🍵Chapter 169
-သူမက နီရဲနေသောမျက်လုံးများဖြင့် ပြောလာ၏။“ရပါတယ် သူတို့ကိုပေးသွားလိုက်ပါ”
အတန်းပိုင်ဆရာမက သက်ပြင်းချသည်။
“ဆရာမကျန်းရဲ့ ယောက္ခမနဲ့ ကလေးတွေထပ်ရောက်လာပြန်ပြီ၊ ဆရာမကျန်းအတွက် နေ့ရက်ကောင်းတစ်ခုဖြစ်တော့မှာ မဟုတ်ဘူး”
ထုံရွှယ်လူက မျက်ခုံးပင့်လိုက်သည်။
“ဆရာမပြောတဲ့အတိုင်းဆို ဒါက ပထမဆုံးအကြိမ်မဟုတ်ဘူးပေါ့”
ဆရာမကခေါင်းညိတ်ပြသည်။
“သူတို့က လွန်ခဲ့တဲ့ နှစ်ရက်ကလည်း လာခဲ့သေးတယ်၊ သူတို့က နေ့တိုင်းဒီမှာ ပြသနာလာရှာနေတာ”
ထုံရွှယ်လူ:“ကျောင်းက ဘာမှမလုပ်ဘူးလား၊ ဒီလိုကိစ္စမျိုးက စာသင်တာကို အတော်လေးအနှောင့်အယှက်ပေးတယ်မလား”
ဆရာမက မျက်မှောင်ကြုတ်သည်။
“အနှောင့်အယှက်ဖြစ်တာကတော့ ပြောနေစရာကိုမလိုတော့ပါဘူး၊ ဒါပေမယ့် ကျွန်မတို့က သူတို့ကအထဲပေးမဝင်ရင် သူတို့ကကျောင်းပေါက်ဝမှာ အော်ငိုနေကြတာ၊ အဲ့ဒါကပိုတောင်ဆိုးတယ်”
ကျောင်းအုပ်သည်လည်း အခက်အခဲကြားရောက်နေ၏။ အခြားသူဆိုပါက သူတို့ကအလုပ်ထုတ်လိုက်ပြီဖြစ်သည်။ သို့သော်အခုက ကျန်းတန့်ဟုန်ဖြစ်နေ၏။
ကျန်းတန့်ဟုန်က စစ်အာဇာနည်၏သမီးဖြစ်ကာ သူမမိခင်ထားခဲ့သည့် သူမ၏ပိုင်ဆိုင်မှုများကို တိုင်းပြည်ဘဏ္ဍာအဖြစ် လှူဒါန်းထားပေသည်။ ကျောင်းအုပ်က သူမလိုလူမျိုးကို မထိပါးရဲပေ။
မြေးနှစ်ယောက်နှင့် အဖွားကြီးကို ကျောင်းအုပ်က ဖိအားပေးမောင်းထုတ်သော်လည်း သူတို့က ကိုယ့်ကိုကိုယ်သတ်သေမည်ဟု ပြန်ခြိမ်းခြောက်ကြသည်။
ဆုံးရှုံးစရာမရှိသောသူကို ခြိမ်းခြောက်ရန်ခက်၏။ သူတို့ကကျောင်းအပြင်ဘက်တွင် အော်ဟစ်ငိုကြွေးနေသောအခါ ကျောင်းအုပ်က ဘာမှမလုပ်နိုင်ပေ။
သူမလည်း ဘာမှမတတ်နိုင်သဖြင့် ထိုကိစ္စကို မသိချင်ယောင်ဆောင်ထားလိုက်သည်။
သို့သော်ငြား သူမက ဆရာမကျန်းကို အတော်လေးအထင်ကြီးမိသည်။ ဆရာမကျန်းက နည်းနည်းလေးတောင် မတုံ့ဆိုင်းသွားပေ။
ပြီးခဲ့သည့် ရက်များအတွင်းတွင် ကျောင်းထဲ၌ ဆရာမကျန်းနှင့်ပတ်သက်သည့် ကောလဟလများပြန့်နေရာ၊ ဆရာမကျန်းက ဆက်ပြီးမတောင့်ခံနိုင်တော့မည်ကို သူမစိုးရိမ်ခဲ့မိသည်။
ထုံရွှယ်လူက ထိုဆရာမပြောသည်များကို နားထောင်ပြီးသောအခါ အထင်ပိုကြီးသွား၏။
