အပိုင်း ၁၆၆
Viewers 30k

🍵Chapter 166

သူတို့က သူတို့ရဲ့ကလေးဘဝကိုမှတ်မိနေဖို့ ဓာတ်ပုံတွေကိုလိုအပ်တယ်။ 



ဝန်ကြီးလင်းက စိုးရိမ်သွားသည်။

“မန်နေဂျာထုံ မင်းမငိုပါနဲ့၊ မင်းကရာထူးနှစ်ခုကိုတစ်ယောက်တည်း တာဝန်ယူထားတဲ့ စံပြအလုပ်သမားပါ၊ ဘယ်သူမှမင်းကို မကောင်းပြောမှာမဟုတ်ပါဘူး”


ဝန်ကြီးလင်းကို သူမ၏မာလာထန်လုပ်နည်းကို ပေးခိုင်းမလို့ လုပ်နေတာဖြစ်သည်။ အခုတွင် သူမကငိုချလာသောကြောင့် သူပြောရန် ခက်ခဲသွားလေသည်။


သူမက အသက်၁၈နှစ်အရွယ်သာရှိသေးသော်လည်း ရာထူးနေရာနှစ်ခုကို တာဝန်ယူထားရရုံသာမက သူမ၏မောင်နှမငယ်များကိုလည်း စောင့်ရှောက်နေရ၏။ အကယ်၍သူသာ အခုချိန်တွင် သူမဆီမှ မာလာထန်လုပ်နည်းတောင်းလိုက်ပါက လူအများကြားသည့်အခါ သူ့ကိုမကောင်းသည်လူလို့ ထင်သွားကြလိမ့်မည်။


ထုံရွှယ်လူက မျက်ရည်သုတ်လိုက်သည်။

“လူတိုင်းက ဝန်ကြီးလင်းကို ခေတ်သစ်ဘုရင်ဆော်လမွန်လို့ တင်စားကြတာကို မအံ့ဩတော့ပါဘူး၊ ရှင်ကတကယ့်ကို တရားမျှတတဲ့သူဘဲ၊ ဝန်ကြီးအဲ့လိုပြောမှတော့ ကျွန်မလည်းစိတ်အေးရပါပြီ”


ဂုဏ်သရေမြင့် ပလ္လင်ပေါ်သို့ အတင်ခံလိုက်ရသောအခါ ဝန်ကြီးလင်းက သူ၏တရားမျှတသည့် ပုံရိပ်ကို ထိန်းသိမ်းရန်အတွက် သူ့စိတ်ထဲတွင်ရှိနေသည့်အရာကို ထုတ်ပြောရန် ပို၍ခဲယဉ်းသွားလေသည်။


ထုံရွှယ်လူက ဆက်ပြောသည်။


“ဝန်ကြီးလင်းက ကျွန်မရဲ့စားသောက်ဆိုင်ကို ဟင်းခတ်အထုပ်တွေရောင်းဖို့ အကြံပေးပေမယ့် ကျွန်မတစ်ယောက်ထဲဆို သေချာပေါက်လုပ်နိုင်မှာမဟုတ်ဘူး၊ အဲ့လိုဆိုရင် ကျွန်မဆိုင်က ဝန်ထမ်းတွေကိုကူလုပ်ခိုင်းလို့ရတယ်၊ ဒါပေမယ့် အဲ့လိုလုပ်လိုက်ရင် သူတို့လဲ အလုပ်နှစ်ဆလုပ်ရသလိုဖြစ်လာလိမ့်မယ်၊ ကျွန်မတို့က သူတို့အတွက် အခကြေးငွေအပိုပေးလို့ရမယ်လို့ ဝန်ကြီးထင်လား”


ဝန်ကြီးလင်းက မျက်မှောင်ကြုတ်‌သည်။ အခုလေးတင် သူက လစာအပိုပေးနိုင်မည်မဟုတ်ကြောင်းကို ပြောမလို့ဖြစ်သည်။


သူတို့၏လုပ်အားခများသည် ဘဏ္ဍာရေးဌာနမှရခြင်းဖြစ်သည်။ သူက ဘယ်ကငွေနဲ့ လခအပိုပေးနိုင်မှာလဲ။


