🍵Chapter 165
-သူမက သူမရဲ့မမကြီးအတွက် ပိုက်ဆံသုံးချင်ပါတယ်နော်၊ သူမမှာပိုက်ဆံအများကြီးရှိတယ်။
ဦးလေးဇုန်းက သူ့ကိုထပ်တားလာသည်။
“ဗိုလ်မှူး စိတ်လျှော့ပါ စကားနဲ့ပြောကြရအောင်”
အဖိုးဝမ်က အသက်ပြင်းပြင်းရှူလိုက်သည်။
“ငါပြောသလိုသာလုပ်စမ်းပါ၊ မနက်ဖြန်ကျရင် ထုံမိသားစုဆီသွားပြီး တင်တောင်းကြမယ်”
သူတို့ဒီထက်ပိုပြီးနှောင့်နှေးနေလို့ ထုံရွှယ်လူကကိုယ်ဝန်ရသွားရင် ဘယ်လိုလုပ်မလဲ။
ဝမ်ရူကွေ့က ခေါင်းခါသည်။
“ကျွန်တော်အဲ့ဒီလိုမလုပ်နိုင်ဘူး အဖိုး၊ လက်ထပ်ဖို့ဆိုတာ နှစ်ဖက်လုံးရဲ့သဘောတူညီမှုရှိဖို့ လိုတယ်၊ ပြီးတော့ ရွှယ်လူက ကျွန်တော်သူ့ခြေထောက်ကို နှိပ်ပေးလိုက်မိတာအတွက်နဲ့ လာတင်တောင်းတာမျိုးကိုအလိုရှိမယ်လို့ ကျွန်တော်မထင်ဘူး”
ဘာပြောတယ်။။
သူမခြေထောက်ကိုနှိပ်ပေးတာလား။
အဖိုးဝမ်ရော ဦးလေးဇုန်းပါ ကြောင်သွားကြ၏။
သူတို့ကြားခဲ့တဲ့ နားရှက်စရာအသံတွေက သူမခြေထောက်ကိုနှိပ်ပေးလို့ ထွက်လာတဲ့အသံတွေလား။
သူတို့နှစ်ယောက်ကိုကြည့်ကာ ဝမ်ရူကွေ့က မျက်မှောင်ကြုတ်လိုက်သည်။
“အဖိုး၊ ဦးလေးဇုန်း တစ်ခုခုကိုများ အထင်လွဲနေကြတာလား”
သူတွေးကြည့်လေလေ တစ်ခုခုတော့လွဲနေပြီဟု ခံစားမိလေလေဖြစ်သည်။
အစပိုင်းတွင် သူတို့နှစ်ယောက်လုံးက ထုံရွှယ်လူအပေါ် အလွန်ကြင်နာကြ၏။ သူတို့ အပေါ်ထပ်မှပြန်ဆင်းလာသည့် နောက်ပိုင်းတွင်မှ အဖိုးဝမ်တို့သည် ထုံရွှယ်လူနှင့်အကြည့်ချင်းမဆုံရဲကြတော့ခြင်းဖြစ်သည်။ ထို့ပြင် သူ့အပေါ်တွင်လည်း အေးစက်လာကြ၏။
အခုတွင် သူတို့က သူ့ကိုတိရစ္ဆာန်ဟုခေါ်ပြီး ထုံရွှယ်လူကိုသွားတင်တောင်းခိုင်းနေ၏။ သူတို့(အဖိုးဝမ်တို့)က သူတို့(ဝမ်ရူကွေ့နဲ့ထုံရွှယ်လူ)ကို အပေါ်ထပ်မှာ.......အဲ့ဒါလို့များထင်သွားတာလား။
ဝမ်ရူကွေ့က ထိုသို့တွေးမိသွားသောအခါ မယုံနိုင်ဖြစ်သွားသည်။
“အဖိုး ဦးလေးဇုန်း အဖိုးတို့က ဘာလို့ဒီလိုမျိုး မသန့်ရှင်းတဲ့အတွေးတွေကို တွေးနိုင်ရတာလဲ”
“……”
အဖိုးဝမ်နှင့် ဦးလေးဇုန်းတို့က တစ်ချိန်တည်းတွင် ရှက်သွားကြသည်။
ဧည့်ခန်းက ခနတာတိတ်ဆိတ်သွားသည်။