ယခုလိုခေတ်ကာလမျိုးတွင် ဤကဲ့သို နားလည်မှုနှင့် ကရုဏာထားတတ်သူများမှာ ရှားပါးသည်။
သူမလည်း အတန်းပိုင်ဆရာမပြောသည်ကို သဘောတူ၏။ ကျန်းတန့်ဟုန် ဒီထက်ပိုပြီးတောင့်ခံနိုင်တော့မည်မဟုတ်ပေ။
ရုတ်တရက်ပင် အပြင်ဘက်မှအော်သံထွက်လာ၏။
“လေဖုန်းကျီ အခုချက်ချင်းကျောင်းထဲကနေထွက်သွားပါ မဟုတ်လို့ကတော့ ကျောင်းချိန်တွေကိုနှောင့်ယှက်မှုနဲ့ ရဲတိုင်လိုက်မယ်”
ထို့နောက် လေဖုန်းကျီ၏အသံစူးစူးကြီးကထွက်လာ၏။
“ကျန်းတန့်ဟုန်၊ လူလိုအသိတရားမရှိတဲ့ခွေးမ၊ နင်ကကိုယ့်ယောက်ျားကို ထောင်ကျအောင်လုပ်ပြီး ကလေးတွေကိုစွန့်ပစ်ခဲ့တယ်၊ နင်က အသေဆိုးနဲ့သေရမှာ ရဲတိုင်ချင်တယ်ပေါ့ ဟုတ်လား၊ လုပ်လိုက်စမ်းပါ နင်က ငါတို့မြေးအဖွားအားလုံးကို အဖမ်းခံစေချင်နေတာမလား”
လေဖုန်းကျီသည် သူမခင်ပွန်းရောသားပါ အဖမ်းခံလိုက်ရကတည်းက စိတ်လွတ်သွားပြီဖြစ်သည်။
ခုနက အတန်းပိုင်ဆရာမပြောသလိုပင် သူမက ဘာဆုံးရှူံးစရာမှမရှိတော့ပေ။
ကျန်းတန့်ဟုန်က သူတို့ကိုရဲတိုင်နိုင်သော်လည်း သူတို့ကတကယ်တမ်းတွင် ဘာစည်းကမ်းမှမဖောက်ထားသဖြင့် ရဲများကသူတို့ကိုမဖမ်းထားနိုင်ပေ။ သူတို့ကပြန်ရောက်လာမှာဖြစ်သည်။
အရေးကြီးဆုံးမှာ ကျန်းတန့်ဟုန်ကထိုသို့လုပ်လိုက်ပါက ထိုကိစ္စပြီးသောအခါ သူမကကျောင်းမပြောနှင့် မြို့ထဲမှာတောင် ဆက်နေ၍ရတော့မည်မဟုတ်ပေ။
သူမက သူမ၏ဦးလေး၊ ယောက္ခထီးနှင့် ခင်ပွန်းကိုထောင်ကျစေခဲ့၏။ သူမကသာဆက်ပြီး သူမ၏ယောက္ခမနှင့် သားများကို အဖမ်းခံစေချင်ပါက ဘယ်သူက သူမနဲ့ဆက်ဆံချင်ဦးမှာလဲ။
ထို့ကြောင့် လေဖုန်းကျီက နည်းနည်းလေးတောင် မစိုးရိမ်ခြင်းဖြစ်သည်။
ကျန်းတန့်ဟုန်က ခါးထောက်ကာမေးကိုမော်ထားသည့် လေဖုန်းကျီကို စိုက်ကြည့်လိုက်သည်။ သူမရင်ထဲတွင် မီးတောက်တစ်ခုလောင်ကျွမ်းလာ၏။
ဤအချိန်တွင် သူမကလူတောင်သတ်ချင်သွားသည်။
ထုံရွှယ်လူက ရုံးထဲမှဖြေးဖြေးထွက်လာသောအခါ စိတ်ပျက်စရာကောင်းသည့် လေဖုန်းကျီ၏မာန်ထောင်နေသောရုပ်ကို ချက်ချင်းမြင်သွားသည်။
ကျန်းတန့်ဟုန်က ဘာမှမလုပ်နိုင်သည်ကိုမြင်သောအခါ လေဖုန်းကျီကပို၍ထောင်လွှားလာသည်။