ထုံရွှယ်လူက သူစကားပြောလာသည်ကို ‌စောင့်မနေပေ။

“ဝန်ကြီးလင်းအနေနဲ့ ကုန်သွယ်ရေးဌာနရဲ့ ဘတ်ဂျက်ထဲကနေ ထုတ်ပေးဖို့မလိုပါဘူး၊ အခြားစားသောက်ဆိုင်‌တွေကို ကျွန်မတို့ဆီကဝယ်ဖို့ ဈေးနှုန်းသတ်မှတ်လိုက်တဲ့အခါ အပိုငွေတွေကို ကျွန်မတို့စားသောက်ဆိုင်‌ကအလုပ်သမားတွေအတွက် ထောက်ပံ့ကြေးအဖြစ်ပေးလိုက်လို့ရတယ်၊ အဲ့ဒီအကြံကို ဝန်ကြီးလင်း ဘယ်လိုထင်လဲ ”

 

ဝန်ကြီးက မတ်ခွက်ကိုကိုင်ကာ အချိန်အတော်ကြာတွေးကြည့်နေလိုက်သည်။


အကယ်၍သူသာထိုနည်းလမ်းအတိုင်းလုပ်မည်ဆိုပါက ကုန်သွယ်ရေးဌာနက ဘာအပိုငွေကြေးမှပေးစရာမလိုတော့သည့်အပြင် အခြားစားသောက်ဆိုင်များကို မာလာထန်ရောင်းနိုင်အောင်လုပ်မည့် ကိစ္စကလည်း အဆင်ပြေသွားလိမ့်မည်။


စားသောက်ဆိုင်များသည် ထောက်ပံ့ရေးနှင့်တင်ပို့ရောင်းချရေးကော်မတီမှဝယ်သည့်ပုံစံဖြင့် မန်နေဂျာထုံ၏စားသောက်ဆိုင်မှလည်း ဝယ်ယူနိုင်၏။ ၎င်းက စည်းမျဉ်းများကို မချိုးဖောက်ပေ။


အရောင်းကိန်းဂဏန်းများ တက်လာသောအခါ သူသည်လည်း သူ့အထက်မှလူကြီးကို ဖြေရှင်းချက်ပေးနိုင်လိမ့်မည်။


သူမကို ရောင်းမည့်ဈေးနှုန်းများ သတ်မှတ်ခွင့်ပေးမည့်ကိစ္စကိုမူ သူကနောက်ဆုံးခွင့်ပြုချက်ပေးနိုင်သည့် လူဖြစ်၏။ သူ့အနေဖြင့် သူမလိုထက်မြက်သည့်သူတစ်ယောက်က မတော်မရော်ဈေးနှုန်းများသတ်မှတ်လာမည်မဟုတ်ဟု ယုံကြည်သည်။


၎င်းက ခဲတစ်လုံးဖြင့် ငှက်သုံးကောင်ပစ်လိုက်ခြင်းပင်။


ဝန်ကြီးလင်းက တွေးကြည့်လေလေ ဤအကြံကဖြစ်နိုင်သည်ဟု ပိုခံစားမိလာ၏။


“အဲ့ဒီအကြံက အတော်လေးကောင်းမယ့်ပုံဘဲ မန်နေဂျာထုံ၊ ဒါပေမယ့် မင်းငါ့ဆီကို အဆိုပြုချက်လာတင်လိုက်ပါလား၊ ငါဖတ်ကြည့်ပြီးရင် မင်းကို အဖြေပြန်ပေးမယ်”


ထုံရွှယ်လူက ဝန်ကြီးလင်း၏စိတ်ထဲကို ထိုးဖောက်မြင်နေပေသည်။ သူမက ခေါင်းကို တဆတ်ဆတ်ညိတ်ပြလိုက်သည်။


“ဟုတ်ကဲ့ပါ၊ကျွန်မက ဝန်ကြီးလင်းရဲ့အကြံပေးမှုနဲ့ အဆိုပြုချက်ကို တင်လိုက်ပါ့မယ်”


ထုံရွှယ်လူက ဝန်ကြီးလင်း၏ အကြံပြုချက်ဟု အမည်တပ်လိုက်၏။


နောက်ပိုင်းတွင် တစ်ယောက်ယောက်က ပြသနာရှာလာပါက သူတို့က ဝန်ကြီးလင်းကို သွားပြောနိုင်၏။


ရုံးခန်းမှထွက်လာပြီးနောက်တွင် ထုံရွှယ်လူက အတွင်းရေးမှူးကျိုးအား အနာဂတ်တွင် သူမတို့ဆိုင်သို့လာလည်ရန် ဖိတ်လိုက်သည်။


