၏အပြုံးကိုမြင်သောအခါ ဝမ်ရူကွေ့ကရင်ခုန်သံများမြန်လာသည်။
“အင်း ကိုယ်မင်းကိုလာကြိုတာ”
သူက ပြောရင်းဖြင့် သူမလက်ထဲမှ ပစ္စည်းများကိုယူလိုက်သည်။
ထုံရွှယ်လူက ထိုအတွက်နှင့် သူနှင့်ငြင်းရန် မကြိုးစားပေ။သူမက ပစ္စည်းအားလုံးကို သူစက်ဘီးလက်ကိုင်တွင် ချိတ်နိုင်ရန် ကမ်းပေးလိုက်ပြီးမှ စက်ဘီးနောက်ခုံသို့တက်လိုက်သည်။
ဝမ်ရူကွေ့သည် အရင်တစ်ခေါက်လမ်းကြားထဲတွင်ရှိစဉ်က သူမလက်ကသူ့ခါးတစ်ဝိုက်ကိုဖက်ထားခဲ့သည်ကို ပြန်တွေးမိသွားသောအခါ စိတ်ပျက်သလိုခံစားမိသွားလေသည်။
အနားမှာလူတွေမရှိနေရင် သိပ်ကောင်းမှာဘဲ။ အဲ့လိုဆို သူမက သူ့ကိုထပ်ပြီးဖက်ထားလို့ရပြီ။
သူက ထိုအတွေးကိုဘေးဖယ်ကာ စက်ဘီးစနင်းလိုက်ပြီး ထုံရွှယ်လူကိုနောက်ခုံမှာတင်ကာ စစ်မှုထမ်းအိမ်ရာသို့ဦးတည်လိုက်သည်။
ဒီနေ့မှ ကောင်းကင်က အထူးတလည်ကိုအပြာရောင်တောက်နေရာ အမှန်ပင် လူတစ်ယောက်ကို စိတ်အားတက်ကြွစေနိုင်၏။
ထုံရွှယ်လူက ရုတ်တရက်သတိရသွားသည်။
“ဒါနဲ့ ရှင့်မှာကျိုးရန်ဆိုတဲ့ လုပ်ဖော်ကိုင်ဖက်ရှိလား”
ဝမ်ရူကွေ့က ခေါင်းညိတ်ပြသည်။
“အင်းရှိတယ် ဘာဖြစ်လို့လဲ”
ထုံရွှယ်လူက တခစ်ခစ်ရယ်ကာ တစ်နေ့က စာတိုက်တွင်ဖြစ်ခဲ့သည်များကို ပြောပြလိုက်သည်။
“သူက ရှင့်သူငယ်ချင်း ကျိုးရန်ဟုတ်၊မဟုတ်ကိုတော့ ကျွန်မလည်းသေချာမသိပါဘူး”
ဝမ်ရူကွေ့၏နှုတ်ခမ်းများက အနည်းငယ်စေ့သွားသည်။
“အင်း အဲ့ဒါသူဘဲ၊ အရင်တစ်ခေါက်သူ့ကောင်မလေးဆီစာရေးတုန်းက ‘ခွဲခွာ’တာကို ‘လေလည်’တယ်ဆိုပြီးမှားရေးလိုက်မိတယ်၊ သူ့ကောင်မလေးက အရမ်းစိတ်ဆိုးပြီး သူနဲ့လမ်းခွဲချင်နေတာ”
ထုံရွှယ်လူက မထိန်းနိုင်ဘဲ အော်ရယ်လိုက်တော့သည်။
အဲ့ဒါက အရမ်းရီရတာဘဲ။
သူမက တစ်လမ်းလုံးရယ်မောလာခဲ့သည်။
သူမ၏ရယ်သံများကိုနားထောင်ရင်း ဝမ်ရူကွေ့ကတိမ်ပေါ်လွင့်နေသလိုခံစားလိုက်ရသည်။
သူတို့က စစ်မှုထမ်းအိမ်ရာသို့ လျင်မြန်စွာရောက်လာကြပြီး လုံခြုံရေးအစောင့်က ထုံရွှယ်လူကို ချက်ချင်းမှတ်မိသွားသည်။
ဝမ်ရူကွေ့က ထုံရွှယ်လူကိုသူနှင့်မိတ်မဆက်ပေးဘဲ အထဲသို့ ဂုဏ်ယူစွာခေါ်သွားလိုက်သည်။
