အပိုင်း ၁၆၇
Viewers 30k

🍵Chapter 167

ဘယ်လိုလုပ်ပြီး ဒီလောက်ကြောက်စရာကောင်းတဲ့သူမျိုးရှိရတာလဲ။




အမျိုးသားနေ့ပြီး‌သည့်နောက်တွင် ရာသီဥတုက ပိုပိုအေးလာပြီး လမ်းမများကိုလည်း ရွှေအိုရောင်သစ်ရွက်ကြွေများဖြင့် ဖုံးလွှမ်းထားလေသည်။


အမျိုးသားနေ့ပြီးသောအခါ တရုတ်ပြည်သူများကို ကသောင်းကနင်းဖြစ်စေခဲ့သည့် ဆယ်နှစ်တာအရပ်သားထကြွမှုကြီးကလည်း အဆုံးသို့ရောက်ရှိလာသည်။


ဤနှစ်သည် မျှော်လင့်ချက်များစတင်သည့်နှစ်ဖြစ်စလို စိတ်အလွန်လေးလံရသည့် နှစ်တစ်နှစ်လည်းဖြစ်သည်။


ထင်ရှားကျော်ကြားသည့် တိုင်းပြည်ခေါင်းဆောင်တစ်ချို့က ကွယ်လွန်သွားကြရာ ပြည်သူများက ဝမ်းနည်းကြသည်။


မည်သို့ပင်ဖြစ်စေ စုမိသားစုကမူ ကံကောင်းမှုများအား ထပ်ခါတလဲလဲ‌ကြုံတွေ့ရ၏။


သူတို့က အစိုးရမှသိမ်းယူသွားသည် အိမ်နှင့် ကံတရားများကို ပြန်ရရှိရုံသာမက စုယွဲ့ရှန်းကလည်း သူ၏အစိုးရအလုပ်နေရာသို့ ပြန်ရောက်လာလေသည်။


သူက‌ တော်လှန်ရေးကော်မတီက လက်ထောက်ညွှန်ကြားရေးမှူးဖြစ်သွားကာ ကုရိလန်နှင့် ပြန်လည်လက်ထပ်ခဲ့သည်။


စုယွဲ့ရှန်းက အေးစက်စွာလျစ်လျူရှုလိုက်ကတည်းက ကုမိသားစုဝင်အားလုံးသည် အိုးပူပေါ်မှပုရွက်ဆိတ်များလို စိုးရိမ်တကြီးဖြစ်လာကြသည်။ သူတို့က စုယွဲ့ရှန်းတစ်ယောက် ကုရိလန်နှင့် ပြန်လက်မထပ်မည်ကို နေ့နေ့ညညစိုးရိမ်နေခဲ့ရသည်။


ကုရိလန်ဆိုလျှင် အလွန်အသည်းကွဲသဖြင့် ဆေးရုံတောင်တင်လိုက်ရသည်။


ကုရိလန်ဆေးရုံတက်သည့် ဒုတိယနေ့မှသာ စုယွဲ့ရှန်းကကိုယ်ထင်ပြလာသည်။


သူက သူ၏ဂရုစိုက်မှုကိုဖော်ပြပြီးနောက် တောင်းဆိုချက်သုံးခုပြုလုပ်လာ၏။


ပထမတစ်ခုတွင် သူကသူမကို အနာဂတ်တွင်အရာအားလုံးထက် စုမိသားစုနှင့် သူ့သားကိုပိုပြီးဦးစားပေးအလေးထားရန် ပြောခဲ့သည်။ ဒုတိယတစ်ခုမှာ အနာဂတ်တွင် သူမကဘယ်ကိစ္စမဆို သူနှင့်ဆွေးနွေးရမည်ဟု ဆို၏။ တတိယမှာ ကုရိလန်က သူမ၏မိခင်မိသားစုဘက်မှ ပြသနာများနှင့် တတ်နိုင်သလောက် ကင်းကင်းနေရမည်ဟုဆိုသည်။


သူက သူမမိသားစုကိုတတ်နိုင်သလောက် ကာကွယ်ပေးမည်ဖြစ်သည်။ သို့သော်ငြား သူတို့တစ်သက်လောက် မတွေ့ခဲ့ရသည့်မိသားစုဝင်များဆိုပါက ထိုသူများအတွက် ဘာမှလုပ်ပေးမည်မဟုတ်ပေ။


လပိုင်းလောက် အေးစက်စွာလျစ်လျူရှုခံထားရသဖြင့် ကုရိလန်က ထိုအချက်များကို သဘောမတူဘဲ မနေရဲပေ။


