အပိုင်း ၁၆၄
Viewers 30k

🍵Chapter 164

-သူမက သူမရဲ့မမကြီးအတွက် ပိုက်ဆံသုံးချင်ပါတယ်နော်၊ သူမမှာပိုက်ဆံအများကြီးရှိတယ်။



“ခစ်ခစ်ခစ်.....ရှင်က အရမ်းကိုလွယ်လွယ်ရှက်တတ်လိုက်တာ၊ အမြဲတမ်းဒီလိုဘဲလား”


နောက်ဆုံးတွင် ထုံရွှယ်လူက မထိန်းထားနိုင်တော့သဖြင့် အသံထွက်ရယ်လိုက်လေသည်။


ဝမ်ရူကွေ့က သူမ၏အပြုံးလှလှကိုကြည့်ကာ သူ့နှလုံးသားကို မထိန်းချုပ်နိုင်လုနီးပါးဖြစ်သွား၏။


သူက ရှက်နေလျက်ဖြင့် ခေါင်းခါပြလာသည်။

“မဟုတ်ပါဘူး ကိုယ်က မင်းနဲ့ကျမှ ရှက်တာပါ”


တခြားမိန်းကလေးများဆိုပါက သူကရှက်ဖို့မပြောနှင့်၊ သူတို့၏မျက်နှာများကိုတောင် မမှတ်မိနိုင်ပေ။


သူ့စကားကိုကြားသောအခါ ထုံရွှယ်လူ၏ရယ်သံကရပ်သွားလေသည်။ သူမက သူ့ကိုမျက်လုံးရွှဲကြီးများဖြင့် ကြည့်လိုက်သည်။


ဝူးးးးသူကတုံးတယ်လို့ ဘယ်သူပြောတာလဲ၊ သူက စကားချိုချိုလေးတွေ မပြောတတ်ဘူးလို့ ဘယ်သူပြောတာလဲ။


ဒါက သူမရဲ့ဘဝနှစ်ခုတစ်လျှောက် ကြားခဲ့သမျှထဲမှာ အချိုဆုံးစကားဘဲ။


ထုံရွှယ်လူက တံခါးကိုတစ်ချက်လိုက်ပြီးနောက် အပြင်ဘက်တွင် တိတ်ဆိတ်နေသည်ကိုမြင်သောအခါ ‌ကျီစယ်လိုသောအကြည့်ကသူမမျက်နှာပေါ်တွင် ပေါ်လာသည်။


သူမက မိန်းမဆိုးလေးလုပ်ချင်သည်။......


ထုံရွှယ်လူက ထရပ်ကာ ဝမ်ရူကွေ့ဘက်သို့ ကိုယ်ကိုကိုင်းလိုက်ပြီး အသံတိုးတိုးဖြင့်ပြောလိုက်သည်။

“ကျွန်မကိုပြောပြ၊ အခုချိန်မှာ ရှင်ကျွန်မကို တစ်ခုခုလုပ်ချင်တာမရှိဘူးလား”


သူမကအနားကပ်လာသောအခါ ဝမ်ရူကွေ့က သူမ၏ကိုယ်သင်းရနံ့ကိုရလာ၏။ ထိုရနံ့ကိုယောင်ယောင်လေးမျှသာရသော်လည်း သူ့ကိုပိုပြီးတောင့်တလာစေသည်။


သူ့နှလုံးကဒုန်းစိုင်းခုန်နေသဖြင့် လည်ချောင်းထဲဆန်တက်လာတော့မည်ဟုတောင် ခံစားမိသွားသည်။ သူကတံတွေးမြိုချလိုက်သည်။

“အင်း ရှိတယ်”


ဘုရားရေ။။

ထုံရွှယ်လူ၏မျက်လုံးများက အရောင်တောက်လာသည်။ သူမက သူမဆံပင်စကိုယူပြီး သူ့မေးစေ့ကိုပွတ်သပ်လိုက်သည်။

