အပိုင်း ၁၇၀
Viewers 32k

🍵Chapter 170

- သူမက နီရဲနေသောမျက်လုံးများဖြင့် ပြောလာ၏။“ရပါတယ် သူတို့ကိုပေးသွားလိုက်ပါ”




လေဖုန်းကျီက ဒေါသထွက်လွန်းသဖြင့် မျက်နှာကြီးတောင် နီရဲလာသည်။


“ပေါက်ကရတွေ အဲ့ဒါတွေအကုန် ပေါက်ကရ‌တွေချည်းဘဲ၊ ထုတ်လုပ်ရေးအသင်းက လူတွေအားလုံး ကျန်းတန့်ဟုန် ဒီကလေးနှစ်ယောက်ကို ကိုယ်ဝန်လွယ်တာ မြင်ဖူးကြတယ်၊ သွားလေ ဖုန်းဆက်ကြည့်လိုက် သူတို့ဘာပြောမလဲဆိုတာကို ကြည့်ကြတာပေါ့”


ထုံရွှယ်လူက သက်ပြင်းချသည်။

“ဆရာမကျန်းက တကယ်ဘဲ ကိုယ်ဝန်နှစ်ခါဆောင်ဖူးပါတယ် ဒါပေမယ့် နှစ်ခါလုံးမှာ ကလေးအဖတ်မတင်ခဲ့ပါဘူး၊ အဒေါ်က ဒီကလေးတွေကို ဘယ်ကရှာပြီး ဘာဖြစ်လို့ ဆရာမကျန်းရဲ့ ကလေးတွေအဖြစ် လက်ခံခိုင်းနေတာလဲဆိုတာကို ကျွန်မတို့မှမသိတာ”


လေဖုန်းကျီ၏ပါးစပ်က အတိုင်းသားပွင့်နေကာ သူမက ဒေါသထွက်လွန်းသဖြင့် သွေးအန်မတတ်ဖြစ်သွားသည်။ သူမက ပေါက်ကရတွေဟူသော စကားလုံးကိုသာ ရေရွတ်နေနိုင်၏။


ထုံရွှယ်လူ:“ ကျွန်မ ဆရာမကျန်းပြောတာကြားဖူးတာတော့ အဲ့ဒီအချိန်တုန်းက ဆရာမကျန်းကို မီးဖွားပေးတဲ့သူက အဒေါ်ဘဲဆို၊ သူမအတွက် လက်သည်တောင် မခေါ်ပေးဘူး၊ ဆရာမကျန်းရဲ့ကလေးတွေက တကယ်ဘဲ အဖတ်မတင်ခဲ့တာလား၊ ဒါမှမဟုတ် တစ်ခုခုဖြစ်သွားလို့လားဆိုတာ ကျွန်မသိချင်မိတယ်”


လူတိုင်းက မျက်လုံးပြူးသွားကာ လေဖုန်းကျီကိုကြည့်လိုက်ကြသည်။


လေဖုန်းကျီက ဒေါသထွက်ပြီး သေတော့မည်ဖြစ်သည်။

“ငါတို့က ဘာလို့လက်သည်မခေါ်ခဲ့တာလဲဆိုတော့ ငါကကလေးဘယ်လိုမွေးပေးရမလဲဆိုတာကို သိနေလို့ဘဲ”


ထုံရွှယ်လူက ပုခုံးတွန့်လိုက်သည်။

“တိုက်ဆိုင်တာတွေများလိုက်တာနော် ဖြစ်ချင်တော့ အဒေါ်က လက်သည်ဘယ်လိုလုပ်ရလဲဆိုတာသိနေပြီး ကလေးနှစ်ယောက်ကလည်း ဆရာမကျန်းနဲ့ နည်းနည်းလေးတောင် တူမနေဘူး”


“……”


လေဖုန်းကျီက ထုံရွှယ်လူကိုကြည့်ကာ ဘာမှမပြောနိုင်တော့ပေ။


လူတိုင်းက ထုံရွှယ်လူကိုယုံသွားကြသည်။


သူတို့ထင်တော့ထင်သား၊ ဒီကလေးတွေသာ ဆရာမကျန်းရဲ့ သွေးသားရင်းတွေဆိုရင် ဘယ်လိုလုပ်ပြီး အကြင်နာမဲ့နိုင်မှာလဲ။