အဖိုးဝမ်က ချောင်းဟန့်လိုက်သည်။
“အိုင်းယားးငါအခုမှသတိရတယ် လောင်ကျန်းက ငါ့ကိုစစ်တုရင်ကစားဖို့ခေါ်ထားတာဘဲ၊ ငါမြန်မြန်သွားမှ”
ထိုသို့ပြောပြီးနောက် သူက လှစ်ခနဲထထွက်သွားသည်။
ဦးလေးဇုန်း “……”
ဗိုလ်မှူးရေ ဒီလိုကြီးကမကောင်းပါဘူးနော်။
ဘယ်လိုလုပ်ပြီး သူ့ကိုဝမ်ရူကွေ့နဲ့ နှစ်ယောက်ထဲ ထားခဲ့ရက်တာလဲ။
🍵
ဝမ်ရူကွေ့ဌာနသို့ ပြန်သွားပြီးနောက်တွင် ထုံရွှယ်လူ၏ဘဝက ပုံမှန်ပြန်ဖြစ်သွားသည်။
သုံးရက်ကြာပြီးနောက်တွင် သူမက ဓာတ်ပုံများကို သွားယူလိုက်သည်။
ဘာသိလို့လဲ၊ လူတစ်ယောက်က ကြည့်ကောင်းနေမယ်ဆိုရင် ရိုက်တဲ့ကင်မရာကဘယ်လိုဘဲမကောင်းနေပါစေဦး၊ ဓာတ်ပုံထဲမှာ ကြည့်ကောင်းနေဦးမှာဘဲ။
ထုံရွှယ်လူက နှစ်ယောက်အတူတူရိုက်ထားသည့် ပုံကိုအကြိုက်ဆုံးဖြစ်သည်။
ဓာတ်ပုံထဲတွင် သူမက ထိုင်ခုံပေါ်၌ထိုင်ပြီး ဝမ်ရူကွေ့က သူမနောက်တွင်ရပ်နေ၏။ သူ့လက်ကို သူမအပေါ်တွင်ညင်သာစွာတင်ထားသည်။
ဓာတ်ပုံဆရာက မဆိုးပေ။ သူက ဝမ်ရူကွေ့၏နူးညံ့နေသောအခိုက်အတန့်ကို အမိအရဓာတ်ပုံရိုက်ထားပေသည်။
ထုံရွှယ်လူက ဓာတ်ပုံများကို စာအိတ်ထဲပြန်ထည့်လိုက်ပြီး ဝမ်ရူကွေ့ဆီသို့ ကြေးနန်းပို့လိုက်သည်။
ထုံရွှယ်လူပြန်ယူလာသော ဓာတ်ပုံများကိုမြင်သောအခါ ထုံမောင်နှမများက မှင်တက်သွားကြသည်။
ထုံမျန်မျန်၏ မျက်လုံးဝိုင်းကြီးများက ပြူးနေကာထိတ်လန့်နေသည့်ပုံပေါ်၏။
“မမကြီးက အထဲကိုဘယ်လိုရောက်နေတာလဲ”
ထိုအချိန်မှာ ထုံရွှယ်လူက ပေါက်စီလုံးလေးသည် သူမနှင့်ဓာတ်ပုံအတူမရိုက်ဖူးသေးရုံတင်မက ဓာတ်ပုံကိုတောင် မမြင်ဖူးသေးသည်ကို သိသွားသည်။
သူမက ထုံမျန်မျန်ခေါင်းကို ပွတ်လိုက်သည်။
“အဲ့ဒါကို ဓာတ်ပုံလို့ခေါ်တယ်၊ မှန်လိုဘဲ မမတို့ပုံတွေက အဲ့ထဲမှာပေါ်နေမှာ၊ ဓာတ်ပုံရိုက်လိုက်ရင် အဲ့ဒီပုံတွေက တစ်သက်လုံးရှိနေတော့မှာ”
ထုံမျန်မျန်က မော့ကြည့်လာသည်။သိသာစွာပင် ဤကိစ္စများက သူမနားလည်နိုင်စွမ်းထက် ကျော်လွန်နေပေသည်။
သို့သော်ငြား ၎င်းကာသူမ၏သိချင်စိတ်နှင့် ဆန္ဒများကို မရပ်တန့်စေပေ။
ထုံကျားမင်နှင့် ထုံကျားရှင်းတို့ကလည်း ဓာတ်ပုံကို တောင့်တစွာကြည့်နေကြသည်။