“ကောင်းပြီလေ ဒါဆိုရှင်က ဘာလုပ်ချင်တာလဲ”


ဝမ်ရူကွေ့၏မေးစေ့က ယားယံလာသည်။ သူက သူမ၏ဆံပင်ကို သူ့မေးစေ့ကိုသာမက သူ့နှလုံးသားထဲထိပါ ယားအောင်လုပ်နေသည်ဟု ခံစားမိသည်။


သူပြန်ဖြေလာသောအခါ သူ့လေသံက အနည်းငယ်အက်ရှနေ၏။

“မင်း....မင်း ကိုယ့်ဆီကို မင်းရဲ့ဓာတ်ပုံတစ်ပုံလောက်ပို့ပေးလို့ရလား”


ထုံရွှယ်လူ “……”


လေထုက အချိန်အနည်းငယ်ကြာ တိတ်ဆိတ်သွားသည်။


ထုံရွှယ်လူက သူ့ကိုကြောင်အစွာကြည့်လိုက်သည်။ အဲ့ဒါပဲလား၊ အဲ့ဒါပဲလား။။


ဒီလိုအခွင့်အရေးမျိုးမှာ သူကဆိုးသွမ်းတာလေးတစ်ခုခု‌ကိုမလုပ်ချင်ဘူးလား။


သူ့စကားကြောင့် သူမ ကြောင်နေသည်ကိုမြင်သောအခါ ဝမ်ရူကွေ့ကစိုးရိမ်သွားသည်။

“မင်းမပေးချင်ရင်လည်း အဆင်ပြေပါတယ်”


ရိုမန့်တစ်ဆန်သောလေထုက မရှိတော့ပေ။ ထုံရွှယ်လူက သူမထိုင်ခုံတွင် ပြန်ထိုင်လိုက်သည်။

“ရှင်က ဘာလို့ရုတ်တရက်ကြီး ကျွန်မဓာတ်ပုံလိုချင်တာလဲ”


ဝမ်ရူကွေ့၏ မျက်ခွံများက အနည်းငယ်လှုပ်ခတ်သွားသည်။

“ကျိုးရန်နဲ့ ဟွမ်ချီမင်တို့နှစ်ယောက်လုံးမှာ သူတို့ကောင်မလေးရဲ့ဓာတ်ပုံတွေရှိကြတယ်”


သူ့လေသံက အနိုင်ကျင့်ခံထားရသည့်အသံပေါက်နေကာ ကလေးတစ်‌ယောက်က သူ့အတန်းဖော်များတွင် ကျောင်းလွယ်အိတ်အသစ်ရှိသော်လည်း သူ့တွင်မရှိသဖြင့် အိမ်ပြန်ရောက်သောအခါ မိဘများအား‌တိုင်တန်းနေပုံနှင့်အလွန်တူ၏။


ထုံရွှယ်လူ၏နှလုံးသားက နူးညံ့သွားသည်။ သူမက သူ့ခေါင်းကို အလွန်ပွတ်သပ်ချင်မိသည်။

“ကောင်းပြီလေ ဒီနေ့ပဲသွားပြီး တစ်ပုံရိုက်ကျတာပေါ့”


အခုချိန်တွင် သူက သူမ၏ကောင်လေးဖြစ်နေပြီဖြစ်သောကြောင့် သူ့သူငယ်ချင်းများရှေ့တွင် မျက်နှာပန်းလှအောင်လုပ်ပေးချင်သည်။


အခြားသူတွေမှာ ရှိသမျှ ဝမ်ရူကွေ့ဆီမှာလည်းရှိရမယ်။


ဝမ်ရူကွေ့က သူမကိုနူးညံ့စွာကြည့်လာသည်။

“ကောင်းပါပြီ”


သူတို့ကချစ်သူများဖြစ်သော်လည်း အခန်းထဲတွင် နှစ်ယောက်တည်းအကြာကြီး မနေသင့်သေးပေ။ ထို့ကြောင့် ထုံရွှယ်လူက အောက်ထပ်ပြန်ဆင်းရန်ပြောလိုက်သည်။