၎င်း၏တစ်ခုတည်းသောအဖြေမှာ သူတို့က သူမ၏ကလေးများမဟုတ်ဘဲ၊ သူမ၏ကလေးအရင်းများက အသတ်ခံလိုက်ရတာဖြစ်နိုင်သည်။


ဆရာမကျန်းက သူ့ယောက္ခထီးနဲ့ ယောက်ျားကို ထောင်ကျစေချင်တာ မအံ့ဩတော့ပါဘူး၊ သူမနေရာတွင်ဆိုပါက ဘယ်သူမဆို သူမအတိုင်းသာလုပ်မိလိမ့်မည်။


သနားစရာ ဆရာမကျန်း။


ကျန်းတန့်ဟုန်က ခေါင်းငုံ့ကာ ဘာမှမပြောလာပေ။ အခြားသူများ၏အမြင်တွင် သူမက ဝမ်းနည်းလွန်းသဖြင့် ဘာမှမပြောလာခြင်းဟု ထင်နေကြသည်။


ထုံရွှယ်လူ၏စကားများကို ကျောင်းမှဆရာမများက ယုံသွားရုံသာမက လင်းကျင်းပေါင်းတောင်မှ ယိမ်းယိုင်သွားသည်။


သူက ကျန်းတန့်ဟုန်ကိုကြည့်ပြီးနောက် သူ့ညီလေးကို ကြည့်လိုက်သည်။ ထို့နောက် သူက လေဖုန်းကျီဘက်လှည့်ကာ မေးလိုက်သည်။


“အဖွား သူပြောတာကအမှန်ဘဲလား၊ သားတို့က တကယ်ဘဲ အဲ့ဒီမိန်းမရဲ့ကလေးတွေမဟုတ်ဘူးပေါ့”


လေဖုန်းကျီက စိတ်ကိုပြန်စုစည်းလိုက်သည်။

“သူပေါက်ကရတွေပြောတာကို နားထောင်မနေနဲ့ အဲ့ဒီကောင်မက နင်တို့အမေဘဲ”


လင်းကျင်းပေါင်း :“ တကယ်လို့သူက သားတို့အမေဆိုရင် ဘာလို့ ‘အဲ့ဒီကောင်မ’လို့ခေါ်နေသေးတာလဲ၊ ပြီးတော့ ထုတ်လုပ်ရေးအသင်းမှာတုန်းကဆို အဖွားက သူ့နားကပ်ခွင့်မပေးဘူးလေ၊ ပြီးတော့ သားတို့က ဘာလို့ သူမနဲ့ လုံးဝမတူရတာလဲ...”


လေဖုန်းကျီက ‌ဆွံ့အသွားသည်။


လင်းကျင်းပေါင်းက ဤနေရာတွင် ရပ်မသွားပေ။

“အဖွား၊ မုဆိုးမဝမ်က သားတို့အမေလား၊ အဖေ သူမအိမ်ထဲက ထွက်ထွက်လာတာကို အကြိမ်နည်းနည်းလောက်မြင်ဖူးတယ်”


BOOM!


သူ၏စကားလုံးများက ဆီပူထဲရေစက်ကျသွားသလိုပင် အသံတစီစီထွက်လာသည်။


“ဘုရားရေ ကလေးကိုယ်တိုင်ကတောင် ဝန်ခံနေပြီ၊ သူတို့အမေကို ကောင်မလို့ခေါ်ဖို့ ဘယ်အဖွားကများ သင်ပေးမှာတဲ့လဲ...”


“အမှန်ဘဲ အဲ့ဒါအပြင်ကို နင်ခုနကကြားလိုက်တယ်မလား၊ သူတို့အဖေက မုဆိုးမနဲ့ ဇာတ်လမ်းရှူပ်နေတယ်တဲ့၊ သူတို့ မုဆိုးမရဲ့ကလေးတွေဖြစ်မယ်”


“အဲ့ဒါက ဖြစ်နိုင်ပါတယ်၊ သူတို့က ဖောက်ပြန်တာကို အမိမခံချင်လို့ ဆရာမကျန်းရဲ့ကလေးတွေကို သတ်ပြီး ဆရာမကျန်းရဲ့နာမည်အောက်မှာ ဒီ‌ကလေးတွေကို လာထားလိုက်တာဘဲ၊ ရက်စက်လိုက်တဲ့သူတွေ...”