ထုံရွှယ်လူက ခနလောက်တွေးကြည့်ပြီးနောက် ပြောလိုက်သည်။
“နောက်အပတ်က အမျိုးသားပိတ်ရက်ဘဲ၊ ငါတို့တွေ ဓာတ်ပုံစတူဒီယိုသွားပြီး မိသားစုဓာတ်ပုံရိုက်ကြတာပေါ့”
ထုံကျားရှင်းက ဆတ်ခနဲမော့ကြည့်လာသည်။
“မမကြီး တကယ်ပြောတာလား”
ထုံရွှယ်လူက ခေါင်းညိတ်ပြသည်။
“ဒါပေါ့ တကယ်ပြောတာ၊ နင်တို့အားလုံးမှာ စုထားတာတွေရှိတယ်မလား တကယ်လို့ တစ်ယောက်ချင်းစီပုံရိုက်ချင်တယ်ဆိုရင် ကိုယ့်မုန့်ဖိုးကိုယ်သုံးလို့ရတယ်”
သူမစကားကိုကြားသောအခါ ထုံကျားမင်ကစိတ်လှုပ်ရှားသွားသည်။
သို့သော်ငြား ထုံကျားရှင်းကမူ အနည်းငယ်နာကျင်သွား၏။
ထုံကျားရှင်းသည် မိသားစုထဲတွင် ကလေးဆိုးဖြစ်သော်လည်း မောင်နှမသုံးယောက်ထဲတွင် အချွေတာဆုံးဖြစ်သည်။
သူက ထုံရွှယ်လူဆီမှရသော လစဉ်မုန့်ဖိုးမှန်သမျှကို တစ်ခါတောင်မှ မသုံးဖူးပေ။ ပိုက်ဆံတစ်ကျပ်စီတိုင်းကို သူကသေချာစုဆောင်းထား၏။
အကြီးဆုံးအကိုဖြစ်သည့် ထုံကျားမင်ကမူ သူ့ညီနှင့်ညီမတို့အတွက် အခါအားလျော်စွာ တစ်ခုမဟုတ်တစ်ခု ဝယ်ပေးတတ်သည်။ အိမ်တွင် ပဲငံပြာရည်၊ ဆား..အစရှိသည်တို့ကုန်သောအခါတွင်လည်း သူ့အိတ်ကပ်ထဲမှ စိုက်ဝယ်လိုက်၏။ ထို့ကြောင့် သူကစုငွေအနည်းဆုံးဖြစ်သည်။
ထုံမျန်မျန်က ရင်ဘတ်ကိုကော့ကာ အသံချိုချိုလေးဖြင့် ကြွေးကြော်၏။
“မမကြီး မျန်မျန်က မမကြီးကိုဓာတ်ပုံရိုက်ဖို့ခေါ်သွားမယ်၊ မျန်မျန့်မှာ ပိုက်ဆံရှိတယ်”
ထုံရွှယ်လူက အော်ရယ်လိုက်သည်။
“ဟုတ်ပါပြီ၊ မမကြီးက မျန်မျန်ကြောင့် ဓာတ်ပုံအပိုတစ်ပုံထပ်ရိုက်ရတော့မှာမလို့ ပျော်နေပြီ”
သူမစကားကိုကြားသောအခါ ထုံမျန်မျန်က သူမရင်ဘတ်ကို ပို၍တောင်ကော့ထားလိုက်သည်။
သူမက သူမရဲ့မမကြီးအတွက် ပိုက်ဆံသုံးချင်ပါတယ်နော်၊ သူမမှာပိုက်ဆံအများကြီးရှိတယ်။
🍵
နောက်နှစ်ရက်ကြာသွားပြီးနောက်တွင် ဝန်ကြီးလင်းက ထုံရွှယ်လူကို ကုန်သွယ်ရေးဌာနသို့ အစီရင်ခံစာလာတင်ရန် ပြောလာ၏။
ထိုအရာကိုကြားသောအခါ ထုံရွှယ်လူကနည်းနည်းလေးတောင် မအံ့ဩသွားပေ။
သူမက ကုန်သွယ်ရေးဌာနသို့မသွားခင်တွင် စားသောက်ဆိုင်မှကိစ္စများကို အရင်စီစဉ်လိုက်သည်။