ဝမ်ရူကွေ့ကလည်း သူမကိုမငြင်းဆန်ပေ။


သို့သော်ငြား သူတို့အောက်ထပ်သို့ပြန်ရောက်လာသောအခါ အဖိုးဝမ်နှင့်ဦးလေးဇုန်းတို့၏ပုံစံကို သတိပြုမိသွားသည်။


သူတို့က သူမတို့နှင့် အကြည့်ချင်းမဆုံမိအောင်လုပ်နေကြ၏။မ‌ဖြစ်မနေအကြည့်ဆုံသွားသောအခါတွင်လည်း သူတို့၏အကြည့်များထဲတွင် ထူးဆန်းပြီးရှုပ်ထွေးမှုများရောယှက်နေ၏။


၎င်းက ကရုဏာသက်မှုနှင့် အပြစ်ရှိစိတ်များ ရောနေသလိုဖြစ်ကာ အဆုံးတွင် အလွန်ရှူပ်ထွေးနေ၏။


သို့သော်ငြား သူတို့က ဝမ်ရူကွေ့ကိုကြည့်သောအခါတွင်မူ စက်ဆုပ်ဖွယ်ကောင်းသည့် တိရစ္ဆာန်အားကြည့်နေသလို ကြည့်လာကြ၏။


ဦးလေးဇုန်းက ထုံရွှယ်လူအတွက် ကိုယ်တိုင်ကိုယ်ကျချက်ပြုတ်ပေးချင်သော်လည်း ခုနကရှာဖွေတွေ့ရှိမှုကြီးကြောင့် သူ့လက်များကအလွန်တုန်ယင်နေ၏။ သူလည်း မတတ်နိုင်သဖြင့် အနားရှိကန်တင်းမှ ဟင်းပွဲအနည်းငယ်လောက်ကို ဝယ်လိုက်ရသည်။


အဖိုးဝမ်ကလည်း အစောပိုင်းတွင်စိတ်အားထက်သန်ခဲ့သည့် ပုံစံနှင့် အလွန်ကွဲပြားနေ၏။ သူက ထုံရွှယ်လူကို စကားပြောသည်မှာ မရှိသလောက်ရှားသွားပေသည်။


ထုံရွှယ်လူနှင့်ဝမ်ရူကွေ့တို့ နှစ်ယောက်လုံးက ဦးနှောက်ခြောက်သွားကြသည်။


စစ်သားအိမ်ရာမှထွက်လာပြီးနောက်တွင်။


ထုံရွှယ်လူက စက်ဘီးနောက်ခုံတွင်ထိုင်ရင်း မေးလာ၏။

“ရူကွေ့ အဖိုးနဲ့ဦးလေးဇုန်းက ကျွန်မကိုသဘောမကျကြဘူးလို့ ရှင်ထင်လား”


အစောပိုင်းတုန်းက အကောင်းကြီးပါ၊ ဘာဖြစ်သွားတာလဲ။


ထုံရွှယ်လူက နားမလည်‌နိုင်တော့ပေ။


ဝမ်ရူကွေ့လည်းအတူတူပင်ဖြစ်သည်။ သူကသူမကိုနှစ်သိမ့်လာ၏။

“မဟုတ်ပါဘူး အဖိုးက မင်းကိုတကယ်သဘောကျတာပါ”


အဖိုးဝမ်က သူ့ကိုအဓိကဒေါသထွက်နေခြင်းဖြစ်ကြောင်း သူခံစားမိ၏။ ထုံရွှယ်လူရှိနေသဖြင့်သာ သူက ဒေါသကို‌မထုတ်ပြလာခြင်းဖြစ်သည်။


သူတို့နှစ်ယောက်က ထိုအကြောင်းကိုခနလောက်ဆက်ပြောနေကြသော်လည်း ဘာမှမစဉ်းစားမိသဖြင့် စကားလမ်းကြောင်းပြောင်းလိုက်ကြသည်။


