🍵Chapter 171
“မင်းပြောတာမှန်တယ် ငါ့မြေးကထူးခြားပြောင်မြောက်တဲ့သူကွ”
နောက်တစ်နေ့တွင် ထုံရွှယ်လူက အာရုံတက်ချိန်တွင်အိပ်ရာထကာ ကောင်လေးနှစ်ယောက်၏ အခန်းတံခါးကိုသွားဖွင့်လိုက်သည်။
“ထုံကျားရှင်း မနက်စာပြင်ရမယ့်အချိန်ရောက်ပြီ”
ထုံကျားမင်က တံခါးဖွင့်လာ၏။
“မမကြီး ကျွန်တော်လုပ်လိုက်မယ် ကျားရှင်းက အိပ်နေတုန်းဘဲ”
ထုံရွှယ်လူက မျက်ခုံးပင့်လိုက်သည်။
“ဒါဆိုလည်း သူ့ကိုနှိုးလိုက်လေ၊ မနေ့က ငါတို့သဘောတူညီချက်လုပ်ပြီးသား၊ ဒီနေ့ကစပြီး အိမ်အလုပ်တွေအားလုံးကို သူလုပ်ရမှာ”
ထုံကျားမင်က ခနလောက်ရပ်သွားပြီးမှ ခေါင်းညိတ်ပြလိုက်သည်။
“ကောင်းပါပြီ ကျွန်တော်သူ့ကိုသွားနှ်ိုးလိုက်မယ်”
အိပ်ရာနှိုးခံလိုက်ရသောအခါ ထုံကျားရှင်းက မပျော်မရွှင်ဖြစ်သွားသည်။
“ပုံမှန်ဆို ဒုတိယအစ်ကိုဘဲ မနက်စာပြင်တာလေ...”
ထုံရွှယ်လူ :“အဲ့ဒါက အရင်ကလေ၊ ဒီနေ့ကစပြီး အိမ်အလုပ်တွေအားလုံးကို နင်ဘဲလုပ်ရမှာ မလုပ်ချင်ရင် ကျောင်းပြန်တက်”
ထုံကျားရှင်းက ချက်ချင်းမျက်စိကျယ်သွားသည်။
“ဟုတ်ပါပြီ ဟုတ်ပါပြီ၊ ကျွန်တော်မနက်စာသွားလုပ်လိုက်မယ် တကယ်ပါဘဲ...”
သူက ကျောင်းတက်ရမည်ကို အိမ်အလုပ်လုပ်ရသည်ထက် ပိုမုန်း၏။
ထုံရွှယ်လူက မျက်နှာသစ်ပြီးသောအခါ ထုံကျားရှင်းကိုမီးဖိုချောင်ထဲသို့ ခေါ်သွားလိုက်သည်။
“သေချာကြည့်နော် ဘယ်လိုချက်ရမလဲဆိုတာကို ငါတစ်ခါဘဲပြမှာ၊ အခုကစပြီး ကိုယ့်ဘာသာလုပ်ရမယ်”
ထုံကျားရှင်း “……”
ထုံရွှယ်လူ :“ချက်ပြုတ်တာအပြင်၊ နင်က တံမြက်စည်းလှည်းရမယ်၊ ကြမ်းတိုက်ရမယ်၊ ကြက်ခြံကို သန့်ရှင်းရေးလုပ်ရမယ်၊ အဝတ်လျှော်ရမယ်ပြီးတော့ မျန်မျန်ကိုလဲ ဂရုစိုက်ပေးရမယ် ဒါတွေအားလုံးက နင်လုပ်ရမယ့်တာဝန်တွေဘဲ”
ထုံကျားရှင်း၏ပါးစပ်က ပြင်းထန်စွာတွန့်လိမ်သွားသည်။
“မျန်မျန်ကို အဖွားရှန်က ဂရုစိုက်ပေးနေတာမဟုတ်ဘူးလား”
ထုံရွှယ်လူက ဖြစ်သင့်ဖြစ်ထိုက်သည့်ကိစ္စလိုပြောလာ၏။
