အပိုင်း ၁၇၂
Viewers 32k

🍵Chapter 172

 -“မင်းပြောတာမှန်တယ် ငါ့မြေးကထူးခြားပြောင်မြောက်တဲ့သူကွ”



ချီးမွှမ်းခံသဖြင့် အဖိုးဝမ်၏ မုတ်ဆိတ်မွှေးများက လှုပ်ရမ်းသွားသည်။ သူက ဟက်ဟက်ပက်ပက်ရယ်လာသည်။


“မင်းပြောတာမှန်တယ် ငါ့မြေးက တကယ်ကိုထူးခြားပြောင်မြောက်တဲ့သူကွ”


ထိုစကားကိုကြားလိုက်ရသည့်အတွက် ဦးလေးဇုန်းက မအံ့ဩပေ။


အဖိုးဝမ်က ဝမ်ရူကွေ့ကိုစနောက်ရသည်ကိုကြိုက်သလောက် သူ့ရင်ထဲတွင် ဝမ်ရူကွေ့အတွက် အမြဲဂုဏ်ယူနေခဲ့သည်။


အဖိုးဝမ်က ဟက်ဟက်ပက်ပက်ရယ်နေသည်ကို မြင်သောအခါ စွင်းမန်ရို့ကပြုံးလိုက်သည်။


“အဖိုးဝမ် ကျွန်မကြားဖူးတာကတော့ အဖိုးဝမ်က အရင်တုန်းကဆို လေတပ်ကဗိုလ်မှူးဆို၊ အဖိုးအကြောင်းကို ကြားဖူးကတည်းက အရမ်းကိုလေးစားနေခဲ့တာပါ၊ အဖိုးနဲ့ အင်တာဗျူးလုပ်ချင်တယ်ရင် ရလားမသိဘူး...”


အဖိုးဝမ်က အနည်းငယ်အံ့ဩသွားသည်။

“အင်တာဗျူးလား ဘယ်လိုအင်တာဗျူးမျိုးလဲ”


“အဖိုးဝမ် ကျွန်မက ပုံနှိပ်တိုက်တစ်ခုမှာ အလုပ်လုပ်တာပါ၊ ဒီတလောလေးမှာဘဲ ကျွန်မတို့ရဲ့ ခေါင်းဆောင်က အာဇာနည်တစ်ယောက်နဲ့ အင်တာဗျူးလုပ်စေချင်ခဲ့တာ၊ တတိယအကိုက အဖိုးအကြောင်းပြောပြပြီးတဲ့နောက်မှာ အဖိုးဆိုရင် ပြီးပြည့်စုံတဲ့ အာဇာနည်ဖြစ်မယ်လို့ ခံစားမိတယ်၊ အဖိုးဝမ်ဒါကို လုပ်ချင်စိတ်များရှိပါသလား”


အခုချိန်တွင် အဖိုးဝမ်၏မျက်ခုံးများတောင် တုန်ခါလာ၏။

“ငါက လက်ခံလိုက်ရင် ဘာတွေလုပ်ဖို့လိုလဲ”

 

စွင်းမန်ရို့ :“အဖိုးဘာမှလုပ်စရာမလိုပါဘူး ကျွန်မကမေးခွန်းတစ်ချို့မေးမှာ အဖိုးကဖြေပေးရုံဘဲ”


အဖိုးဝမ်က ခနလောက်တွေးကြည့်လိုက်ကာ ခေါင်းညိတ်ပြလိုက်သည်။

“ကောင်းပြီလေ မင်းအဆင်သင့်ဖြစ်တဲ့အချိန် လာခဲ့လိုက်”


စွင်းမန်ရို့၏အပြုံးက နက်ရှိုင်းသွားသည်။

“ကောင်းပါပြီ၊ ကျွန်မ မနက်ဖြန်ကစပြီး လာခဲ့ပါမယ်”


ဝမ်မိသားစုအိမ်မှ ထွက်လာပြီးနောက်တွင် စွင်းဝူယန်က စွင်းမန်ရို့ကိုလှည့်ကြည့်လာသည်။

“နင်တို့ပုံနှိပ်တိုက်မှာ ဒီလိုလုပ်ဆောင်မှုမျိုးလည်း ရှိသေးတာလား ငါသတိမထားမိဘူး”


စွင်းမန်ရို့က အဝေးမှရွှေအိုရောင် အပင်ကိုကြည့်ကာ ပြုံးလိုက်သည်။


“အဲ့ဒါက လုပ်ဆောင်ချက်အသစ်ပါ”