ဓာတ်ပုံစတူဒီယို‌သို့ရောက်သောအခါ ဝမ်ရူကွေ့က ငွေရှင်းသည့်နေရာသို့ ပိုက်ဆံရှင်းရန်သွားလိုက်သည်။


ယခုလိုခေတ်ကာလမျိုးတွင် ဓာတ်ပုံရိုက်ခြင်းသည် ရုပ်ရှင်ကြည့်ရတာထက် ပိုပြီးတန်ဖိုးကြီးသော ဇိမ်ခံမှုမျိုးဖြစ်သည်။


စာရွက်စာတမ်းပုံစံတစ်ခုသည် 34ဆင့်ကျကာ လူတစ်ကိုယ်အပြည့်၊ သို့မဟုတ် တစ်ဝက်ရိုက်မည်ဆိုပါက 42ဆင့်တောင်ကျ၏။


ဝမ်ရူကွေ့က ငွေရှင်းပြီးသောအခါ ဘောင်ချာနှစ်ခုနှင့် ပြန်လာခဲ့သည်။ ယခုချိန်တွင် ဘောင်ချာများကို ကော်ပီသုံးစုံထားရှိလေသည်။ တစ်ခုကို ဓာတ်ပုံစတူဒီယိုဘက်ကသိမ်းကာ၊ တစ်ခုက ဓာတ်ပုံဆရာအတွက်ဖြစ်ပြီး နောက်ဆုံးတစ်ခုကိုမူ ဓာတ်ပုံလာရိုက်သူများက သူတို့ပုံများကိုလာယူသောအခါ ပြရန်အတွက်ဖြစ်သည်။


ဓာတ်ပုံဆရာ :“မင်းတို့နှစ်ယောက်က တစ်ယောက်ချင်းစီသီးခြားပုံနှစ်ပုံနဲ့ နှစ်ယောက်တွဲပုံတစ်ပုံရိုက်မှာ ဟုတ်တယ်မလား”


ထိုစကားကိုကြားသောအခါ ဝမ်ရူကွေ့၏မျက်ခွံများက အနည်းငယ်လှုပ်ရှားသွားသည်။


သူတို့ ဒီနေရာသို့‌မလာခင်တွင် သူက ထုံရွှယ်လူတစ်ယောက်တည်း၏ပုံကိုသာ လိုချင်ခဲ့ခြင်းဖြစ်သည်။ သို့သော် သူပိုက်ဆံရှင်းသောအခါ သူမ၏ပုံအပြင် သူတို့နှစ်ယောက်အတူရိုက်သောပုံကိုလိုချင်လာရုံတင်မက သူမအတွက်ကိုလည်း သူ့ပုံတစ်ခုလောက်ရိုက်ပေးချင်လာ၏။


သူက အလွန်လောဘကြီးလာခဲ့သည်။


သူမသိသွားသောအခါ သူ့ကိုအလွန်အကျွံတောင်းဆိုနေသည်ဟု ထင်မည်ကို စိုးရိမ်နေခဲ့ရ၏။


ထုံရွှယ်လူက အရမ်းမတွေးပေ။ သူတို့ကရောက်တောင်ရောက်နေပြီဖြစ်သည်။ အတူတူရိုက်တဲ့ ပုံလေးတော့ရှိရမှာပေါ့။


ဒီဓာတ်ပုံသုံးပုံကိုကြည့်ပြီး အလည်လာတဲ့သူရှိတဲ့အခါ သူမကောင်လေးက ဘယ်လိုတောင်ချမ်းသာပြီး ကြင်နာတတ်တယ်ဆိုတာကို ကြွားရမှာပေါ့။


ထုံရွှယ်လူက မကန့်ကွက်လာသဖြင့် ဝမ်ရူကွေ့က သက်ပြင်းချလိုက်သည်။ သူကဓာတ်ပုံဆရာကိုခေါင်းညိတ်ပြလိုက်သည်။