ယနေ့တွင် အဖိုးဝမ်က ပုံမှန်ထက်အိပ်ရာစောစောထကာ ဝမ်ရူကွေ့နှင့်တောင် ရေချိုးခန်းလုသုံးခဲ့လေသည်။
ဝမ်ရူကွေ့က ရေချိုး၊ခေါင်းလျှော်ချင်ကာ အဖိုးဝမ်ကလည်း အတူတူပင်ဖြစ်သည်။ ထိုအရာကိုမြင်သောအခါ ဦးလေးဇုန်းက ခေါင်းသာရမ်းလိုက်မိသည်။
အဖိုးဝမ်၏စကားအတိုင်းပြောရမည်ဆိုလျှင် ဝမ်ရူကွေ့ကသူ့ကောင်မလေးနှင့် တွေ့ရန်အတွက် ပြင်ဆင်ရမည်ဖြစ်သော်ငြား သူသည်လည်း သူ၏အနာဂတ်မြေးချွေးမလောင်းကိုတွေ့ရန် ကောင်းကောင်းပြင်ဆင်ဖို့လိုသည်ဟုဆို၏။
မြေးချွေးမဟူသော စကားလုံးကို ကျေနပ်သွားလို့လားတော့မသိ ဝမ်ရူကွေ့က အဖိုးဝမ်ကို ရေချိုးခန်း အရင်ပေးဝင်ခဲ့သည်။
ဝမ်ရူကွေ့၏အိမ်ရှေ့သို့ရောက်သောအခါ ထုံရွှယ်လူက အဖိုးဝမ်ကိုပြုံးပြလိုက်သည်။ သူမ စက်ဘီးပေါ်မှဆင်းဆင်းချင်းပင် နောက်ထပ်ယောက်ျားတစ်ယောက်လည်းပေါ်လာ၏။
သူမက ခနတန့်သွားပြီးမှ ထိုသူက အဖိုးဝမ်၏ခြေလျင်စစ်သား ဦးလေးဇုန်းဖြစ်သည်ကို သတိရသွားသည်။
အဖိုးဝမ် :“ရွှယ်လူ ရောက်လာပြီဘဲ လာလေ အထဲဝင်ထိုင်”
ထုံရွှယ်လူက စက်ဘီးလက်ကိုင်တွင်ချိတ်ထားသည့် သူမယူခဲ့သောမုန့်များကို ယူလိုက်သည်။
“သမီး မုန့်နည်းနည်းယူလာခဲ့တယ် အဖိုးဝမ်ကြိုက်မယ်လို့မျှော်လင့်ပါတယ်”
အဖိုးဝမ်၏မျက်လုံးများက တောက်ပလာကာ သူ့အပြုံးက ပိုပြီးနက်ရှိုင်းလာသည်။
“အဖိုးက သေချာပေါက်ကိုကြိုက်ပါတယ်”
သူ့မြေးချွေးမလောင်းလေး လုပ်သမျှအရာတိုင်းကို ကြိုက်တယ်။
ထုံရွှယ်လူက ထိုပစ္စည်းများကို ဦးလေးဇုန်းလက်ထဲထည့်ပေးလိုက်ပြီးနောက် အနားပတ်လည်ကိုလေ့လာရန် အခွင့်ရသွားသည်။
ဘုရားရေ ဝမ်မိသားစုက တကယ်ကိုတစ်ခုခုဘဲ။
ယခုခေတ်လိုအချိန်ကာလမျိုးတွင် နှစ်ထပ်အိမ်တစ်လုံးသည် ၂၁ရာစုမှ ဗီလာများနှင့်တစ်တန်းထဲရှိပေသည်။
အထဲတွင် အရွက်များစိုက်ကာ အရှေ့ဘက်တွင်ပန်းပင်များစိုက်ထားသည့် ဥယျာဉ်လေးလည်းရှိ၏။ ၎င်းကိုကောင်းကောင်းထိန်းသိမ်းထားပေသည်။
သူမက အိမ်ထဲတွင်ဝင်ဝင်လာချင်းပင် အံဆင့်ဗီရိုပေါ်မှ တီဗီကိုမြင်သွား၏။
ဝမ်မိသားစုက အလွန်ချမ်းသာသည်ကို သူမကထပ်မံအတည်ပြုလိုက်နိုင်သည်။
အဖိုးဝမ်နှင့် ဦးလေးဇုန်းတို့သည် အလွန်နွေးထွေးကြ၏။ သူတို့က သူမအား ကိုယ့်အိမ်ကိုယ်ယာလိုသဘောထားပြီး စိတ်အေးလက်အေးနေရန် ပြောလာကြသည်။