“ဆရာမကျန်း ကျွန်မတို့တွေ ဒီရက်စက်တဲ့မိန်းမကို ရဲစခန်းပို့ပြီး အောက်ခြေအထိ ‌စစ်ဆေးခိုင်းရမယ်”


လေဖုန်းကျီ၏ကိုယ်က တုန်ရီလာပြီး ဘာပြောရမလဲမသိတော့ပေ။


ထုံရွှယ်လူက အော်ရယ်မိမတတ်ဖြစ်သွားသည်။


ဝက်လိုအသင်းဖော်များသည် နတ်ဘုရားလိုပြိုင်ဖက်များထက် ပို၍ထိခိုက်စေ၏။


လင်းကျင်းပေါင်းက တကယ်ကောင်းသည့် အသင်းဖော်ပင်။


‌ကံကောင်းထောက်မစွာဖြင့် အခုချိန်တွင် DNAစစ်ဆေးမှုများမရှိသေးသလို ထိုလူယုတ်မာကလည်း မျိုးရိုးဗီဇအလွန်အားကောင်းနေ၏။


ကလေးများကသာ ကျန်းတန့်ဟုန်နှင့် တူနေပါက သူမကဤသို့ဖြေရှင်းနိုင်မည်မဟုတ်ပေ။


ဆရာမများက ရဲစခန်းသွားရန် ပြောဆိုနေကြသောအခါ လေဖုန်းကျီက ကြောက်လာပြီး ကလေးနှစ်ယောက်နှင့်အတူ ထွက်ပြေးသွားသည်။


အခြားသူများက ကျန်းတန့်ဟုန်ကို ‌လေဖုန်းကျီတို့အား တားလိုက်ရမလားမေးလာကြသည်။


ကျန်းတန့်ဟုန်က မျက်လုံးနီနီများဖြင့် မော့ကြည့်လာသည်။

“ရပါတယ် သူတို့ကိုပေးသွားလိုက်ပါ”


“ဆရာမကျန်း ရှင်က အရမ်းကိုနူးညံ့ပေးလွန်းတယ်”


“အမှန်ဘဲ သူတို့က ဆရာမရဲ့ဂုဏ်သတင်းကို အမည်ဖျက်ထား‌တာလေ သူတို့ကို ငါးမြှားချိတ်ကနေ လွတ်သွားခွင့်မပေးသင့်ဘူး”


ကျန်းတန့်ဟုန်က ခေါင်းခါလိုက်ပြီး ရဲမတိုင်ရန် ခုခံပြောဆိုလာသည်။


လူစုကွဲသွားသောအခါ ထုံရွှယ်လူက သူမဆီသို့လျှောက်သွားလိုက်သည်။


“ကျွန်မတောင်းပန်ပါတယ် အစ်မတန့်ဟုန် အဲ့ဒါတွေကိုမပြောခင် အစ်မကိုအရင်မပြောပြခဲ့ရဘူး”


ကျန်းတန့်ဟုန်က သူမကိုကျေးဇူးတင်စွာကြည့်လာသည်။

“အဲ့လိုမပြောပါနဲ့ အစ်မကသာ နင့်ကိုကျေးဇူးတင်ရမှာပါ”


ထုံရွှယ်လူက လေဖုန်းကျီကို သူမ၏သရုပ်ဆောင်မှုများဖြင့် မ‌ဖြေရှင်းလိုက်ပါက အနှေးနှင့်အမြန်ပင် ကျန်းတန့်ဟုန်က သူမစွမ်းအားရှိသမျှဖြင့် လေဖုန်းကျီကို ခေါ်ထုတ်သွားမှာဖြစ်သည်။


သူမက ဘယ်လိုဘဲနာကျင်ခံစားခဲ့ရပါစေ ဘယ်သူမှသူမကိုနားမလည်ပေးနိုင်သည်ကို သူမကောင်းကောင်းသိသည်။ သူတို့က သူမကိုရိုင်းစိုင်းယုတ်မာသည်ဟုသာ စွပ်စွဲကြလိမ့်မည်။