ကုမိသားစုက လိုင်မူချင်းအတွက် ကူပြောမည်ကိုအသာထား၊ သူတို့က ဘာတစ်လုံးမှမပြောရဲကြပေ။


ဤသို့ဖြင့် သူတို့က ရက်တစ်ခုရွေးကာ နှစ်ဖက်မိသားစုများက အတူတူညစာစားကြပြီး ပြန်လက်ထပ်လိုက်ကြသည်။


သူတို့နှစ်ယောက်ပြန်လက်ထပ်သည်ကို ရှောင်ကျိုးကအပျော်ဆုံးဖြစ်သည်။


ကုမိသားစုအိမ်တွင်ရှိစဉ်က သူက သူ့အဖေကို တစ်ခါမတွေ့ဖူးကြောင်းပြော‌ခဲ့သည်။ သူ့အဖေပြန်ရောက်လာပြီးနောက် စုမိသားအိမ်သို့ခေါ်သွားသောအခါတွင်လည်း သူ့အမေကိုနေ့တိုင်းသတိရသည်။


သူတို့၏မြေးလေးက နေ့တိုင်းနေ့တိုင်း ဘယ်လိုတောင်မပျော်မရွှင်ဖြစ်နေသည်ကို မြင်သောအခါ အမေစုနှင့် အဖေစုတို့လည်း မတတ်နိုင်ဘဲ သူတို့၏သားကို မြန်မြန်ပြန်လက်ထပ်ရန် လောဆော်လိုက်ရသည်။


ဒီနေ့က တနင်္ဂနွေနေ့ဖြစ်ကာ စုမိသားစုက ထုံရွှယ်လူကို အိမ်အလည်လာရန် ဖိတ်ထားသောနေ့ဖြစ်သည်။


ထုံရွှယ်လူက စားသောက်ဆိုင်ကိစ္စများကို သေချာအောင်လုပ်လိုက်ပြီးမှ သူမ၏မောင်နှမများနှင့်အတူ စုမိသားစုအိမ်သို့ ဦးတည်လိုက်သည်။


သူတို့၏နေရာက နန်မြို့တွင်ရှိကာ စုမိသားစုကမူ ရှီမြို့‌တွင်ရှိ၏။ မြို့နှစ်ခုကသိပ်မဝေးကာ သူတို့ကဘတ်စ်ကားစီးသွားရမည်ဖြစ်သည်။


စုမိသားစု၏အိမ်အပြင်ဘက်တွင်ရပ်ကာ ထုံရွှယ်လူက အစိမ်းရောင်နံရံနှင့် အနီရောင်အမိုးရှိသည့် အရှေ့ခြံဝင်းပါအိမ်ကြီးကို စူးစမ်းနေလိုက်သည်။ ထိုအိမ်က သူမကိုမနာလိုဖြစ်လာစေသည်။ 


အနာဂတ်တွင် လူတစ်ယောက်က ပိုက်ဆံရှိလျှင်တောင်မှ ဤကဲ့သို့အိမ်မျိုးကို ဝယ်နိုင်တော့မည်မဟုတ်ပေ။


စီးပွားရေးအခြေအနေများ ပွင့်လန်းလာသည့်အခါ သူမအတွက် အိမ်တစ်လုံးလောက်ဝယ်ထားရမည်။


ထုံရွှယ်လူက ထိုအိမ်ကို ခနလောက်စစ်ဆေးကြည့်ပြီးမှ တံခါးခေါက်လိုက်သည်။ တံခါးကလျင်မြန်စွာပွင့်လာ၏။


တံခါးလာဖွင့်သောသူမှာ စုယွဲ့ရှန်းကိုယ်တိုင်ဖြစ်ပြီး သူ့ဘေးတွင် သူတို့မတွေ့တာကြာသည့် ရှောင်ကျိုးလည်းပါလာသည်။


“အစ်မကြီး ရွှယ်လူ၊ မမမျန်မျန်၊ အကိုကြီးကျားမင်၊ အကိုကြီးကျားရှင်း”


ရှောင်ကျိုးက လူတိုင်းကိုယဉ်ကျေးစွာနှုတ်ဆက်သည်။


ထုံရွှယ်လူကပြုံးကာ သူ့ကိုပြန်နှုတ်ဆက်လိုက်သည်။ရှောင်ကျိုးက ကိုယ်အလေးချိန်အနည်းငယ်တိုးလာကာ စိတ်အားတက်ကြွနေသည့်ပုံပေါ်၏။ သူက ဒီတလောအတွင်း အလွန်ပျော်ရွှင်နေခဲ့ရသည်မှာ သိသာပေသည်။