ထုံရွှယ်လူ၏မျက်နှာပေါ်မှ စိတ်အေးလက်အေးဖြစ်နေသောအပြုံးကိုမြင်သောအခါ အတွင်းရေးမှူးကျိုးက ထုံရွှယ်လူက သူမ၏ကိစ္စကိုဖြေရှင်းလိုက်နိုင်ကြောင်း သဘောပေါက်သွားသည်။


သူမက ထုံရွှယ်လူလိုလုပ်ကိုင်နိုင်စွမ်းရှိသောသူနှင့် မိတ်ဆွေဖြစ်ရသည်ကို စိတ်ထဲမထားပေ။ ထို့ကြောင့် သူမကပြုံးကာ သဘောတူလိုက်သည်။


ကုန်သွယ်ရေးဌာနမှထွက်လာပြီးနောက်တွင် ထုံရွှယ်လူ၏နှုတ်ခမ်းများက ကွေးတက်သွားသည်။


အခြားစားသောက်ဆိုင်များက သူမတို့ဆီမှပြန်ဝယ်မည်ဆိုလျှင် သူမတို့က အမြတ်ငွေများကို တိုင်းပြည်သို့ ပြန်ပေးစရာမလိုပေ။


သဘောတူထားသည့် ပုံစံအတိုင်းပင် သူမကပိုက်ဆံကို ကုန်သွယ်ရေးဌာနသို့ အပ်လိုက်ပြီးနောက် ဌာနမှသူတို့ဆီသို့ ထောက်ပံ့ကြေးပုံစံဖြင့် ပြန်လည်ဖြန့်ဝေပေးလိမ့်မည်။


ဤသို့ဖြင့် အနာဂတ်တွင် ပြသနာများကို ရှောင်ရှားနိုင်လိမ့်မည်။


🍵


ယနေ့တွင် စားသောက်ဆိုင်သို့ မကြိုဆိုလိုသည့် စားသုံးသူတစ်ယောက်ရောက်လာ၏။


ထိုသူမှာ အခြားဘယ်သူမှမဟုတ်ဘဲ ဖန်ကျင်းယွမ်၏ ခွေးချီးအကိုကြီး ဖန်ဝမ်ယွမ်သာဖြစ်သည်။


အထဲသို့ဝင်လာပြီးနောက်တွင် ဖန်ဝမ်ယွမ်က မာလာထန်ကိုမှာလိုက်ပြီး တိတ်ဆိတ်စွာစားနေလိုက်သည်။


သူက တစ်ချိန်လုံး ဘာမှလုပ်ဖို့မကြိုးစားလာပေ။


ထို့ကြောင့် ထုံရွှယ်လူကလည်း သူ့ကိုအာရုံစိုက်မနေတော့ပေ။


သူမက စားသောက်ဆိုင်ဖွင့်နေခြင်းဖြစ်သည်။ ပိုက်ဆံပေးနိုင်သည့်ဘယ်သူမဆို လာရောက်စားသုံးနိုင်၏။


သို့သော်ငြား ဖန်ဝမ်ယွမ်ကစားပြီးသောအခါ သူမဆီသို့လျှောက်လာပြီး အနည်းငယ်ထစ်အနေပြီးမှ စကားပြောလာ၏။


“ငါ့မွေးနေ့က နှစ်ရက်အတွင်းမှာဘဲ”


ထုံရွှယ်လူက မျက်ဆံလှန်လိုက်မိသည်။

“အဲ့ဒါက ကျွန်မနဲ့ဘာဆိုင်လို့လဲ”


ဖန်ဝမ်ယွမ်က သူမကို မယုံနိုင်စွာကြည့်လိုက်သည်။

 “……”


သူသည် အရင်တစ်ခါ စားသောက်ဆိုင်မှပြန်ရောက်လာကတည်းက အချိန်အတော်ကြာအောင် စိတ်ဒုက္ခရောက်ခဲ့ရသည်။ ထုံရွှယ်လူ၏နှလုံးသားက ပြောင်းလဲသွားသည်ကို သူယုံရန်အတွက်ခက်ခဲနေပေသည်။


သူက အတိတ်တုန်းကဆိုလျှင် ထုံရွှယ်လူတစ်ယောက် သူ့မွေးနေ့လက်ဆောင်အတွက် ဘယ်လိုတောင် အားစိုက်ကြိုးစားခဲ့သည်ကို အမှတ်ရသွားသည်။