သို့သော် လက်ထပ်ပြီးကလေးမွေးရန်မှာ သူမဆန္ဒရှိခဲ့ခြင်းမဟုတ်ပေ။ သူမက ထိုတိရစ္ဆာန်ကောင်၏ ဖိအားပေးခြင်းကို ခံခဲ့ရခြင်းဖြစ်သည်။


လင်းကျင်းပေါင်းကိုမွေးပေးပြီးနောက်တွင် သူမက ပညာတတ်လူငယ်များနှင့်သွားနေခဲ့ကာ နှစ်အနည်းငယ်လောက်အေးအေးချမ်းချမ်းနေခဲ့ရသည်။ သို့သော် တစ်နေ့တွင် ထိုတိရစ္ဆာန်ကောင်က ပညာတတ်လူငယ်များ၏အဆောင်သို့ ရောက်လာပြီး.........။


ဤသို့ဖြင့် သူမကလင်းယင်းပေါင်းကို ကိုယ်ဝန်ရှိလာခဲ့သည်။ သူမက ကလေးဖျက်ချချင်သော်လည်း သူတို့က သူမကိုအိမ်ခေါ်သွားကာ ကလေး‌မွေးမည့်အချိန်အထိ ကြိုးတုပ်ထားခဲ့သည်။


တွေးကြည့်ပါက ထိုအချိန်တွင် သူမသူတို့ကို မသတ်‌လိုက်တာကတင် အတော်လေးကောင်းပေးနေတာဖြစ်သည်။


ထုံရွှယ်လူက သူမပုခုံးကို ပုတ်လိုက်သည်။

“အဆင်ပြေသွားမှာပါ”


ကျန်းတန့်ဟုန်က တစ်ဖက်လှည့်လိုက်ကာ မျက်ရည်များကျလာသည်။


သူမလည်း ထိုသို့ဖြစ်ရန်သာ မျှော်လင့်မိသည်။


ထုံရွှယ်လူက ကျောင်းမှစားသောက်ဆိုင်သို့ပြန်လာကာ ညမမှောင်ခင်အထိ အိမ်မပြန်သေးပေ။


အိမ်ရှိလေထုက ထိုင်းမှိုင်းကာ တင်းမာနေ၏။ အထူးသဖြင့် ထုံကျားရှင်းက ကျောင်းမှပြန်ရောက်လာကတည်းက ဂနာမငြိမ်ဖြစ်နေသည်။


“ဒုတိယအကို မမကြီးကျွန်တော့်ကိုရိုက်ရင် ကျွန်တော့်ဘက်က ပြောပေးပါလား”


ထုံကျားမင်က မျက်မှောင်ကြုတ်သည်။

“ဘာလို့ခိုးချတာလဲ”


ထုံကျားရှင်းက ခေါင်းကုတ်လိုက်သည်။

“ကျွန်တော်လည်းမလုပ်ချင်ပါဘူး ဒါပေမယ့်စာမရဘူးလေ၊ ကျွန်တော်သာကောင်းကောင်းမလုပ်နိုင်ရင် အသားမစားရမှာကို စိုးရိမ်လို့ပါ”


ထုံကျားမင်က လက်မခံနိုင်သလိုကြည့်လာသည်။


သူတို့ဘေးရှိ ထုံမျန်မျန်ကမူ ‌ခိုးချတာ၏အဓိပ္ပါယ်ကို နားမလည်ပေ။ သို့သော် သူမ၏ဒုတိယအကိုက တတိယအကိုကိုစိုက်ကြည့်နေသောအခါ သူမကလည်း သူ့ကိုစိုက်ကြည့်လိုက်သည်။


“တတိယအကိုကလူဆိုး မျန်မျန်လိုလိမ္မာတဲ့ ကလေးမဟုတ်ဘူး”


ထုံကျားရှင်းက သူ့ညီမလေးနှင့် စကားတွတ်ထိုး‌လိုစိတ်ရှိမနေပေ။ သူ့စိတ်ထဲတွင် အလွန်သောကရောက်နေပေသည်။


သူက စိတ်အေးသွားအောင် ရေအေးဖြင့်ရေသွားချိုးလိုက်ရမလား တွေးနေချိန်တွင် ထုံရွှယ်လူပြန်ရောက်လာသည်။