“ဟုတ်ပါတယ် တစ်ယောက်ပုံနှစ်ပုံနဲ့ နှစ်ယောက်ပုံတစ်ပုံပါ”


အခုကာလမှ ကင်မရာများသည် အတော်လေးရှေးကျနေဆဲဖြစ်သည်။ ၎င်းအပေါ်တွင် ထူထဲသော ပိတ်မဲတစ်စကိုအုပ်ထား၏။ ဓာတ်ပုံဆရာက ထိုအထဲသို့ခေါင်းထည့်ကာ ဓာတ်ပုံရိုက်ရန်အတွက် အကြိမ်များစွာစစ်ဆေးရသော ကင်မရာမျိုးဖြစ်သည်။


ဓာတ်ပုံစတူဒီယိုမှထွက်လာသောအခါ နောက်ကျနေပြီဖြစ်သော်လည်း ထုံရွှယ်လူက စားသောက်ဆိုင်သို့ စစ်ဆေးရန်သွားရဦးမှာဖြစ်သည်။


အခုချိန်တွင် သူမကစားသောက်ဆိုင်၏မန်နေဂျာဖြစ်သလို စားဖိုမှူးလည်းဖြစ်သည်။ သူမက အရမ်းကြီးလွတ်လွတ်လပ်လပ်လျှောက်မသွားနိုင်ပေ။ မမျှော်လင့်ထားသည့် ကိစ္စများဖြစ်လာပါက စားသောက်ဆိုင်မှ ဝန်ထမ်းများက မဖြေရှင်းနိုင်မည်ကို သူမစိုးရိမ်မိသည်။


ဝမ်ရူကွေ့က အနည်းငယ်ဝမ်းနည်းသွားသည်။ သူတို့ကအတူတူရှိရန်အချိန်သိပ်မရသည်ဟု ခံစားမိသော်လည်း သူနားလည်ပေသည်။


ထို့အပြင် သူက နေ့လယ်တွင်ဌာနသို့ပြန်ရမှာဖြစ်သည်။


သူက ထုံရွှယ်လူကိုစားသောက်ဆိုင်သို့ လိုက်ပို့လိုက်ပြီးနောက် စစ်မှုထမ်းအိမ်ရာသို့ပြန်ခဲ့လိုက်သည်။


သို့သော်ငြား သူအထဲသို့ဝင်ဝင်ချင်းမှာပင် ဆိုဖာပေါ်မှ ဒေါသတကြီးအော်သံကို ကြားလိုက်ရလေသည်။

“ငါ့အရှေ့မှာ ဒူးလာထောက်စမ်း တိရစ္ဆာန်ကောင်”


ဝမ်ရူကွေ့ “? ?”


အဖိုးဝမ်က သူ၏ကျားကဲ့သို့မျက်ဝန်းများဖြင့် စိုက်ကြည့်လာသည်။

“ဒူးထောက်”


ဝမ်ရူကွေ့ :“အဖိုး ကျွန်တော်ဒူးထောက်နိုင်တယ် ဒါပေမယ့် ဘာလို့ဒူးထောက်ရမှာလဲဆိုတဲ့ အကြောင်းရင်းကိုတော့ ပြောပြလေ”


အဖိုးဝမ်က သူ့ကို တိရစ္ဆာန်တစ်ကောင်ထက်နိမ့်ကျသည့်သူမျိုးကိုကြည့်သလို ကြည့်လာ၏။


အဖိုးဝမ်က ဘေးတွင်ချထားသည် တောင်ဝှေးကိုကောက်ကာ ဝမ်ရူကွေ့ကိုရိုက်ရန်လုပ်လိုက်သည်။


ဦးလေးဇုန်းက အမြန်ရောက်လာပြီး သူ့ကိုတားလာ၏။


“ဗိုလ်မှူးခင်ဗျ အရင်ဆုံးစကားနဲ့ပြောရအောင်၊ ဗိုလ်မှူးရိုက်လို့ ရူ‌ကွေ့ဒဏ်ရာရသွားရင် ဗိုလ်မှူးဘဲဝမ်းနည်းရမှာလေ”