ဒီတစ်ကြိမ်တွင် သူရက်ပေါင်းများစွာစောင့်နေသော်လည်း ထုံရွှယ်လူဆီမှ ဘာမှမရောက်လာသေးပေ။ ထို့ကြောင့် သူက သူမကိုသတိပေးရန်အတွက် စားသောက်ဆိုင်သို့ အထူးတလည်တစ်ခေါက်လာခဲ့ခြင်းဖြစ်သည်။ ဤသို့သော တုံ့ပြန်ချက်သည် သူမျှော်လင့်ထားတာမျိုးမဟုတ်ပေ။


🍵

ယခုလက်ရှိ၌

ရိုမန့်တစ်ဆန်ရာတွင် ညံ့ဖျင်းသူကြီးသုံးယောက်က ကန်တင်းတွင် အတူတူထမင်းစားနေကြသည်။


ထမင်းစားပြီးသောအခါ ဝမ်ရူကွေ့က လက်ကိုသန့်ရှင်းအောင်သုတ်လိုက်ကာ ကျိုးရန်နှင့် ဟွမ်ချီမင်တို့ရှေ့တွင် ပါဆယ်ဘူးကိုဖောက်လိုက်သည်။


ကျိုးရန်နှင့်ဟွမ်ချီမင်တို့က ဝမ်ရူကွေ့တစ်ယောက် ပါဆယ်ဘူးတစ်ခုကို ကန်တင်းသို့ယူလာသည်ကို အစောကြီးကတည်းသတိပြုမိသားဖြစ်သည်။ သူတို့နှစ်ယောက်လုံးက အလွန်သိချင်နေကြသည်။


“ရူကွေ့ မင်းကောင်မလေးက မင်းကိုတစ်ခုခုထပ်ပို့လာတာလား”


ဝမ်ရူကွေ့က တည်ငြိမ်စွာပြန်ဖြေလိုက်သည်။

“အင်းး”


ထိုသို့ပြောပြီးနောက် သူကအသားခြောက်တစ်အိတ်ကိုထုတ်ကာ သူတို့နှစ်ယောက်ကိုပြလိုက်ပြီးမှ အထဲသို့ ပြန်ထည့်လိုက်သည်။


ကျိုးရန် “……”


ဟွမ်ချီမင်“……”

ဒါဆိုက သူက ငါတို့ကို ကြွားချင်လို့ဘဲပေါ့။


အသားခြောက်များပြပြီးသောအခါ သူကဘီစကစ်များကို ထပ်ထုတ်ပြပြီး အထဲသို့ပြန်ထည့်သည်။ နောက်ဆုံးမှ သူက စာအိတ်တစ်အိတ်ကိုထုတ်လိုက်သည်။ အထဲတွင် ဓာတ်ပုံသုံးပုံပါ၏။


ကျိုးရန်က မျက်ခုံးပင့်လိုက်သည်။

“ဆိုတော့ မင်းကောင်မလေးက မင်းဆီဓာတ်ပုံပို့လိုက်တာလား၊ အဲ့ဒါကနည်းနည်းတောင် နောက်ကျနေပြီလို့ မင်းမထင်ဘူးလား၊ ဟွမ်ချီမင်နဲ့ ငါဆိုရင် ငါတို့ကောင်မလေးတွေရဲ့ ပုံတွေကိုရတာ အကြာကြီးရှိနေပြီ...”


ဟွမ်ချီမင်က ခေါင်းညိတ်သည်။


ဝမ်ရူကွေ့ :“ဒါက ငါတို့နှစ်ယောက်အတူရိုက်ထားတဲ့ ပုံလေ၊ မင်းတို့ကြည့်‌ချင်လား”


နှစ်ယောက်အတူရိုက်ထားတဲ့ပုံလား။


ကျိုးရန်တို့နှစ်ယောက်က ကြောင်အသွားကြသည်။


🍵


ထုံရွှယ်လူအတွက် သူမ၏အဆိုပြုချက်ကို ရေးရန် အချိန်နှစ်ရက်သာကြာ၏။


သို့သော် အလွန်အလောတကြီးဖြစ်နေသည့် ပုံစံမျိုးကို ရှောင်ရှားရန်အတွက် သူမကနောက်ထပ်နှစ်ရက်စောင့်လိုက်ပြီးမှသာ ဝန်ကြီးလင်းဆီသို့ သွားလိုက်သည်။


