အပိုင်း၁၇၃
Viewers 32k

🍵Chapter 173




အစည်းအဝေးပွဲတိုင်းသည် အကြောင်းအရာအားလုံး တူညီလုနီးပါးဖြစ်ကြပြီး လူများကို အိပ်မောကျစေနိုင်သည်။


သို့သော် ထုံရွှယ်လူမှာ အလွန်လေးနက်ပုံရပြီး မှတ်စုအားလုံးကို ချရေးရန်အတွက် သူမနှင့်အတူ မှတ်စုစာအုပ်တစ်အုပ်ကိုပင် ယူဆောင်လာသည်။


မန်နေဂျာ လင်း ရောက်သည့်အခါ ထုံရွှယ်လူ က မှတ်စုများရေးသားနေသည်ကို တွေ့လိုက်ရသည်။


အစည်းအဝေး၌ မှတ်စုရေးသည့်လူမှာ လက်တစ်ဆုပ်စာသာလျှင် ရှိပေသည်။


ထုံရွှယ်လူသည် စိတ်အားထက်သန်မှု၊ တာဝန်ယူမှု၊ တီထွင်ဖန်တီးမှုရှိသူဖြစ်သည်။ ထို့အပြင် ရဲရင့်သော စိတ်ကူးစိတ်သန်းများရှိပြီး ၎င်းတို့ကို အကောင်အထည်ဖော်သည့်အခါတွင်လည်း စေ့စေ့စပ်စပ်တိကျသော လူတော်တစ်ယောက်ဖြစ်သည်။


အစည်းအဝေးအပြီးတွင် မန်နေဂျာလင်းက ထုံရွှယ်လူအား သူမ တစ်ယောက်တည်း သူ၏ရုံးခန်းဆီသို့ သွားစေသည်။


ထုံရွှယ်လူသည် ဟင်းခတ်အမွှေးအကြိုင်အထုပ်များနှင့် ပတ်သက်သော ကိစ္စရပ်များကို ပြောလိုသည်ဟု ထင်မိသော်လည်း ပြောလာသည်က " မန်နေဂျာ ထုံ၊ မင်း ကုန်သွယ်ရေးဌာနကို လာပြီး ငါ့ရဲ့ အတွင်းရေးမှူးလုပ်ဖို့ စိတ်ဝင်စားသလား "


သူ ထိုသို့ပြောပြီးသည်နှင့် အတွင်းရေးမှူးကျိုးသည် သူမ၏လက်ထဲတွင် ရေဖန်ခွက်နှစ်ခွက်ကို ကိုင်ဆောင်ကာ ဝင်လာသည်။ သူမလက်များက တုန်ခါသွားကာ ကြွေခွက်များ ကြမ်းပြင်ပေါ်သို့ ပြုတ်ကျသွားသည်။


မန်နေဂျာလင်းက မျက်မှောင်ကြုတ်ကာ "ဘာ ဖြစ်‌တာလဲ "


အတွင်း‌ရေးမှုးကျိုး၏ မျက်နှာက ဖြူဖျော့နေ လေသည်။ " တောင်းပန်ပါတယ်။ ခလုတ်တိုက်မိတာပါ။ နောက်ထပ်သွားယူလိုက်ပါ့မယ် "


ထိုသို့ပြောပြီးနောက် သူမသည် ကြမ်းပြင်ပေါ်မှ ကြွေခွက်များကို ကောက်ယူကာ ထုံရွှယ်လူအား ရှုပ်ထွေးသောမျက်နှာအမူအရာကို ပေးလိုက်ကာ ထွက်သွားသည်။


ထုံရွှယ်လူက သူမ စိတ်ထဲ ငြီးတွားလိုက်သော်လည်း အပြင်ပန်းတွင်  သက်ပြင်းချလိုက်သည်။ 


" မန်နေဂျာ လင်းက တကယ်အမြော်အမြင်ရှိတဲ့သူပါ။  ကျွန်မကို အရမ်းအထင်ကြီးချီးမြှောက်ပေးလို့လည်း ၀မ်းသာမိပါတယ်။ ဒါပေမဲ့ ဒီနေရာက ကျွန်မနှလုံးသားရှိတဲ့နေရာမဟုတ်ပါဘူး။ ကျွန်မက ငယ်ငယ်ကတည်းက ချက်ပြုတ်ရတာကို ဝါသနာပါပြီး စားသောက်ဆိုင်တစ်ခုရဲ့ မန်နေဂျာဖြစ်ခွင့်ရတဲ့အတွက် အရမ်းပျော်ပါတယ်။ 