ထုံရွှယ်လူက သူမမိသားစုအကြောင်းအမေးခံရမည့်အပေါ် ပြင်ဆင်ထားခဲ့သော်လည်း အဖိုးဝမ်က ထိုကိစ္စနှင့်ပတ်သက်ပြီး ဘာဆိုဘာမှမမေးလာပေ။
သူတို့က ထိုင်ကာ ခနလောက်စကားပြောနေလိုက်ကြပြီးနောက် အဖိုးဝမ်က ဝမ်ရူကွေ့ကို သူမအား အနားတစ်ဝိုက်သို့ လိုက်ပြစေ၏။ သူက တစ်နေရာရာသို့သွားဖို့လို၍ဖြစ်သည်။
ဝမ်ရူကွေ့နှင့် ဦးလေးဇုန်းက ချက်ချင်းပင် အဖိုးဝမ်တစ်ယောက် ဘယ်သွားမည်ကို သိသွားကြသည်။
အဖိုးဝမ်က အဖိုးကျန်းဆီကိုသွားကာ ထပ်ပြီးကြွားဝါဦးမှာဖြစ်သည်။
သနားစရာကောင်းတဲ့ အဖိုးကျန်း "....."
အဖိုးဝမ်က သရေစာတစ်ချို့ကိုယူကာ ထွက်သွားပြီးနောက်တွင် ဦးလေးဇုန်းကလည်း ထွက်သွားလေသည်။
ဤအရာက ထုံရွှယ်လူအနေဖြင့် ပထမဆုံးအကြိမ်အလည်လာခြင်းဖြစ်သောကြောင့် သူတို့က သူမအတွက် နေ့လယ်စာကို ထူးခြားတာတစ်ခုခုပြင်ပေးရပေမည်။
ဝမ်ရူကွေ့က ထုံရွှယ်လူကို အနားတစ်ဝိုက်လိုက်ပြပေးချင်၏။
သို့သော် ထုံရွှယ်လူက ပြောလာသည်။
“နေကတအားပူနေတာ ကျွန်မအပြင်မထွက်ချင်ဘူး၊ ဒါနဲ့ ကျွန်မမှာရှင့်ကိုမေးချင်နေတဲ့ ရူပမေးခွန်းနည်းနည်းရှိတယ် ရှင့်အခန်းကဘယ်မှာလဲ”
ဒီနေ့တွင် သူမ၏အဓိကရည်ရွယ်ချက်မှာ ဝမ်ရူကွေ့၏အခန်းဖြစ်သည်။
သူမ၏ အသက်ဝင်နေသော မျက်လုံးများကိုကြည့်နေရင်း ဝမ်ရူကွေ့က သူ့ရင်ခုန်သံများဒုန်းစိုင်းလာသည်ကို ခံစားမိလာသည်။
“ကိုယ့်အခန်းက အပေါ်ထပ်မှာ၊ လာလေ ကိုယ်လိုက်ပြမယ်”
ထိုသို့ပြောကာ သူကအရှေ့မှဦးဆောင်သွားသည်။
ထုံရွှယ်လူက ဝမ်ရူကွေ့၏အခန်းထဲတွင် လိုက်ကြည့်လိုက်သည်။
သူမ ထင်ထားသလိုပင် အခန်းကအလွန်သန့်ရှင်းသပ်ရပ်နေ၏။ ဖြောင့်မတ်သောယောက်ျားတစ်ယောက်၏အခန်းပီသသည်။
ဝမ်ရူကွေ့က ထုံရွှယ်လူကိုကြည့်နေလိုက်သည်။ သူမမျက်နှာပေါ်တွင် စိတ်ပျက်သွားသည့်အမူအရာကို မမြင်ရသောအခါတွင်မှ သူကသက်ပြင်းချလိုက်သည်။
“မင်းကိုယ့်ကိုမေးချင်တဲ့ ရူပမေးခွန်းက ဘာတွေလဲ”
ထုံရွှယ်လူက အဆင်သင့်ပြင်လာခဲ့သည်။ သူမက စစ်လွယ်အိတ်ထဲမှ ပုံနှိပ်စာအုပ်ကိုထုတ်လိုက်ပြီး ဝမ်ရူကွေ့ကိုကမ်းပေးလာသည်။