“ကျန်းတန့်ဟုန်က နင်က နင့်ကလေးတွေရဲ့ အဖေနဲ့အဖိုးကို ထောင်ကျအောင်လုပ်လိုက်တယ်၊ အခုချိန်မှာ ကလေးနှစ်ယောက်ကို ငါတစ်ယောက်တည်းပျိုးထောင်နေရတာ နင်လိုမိဘဝတ္တရားမကျေပွန်တဲ့ သူတစ်ယောက်က ဘယ်လိုလုပ်ပြီးဆရာမ ဖြစ်နေတာလဲ”
လင်းကျင်းပေါင်း၏မျက်လုံးများက နီရဲနေ၏။
“မေမေ သားတို့နဲ့အိမ်ပြန်လိုက်ခဲ့ပါ လူတိုင်းမှာ အဖေနဲ့အမေရှိကြတယ်၊ သားတို့ဆီမှာ အဖေမရှိတော့ဘူး သားတို့ကို မစွန့်ပစ်ပါနဲ့ သားတို့ရဲ့အမေကိုလည်း မဆုံးရှူံးချင်ဘူး”
ခြောက်နှစ်သာရှိသေးသည့် လင်းယင်းပေါင်းကလည်း သူ့အကိုလက်ကိုကိုင်ထားကာ မျက်ရည်များက တရှုံ့ရှုံ့စီးကျနေ၏။
“မေမေ ရှောင်ပေါင်းကို မလိုချင်တော့ဘူးလား၊ ရှောင်ပေါင်းဆီမှာ ဖေဖေမရှိတော့ဘူး၊ အခုတော့ မေမေပါမရှိတော့ဘူးလား ဝူးဝူးဝူးးးး...”
လေဖုန်းကျီ၏အပြုအမူက အခြားသူများကို စက်ဆုပ်စေသော်လည်း ကလေးနှစ်ယောက်၏ငိုသံများကမူ အခြားသူများအား ကရုဏာသက်စေသည်။
အထူးသဖြင့် ကျန်းတန့်ဟုန်၏ ခင်ပွန်းဖြစ်သူနှင့်ယောက္ခထီးတို့ကို ထောင်ကျစေသည့် လုပ်ဆောင်မှုကို အစကတည်းက သဘောမကျသူများဖြစ်သည်။ အခုတွင် ကလေးများ အလွန်သနားစရာကောင်းစွာ ငိုယိုနေကြသည်ကို မြင်သောအခါ သူတို့ ကျန်းတန့်ဟုန်ကိုဖြောင်းဖြရန်ကြိုးစားလာကြသည်။
“ဆရာမကျန်းရယ် သူတို့ကဘယ်လောက်တောင် သနားစရာကောင်းနေလဲဆိုတာကို ကြည့်ပါဦး၊ သူတို့နဲ့အတူပြန်လိုက်သွားသင့်တယ်”
“အမှန်ဘဲ ဆရာမကျန်းက သူတို့အဖိုးနဲ့အဖေကို မုန်းရင်တောင်မှ ဒီကလေးတွေကို ဗိုက်ထဲမှာ ဆယ်လလွယ်ခဲ့ရတာလေ၊ သူတို့ကို သံယောစဉ်မရှိဘူးလား”
“ဆရာမကျန်းက ထုတ်လုပ်ရေးအသင်းကို မပြန်ချင်လည်း အဆင်ပြေပါတယ်၊ ဒါပေမယ့် ဒီကလေးတွေက ဆရာမရဲ့ကလေးတွေလေ၊ သူတို့ကိုပြုစုပျိုးထောင်ရမှာ ဆရာမရဲ့ဝတ္တရားဘဲ၊ ပြီးတော့ သူတို့က အတော်လေးအသက်ကြီးလာပါပြီ၊ ဆရာမသူတို့ကိုပြုစုပျိုးထောင်ပေးတော့ ဆရာမအိုမင်းလာတဲ့အခါ သူတို့ကိုပြန်ပြုစုခိုင်းလို့ရတယ်လေ မဟုတ်ဘူးလား”
ကျန်းတန့်ဟုန်၏အကြည့်များက အေးစက်လာသည်။ သူမကလက်သီးတင်းတင်းဆုပ်လိုက်မိကာ သူမရင်ဘတ်ကလည်း ပြင်းထန်စွာနိမ့်ချည်မြင့်ချည်ဖြစ်လာသည်။
သူမက ပြန်တုံ့ပြန်တော့မည့်အချိန်တွင် ထုံရွှယ်လူက လူအုပ်ထဲမှ ထွက်လာသည်။