“အရင်တုန်းက နင်ကျောင်းသွားရတယ်လေ၊ မတတ်နိုင်လို့သာ နောက်ဆုံးအနေနဲ့ အဖွားရှန်ကိုအကူအညီတောင်းထားရတာ၊ အခုဆို နင်ကျောင်းထွက်လိုက်ပြီဆိုတော့ အဖွားရှန်ကို ဆက်ဒုက္ခပေးနေစရာမလိုတော့ဘူး၊ ပြီးတော့ မျန်မျန်ကိုကိုယ့်ဘာသာဂရုစိုက်ရင် မိသားစုအတွက် ပိုက်ဆံပိုစုနိုင်သွားတာပေါ့”
ထုံကျားရှင်း “…………”
သူထောင်ချောက်ထဲကျသွားတယ်လို့ ဘာလို့ခံစားမိနေတာလဲ။
ထုံရွှယ်လူက သူ့ကို အာရုံမစိုက်တော့ပေ။ သူမက ထုံကျားရှင်းကိုဘယ်လိုချက်ပြုတ်ရမည်ကို သင်ပြပြီးနောက် အလုပ်မသွားခင်တွင် အဖွားရှန်တို့ဆီ ခနဝင်လိုက်သည်။
ထုံကျားရှင်းက ဤကိစ္စများသည် အဆင်မပြေဟုခံစားမိသော်လည်း ကျောင်းသွားစရာမလိုတော့သလို အိမ်စာလည်းမလုပ်ရတော့သည်ကို ပြန်တွေးမိသွားသောအခါ စိတ်အားတက်ကြွလာသည်။
အခုကစပြီး သူဘဲချက်ပြုတ်ရတော့မှာ၊ အဲ့လိုဆို ဘယ်သူမှမသိအောင် အသားတွေခိုးစားနိုင်မယ့်အခွင့်အရေးရသွားတာပေါ့။
ထိုအတွေးက သူ့ကို ပိုပျော်ရွှင်သွားစေသည်။ သူက မျန်မျန်ကိုစာကြည့်ခန်းထဲခေါ်သွားလိုက်ကာ သူမနှင့်အတူကစားလိုက်သည်။
🍵
စားသောက်ဆိုင်၌ ဟင်းခတ်အထုပ်များရောင်းမည့်ကိစ္စကို သတ်မှတ်လိုက်ပြီဖြစ်၏။
တစ်ထုပ်လျှင် ဆင့်၂၀ကျကာ အမြတ်ငွေများကို ကုန်သွယ်ရေးဌာနသို့ အပ်နှံမည်ဖြစ်သည်။ ကုန်သွယ်ရေးဌာနမှနေ၍ စားသောက်ဆိုင်ဝန်ထမ်းများဆီသို့ ထောက်ပံ့ငွေအဖြစ် ဖြန့်ဝေပေးမှာဖြစ်သည်။
ကုန်သွယ်ရေးဌာနမှပြန်ရောက်လာသောအခါ ထုံရွှယ်လူက သတင်းကောင်းကိုကြေညာလိုက်သည်။
လူတိုင်းက ထိုသတင်းကြောင့် ကြောင်အသွားကြသည်။
ကောင်းချွန်းယွီ :“မန်နေဂျာထုံ ကျွန်မတို့က အခုကစပြီး တကယ်ဘဲထောက်ပံ့ငွေတွေရတော့မှာလား”
ထုံရွှယ်လူက ခေါင်းညိတ်ပြလိုက်သည်။
“အမှန်ဘဲ ဒါပေမယ့်အလုပ်တာဝန်ကလည်း တိုးသွားလိမ့်မယ် တစ်ချို့ဟင်းခတ်အမွှေးအကြိုင်တွေကို ကြိတ်တဲ့အခါ အကူအညီလိုလိမ့်မယ်”
အခြားသူများက သူမ၏ပါဝင်ပစ္စည်းများကို မဖော်ထုတ်နိုင်စေရန်အတွက် သူမက ဟင်းခတ်အမွှေးအကြိုင်တစ်ချို့ကို အမှုန့်ဖြစ်အောင်ကြိတ်ပြီးမှ အထုပ်များအဖြစ် ထုပ်မှာဖြစ်သည်။
တစ်ထုပ်ကို ၁၅ဆင့်ကျကာ သူတို့က အမြတ်အဖြစ် ၅ဆင့်ယူ၏။ သို့သော် ၎င်းက အစသာရှိသေးသည်။