ထိုနေရာသို့ရောက်သောအခါ အတွင်းရေးမှူးကျိုးကသာ ရုံးခန်း၌ရှိနေပြီး ဝန်ကြီးလင်းကဘယ်အချိန်ပြန်ရောက်မည်ကို မသိရပေ။
ထုံရွှယ်လူက ထိုကိစ္စကြောင့် စိတ်အနှောင့်အယှက်မဖြစ်ပေ။ သူမက အမဲသားလုံးများထည့်လာသည့် အိတ်လေးကိုထုတ်လိုက်သည်။
“ကျွန်မတို့စားသောက်ဆိုင်က အမဲသားလုံးတွေကို စားဖူးလား အတွင်းရေးမှူးကျိုး ရှင်နည်းနည်းလောက်စားကြည့်မလား”
၂၁ရာစုတွင်မူ ဤကဲ့သို့အသားလုံးထုတ်ကိုကိုင်ကာ သူများဆီအလည်သွားပါက အလွန်ထူးဆန်းလိမ့်မည်။
သို့သော်ငြား ယခုကာလတွင်မူ စားစရာများက တန်ဖိုးကြီး၏။ အထူးသဖြင့် အရသာရှိသောအစားအစာများပင်။
အစောပိုင်းတွင် အတွင်းရေးမှူးကျိုး၏မျက်နှာက တည်တင်းနေသော်လည်း အသားလုံးအနံ့ကိုရသောအခါ သူမကတည်ငြိမ်သောပုံစံကို ဆက်မထိန်းထားနိုင်တော့ပေ။
“ရပါတယ် နင်စားဖို့အတွက်ဘဲ သိမ်းထားလိုက်ပါ မန်နေဂျာထုံ”
ထုံရွှယ်လူက အသားလုံးတုတ်ထိုးတစ်ချောင်းကိုထုတ်ကာ ကမ်းပေးလိုက်သည်။
“ဘာမှမဖြစ်ပါဘူး အတွင်းရေးမှူးကျိုး ကျွန်မအတွက် စမ်းမြည်းကြည့်ပြီး ဘယ်လိုတိုးတက်အောင် လုပ်သင့်လဲဆိုတာကို အကြံပေးပါဦး”
တုတ်ထိုးတစ်ချောင်းတွင် အသားလုံးနှစ်လုံးပါကာလေးပိုင်းလှီးထား၏။ သူမရှေ့မှ အသားလုံးများကိုကြည့်ကာ အတွင်းရေးမှူးကျိုးက ထုံရွှယ်လူကိုထပ်မငြင်းနိုင်တော့ပေ။
သူမက ထုံရွှယ်လူဆီမှယူကာ တစ်ကိုက်ကိုက်လိုက်သည်။
“လူအများကြီးက နင့်ရဲ့မာလာ့ထန်ကို ကြိုက်တာ မအံ့ဩတော့ပါဘူး၊ ဒီအသားလုံးက အရမ်းအရသာရှိတယ်”
ထုံရွှယ်လူက ပြုံးလိုက်သည်။
“အတွင်းရေးမှူးကျိုး ကြိုက်လို့ ကျွန်မဝမ်းသာပါတယ်၊ အိုး ဒါနဲ့ ဝန်ကြီးလင်းက ဒီအစည်းအဝေးက ဘာအတွက်လဲဆိုတာကို ပြောပြဖူးလား”
အတွင်းရေးမှူးက အနားတဝိုက်ကိုကြည့်ပြီးမှ အသံတိုးတိုးဖြင့်ပြောလာ၏။
“နင်အရင်တစ်ခေါက်အစည်းအဝေးလာပြီးတဲ့နောက်မှာ အခြားစားသောက်ဆိုင်တွေက မန်နေဂျာတစ်ချို့က ဝန်ကြီးလင်းဆီရောက်လာကြတယ်၊ ငါသူတို့အတွက်ရေနွေးကြမ်းသွားပို့ပေးနေတုန်း နည်းနည်းကြားလိုက်တယ်၊ ငါထင်တာတော့ သူတို့က နင့်ရဲ့ မာလာ့ထန်လုပ်နည်းကို တူးထုတ်ပြီး လူတိုင်းနဲ့မျှဝေစေချင်နေတာဘဲ”