စားပွဲတွင်ထိုင်လိုက်ကာ ဝမ်ရူကွေ့က သူမကိုအသေးစိတ်ရှင်းပြလာ၏။
အမှန်တွင် ထုံရွှယ်လူက ဤမေးခွန်းများအားဘယ်လိုဖြေရှင်းရမည်ကိုသိ၏။ သူမက သူနှင့်အတူတူရှိနေနိုင်ရန်အတွက် ဆင်ခြေသုံးနေခြင်းသာဖြစ်သည်။
ဆိုးသည်မှာ ဤဖြောင့်မတ်လွန်းသည့်ယောက်ျားက သူမကိုစာရှင်းပြသည့်အပေါ်တွင်သာ အလွန်အာရုံစိုက်နေခြင်းပင်။
သူမက မျက်ဆံလှန်လိုက်မိသည်။
သို့သော် သူမက အဖိုးဝမ်နှင့် ဦးလေးဇုန်းတို့ အချိန်မရွေးရောက်လာနိုင်သည်ကို စိုးရိမ်သဖြင့် ဘာမကောင်းတာမှ မလုပ်ရဲပေ။
ထို့အပြင် ဝမ်ရူကွေ့ကလည်း အလွယ်တကူရှက်တတ်ပေသည်။
သူတို့နှစ်ယောက်က ဘေးချင်းကပ်ထိုင်ကာ ရိုးရိုးသားသားဖြင့် ရူပမေးခွန်းများကိုသာ ဖြေရှင်းနေလိုက်သည်။
ခနကြာသွားပြီးနောက်တွင် ထုံရွှယ်လူက သူမ၏ထိုင်ပုံမမှန်သောကြောင့် ခြေထောက်ကျဉ်သွားလေသည်။
“အမလေး ကျွန်မခြေထောက်။။ ကျွန်မကိုနှိပ်ပေးပါဦး၊ ရူကွေ့ ကျွန်မခြေထောက်ကျဥ်နေပြီ”
ဝမ်ရူကွေ့က သူမစကားကိုကြားသောအခါ အနည်းငယ်လန့်သွားပြီး ရင်ခုန်လာသည်။
သူမ၏ခြေထောက်လေးကိုကြည့်ကာ သူကအသက်ရှူလုနီးပါးဖြစ်သွားလေသည်။
သူက အသက်ပြင်းပြင်းရှူကာ သူမ၏ခြေထောက်ပေါ်သို့ လက်တင်လိုက်သည်။
သူထိရုံသာထိရသေးချိန်တွင် ထုံရွှယ်လူကအော်လာ၏။
“အားး အရမ်းမလုပ်နဲ့လေ~~”
ချက်ချင်းပင် ဝမ်ရူကွေ့မျက်နှာက နီရဲသွားသည်။
သူမခြေထောက်ကိုကိုင်ထားသည့် သူ့လက်များကတုန်ယင်သွားလေသည်။
ဦးလေးဇုန်းက ထုံရွှယ်လူမစားတာတစ်ခုခုရှိသလားမေးရန်အတွက် အပေါ်ထပ်သို့တက်လာခဲ့သည်။ သို့သော်ငြား သူလမ်းတစ်ဝက်လောက်သာရောက်သေးချိန်တွင် ထိုအသံကိုကြားလိုက်ရ၏။
ဦးလေးဇုန်းက လန့်သွားသည်။
ဦးလေးဇုန်းက ဖြူဖျော့လာသည်။
ဦးလေးဇုန်းက တုန်လှုပ်သွား၏။
အဖိုးဝမ်က ကြွားဝါပြီး၍ အိမ်သို့ပြန်ရောက်သောအခါ ဦးလေးဇုန်းက လှေကားအလယ်တွင်ရပ်ကာ လေဖြတ်သွားသည့် သူတစ်ယောက်ကဲ့သို့ တုန်ယင်နေသည်ကို မြင်သွားလေသည်။
ဘာဖြစ်နေသလဲ မသိသဖြင့် သူက အနားသို့လျှောက်သွားလိုက်သည်။
ရုတ်တရက်ပင် အဖိုးဝမ် အသံတစ်ခုကို ကြားလိုက်ရ၏။
“အာ့။။။ဖြေးဖြေးး ဖြေးဖြေးလုပ်ပါ .......နာတယ်......”