လူတိုင်းကိုနှုတ်ဆက်ပြီးသောအခါ ရှောင်ကျိုးကရှေ့တက်ပြီး မျန်မျန်၏လက်ကိုကိုင်လိုက်သည်။


“မမမျန်မျန် သားအခန်းကိုလိုက်ကြည့်၊ အဲ့ဒါက အရမ်း အရမ်းကိုကြီးတယ်”


ထုံမျန်မျန်က ခေါင်းမော့ကာမေးလိုက်သည်။

“အရမ်းအရမ်းကြီးတယ်ဆိုတာက ဘယ်လောက်ကြီးတာလဲ၊ ငါ့အခန်းလောက်ကြီးလား”


ရှောင်ကျိုးက တွေးကြည့်လိုက်ကာ ပြန်ဖြေသည်။

“မမအခန်းထက် ပိုကြီးတယ်”


ထုံမျန်မျန်က မျက်မှောင်ကြုတ်ကာ အသံချိုအီအီလေးဖြင့် သူ့ကို ပြန်ငြင်းသည်။

“အဲ့ဒါကမဖြစ်နိုင်တာ ငါ့အိမ်ကအကြီးဆုံးဘဲ”


ထုံရွှယ်လူက ရှောင်ကျိုးလည်း ပြန်ငြင်းမည်ဟု ထင်လိုက်သည်။ ‌ကလေးများက ထိုကဲ့သို့ကိစ္စများကို ကြွားဝါရသည်အား သဘောကျတတ်ကြပေသည်။


ထို့နောက် ရှောင်ကျိုးက မျန်မျန်၏လက်ကို သူ့ကိုလက်တုတ်တုတ်လေးများဖြင့် ပုတ်ကာ ပြောလာ၏။


“မမမျန်မျန်ပြောတာမှန်တယ် မမအိမ်ကအကြီးဆုံးဘဲ”


ထုံရွှယ်လူ “……”

ဒီလိုအသက်ငယ်ငယ်နဲ့ နင်ဒီလောက်ကလူကျီစယ်နေတတ်တာ အဆင်ပြေလို့လား။


🍵


စုယွဲ့ရှန်းက ရှောင်ကျိုးတစ်ယောက် ထုံမိသားစုဝင်များနှင့် အဆင်ပြေနေသည်ကို မြင်သောအခါ ပြုံးလိုက်သည်။


“လာပါ အထဲဝင်ကြ ရဲဘော်ထုံရေ ရှောင်ကျိုးက မင်းတို့အကြောင်းကို တစ်မနက်လုံးပြောနေတာ”


သူတို့အထဲဝင်လိုက်သောအခါ ပန်းနှင့်အသီးအနှံပင်များစိုက်ထားသည့် နေရာကျယ်ဝန်းသော ခြံကြီးကိုမြင်လိုက်ရသည်။ ပန်းပင်နှင့် အသီးပင်များက အခုမှအသစ်စိုက်ထားသည်မှာ သိသာလှသည်။


ခြံဝင်းကို လျှောက်လမ်းများ၊ လူလုပ်ကျောက်တုံးများဖြင့် ဝန်းရံထား၏။ အခန်းနှင့်အဆောက်အဦးများက သက်တမ်းရင့်နေပြီဖြစ်ကာ သူတို့၏ပုံစံ၊ သူတို့၏တန်ဖိုးများဖြင့် အလွန်တန်ဖိုးရှိနေကြသည်။


ထုံရွှယ်လူက နောက်တစ်ကြိမ် မနာလိုလာ၏။ ဒီလိုအိမ်မျိုးကိုရဖို့ သူမ မလုပ်နိုင်တာ ဘာရှိဦးမှာလဲ။


အိမ်ထဲသို့ဝင်လာသောအခါ ထုံရွှယ်လူက အဖေစုနှင့် အမေစုတို့ကိုတွေ့လိုက်သည်။ စုယွဲ့ရှန်း၏ ညီငယ်က အိမ်တွင်မရှိသော်လည်း ဧည့်ခန်းထဲတွင် လူအပိုတစ်ယောက်ရှိနေ၏။


လှပသောအမျိုးသမီးတစ်‌ယောက်ဖြစ်သည်။


သူမက အသက်24-25လောက်ရှိကာ အသားအရေလှပပြီး မက်မွန်သီးပုံသဏ္ဍာန်မျက်ဝန်းများရှိကာ နှုတ်ခမ်းများက နီရဲနေသည်။ သူမ၏မျက်ခုံးများက နက်မှောင်ကာ နှုတ်ခမ်းကလည်း ဘာအကူမှမပါဘဲ နီရဲနေပေသည်။ အရေးကြီးဆုံးမှာ သူမက အားနည်းဖျော့တော့သည့် စိတ်နေသဘောထားကို ဖော်ထုတ်ပြထားသည်။