ဝန်ကြီးလင်းက သူမ၏အဆိုပြုချက်ကိုဖတ်ကြည့်လိုက်သောအခါ အထင်ကြီးသွားသည်။


၎င်းက ကျိုးကြောင်းဆီလျော်ကာ ကောင်းကောင်း‌တွေးတောထား၏။


အရင်တစ်ခေါက်တွင် သူမက ကုန်သွယ်ရေးဌာနမှ သူမတို့ကို လစာအပိုပေးစရာမလိုဟု ပြောခဲ့၏။ ယခုအဆိုပြုချက်ထဲတွင် သူမက အပိုဝင်ငွေများကို ကုန်သွယ်ရေးဌာနသို့ အပ်နှံကာ ဌာနမှတစ်ဆင့် သူတို့ဆီသို့ ထောက်ပံ့ကြေးအဖြစ် ပြန်လည်ဖြန့်ဝေမည့်အကြောင်း အသေးစိတ်ထည့်သွင်းရေးသားထားသည်။


ကောင်းလိုက်တဲ့ အကြံ။


၎င်းက အခြားသူများ သူတို့ဆီမှာ ဟင်းခတ်အထုပ်များဝယ်ရာတွင် ဥပဒေနှင့်ကိုက်ညီစေ၏။


သူမကအသက်ငယ်ငယ်နှင့် အလွန်အရည်အချင်းရှိ၏။ သူမသာ ကုန်သွယ်ရေးဌာနသို့လာပြီး သူ့အတွက် အလုပ်လုပ်ပေးပါက အံ့ဩစရာ‌များ ယူလာပေးနိုင်ပေသည်။


၎င်းက ဝန်ကြီးလင်း၏စိတ်ထဲမှ အတွေးများဖြစ်သည်။ သို့သော်သူက ထုံရွှယ်လူကိုချက်ချင်းကြီး ခေါ်ယူလိုသည့်ဆန္ဒမရှိသေးပေ။


သူက သူမအပေါ်ထပ်ပြီး စူးစမ်းလေ့လာချင်သေးသည်။


ဝန်ကြီးက အဆိုပြုချက်ကို သူနှင့်အတူသိမ်းထားလိုက်သည်။ သူက ထုံရွှယ်လူအား အမျိုးသားနေ့မတိုင်မီအထိ အကြောင်းပြန်ဦးမည်မဟုတ်ကြောင်း အသိပေးလိုက်သည်။


ထုံရွှယ်လူက နားလည်ကြောင်းဖော်ပြလိုက်သည်။ သူမက အတွင်းရေးမှူးကျိုးကိုနှုတ်ဆက်ကာ ပြန်သွား၏။


သူမက ဝမ်ရူကွေ့ကို အမျိုးသားနေ့အတွက် နားရက်ရမည်ဟု ထင်ထားသော်လည်း သူက ဌာနသို့ ပြန်သွားရမည်ဖြစ်သည်။


စားသောက်ဆိုင်က အမျိုးသားနေ့အတွက် နှစ်ရက်ပိတ်သည်။


ထုံရွှယ်လူက သရေစာတစ်ချို့လုပ်ကာ အဖိုးဝမ်နှင့် ဦးလေးဇုန်းတို့ကို သွားပို့လိုက်သည်။ ဦးလေးဇုန်းက သူလည်းဝေစုရသည်ကိုမြင်သောအခါ ခံစားချက်များပြည့်လျှံလာပြီး မျက်လုံးများတောင် နီရဲသွားသည်။


ထို့နောက်သူမက သူမ၏မောင်နှမများကို ဓာတ်ပုံရိုက်ရန်ခေါ်သွားလိုက်သည်။


အံ့ဩစရာကောင်းစွာပင် လူအများစုကလည်း အမျိုးသားနေ့တွင် ဓာတ်ပုံရိုက်ချင်နေကြသဖြင့် ဓာတ်ပုံစတူဒီယိုရှေ့တွင် လူအတန်းကြီးရှိနေသည်။


ထုံမျန်မျန်က ထုံရွှယ်လူကိုမှီထားကာ အသံချိုချိုလေးဖြင့် ရှက်သွေးဖြာစွာမေးလာ၏။

“မမကြီး ဒီနေ့မျန်မျန်လှလား”


သူမကပြောရင်းနှင့် ကိုယ်ကိုတစ်ပတ်လှည့်ပြပြီးမှ ထုံရွှယ်လူကို စိတ်လှုပ်ရှားတကြီးမော့ကြည့်လာသည်။