အဖိုးဝမ်က နှာခေါင်းရှူံ့လိုက်သည်။

“ငါက သူ့လိုလူမျိုးအတွက် ဝမ်းနည်းရမှာလား၊ မင်းကဘယ်လိုဖြစ်လို့ အဲ့ဒီလိုကိစ္စမျိုးကိုလုပ်ရဲရတာလဲ၊ ဘယ်လိုဖြစ်ပြီး နေ့ခင်းကြောင်တောင်ကြီးမှာ မိန်းကလေးတစ်ယောက်ကို အဲ့ဒီလိုလုပ်နိုင်တာလဲ”


ဝမ်ရူကွေ့က ခေါင်းရှုပ်သွားသည်။

“ကျွန်တော် ဘာလုပ်လို့လဲ”


ဦးလေးဇုန်း၏မျက်နှာအိုကြီးက ရဲရဲနီလာသည်။

“ရူ‌ကွေ့ မင်းအမှန်တိုင်းဝန်ခံလိုက်ပါ၊ နေ့လယ်တုန်းက မင်းအခန်းထဲက အသံတွေကို ငါတို့ကြားလိုက်တယ်”


FOOM!!

ဝမ်ရူကွေ့၏နားရွက်ဖျားက နီသွားပြီး သူကကြမ်းပြင်ကိုသာငုံ့ကြည့်နေလိုက်သည်။


သူ၏အမူအရာကြောင့် အဖိုးဝမ်သည့် နေ့ခင်းတုန်းက ဝမ်ရူကွေ့တစ်ယောက် သားရဲလိုပြုမူခဲ့သည်ကို ပိုသေချာသွားသည်။

“ဒီနေ့ မင်းဌာနကိုပြန်ရောက်တာနဲ့ လက်ထပ်ဖို့အတွက်တင်ပြလိုက်၊ အဲ့ဒါပြီးတာနဲ့ ငါတို့တွေ ထုံမိသားစုဆီသွားတင်တောင်းကြမယ်”


ဝမ်ရူကွေ့က နောက်တစ်ကြိမ်ကြောင်သွား၏။

? ? ?

လက်ထပ်ဖို့အတွက် လျှောက်လွှာ။။


တင်တောင်းမယ်။


“ဒါပေမယ့် ကျွန်တော်က ရွှယ်လူသဘောတူ၊မတူကို မမေးရသေးဘူး”


အဖိုးဝမ်က ဒေါသထွက်လွန်းသဖြင့် သူ့မုတ်ဆိတ်မွှေးများတောင် ထောင်မတတ်ဖြစ်လာသည်။

“မင်းသူမကိုလုပ်ခဲ့တဲ့အရာတွေပြီးတဲ့နောက် အခုမှအဲ့ဒီအကြောင်းကိုပြောမယ်ဆိုရင် နောက်ကျမနေဘူးလား”


ဝမ်ရူကွေ့ :“အဖိုး အဲ့ဒါကိုအကြံပေးတာက ရွှယ်လူပါ”


အဖိုးဝမ်၏မျက်နှာက ဒေါသဖြင့်နီလာသည်။

“မင်းက အရှက်မရှိလိုက်တာ၊ ယောက်ျားရောဟုတ်သေးရဲ့လား အဲ့ဒီလိုကိစ္စမျိုးကို ဘယ်လိုလုပ်ပြီး မိန်းကလေးတစ်ယောက်အပေါ် အကုန်ပုံချရတာလဲ


ထိုသို့ပြောရင်းဖြင် သူက ဝမ်ရူကွေ့ကိုတောင်ဝှေးဖြင့် ရိုက်ရန် ထပ်ရွယ်လိုက်လေသည်။