“ဆရာမကျန်း အမှန်တရားကိုဖုံးကွယ်ပေးထားမယ့်အစား လူတိုင်းကိုအမှန်တိုင်းပြောပြလိုက်သင့်ပါတယ်”
ကျန်းတန့်ဟုန်က ထုံရွှယ်လူကိုမြင်လိုက်ရသည့်အတွက် အနည်းငယ်အံ့ဩသွားသည်။ သူမက ထုံရွှယ်လူ၏စကားများကိုကြားသောအခါ ကြောင်အသွားသည်။
ဘာကိုအမှန်တရားလဲ။
ထုံရွှယ်လူက မျက်တောင်ခတ်လိုက်သည်။
“ဆရာမကျန်းက ဒီကလေးနှစ်ယောက်ရဲ့ အမည်ပျက်မှာကိုကာကွယ်ချင်လို့ ဒီလိုလုပ်နေတာကို ကျွန်မသိပါတယ်၊ ဒါပေမယ့် ဆရာမက ဒီလိုဘဲဆက်လုပ်နေမယ်ဆိုရင် လူတိုင်းကဆရာမကို ကြောက်စရာကောင်းတဲ့သူလို့ ထင်သွားကြလိမ့်မယ်”
ကျန်းတန့်ဟုန်က ထုံရွှယ်လူသည်အလွန်အရည်အချင်းရှိသောသူဖြစ်ကြောင်းသိ၏။ သူမက ထုံရွှယ်လူပြောနေသည်များကို နားမလည်သော်လည်း သူမစိတ်ထဲတွင် ထုံရွှယ်လူက စိတ်ဝင်စားစရာအကောင်းဆုံးများကိုသာ လုပ်တတ်သည်ဟု ယုံကြည်ထား၏။
ထို့ကြောင့် သူမကနှုတ်ခမ်းကိုက်ကာ ဘာမှမပြောလိုက်တော့ပေ။
ကျန်းတန့်ဟုန်က ဘာမှမပြောလည်းအဆင်ပြေ၏။ ထုံရွှယ်လူအတွက် ကျန်းတန်ဟုန့်တစ်ယောက် သူမ၏အစီအစဉ်ကို မဖျက်စီးဖို့သာ လိုပေသည်။
ထုံရွှယ်လူက အသက်ပြင်းပြင်းရှူကာ စတင်သရုပ်ဆောင်လိုက်သည်။
“ဒီကဆရာမတွေနဲ့ ကျောင်သားများရှင့်၊ ဆရာမကျန်းကကြောက်စရာကောင်းတဲ့သူမဟုတ်ပါဘူး၊ သူမက ဒီကလေးတွေကို ဘာလို့မပျိုးထောင်ချင်တာလဲဆိုတော့ သူတို့က ဆရာမကျန်းရဲ့ ကလေးတွေမဟုတ်လို့ပါ”
သူမ၏စကားများက လူတိုင်းကိုကြောင်အသွားစေသည်။
လေထုက အချိန်အနည်းငယ်ကြာ တိတ်ဆိတ်သွားသည်။
လေဖုန်းကျီက သတိပြန်ဝင်လာသောအခါ ထုံရွှယ်လူကိုလက်ညှိုးငေါက်ငေါက်ထိုးပြီး ထခုန်မတတ်အော်ဟစ်လာသည်။
“ပေါက်ကရတွေ ကျန်းတန့်ဟုန်က တပေါင်းနဲ့ ရှောင်ပေါင်းကို ဆယ်လလွယ်ပြီး မွေးခဲ့တာ”
ထုံရွှယ်လူ:“ အဒေါ် ရှင်ဘယ်ကိုလက်ညှိုးထိုးနေတာလဲဆိုတာကို သတိထားပါ၊ အဲ့ဒီလက်က ကျွန်မကိုထိလာလို့ကတော့ ရဲတိုင်လိုက်မှာ၊ ကျွန်မကို ရှင်ထိချင်သလိုထိလို့ရတဲ့သူလို့မထင်ပါနဲ့”
အခြားသူများသတိမထားမိသည့် နေရာတွင်ရှိနေသော ကျောင်းအုပ်ကလည်း ခေါင်းညိတ်လိုက်မိသည်။
သူမက စက်ဘီးစီးနိုင်တဲ့သူလေ၊ လူတိုင်းလုပ်ချင်သလိုလုပ်နိုင်တဲ့ သူမျိုးဟုတ်ပါ့မလား။