ဘယ်လိုတောင် မာန်ထောင်နေတဲ့ ကလေးမလေးလဲ။


ထုံရွှယ်လူက သူမကို ရယ်စရာကောင်းသည်ဟုထင်မိသည်။


“လှတာပါ့၊ မမတို့ရဲ့မျန်မျန်က ဒီနေ့ဆို အင်္ကျီအသစ်ဝတ်ထားပြီး ဆံပင်ကိုလည်း ဝက်မြှီးလေးလိုစည်းထားတယ်၊ ဒီနေ့မှာ မျန်မျန်က အထူးတလည်ကိုလှနေတာ”


သူမအ‌ဖြေကိုကြားသောအခါ ပေါက်စီလုံးလေးက ပျော်လွန်းသဖြင့် မျက်နှာတောင်နီရဲလာပြီး ပါးစပ်ကိုလက်ဖြင့်အုပ်ကာ တခစ်ခစ်ရယ်လိုက်သည်။


ထုံကျားရှင်းကမူ လက်ထဲတွင် လမု‌န့်လေး(ခွေး)ကိုကိုင်ထားကာ မျက်နှာမဲ့လိုက်သည်။


ထုံရွှယ်လူက လမုန့်လေးကို သူတို့နှင့်အတူမခေါ်သွားချင်သော်လည်း ထုံကျားရှင်းက ငြင်းဆန်၏။


အပြင်ထွက်ရမည်ကိုသိသောအခါ ဒရာမာချိုးတတ်သည့် လမုန့်လေးကလည်း အချိန်အတော်ကြာအောင် တအီအီအော်နေခဲ့သည်။


နောက်ဆုံးတွင် ထုံရွှယ်လူက ထုံကျားရှင်းကိုလမုန့်လေးအား သူ့ဘာသာစောင့်ကြည့်ရမည်ဟုသော အချက်ကိုသဘောတူခိုင်းပြီးမှသာ ခေါ်သွားခွင့်ပြုလိုက်သည်။


သူမကအနည်းငယ် နောင်တရသွားသည်။ မိသားစုဓာတ်ပုံရိုက်မှာကို ဘာဖြစ်လို့ရှောင်လျို(ကြက်)ကို ခေါ်မလာမိတာပါလိမ့်။


မည်သို့ပင်ဖြစ်စေ ခွေးနှင့်အပြင်ထွက်လာသည်ကို လက်ခံနိုင်သေးသော်လည်း ကြက်တစ်ကောင်နှင့်ဆိုပါက လူရယ်စရာဖြစ်သွားလိမ့်မည်။


ထုံရွှယ်လူကလူတိုင်းကို ကိုယ်ရိုက်သည့်ဓာတ်ပုံဖိုးကို ကိုယ့်ဘာသာရှင်းရမည်ဟု ပြောထားသော်ငြား အဆုံးတွင် သူမကသာ လူတိုင်းအတွက် ပိုက်ဆံရှင်းလိုက်သည်။


သူတို့က မိသားစုဓာတ်ပုံရိုက်လိုက်ပြီးနောက် ထုံရွှယ်လူနှင့်ထုံမျန်မျန် နှစ်ယောက်တည်းတစ်ပုံ၊ ထုံကျားမင်နှင့်တစ်ပုံ၊ ထုံကျားမင်နှင့် ထုံကျားရှင်းကတစ်ပုံရိုက်ကာ ထို့နောက်တွင် တစ်ယောက်ချင်းစီပုံများကိုလည်းရိုက်လိုက်သည်။


အနားမှရပ်ကြည့်နေသူများသည် သူတို့က ဓာတ်ပုံရိုက်ရန်အတွက် ဘယ်လိုတောင် သုံးဖြုန်းနေသည်ကိုမြင်သောအခါ မျက်လုံးထဲတွင် မနာလိုမှုများပြည့်လာကြသည်။


ထုံကျားရှင်းက ထိုအကြည့်များကြောင့် မာန်ထောင်သွားသည်။


တစ်ဖက်ရှိထုံရွှယ်လူကမူ အခုချိန်တွင် ဓာတ်ပုံရိုက်ထားမှသာ အနာဂတ်တွင်ပြန်ကြည့်နိုင်မှာဖြစ်သည့်အတွက် အလွန်အဓိပ္ပါယ်ရှ်ိသည်ဟု ခံစားမိ၏။


မဟုတ်ပါက သူတို့အရွယ်ရောက်လာသည့်အခါ ငယ်ဘဝကိုပြန်အမှတ်ရစေနိုင်သည့် ဘာဓာတ်ပုံမှရှိမည်မဟုတ်ရာ နောင်တရစရာကောင်းလှသည်။