သူမကဲ့သို့အမျိုးသမီးများသည် ယောက်ျားများအား အလိုလိုနေရင်းကာကွယ်ပေးချင်လာစေသည်။


ထုံရွှယ်လူက သူမဘယ်သူဆိုသည်ကို ချက်ချင်းသိသွားသည်။ -သူမက ရှောင်ကျိုး၏မိခင်ပင်။


သူမကိုတွေ့လိုက်ရသောအခါ ထုံရွှယ်လူစိတ်ထဲတွင်ရှိနေခဲ့သည့်မေးခွန်းဖြစ်သော စုယွဲ့ရှန်းလိုလူက ဘာလို့ အရူးလိုတုံးအသည့်မိန်းမတစ်ယောက်ကို ဇနီးတော်ထားတာလဲ‌ဆိုသည်ကို အဖြေရသွားသည်။


သူရဲကောင်းများတောင်မှ မိန်းမလှများကို သဘောကျကြပေသည်။


“သမီးရောက်လာပြီဘဲ”

အမေထုံက ပြောရင်းဖြင့် ထုံရွှယ်လူဆီသို့လျှောက်လာသည်။


ထုံရွှယ်လူက သူမဝယ်‌လာသောမုန့်ပဲသရေစာများကို လက်လွှဲပေးလိုက်သည်။

“မင်္ဂလာပါ အဖိုးစု၊ အဖွားစု သမီးတို့ကို အိမ်လာလည်ဖို့ဖိတ်ပေးလို့ ကျေးဇူးတင်ပါတယ်”


အမေစုက ပြုံးလိုက်သည်။

“အဲ့ဒါက ပြသနာမရှိပါဘူး၊ သမီးက မကြာခနလာနိုင်ရင် အဖွားတို့ကပိုတောင်ပျော်မိမှာ”


စကားအနည်းငယ်ပြောပြီးနောက်တွင် စုယွဲ့ရှန်းက ကုရိလန်နှင့် မိတ်ဆက်ပေးလာသည်။

“ဒါကရိလန်ပါ ရှောင်ကျိုးရဲ့အမေပေါ့၊ ရိလန် သူမကတော့ ရဲဘော်ထုံလေ ရှောင်ကျိုးကိုကယ်ပေးခဲ့တဲ့သူပေါ့”


ကုရိလန်က ထုံရွှယ်လူက စူးစမ်းကြည့်ပြီးသည့်နောက်တွင် အံ့ဩသွားသည့်ပုံပေါ်၏။


“ရဲဘော်ထုံက အရမ်းလှတာဘဲ ကျွန်မထက်တောင်ပိုလှသေးတယ်”


ကုရိလန်စကားပြောလာသောအခိုက်အတန့်မှာပင် ထုံရွှယ်လူက ကုမိသားစုဝင်များသည် ရှောင်ကျိုးပျောက်ပြီး ဆယ်ရက်ကြာသည်အထိ ဘာလို့ရဲမတိုင်ကြသည်ကို ပိုနားလည်သွား၏။


ကုရိလန်က တစ်ဘဝလုံး ကောင်းကောင်းကာကွယ်ခံခဲ့ရသည့် လှောင်အိမ်ထဲမှ ငှက်လေးလိုပင်ဖြစ်သည်။ သူမက လောကကြီးမှကိစ္စများကို မထိတွေ့ဖူးသဖြင့် ထိုကိစ္စများနှင့် ပတ်သက်လျှင် ဘာမှမသိပေ။


သူမက ဤစုံတွဲသည် ဘယ်လောက်ကြာကြာခံနိုင်မည်ကို သိချင်သွားသည်။


မည်သို့ပင်ဖြစ်စေ ၎င်းက သူမနှင့်မဆိုင်ပေ။


ထုံရွှယ်လူက ပြုံးပြလိုက်သည်။

“ရဲဘော်ကုလည်း အရမ်းလှပါတယ်၊ ရှောင်ကျိုးရဲ့မိဘတွေက အရမ်းကြည့်ကောင်းမယ်လို့ ကျွန်မထင်ခဲ့ပြီးသား၊ ဒီနေ့မှာ ရဲဘော်ကုက အဲ့ဒါကိုအမှန်ဖြစ်ကြောင်း သက်သေပြလိုက်တာဘဲ”


ကုရိလန်က ချီးမွှန်းခံရသဖြင့် ရှက်သွေးဖြာသွားသည်။ သူမက ရှက်ရွံ့တတ်သည့်ကောင်မလေးလို ပြုံး‌လာ၏။