စွင်းဝူယန်က ခေါင်းညိတ်လိုက်သည်။

“ဪဟုတ်လား အဲ့ဒါကြောင့် ငါမသိတာကိုး”


စွင်းမန်ရို့က မျက်လွှာချလိုက်သည်။


သတင်းစာထဲတွင် ပါနိုင်မည့်ကိစ္စအား ဘယ်သူမှလက်မလွှတ်နိုင်သည်ကို သူမသိသည်။


🍵

ဌာနတွင်။


ဟွမ်ချီမင် အိပ်မက်မှ ဆတ်ခနဲနိုးလာပြီး တစ်ခုခုလွဲနေသည်ဟု ခံစားမိသွားသည်။


သူကထထိုင်ပြီး တစ်ချက်ကြည့်လိုက်ရာ ချက်ချင်းပင် မျက်နှာကနီရဲသွားသည်။


သူ့အိပ်ရာခင်းရော စောင်ကပါစိုနေပြီး သူ့ဘောင်းဘီကလည်း ကြည့်မကောင်းနေပေ။


အခုလေးတင် မက်ခဲ့သည့် အိပ်မက်ကိုပြန်တွေးကြည့်လိုက်ရာ သူ့မျက်နှာက ထပ်လောင်ကျွမ်းလာသည်။


အတိတ်တွင် သူ၏ဘောင်းဘီကို စိုစေခဲ့ဖူးသော်လည်း ဒီတစ်ကြိမ်က ထိုသို့မဟုတ်ပေ။


ဘာကြောင့်ဒီလိုရှက်စရာကောင်းသည့် အိပ်မက်မက်သလဲပြောပြရမည်ဆိုလျှင် လွန်ခဲ့သည့်နှစ်ရက်မှ စတင်၏။


၎င်းက သူ့ဝမ်းကွဲ၏မင်္ဂလာဆောင်ဖြစ်ကာ ဧည့်ခံပွဲသို့ အဖိတ်ခံထားရသည်။


ထိုနေ့ညတွင် သူ၏အခြားဝမ်းကွဲများက ခိုးနားထောင်ရန်အတွက် သူ့ကိုထောင့်နားသို့ဆွဲခေါ်သွားကြသည်။


၎င်းက သူ့ကို လောကအသစ်တစ်ခုအား အမြင်ပွင့်သွားစေသည်။


အခုချိန်ထိတိုင်အောင် ထောင့်နားတွင်ကြားခဲ့ရသည့် အသံများနှင့် သူ့ညီအစ်ကို၏စကားသံများက သူ့နားထဲတွင် ကြားယောင်နေဆဲဖြစ်သည်။ သူကရင်တုန်သွားက မျက်နှာကထပ်ရဲသွားပြန်သည်။


အရင်တုန်းက လက်ထပ်ခြင်း၏ ပျော်ရွှင်မှုကို သူကြားခဲ့ဖူး၏။သို့သော် ထိုပျော်ရွှင်မှုက အတိအကျဘာဆိုသည်ကို သူမသိခဲ့ပေ။


ထိုနေ့ညတွင် ခိုးနားထောင်ပြီးသောအခါမှ နောက်‌‌ဆုံးတွင် သူနားလည်သွားသည်။


သူက ယောက်ျားတစ်ယောက်နှင့် မိန်းမတစ်ယောက်ကြားမှ ပျော်ရွှင်မှုကို မသိခဲ့ပေ။


သူကအံ့ဩလွန်းသဖြင့် နေ့ဘက်တွင်ထိုအကြောင်းကို တွေးနေခဲ့ရာ ညဘက်တွင် အိပ်မက်ထဲရောက်လာ၏။


အိပ်မက်ထဲတွင် သူက သူ့ကောင်မလေးကို ရင်ခွင်ထဲထည့်ထားပြီး ကိစ္စမျိုးစုံကို သူမအပေါ်ပြုလုပ်နေ၏။


ဒါပေမယ့် သူ့အိပ်ရာခင်းနဲ့ စောင်တွေကိုဘယ်လိုလုပ်ရမလဲ။


သူက ရုတ်တရက် မတ်ခွက်ကိုမြင်သွားရာ အကြံရသွားသည်။


သူကထရပ်ကာ ခွက်ကိုယူပြီး သူ့စောင်ပေါ်လောင်းချလိုက်သည်။ ရုတ်တရက်ဆိုသလိုပင် စိုနေသည့်နေရာက ကြီးသွားသည်။