သူမက အမဲသားလုံးနှင့် ငါးအသားလုံးများကိုလည်း ရောင်းမှာဖြစ်သည်။ ထိုအရာများကသာ အဓိကငွေဝင်ပေါက်ဖြစ်လာလိမ့်မည်။
တစ်ထုပ်စီ၏အမြတ်က ၅ဆင့်ရှိ၏။ ထို့ကြောင့် ကုန်သွယ်ရေးဌာနမှသူများက ဘာမှသိပ်မတွေးကြပေ။
ကုန်သွယ်ရေးဌာနက ဂရုမစိုက်ကောင်းမစိုက်နိုင်သော်လည်း စားသောက်ဆိုင်မှသူများကမူ ပျော်သွားကြသည်။
သူတို့က ပုံသေလစာသာရှိ၏။ တဖြည်းဖြည်းချင်း နည်းပညာဆိုင်ရာတိုးတက်မှုကိုတွေ့ကြုံရသည့် စက်ရုံအလုပ်သမားများနှင့် မတူပေ။ ထိုသူများ၏လစာက သူတို့၏နည်းပညာစွမ်းရည်ပေါ်မူတည်ကာ မြင့်တက်သွားနိုင်ပေသည်။
စားသောက်ဆိုင်မှ ဝန်ထမ်းများကမူ တစ်ဘဝလုံးတွင် တူညီသောလစာပမာဏကိုသာ ရနိုင်ကြသည်။
သို့သော်ငြား အခုချိန်တွင် ကိစ္စများက ပြောင်းလဲသွားလေသည်။ ထောက်ပံ့ငွေကဘယ်လိုဘဲနည်းနေပါစေဦး ကိစ္စမရှိပေ။ ထောက်ပံ့ငွေဘယ်လောက်ဘဲဖြစ်ဖြစ် ၎င်းကသူတို့အတွက်အပိုဝင်ငွေဖြစ်သည်။
ထုံရွှယ်လူ:“ အချိန်ကျလာရင် ကျွန်မက အလှည့်ကျခွဲလိုက်မယ်၊ အလုပ်ကြိုးစားလေလေ ထောက်ပံ့ငွေပိုရလေလေဘဲ အဲ့ဒါကြောင့် အလုပ်ကြိုးစားကြပါ”
မုန့်ချင်းချင်းတို့က အလုပ်ကြိုးစားမည်ဖြစ်ကြောင်း ဖော်ပြလာကြသည်။ လူတိုင်းက အလွန်စိတ်အားတက်ကြွလာကြ၏။
၎င်းက ထုံရွှယ်လူကိုအလွန်ပျော်သွားစေသည်။
ကုန်သွယ်ရေးဌာနက ထိုသတင်းကိုဒီနေ့နေ့လယ်မှကြေညာလိုက်ခြင်းဖြစ်သော်လည်း နောက်တစ်နေ့တွင် လာဝယ်သူများရှိနေပေပြီ။
ဈေးနှုန်းအတွက်မူ တစ်ချို့က ဤအကြံကို အခြားသူများထက်ပိုသဘောကျကြသည်။ ဤအကြံက သူတို့ကိုယ်တိုင်ပြင်ဆင်ရမည့် ကရိကထများကို ဖြေရှင်းလိုက်သည်ဟု ခံစားမိကြသည်။
မကြိုက်သောသူများမှာ သူတို့၏မူလရည်ရွယ်ချက်က ဤလုပ်နည်းကို လက်ဝယ်ယူထားလို၍ဖြစ်သည်။ ဒါက သူတို့မျှော်လင့်ထားသည့် ပုံစံမျိုးမဟုတ်ပေ။
သို့သော်ငြား ဤကိစ္စကိုသတ်မှတ်လိုက်ပြီဖြစ်သဖြင့် သူတို့က ဆန့်ကျင်သည့်အသံများမထွက်ရဲပေ။
မည်သို့ပင်ဖြစ်စေ မန်နေဂျာထုံက တစ်ခုခုတော့တစ်ခုခုဘဲဟု သူတို့ခံစားမိသွားသည်။ သူမက ဒီလိုသေရေးရှင်ရေးအခြေအနေမှ ကုတ်တက်လာနိုင်စွမ်းရှိ၏။
အံ့ဩစရာဘဲ။
🍵