ထုံကျားရှင်းကကြောက်လွန်းသဖြင့် အသက်ပြင်းပြင်းတောင်မရှူရဲတော့ပေ။


ထုံရွှယ်လူက သူ့ကိုမကြည့်ပေ။ သူမကထုံကျားမင်ကို မေးလိုက်သည်။


“ညစာစားပြီးပြီလား”


ထုံကျားမင်က ခေါင်းညိတ်ပြသည်။

“ဟုတ် အားလုံးစားပြီးသွားပြီ”


ထုံမျန်မျန်က သူမ၏ မမကြီး‌ကိုဖက်ရန်ပြေးလာ၏။


“မမကြီး မျန်မျန်က ဒီညထမင်းတစ်ပန်းကန်လုံးကို စားခဲ့တယ်”


ထုံရွှယ်လူက သူမခေါင်းလေးကို ပွတ်ပေးလိုက်သည်။

“မျန်မျန်က လိမ္မာလိုက်တာ”


ပေါက်စီလုံးလေးက ဂုဏ်ယူစွာ ရင်ဘတ်ကိုကော့ထားလိုက်သည်။


ကြမ်းပြင်ပေါ်တွင်လှဲနေသာ လမုန့်လေးက ထိုအရာကိုမြင်သောအခါ သူ့ရင်ဘတ်လေးကိုလည်း ကော့ပြလာသည်။ဒီခွေးက ဒီထက်ပိုပြီး ဒရာမာဆန်ဦးမှာလား။


သူ့မမကြီးက သူ့ကိုလျစ်လျူရှုထားသည်ကို မြင်သောအခါ ထုံကျားရှင်းက အပယ်ခံထားရသလို ခံစားမိသွားသည်။သူက ခေါင်းငိုက်စိုက်ကာ လျှောက်လာ၏။


”မမကြီး ကျွန်တော်မှားသွားပါတယ်၊ နောက်ဆို ဘယ်တော့မှ စာမေးပွဲမှာခိုးမချတော့ပါဘူး”


ထုံရွှယ်လူက သူ့ကိုအေးစက်စွာကြည့်လိုက်သည်။

“အခု နင့်ရဲ့အစီအစဉ်ကဘာလဲ”


ထုံကျားရှင်းက ခေါင်းကုတ်လိုက်သည်။

“ကျွန်တော် နောက်ထပ်မခိုးချတော့ပါဘူး”


ထုံရွှယ်လူ :“အမှတ်တွေကိုရော ဘယ်လိုလုပ်မှာလဲ၊ နင်စာကိုကြိုးကြိုးစားစားလေ့လာတော့မှာလား”


ထုံကျားရှင်း၏လျှာက အစားခံလိုက်ရတာဖြစ်မည်။ ရုတ်တရက်ဆိုသလို သူကပါးစပ်ပိတ်သွာ၏။


ထုံရွှယ်လူက ခဏလောက်အသံတိတ်သွားပြီးမှ သူ့ကိုပြောလိုက်သည်။


“နင့်မှာ ရွေးချယ်စရာနှစ်ခုရှိတယ်၊ ပထမတစ်ခုက နင်အခုကစပြီးကျောင်းသားကောင်းတစ်ယောက်လုပ်ပြီး အဆင့်တွေတက်လာအောင်ကြိုးစားရမယ်၊ စာမခိုးချရတော့သလို အတန်းထဲမှာလည်း ပြသနာမရှာရတော့ဘူး၊ ငါ့ကို နင့်အတန်းပိုင်ကခေါ်ပြီးတိုင်တာမျိုး ထပ်မဖြစ်စေရဘူး”


“ဒုတိယတစ်ခု နင်တကယ်ဘဲစာမလုပ်ချင်ဘူးဆိုရင် ကျောင်းမသွားနဲ့တော့...”