သူက အဝတ်အစားလဲကာ စောင်ကိုနေရောင်ပြရန်အတွက် အောက်သို့ယူသွားလိုက်သည်။


သို့သော်ငြား အခြောက်လှန်းသည့်နေရာသို့ သူရောက်သောအခါ ကျိုးရန်နှင့် ဝမ်ရူကွေ့တို့ကလည်း အဝတ်လှန်းနေကြသည်။


ကျိုးရန်က သူ့စောင်ကိုမြင်သောအခါ အော်ရယ်လာ၏။

“ဘုရားရေ ခွေးဥဟွမ် မင်းကအသက်ဘယ်လောက်ရှိနေပြီလဲ အိပ်ရာထဲ‌သေးပေါက်နေတုန်းလား”


ဝမ်ရူကွေ့ “……”


ဟွမ်ချီမင် “……”


ဟွမ်ချီမင်၏မျက်နှာက အပြုတ်ခံလိုက်ရသည့် ပုစွန်လိုပင် နီရဲသွားသည်။ သူက အံကြိတ်လိုက်သည်။


“ချီးခေါင်းကျိုး ဘာပေါက်ကရတွေပြောနေတာလဲ၊ ငါကစောင်ပေါ်ကို မတော်တဆရေမှောက်ကျသွားလို့ပါဟ”


“အိုး ဟုတ်ပါပြီ မင်းက အိပ်ရာထဲမှာ‌ ရေသောက်နေတာပေါ့”


ကျိုးရန်က ပြောရင်းဖြင့် အနားသို့လျှောက်လာပြီး အနံ့ခံလိုက်သည်။

“ဟုတ်ပါတယ် သေးနံ့ပါကွ၊ မင်းကအိပ်ရာထဲမှာ သေးပေါက်ချလိုက်တာဘဲ”


ဟွမ်ချီမင် “……”

ဟွမ်ချီမင်၏ဒေါသဖြင့် မျက်နှာနီလာပြီး ဘာမှပြန်မပြောနိုင်သည်ကို မြင်သောအခါ ကျိုးရန်က နွေရာသီတွင် ရေခဲချောင်းစားရသည်ထက် ပိုအေးမြသွားသည်။


ဝမ်ရူကွေ့က တစ်ချိန်လုံးဘာမှမပြောလာသောအခါ သူက ဝမ်ရူကွေ့ကို သူနှင့်အတူ ဟွမ်ချီမင်ကိုစစေချင်သွားသည်။


သူလှည့်ကြည့်လိုက်သောအခါ ဝမ်ရူကွေ့၏မျက်နှာက ဟွမ်ချီမင်ထက်ပိုနီရဲသည်ကို မြင်လိုက်ရလေသည်။


? ? ?

ကျိုးရန်က ဟွမ်ချီမင်ကိုကြည့်ပြီးနောက် ဝမ်ရူကွေ့ကိုကြည့်ကာ ခေါင်းစားသွားသည်။


ဟွမ်ချီမင်က အိပ်ရာထဲ သေးပေါက်ချတာကို ဝမ်ရူကွေ့ကဘာလို့ရှက်နေတာလဲ။


ဒီနေရာမှာ တစ်ခုခုတော့လွဲနေပြီ။


အဝတ်လှန်းသည့်နေရာမှ ပြန်လာသောအခါ ဝမ်ရူကွေ့၏နားရွက်များက လောင်ကျွမ်းနေဆဲဖြစ်သည်။


ပြီးခဲ့သည့်ညတွင် သူကအရောင်အသွေးစုံသည့် အိပ်မက်မက်ခဲ့ပြီး မနက်ရောက်သောအခါ သူ့အိပ်ရာကို စိုသွားစေသည်ကို သတိပြုမိသွားသည်။


သူ့အိပ်မက်ထဲတွင် သူမက သူ့ကိုကြမ်းပြင်ပေါ်တွင်ဖိချုပ်ထားပြီး သူ၏ဘောင်းဘီများက.....