စွင်းမိသားစုသည် စစ်မှုထမ်းအိမ်ရာသို့ ပြန်ပြောင်းလာပြီးနောက် အခြေကျသွားသည်နှင့် သူတို့၏မိတ်ဆွေဟောင်းများဆီ အလည်သွားရန် ဆုံးဖြတ်လိုက်ကြသည်။
စွင်းမန်ရို့ အတော်အတန်သစ်လွင်သည့် ကုတ်အင်္ကျီ၊ တီပုံစံသိုင်းကြိုးဖိနပ်နှင့် လက်ဆွဲခြင်းကိုကိုင်ကာ အိမ်ထဲမှထွက်လာ၏။ သူမဆံပင်ကို ကျစ်ဆံမြှီးနှစ်ခွကျစ်ထားရာ ခေတ်ဆန်ပြီး မျက်စိဖမ်းစားနေပေသည်။
သူမကိုမြင်သောအခါ စွင်းဝူယန်၏မျက်လုံးများက အရောင်တောက်သွားပြီး မျက်စိမှိတ်ပြလာသည်။
“ရှောင်ရို့က မရိုးတော့ဘူးနော်၊ ပြီးခဲ့တဲ့နှစ်ရက်တုန်းကဆို ဒီလိုမျိုးမဝတ်ပါဘူး၊ ဝမ်မိသားစုအိမ်ကိုသွားမယ့်နေ့ကျမှ နင်က ပြင်ပြင်ဆင်ဆင်ဝတ်ထားပါလား”
စွင်းမန်ရို့က သူ့ကိုစိုက်ကြည့်လိုက်သည်။
“ဘာပေါက်ကရတွေပြောနေတာလဲ၊ တတိယအကို ပြီးခဲ့တဲ့နှစ်ရက်ကမှ ပြန်ပြောင်းလာတာလေ အဝတ်အစားတွေကို စီစဉ်ဖို့ ဘယ်လိုလုပ်အချိန်ရမှာလဲ၊ ညီမက ဘယ်လိုဝတ်စားရမှာတုန်း”
“အေးပါ အေးပါ မင်းပြောတဲ့အတိုင်းပါ သွားရအောင် ဟုတ်ပြီလား”
ရှက်သွေးဖြာနေသည့် စွင်းမန်ရို့က မှန်တစ်ချက်ကြည့်လိုက်ပြီးမှ စွင်းဝူယန်နောက်သို့ အမြန်လိုက်သွားလိုက်သည်။
သူတို့ဝမ်မိသားစုအိမ်သို့ရောက်သောအခါ ဦးလေးဇုန်းက တံခါးဖွင့်ပေးလာ၏။
ဦးလေးဇုန်းက စွင်းဝူယန်ကို တန်းမှတ်မိသွားသည်။
“မင်းက ရှောင်ဝူယန်မလား၊ ကလေးတုန်းကနဲ့ တစ်ပုံစံတည်းပါလား နည်းနည်းလေးတောင် မပြောင်းလဲသွားဘူး”
စွင်းဝူယန်က ပြုံးလိုက်သည်။
“ဦးလေးဇုန်းကလည်း ကျွန်တော်က အရင်ကထက် အရပ်အများကြီးရှည်လာပါတယ်နော် ဘယ်လိုလုပ်ပြီး မပြောင်းလဲရမှာလဲ”
ဦးလေးဇုန်းက ခေါင်းကို တဆတ်ဆတ်ညိတ်ပြလိုက်သည်။
“ဟုတ်ပါပြီ မင်းကတကယ်လဲ အရပ်ရှည်လာတယ် ပြီးတော့ အရင်ကထက်ပိုပြီး တုတ်တုတ်ခိုင်ခိုင်ကြီးဖြစ်လာတယ်”
စွင်းဝူယန် :“အဖိုးဝမ်အိမ်မှာရှိလား ကျွန်တော့်မိဘတွေက လက်ဆောင်တစ်ချို့လာပို့ခိုင်းလိုက်လို့ သူတို့မြို့တော်ပြန်ရောက်မှ ကိုယ်တိုင်ကိုယ်ကျလာလည်မယ်တဲ့”
ဦးလေးဇုန်းက ဘေးတွင်ရပ်နေသည့် မိန်းကလေးကို တစ်ချက်ကြည့်လိုက်သည်။
“အိုး ရှိတာပေါ့ ဗိုလ်မှူးကအထဲမှာ”