ရှောင်ကျိုးက ထုံမျန်မျန်အား သူ့အခန်းလိုက်ပြပြီးသောအခါ လူတိုင်းနှင့်အတူစားရန်စုထားသည့် မုန့်များဖြင့် ပြန်ထွက်လာသည်။


ကလေးနှစ်ယောက်က အချင်းချင်းလက်ကိုင်ကာ လျှောက်လာကြသည်။


လူတွေအများကြီးရှိနေသည်ကိုမြင်သောအခါ ထုံမျန်မျန်က ရှက်ရှက်ဖြင့် သူ့အစ်မကြီးနောက်သို့ ဝင်ပုန်းလိုက်သည်။


ထုံရွှယ်လူကသူမကို အခြားသူများနှင့် မိတ်‌ဆက်ပေးကာ ဘာမြင်ခဲ့သလဲမေးလိုက်သည်။


ထုံမျန်မျန်၏မျက်လုံးများက တလက်လက်တောက်နေသည်။

“မမကြီး ရှောင်ကျိုးရဲ့အခန်းက အရမ်းအရမ်းကိုကြီးတာ၊ ပြီးတော့သူ့မှာ ချိုချဉ်နဲ့ မုန့်ကြွပ်တွေအများကြီးရှိတယ်”


ထုံရွှယ်လူ; “ မျန်မျန်လည်း ကိုယ်ပိုင်အခန်းလိုချင်လား”


ပေါက်စီလုံးလေးက ပလုတ်တုတ်လေးလို ခေါင်းခါလိုက်သည်။

“ဟင့်အင်း မျန်မျန်က မမကြီးနဲ့ဘဲ အတူအိပ်ချင်တာ”


တစ်ယောက်ထဲမကျန်လိုသဖြင့် ရှောင်ကျိုးကလည်း ခြေထောက်တိုတိုလေးများဖြင့်‌ ပြေးလာသည်။


“မမကြီးရွှယ်လူ သားနာမည်ကိုသိလား”


ထုံရွှယ်လူ: “ရှောင်ကျိုးက နင့်နာမည်မဟုတ်ဘူးလား” 


ရှောင်ကျိုးက ခေါင်းခါသည်။


“ရှောင်ကျိုးက သားရဲ့အိမ်နာမည်၊ သားရဲ့နာမည်အရင်းက စုရိထုန်၊ အိပ်မက်ကြီးရဲ့ ရိနဲ့ ဆောင်းရာသီရဲ့ ထုန်၊ သိပ်မကြာခင်မှာ သားက ကိုယ့်နာမည်ကိုယ်ရေးနိုင်တော့မယ်”


ထုံရွှယ်လူက မျက်ခုံးပင့်လိုက်မိသည်။


သူမက ရှောင်ကျိုးသည် အချိန်တိုလေးအတွင်းတွင် အတော်လေးကြီးပြင်းလာသည်ဟု ခံစားမိသွားသည်။


သူမရှောင်ကျိုးနှင့် ပထမဆုံးအကြိမ်တွေ့စဉ်က ရှောင်ကျိုးသည် အတော်လေးတုံးအ၏။ သူမှတ်မိသမျှဟူ၍ သူ့နာမည်ရှောင်ကျိုးသာရှိသည်။ အခုတွင်မူ သူက သူ့နာမည်ထဲမှ အဓိပ္ပါယ်ကိုတောင် အခြားသူများအား ရှင်းပြတတ်နေပြီဖြစ်သည်။


အသိအသာပင် ရှောင်ကျိုးက တုံးအသောသူဟုတ်မနေပေ။ ကုမိသားစုက သူ့ကိုပြုစုပျိုးထောင်ရာတွင် ကြောက်စရာကောင်းသည့် အလုပ်ကိုပြုလုပ်ခဲ့ခြင်းဖြစ်သည်။


ထုံရွှယ်လူက ကုရိလန်ကိုလှမ်းကြည့်လိုက်သည်။ သူမက လုံးလုံးကို ရှက်ရွံ့နေသည့်ပုံမပေါ်ပေ။ ထိုအစား သူမကအလွန်ဂုဏ်ယူနေသည့်ပုံပေါ်ပေသည်။


ဟုတ်ပါပြီ၊ သူမကတကယ်ကိုရိုးရှင်းတဲ့ မိန်းကလေးပါပဲ။


ရိုးရှင်းတာက ဘာမှမမှားပါဘူး၊ အနည်းဆုံးတော့ သူမက ပျော်ရွှင်နေရတာပေါ့။