ထုံရွှယ်လူက ဘယ်လိုတောင် တည်တင်းနေသည်ကိုမြင်သောအခါ လေဖုန်းကျီကလည်း အနည်းငယ်ခြိမ်းခြောက်ခံလိုက်ရသည်။
“ကောင်းပြီလေ ငါက နင်ပေါက်ကရပြောတာကို ဒီအတိုင်းရပ်ကြည့်နေမှာတော့ မဟုတ်ဘူး”
ထုံရွှယ်လူ “အားလုံးဘဲ ဒီကလေးနှစ်ယောက်ကို ခေါင်းအစခြေအဆုံး သေချာကြည့်လိုက်ကြပါ၊ သူတို့က ဆရာမကျန်းနဲ့ နည်းနည်းလေးတောင်တူတဲ့နေရာရှိပါသလား”
သူမစကားကိုကြားသောအခါ လူတိုင်းက ကျန်းတန့်ဟုန်ကိုတစ်လှည့်၊ ကလေးနှစ်ယောက်ကိုတစ်လှည့်ကြည့်လိုက်ကြသည်။
ထုံရွှယ်လူပြောသောအခါမှ သူတို့က ကလေးနှစ်ယောက်သည် ကျန်းတန့်ဟုန်နှင့် လုံးလုံးမတူသည်ကို သတိပြုမိလာကြ၏။
ထုံရွှယ်လူ :“ဒီကလေးတွေက ဆရာမကျန်းနဲ့ လုံးဝကိုမတူပါဘူး ပြီးတော့ တစ်ခုရှိသေးတယ် သူတို့မွေးလာကတည်းက ဆရာမကျန်းက သူတို့ကိုတစ်ခါမှမချီဖူးသလို သူတို့အပေါ် မိခင်ရဲ့ချစ်ခင်တွယ်တာမှုလည်း မပြဖူးပါဘူး”
“အဲ့ဒါက ဆရာမကျန်းက အေးစက်တဲ့မိန်းမဖြစ်နေလို့လား၊ မဟုတ်ပါဘူး၊ သူတို့ကဆရာမကျန်းရဲ့ ကလေးတွေမဟုတ်နေလို့ပါ၊ ဒီမှာရှိတဲ့သူအများစုကလည်း မိခင်တွေပါ၊ အားလုံးဘဲ ကိုယ့်ကလေးအကြောင်း တွေးကြည့်လိုက်ပါ၊ ဒီကလူတွေကရော ကိုယ့်သားသမီးအရင်းကို တစ်ခါမှမချီဖူးလောက်တဲ့အထိ အေးစက်နိုင်ပါ့မလား”
လူအများက ခေါင်းခါပြလာကြသည်။
“သူမပြောတာမှန်တယ် ကိုယ့်သားသမီးဆိုတာ ကိုယ့်ဗိုက်ထဲက ထွက်လာတာဘဲလေ၊ သူတို့က တစ်ခါတစ်လေကျရင် ဆိုးသွမ်းနိုင်ပေမယ့် ကိုယ့်သားသမီးကိုယ် ချစ်နေကြတုန်းပါဘဲ”
“ငါလည်းသဘောတူတယ်၊ ဆယ်လလောက်ကိုယ်ဝန်လွယ်ခဲ့ရတော့ မိခင်တိုင်းက သူတို့ကလေးအပေါ်ကို သဘာဝအလျောက်ကို နှောင်ကြိုးရှိနေကြတာ အဲ့ဒါကိုဖြတ်တောက်လို့မရဘူး”
“ဒါဆို သူတို့က တကယ်ဘဲ ဆရာမကျန်းရဲ့ ကလေးတွေမဟုတ်ဘူးပေါ့”
ထုံရွှယ်လူက ခေါင်းညိတ်သည်။
“ဟုတ်ပါတယ် သူတို့က ဆရာမကျန်းရဲ့ ကလေးတွေမဟုတ်ပါဘူး၊ ဆရာမက သူတို့ကို တစ်ခါမှမပွေ့ချီဖူးရုံတင်မကပါဘူး ထုတ်လုပ်ရေးအသင်းမှာတုန်းကဆို ဆရာမကျန်းက သူမရဲ့အချိန်အများစုကို အဝေးမှာအလုပ်လုပ်နေတာပါ၊ ဒါကိုသက်သေပြဖို့အတွက် ကျောင်းအုပ်က ထုတ်လုပ်ရေးအသင်းကိုဖုန်းဆက်ကြည့်လို့ရပါတယ်”
လူကြားထဲ နာမည်ခေါ်ခံလိုက်ရသည့်ကျောင်းအုပ်။။
“? ? ?”