သူမစကားကိုကြားသောအခါ ထုံကျားမင်ရော ထုံကျားရှင်းပါ ထိတ်လန့်သွားကြသည်။


ပထမတစ်ယောက်က ကြောင်အသွားကာ ဒုတိယတစ်ယောက်က စိတ်လှုပ်ရှားလာ၏။


ထုံကျားရှင်းက မျက်လုံးပြူးသွားသည်။

“မမကြီးတကယ်ပြောတာလား၊ ကျွန်တော်ကျောင်းသွားဖို့ မလိုတော့ဘူးပေါ့”


ထုံရွှယ်လူက ခေါင်းညိတ်ပြသည်။

“နင်အဲ့လိုဖြစ်ချင်တယ်ဆိုရင်ပေါ့ ဒါပေမယ့် နင်ကျောင်းမသွားတော့ဘူးဆိုရင် အိမ်အလုပ်တွေအားလုံးကိုလုပ်ပေးရမယ်”


ထုံကျားရှင်းက မျက်မှောင်ကြုတ်ကာ‌ တွေးကြည့်လိုက်သည်။


အိမ်အလုပ်လုပ်ခြင်းသည် ကရိကထများသော်လည်း ကျောင်းမသွားဘဲ အိမ်အလုပ်ဘဲလုပ်ရမည်ကိုတွေးကြည့်လိုက်ရာ ပန်းခြံ‌ထဲတွင် လမ်းလျှောက်ရရုံလောက်ရှိမည့်ပုံပင်။


သူက သေချာစွာခေါင်းညိတ်လိုက်သည်။

“ကောင်းပြီ ကျွန်တော်အိမ်အလုပ်တွေလုပ်မယ် မမကြီးက ကျွန်တော့်ကိုကျောင်းမသွားခိုင်းရဘူး”


ထုံရွှယ်လူက ပြုံးလိုက်သည်။

“ဟုတ်ပြီလေ မနက်ဖြန်ကျအိမ်မှာဘဲနေ၊ ကျားမင်က မနက်ဖြန်ကျောင်းသွားရင် ဆရာမကို ကျားရှင်းကျောင်းထွက်မယ်ဆိုတဲ့အကြောင်း သွားပြောလိုက်ဦး”


ထုံကျားရှင်းက လေထဲသို့ သုံးပေအမြင့်ထိအောင် ထခုန်လိုက်မိသည်။


“ရေးးး ဟုတ်ပြီကွ .....ငါ‌ကျောင်းသွားစရာမလိုတော့ဘူး...”


ထုံကျားမင်က မျက်မှောင်ကြုတ်ကာ နှုတ်ခမ်းကိုစေ့လိုက်သည်။ နောက်ဆုံးတွင် သူကခေါင်းညိတ်ပြလိုက်သည်။


ညစာစားပြီးသဖြင့် လူတိုင်းကရေမိုးချိုးကာ အိမ်စာလုပ်လိုက်ကြသည်။ ကျောင်းထွက်လိုက်ပြီဖြစ်သည့် ထုံကျားရှင်းက အိမ်စာလုပ်စရာမလိုတော့ပေ။ သူက နှစ်သစ်ကူးရောက်နေသလို ပျော်ရွှင်နေ၏။


ထုံကျားရှင်းနှင့် ထုံမျန်မျန်တို့အိပ်ရာဝင်သွားသောအခါ ထုံရွှယ်လူက ဧည့်ခန်းထဲတွင်စောင့်နေသည့်ထုံကျားမင်ဆီသွားလိုက်သည်။


“မနက်ဖြန်ကျောင်းရောက်ရင် ကျားရှင်းကနေမကောင်းလို့ နှစ်ပတ်လောက်ခွင့်ယူချင်တယ်လို့ ဆရာမကိုပြောလိုက်”


ထုံကျားမင်က အနည်းငယ်အံ့ဩသွားသည်။

“ခွင့်ယူတာလား၊ ကျောင်းမထွက်ဘူးလား”


ထုံရွှယ်လူက ခေါင်းညိတ်ပြသည်။

“ငါပြောခိုင်းသလိုသာ ဆရာမကိုပြောလိုက်ပါ၊ သူကိုယ်တိုင် ကျောင်းတက်ချင်ပါတယ်ဆိုပြီး တောင်းဆိုလာအောင်လုပ်ပြမယ်”


ထုံကျားမင်က သူမကိုသံသယမဝင်ပေ။

သူနည်းနည်းစိုးရိမ်ခဲ့သည်မှာလည်း ပျောက်ကွယ်သွားလေသည်။


“သိပါပြီ”