ဦးလေးဇုန်း၏အကြည့်ကိုမြင်သောအခါ စွင်းမန်ရို့က ပြုံးပြလိုက်သည်။
“မင်္ဂလာပါ ဦးလေးဇုန်း ကျွန်မက စွင်းမန်ရို့လို့ခေါ်ပါတယ် တတိယအစ်ကိုရဲ့ ဝမ်းကွဲပါ”
ဦးလေးဇုန်းက ခေါင်းညိတ်ပြလိုက်ပြီးနောက် သူတို့သုံးယောက်က အထဲဝင်သွားကြသည်။
အထဲသို့ရောက်သောအခါ အဖိုးဝမ်ကလည်း အခန်းထဲမှထွက်လာ၏။ စွင်းဝူယန်ကိုမြင်သောအခါ အဖိုးဝမ်က အနည်းငယ်အံ့ဩသွားသည်
စွင်းဝူယန်က လျင်မြန်စွာနှုတ်ဆက်လိူက်သည်။
အပြန်အလှန်နှုတ်ဆက်ပြီးနောက် လူတိုင်းကဆိုဖာပေါ်တွင်ထိုင်လိုက်ကြသည်။
စွင်းမန်ရို့ကပြုံးပြလာသည်။
“ကျွန်မနောက်ဆုံးတော့ အဖိုးဝမ်နဲ့တွေ့ခွင့်ရခဲ့ပြီ၊ အဖိုးဝမ်က ကျွန်မထင်ထားသလို ဖြောင့်မတ်တဲ့သူဘဲ”
အဖိုးဝမ်က မျက်ခုံးပင့်လိုက်သည်။
“မင်းငါ့ကိုသိတာလား ရဲဘော်”
စွင်းမန်ရို့က ညင်သာစွာခေါင်းခါပြလိုက်သည်။
“ကျွန်မက အဖိုးဝမ်ကိုမသိပါဘူး ဒါပေမယ့် အဖိုးဝမ်ရဲ့မြေးဝမ်ရူကွေ့နဲ့တော့သိပါတယ်”
ထို့နောက်သူမက ရထားပေါ်တွင် ဝမ်ရူကွေ့၏ခရီးဆောင်အိတ်ကို ဘယ်လိုစောင့်ကြည့်ပေးခဲ့ကြောင်း၊ ဝမ်ရူကွေ့က သူမကိုကယ်တင်ခဲ့ပုံများကို ပြောပြလိုက်သည်။
“အဲ့ဒါတွေအတွက် ရဲဘော်ဝမ်ကိုဘဲ ကျေးဇူးတင်ရမှာပါ၊ သူ့ကြောင့်သာမဟုတ်ရင် ကိစ္စတွေကဘယ်လိုတောင်ဖြစ်ပျက်သွားမလဲဆိုတာကို တွေးတောင်တွေးနိုင်မှာမဟုတ်ဘူး၊ ကျွန်မက လူကိုယ်တိုင်ကျေးဇူးတင်ချင်ပေမယ့် ရဲဘော်ဝမ်က ကိုယ်ကျိုးမငဲ့တတ်တဲ့သူဆိုတော့ သူလုပ်ပေးခဲ့တာတွေအတွက် ဘာမှပြန်မတောင်းဆိုလာဘူး”
“ကျွန်မက သူ့ကျေးဇူးတွေကိုဘယ်တော့မှ ပြန်မဆပ်နိုင်တော့ဘူးလို့ ထင်ခဲ့တာ၊ ရဲဘော်ဝမ်က တတိယအစ်ကိုနဲ့ ရင်းနှီးတယ်ဆိုတာကို ကျွန်မမသိခဲ့ဘူး၊ အခုမှသိလိုက်ရတော့ ရဲဘော်ဝမ်လို ထူးခြားပြောင်မြောက်တဲ့ သူကိုပြုစုပျိုးထောင်ပေးနိုင်တဲ့ အဖိုးဝမ်ကလည်း အရမ်းကိုထူးချွန်ထက်မြက်မှာဘဲလို့ သိလိုက်တယ်၊ အဲ့ဒါကြောင့် ဒီနေ့တတိယအစ်ကိုလာလည်တာကို ကျွန်မပါလိုက်ခဲ့တာပါ...”
သူမကထိုသို့ပြောပြီးမှ လျှာကိုတစ်လစ်ထုတ်လိုက်မိသည်။
“အဖိုးဝမ်က ကျွန်မကို စကားအရမ်းများတယ်လို့ မထင်ဖို့မျှော်လင့်ပါတယ်”