ထို့နောက်က သူမက အလျင်အမြန် ထပ်ပြောလာ၏။
“အထဲဝင်သွားတဲ့အခါ နည်းနည်းလေးတောင် စကားမချော်မိစေနဲ့နော်၊ ငါပြောပြတယ်ဆိုတာကို ဘယ်သူ့ကိုမှမပြောနဲ့”
ထုံရွှယ်လူက ကျေးဇူးတင်စွာကြည့်လိုက်သည်။
“အတွင်းရေးမှူးကျိုး စိတ်မပူပါနဲ့၊ ရှင်ကျွန်မအတွက်ပြောပြပေးတာကို ဘယ်လိုလုပ်ပြီး ရှင့်ကိုရောင်းထုတ်ရမှာလဲ၊ နောင်တစ်ချိန်မှာ အတွင်းရေးမှူးကျိုး ကျွန်မတို့စားသောက်ဆိုင်ကိုလာလည်ရင် အရသာရှိတာတွေ သေချာပေါက်လုပ်ပေးမယ်”
သူမစကားကိုကြားသောအခါ အတွင်းရေးမှူးကျိုးက ပြုံးလိုက်သည်။
ဆယ်မိနစ်နီးပါးကြာပြီးနောက်တွင် ဝန်ကြီးလင်းပြန်ရောက်လာ၏။
သူ့ပုံစံက တစ်စုံတစ်ခုကစိတ်ထဲဒုက္ခပေးနေသလိုပင် မျက်မှောင်ကြုတ်နေ၏။
ထုံရွှယ်လူက ပြုံးကာ သူ့ဆီလျှောက်သွားလိုက်သည်။
“ဝန်ကြီးလင်း နေကောင်းတယ်မလား”
ထိုအခါမှသာ ဝန်ကြီးလင်းက သူမကိုသတိပြုမိသွား၏။
“မင်းရောက်လာပြီလား မန်နေဂျာထုံ၊ လာလေ အထဲဝင်”
သူကပြောရင်းဖြင့် ရုံးခန်းထဲသို့ ဝင်သွားသည်။
အတွင်းရေးမှူးကျိုးက ထလာကာ သူတို့နှစ်ယောက်အတွက် ရေသွားထည့်ပေးလိုက်သည်။
ဝန်ကြီးလင်းက ဆိုဖာတွင်ထိုင်ကာ သူ့ရှေ့မှခုံကို ညွှန်ပြလိုက်သည်။
“ထိုင်ပါဦး မန်နေဂျာထုံ”
ထုံရွှယ်လူက ထိုင်လိုက်သည်။
“ဝန်ကြီးလင်း ကျွန်မကူညီပေးနိုင်တာများရှိလား”
ဝန်ကြီးလင်းက မတ်ခွက်ကိုယူကာ ရေတစ်ငုံသောက်လိုက်ပြီးမှ ဖြေးဖြေးချင်းပြောပြလာသည်။
“မန်နေဂျာထုံက အသက်ငယ်ငယ်နဲ့အောင်မြင်နေပြီ၊ စားသောက်ဆိုင်ကလည်း မင်းရဲ့ခန့်ခွဲမှုအောက်မှာ အရင်ကထက်ပိုပိုပြီး နာမည်ကြီးလာပြီ”
ထုံရွှယ်လူက ပြုံးသည်။
“အဲ့ဒါက ဝန်ကြီးလင်းလို ခေါင်းဆောင်ကောင်းတစ်ယောက်ရှိနေလို့ပါ”
ဝန်ကြီးလင်းက ပြုံးသည်။
“အခုတလော ငါအစည်းအဝေးတွေတက်တုန်းက၊ ကုန်သွယ်ရေးဌာနက လွန်ခဲ့တဲ့ဆယ်နှစ်အတွင်းမှာ ဖြစ်ဖြစ်မြောက်မြောက် ဘာတိုးတက်မှုမှမရှိခဲ့ဘူးလို့ အကြီးအကဲတွေက ဝေဖန်ကြတယ်၊ အဲ့ဒါကြောင့် ငါအရမ်းအရှက်ရပြီး မျက်နှာတောင်နီခဲ့ရတယ်...”