အဖိုးဝမ်က မျက်လုံးပြူးသွားသည်။
အဖိုးဝမ်၏မျက်နှာက မဲသည်းလာ၏။
အဖိုးဝမ်၏ လက်များက တုန်ရီလာလေသည်။
နေ့ခင်းကြောင်တောင်ကြီးကို ဝမ်ရူကွေ့က သူ့အခန်းထဲမှာ မိန်းကလေးတစ်ယောက်ကို ဘာလုပ်နေတာလဲ။
သူကတော့ စိတ်လွတ်သွားပြီဘဲ။
သူက တိရစ္ဆာန်ကောင်ဘဲ။
🍵
အိမ်ထဲမှထွက်ကာ ခြံထဲသို့ရောက်လာသည်အထိ အဖိုးဝမ်၏လက်များက တုန်နေဆဲဖြစ်သည်။
အဖိုးဝမ်က စိတ်အခြေအနေမကောင်းသည့်ပုံပေါ်ကာ ဝမ်ရူကွေ့ကတိရစ္ဆာန်ကောင်ဟု ထပ်ခါတလဲလဲရေရွတ်နေ၏။
ဦးလေးဇုန်း :“ဗိုလ်မှူး ကျွန်တော်ထင်တာတော့ တစ်ခုခုအထင်လွဲစရာဖြစ်သွားတာနေမှာပါ၊ ရူကွေ့ကဘယ်လိုကြီးပြင်းလာတယ်ဆိုတာကို ကျွန်တော်တို့မြင်ခဲ့တာဘဲလေ သူကအဲ့လိုလူမျိုးမဟုတ်ပါဘူး”
အဖိုးက တောင်ဝှေးကို မြေကြီးပေါ်သို့ ခက်ထန်စွာဆောင့်လိုက်သည်။
“အမှန်တရားက အမှန်တရားဘဲလေ၊ မင်းသူ့အတွက် ဆင်ခြေတွေ ပေးမနေနဲ့တော့၊ တကယ်လို့မင်းသာ တစ်ခုခုအထင်လွဲနေတယ်လို့ ထင်တယ်ဆိုရင် ခုနတုန်းကကျ ဘာလို့လေဖြတ်သလိုမျိုး တုန်နေတာလဲ”
ဦးလေးဇုန်း : “……”
ဝမ်ရူကွေ့နှင့်ထုံရွှယ်လူတို့ကတော့ သူတို့၏အပြုအမူများကြောင့် ဝမ်ရူကွေ့၏ဂုဏ်သတင်းကိုညှိုးနွမ်းစေသည့် အထင်လွဲမှုကြီးဖြစ်သွားသည်ကို မသိကြပေ။
အိပ်ခန်းထဲတွင် ဝမ်ရူကွေ့၏မျက်နှာက အချက်ခံထားရသည့်ပုစွန်လို နီရဲနေ၏။ သူက ထုံရွှယ်လူကိုတောင် မကြည့်ရဲတော့ပေ။
သူက အရမ်းကိုရိုးသားတာဘဲ။
ထုံရွှယ်လူက ရယ်ချင်သော်လည်း ဝမ်ရူကွေ့ကဲ့သို့ အပြစ်ကင်းရိုးသားသည့် ယောက်ျားမျိုးက ရှားသည်ဟုလည်း ခံစားမိသွားသည်။
သူမက မျက်တောင်ရှည်များကိုခတ်ကာ သူ့ကိုကြည့်လိုက်သည်။
“ကျွန်မခြေထောက်မကျဥ်တော့ဘူး ကျေးဇူးနော် ဒါလင်”
ဒါလင်။။။။။။
ထိုစကားလုံးကိုကြားသောအခါ ဝမ်ရူကွေ့၏မျက်နှာတင်မက လည်ပင်းနှင့်နားများအထိပါ ဆေးရောင်ဆိုးခံလိုက်ရသလို နီရဲသွားသည်။ ထိုနေရာများက ချက်ချင်းပင် သွေးများထွက်လာတော့မည့်အတိုင်း နီရဲနေလေတော့သည်။