သူအိပ်ရာနိုးလာသောအခါ အလွန်အံ့ဩသွားသည်။

သူကဘယ်လိုဖြစ်ပြီး ဒီလောက်တောင်အရှက်မရှိရတာလဲ။


သူက ထိုသို့သောအိပ်မက်မျိုးမက်သည်ကို ထုံရွှယ်လူအား ဘယ်တော့မှပေးသိမည်မဟုတ်ပေ။ မဟုတ်ပါက သူမကသူ့ကိုလူရမ်းကားဟု သေချာပေါက်ထင်သွားလိမ့်မည်။


အခုချိန်တွင် ဝမ်ရူကွေ့ကကံကောင်းသလို ခံစားမိသွားသည်။ သူက စောင်ကိုအခြောက်မလှန်းခင်တွင် ရေလောင်းချလိုက်သည့်အတွက် ဝမ်းသာသွား၏။ မဟုတ်ပါက အလွန်ရှက်စရာကောင်းပေသည်။


သူက အခြောက်လှန်းသည့်နေရာမှ လမ်းတစ်ဝက်သို့ရောက်သောအခါ ကျောင်းယွင်ရှီးနှင့်ဆုံ၏။


ဝမ်ရူကွေ့က သူမဘေးမှဖြတ်လျှောက်သွားသည်။


ကျောင်းယွင်ရှီးက အနည်းငယ်အံ့ဩသွားသော်လည်း သူ့ကိုတားလိုက်သည်။

“ခဏလောက်ပါ ရဲဘော်ဝမ်”


ထိုအခါမှသာ ဝမ်ရူကွေ့ကရပ်သွားပြီး သူမကိုမျက်မှောင်ကြုတ်ကာ ကြည့်လာ၏။

“မင်းက.......”


ကျောင်းယွင်ရှီးက ဘာလုပ်ရမလဲမသိတော့ပေ။

“ကျွန်မ ကျောင်းယွင်ရှီးပါ ဒါနဲ့ ရဲဘော်ဝမ် ကျွန်မအဖေက ရှင်နဲ့ပြောချင်တာရှိလို့ သူ့ရုံးခန်းမှာ လာတွေ့စေချင်တယ်တဲ့”


“ကောင်းပါပြီ ကျွန်တော်အခုသွားလိုက်မယ်”

ထိုသို့ပြောပြီးနောက် ဝမ်ရူကွေ့ကထွက်သွားသည်။


သူ့နောက်ကျောကိုကြည့်ကာ ကျောင်းယွင်ရှီးက စိတ်ငြိမ်သွားသည်။


ဒီတလောအတွင်းတွင် သူမကကျောင်းတက်နေခဲ့၏။


သူမ၏အတန်းထဲတွင် အကြီးဆုံးဖြစ်သည့်အတွက် အခြားသူများက သူမ၏အသက်အရွယ်ဖြင့် ကျောင်းလာတက်သောအခါ ထူးဆန်းနေကြသည်။


ကျောင်းတက်ခြင်းက ခံစားချက်ကောင်း၏။ နေ့တိုင်းနေ့တိုင်းသူမက အလွန်စိတ်ချမ်းသာနေကာ ဗဟုသုတပင်လယ်ထဲတွင် ကူးခတ်နေ၏။ သူမက အရင်ကလို သူမကိုယ်မ အခြားသူအတွက် လုံလုံလောက်လောက်ကောင်းမနေမှာကို စိတ်မလုံမခြုံဖြစ်တာမျိုး မရှိတော့ပေ။


ထိုအချိန်တုန်းက သူမ၏ခံစားချက်များကို တစ်လုံးမှထုတ်မပြောခဲ့သည့်အတွက် ဝမ်းသာမိသည်။


🍵


ဟင်းခတ်အမွှေးအကြိုင်ထုပ်များကို စတင်ရောင်းချကတည်းက အလွန်ရောင်းရ၏။ စားသောက်ဆိုင်အများအပြားက ထုံရွှယ်လူဆီမှလာဝယ်ကြသည်။


ရောင်းမကောင်းသည့်နေ့ဆိုလျှင် အထုပ်၂၀၊၃၀လောက်ရောင်းရပြီး ရောင်းကောင်းသည့်နေ့ဆိုပါက အထုပ်၁၀၀ကျော်ရောင်းရသည်။


စားသောက်ဆိုင်တစ်ဆိုင်က ဟင်းခတ်အမွှေးအကြိုင်ဒီလောက်များများကို သုံးနိုင်မှာလား။


မသုံးနိုင်ပေ။


သီးသန့်လဲလှယ်ခြင်းကို ယနေ့ခေတ်တွင် တားမြစ်ထားသော်လည်း ဝယ်လိုအားရှိပါက ရောင်းရပေသည်။ အကုန်လုံးကို တစ်ခါတည်းဖိသိပ်မထည့်နိုင်ပေ။