“အဲ့ဒီနောက်မှာ မန်နေဂျာထုံက စားသောက်ဆိုင်ကို နှစ်ပတ်အတွင်း ပြန်ထူထောင်လိုက်နိုင်တာက ငါ့ကိုမျှော်လင့်ချက်ရောင်ခြည်သန်းစေခဲ့တာဘဲ၊ အကယ်၍သာ မြို့တော်က အစိုးရစားသောက်ဆိုင်တွေအားလုံးက မာလာထန်ကိုရောင်းနိုင်ခဲ့ရင် ငါတို့ရဲ့လုပ်ဆောင်ချက်တွေအပေါ် စိုးရိမ်နေစရာလိုတော့မှာမဟုတ်ဘူး”
လာပါပြီ၊ သူမဆီမှာ ချက်ပြုတ်နည်းကို လိမ်ချင်နေတဲ့သူတွေ။
ထုံရွှယ်လူက စိတ်မကျေမနပ်ဖြစ်သွားသော်လည်း လန့်သွားသည့်ပုံစံဟန်ဆောင်လိုက်သည်။
“အိုး ကျွန်မသိပြီ၊ ဝန်ကြီးလင်းက ကျွန်မတို့စားသောက်ဆိုင်ကနေ ဟင်းခတ်အထုပ်တွေကို ဝယ်ချင်တာလား၊ အဲ့ဒါက အဆင်ပြေပါတယ် ဒါပေမယ့်ကျွန်မတို့ရဲ့ အလုပ်ဖိအားကလည်း တိုးသွားလိမ့်မယ်”
“ကျွန်မကတော့ သေချာပေါက်ကို တိုင်းပြည်အတွက် အင်အားရှိသမျှလုပ်ပေးချင်တာပေါ့၊ ဒါပေမယ့် ကျွန်မတို့စားသောက်ဆိုင်ရဲ့ မန်နေဂျာရော၊ စားဖိုမှူးနေရာကိုပါ ကျွန်မဘဲ တာဝန်ယူထားရတာ၊ ပြီးတော့ ဝန်ကြီးလင်းကလည်း ကျွန်မမိသားစုအခြေအနေကို သတိထားမိမယ်ထင်ပါတယ်”
“ကျွန်မရဲ့မိဘနှစ်ပါးလုံးက ဆုံးသွားပြီး မောင်နှမတွေကလည်း ငယ်သေးတယ်၊သူတို့ရဲ့ အစ်မကြီးအနေနဲ့ ကျွန်မက သူတို့ကိုပြုစုပျိုးထောင်ရာမှာ အချိန်အများကြီးယူရလိမ့်မယ်၊ တကယ်ပြောတာပါ ကျွန်မက ဝန်ကြီးလင်းကို ကူညီနိုင်ဖို့ ဆုတောင်းမိတယ်၊ အခုတော့ ဝန်ကြီးလင်းကို မကူညီနိုင်လို့ ကျွန်မတကယ်ကို စိတ်မကောင်းပါဘူး”
ထိုသို့ပြောပြီးနောက် သူမ၏မျက်ရည်များက ပါးတစ်လျှောက်စီးကျလာလေသည်။