မဟုတ်ရင် မှောင်ခိုဈေးတွေက ဘာလို့ပေါ်လာမှာလဲ။


ဤစားသောက်ဆိုင်များက ဟင်းခတ်အမွှေးအကြိုင်များကိုဝယ်သွားပြီးနောက်တွင် အကုန်လုံးကိုဆိုင်တွင်သုံးစရာမလိုပေ။တစ်ချို့က သူတို့မိတ်ဆွေနှင့် မိသားစုအတွက်ဝယ်ကြပြီး တစ်ချို့က လက်ဆောင်အဖြစ်အသုံးပြုကြသည်။


မြို့ပြင်တွင် မှောင်ခိုရောင်းသည့် လမ်းကြောင်းများတောင် ရှိနိုင်ပေသည်။


သို့သော်ငြား ထိုကိစ္စက ထုံရွှယ်လူကိုစိတ်မပူစေပေ။ သူမလိုအပ်သောအရာမှာ ‌ပိုက်ဆံများဆက်ဝင်နေစေရန်ဖြစ်သည်။


လတစ်လ၏အဆုံးသတ်က လျင်မြန်စွာရောက်လာပြီး ထုံရွှယ်လူက သူမ၏တိုးတက်မှုကို အစီရင်ခံရန်အတွက် ကုန်သွယ်ရေးဌာနသို့ရောက်လာခဲ့သည်။


ဒီတစ်ကြိမ်တွင် အစည်းအဝေးခန်းထဲသို့ သူမရောက်လာသောအခါ လူအများစုက သူတို့ဘက်မှစကာ သူမကိုနှုတ်ဆက်လာကြသည်။


“မန်နေဂျာထုံ အမဲသားလုံးနဲ့ ငါးအသားလုံးတွေကို ဘယ်တော့စရောင်းမှာလဲ”


“အဲ့ဒီအကြောင်းငါသိတယ် ၊ ငါတို့ရဲ့စားသုံးသူတွေက အမဲသားလုံးမပါတဲ့ မာလာထန်က အရသာမတူဘူးလို့ ပြောကြတယ်”


“အထူးဆန်းဆုံးက ဘာလဲမင်းသိလား၊ ငါတို့ဆိုင်က စားဖိုမှူးက ငါးအသားလုံးတွေကိုလုပ်တတ်ပေမယ့် အရသာကတစ်ခုခုလွဲနေတယ်”


ထိုလူ၏စကားကို လူအများကထောက်ခံကြသည်။


စားဖိုမှူးအများစုသည် အမဲသားလုံးနှင့် ငါးအသားလုံးများကို လုပ်တတ်သော်လည်း အရသာမတူပေ။သူတို့က တစ်ထပ်တည်းတူသည့်အရသာကို မလုပ်နိုင်သေးပေ။


အခြားသူများပြောနေချိန်တွင် သက်လတ်ပိုင်းအရွယ်ယောက်ျားကြီးက အသံတိတ်နေ၏။


သူတို့ပြောပြီးသောအခါ သူကရုတ်တရက်ဝင်ပြောလာသည်။


“တူညီတဲ့ ပါဝင်ပစ္စည်းတွေကို သုံးရင်တောင်မှ နောက်ဆုံးအရသာက စားဖိုမှူးမတူတဲ့အတွက် ကွဲပြားနေဦးမှာဘဲ၊ မန်နေဂျာထုံကိုယ်တိုင်က ထိပ်တန်းအဆင့်စားဖိုမှူးဆိုတာကို မင်းတို့မေ့သွားတာလား”


အခြားသူများက သူ့စကားကိုထောက်ခံကာ ဤအကြောင်းပြချက်က ဖြစ်နိုင်သည်ဟု သဘောတူကြ၏။


ထုံရွှယ်လူက ထိုလူကိုလှမ်းကြည့်လိုက်သည်။ ထိုသူက အသက်34-35လောက်ရှိကာ ပိန်ပါးပြီး လူကြီးလူကောင်းဆန်သည့်ပုံစံရှိ၏။


ထုံရွှယ်လူက သူ့ကိုကြည့်လာသည်ကိုမြင်သောအခါ သူ့နှုတ်ခမ်းများက အနည်းငယ်‌ကွေးတက်လာပြီး ဖော်ရွေသောအမူအရာဖြင့် ခေါင်းညိတ်ပြလိုက်သည်။


ထုံရွှယ်လူကလည်း သူ့ကိုခေါင်းပြန်ညိတ်ပြလိုက်သည်။


ခနကြာပြီးနောက်တွင် အထက်အရာရှိများရောက်လာကြ၏။