ဒါ့အပြင် အတွင်းရေးမှူးကျိုးနဲ့ ကျွန်မရဲ့ အကန့်အသတ်ရှိသည့် ထိတွေ့မှုကနေတောင်မှ သူမက ကျွန်မထက် ဒီရာထူးအတွက် ပိုသင့်တော်တယ်လို့ ခံစားရတယ်။ သူမက မန်နေဂျာ လင်း၏ အလုပ်နှင့် ချိန်းဆိုမှုအားလုံးကို အစီအစဉ် ပြုလုပ်ပေးနိုင်တယ်။


အတိတ်တုန်းက ကျွန်မရဲ့ဦးနှောက် ဒဏ်ရာရခဲ့ဖူးကြောင်းကိုလည်း ပြောပြသင့်တယ်ထင်ပါတယ်။  ဒဏ်ရာကြောင့် အရာရာကို ရေးသားမထားဘူးဆိုရင် အဲဒါက ခပ်မြန်မြန် မေ့ပျောက်သွားတတ်မယ်။ ကျွန်မလို ဦးနှောက်တွေ ပြန့်ကျဲနေတဲ့သူတစ်‌ယောက်က အတွင်းရေးမှူးကောင်းတစ်ယောက် ဖြစ်လာမှာ မဟုတ်ပါဘူး.... "


အတွင်းရေးမှုးကျိုးသည် ထုံရွှယ်လူပြောဆို နေသည့်နောက်ဆုံးအပိုင်းကို ရေသွားယူ၍ ပြန်‌ရောက်လာချိန်၌ ကြားလိုက်ရပြီး အံ့သြသွားလေသည်။


ထုံရွှယ်လူက မန်နေဂျာ လင်း၏ အဆိုပြုချက်ကို လက်ခံပြီး သူမအလုပ်ကို ယူသွားလိမ့်မည်ဖြစ်ကြောင်း သေချာပေါက် ခံစားနေခဲ့သည်။


အတွင်းရေးမှူးတစ်ယောက်ဖြစ်ခြင်းသည် စားသောက်ဆိုင်တစ်ခု၏မန်နေဂျာဖြစ်ခြင်းကဲ့သို့ မက်မောဖွယ်မကောင်း‌ပုံဖြစ်နိုင်သော်လည်း ရာထူးမှတစ်ဆင့် လူများစွာနှင့် တွေ့ဆုံနိုင်ပေသည်။ ထိုအရာက စားသောက်ဆိုင်မန်နေဂျာတစ်ယောက်အနေဖြင့် ရရှိနိုင်သည့်အရာမဟုတ်ချေ။


ပို၍အရေးကြီးသည်က သူမမှာ အတွင်းရေးမှူးဖြစ်ရုံကလွဲပြီး တခြားအရည်အချင်းမရှိပေ။ထုံရွှယ်လူကြောင့် အလုပ်ဖြုတ်ခံရပါက သူမ မည်သို့လုပ်ရမည်နည်း။


ထုံရွှယ်လူ၏ စကားကိုကြားသောအခါ မန်နေဂျာ လင်းက အံ့သြသွားသည်။


 "အိုး ဝေါင်း၊ အဲလို ကြားရတာ စိတ်မကောင်းပါဘူး "


အတွင်းရေးမှူးတစ်ဦးအတွက် အသေးစိတ်အချက်အလက်များကို အာရုံစိုက်ရန် အရေးကြီးသော်လည်း  မှတ်ဉာဏ်‌ကောင်းများရှိရန်လည်း လိုအပ်လေသည်။ အကြောင်းမူကား အစည်းအဝေးများ၌ သူ့အား အကြောင်းများကို မကြာခဏ သတိပေးရမည်ဖြစ်သောကြောင့်ဖြစ်သည်။


ထုံရွှယ်လူသည် သွားလေရာရာတိုင်းတွင် သူမ၏မှတ်စုစာအုပ်ကို ယူဆောင်လာနိုင်မည်မဟုတ်ဘဲ  ၎င်းမပါရှိလျှင် တစ်ချိန်လုံး စိတ်ပင်ပန်းရှုပ်ထွေးမည်ဖြစ်သည်။


ထုံရွယ်လူလည်း ဝမ်းနည်းစွာ ခေါင်းညိတ်လိုက်သည်။


 " ဟုတ်ပါတယ်၊ ဒါက ကျွန်မကို မှတ်စုစာအုပ်နဲ့ တစ်ချိန်လုံးမြင်ရတဲ့ အကြောင်းရင်းပါပဲ။ ကျွန်မ အရာရာကို မမေ့ပျောက်သွားဖို့ သေချာချင်တယ်လေ "


အတွင်းရေးမှူးရာထူးသည် အတွင်းရေးမှူး‌ကျိုးအတွက် အရေးပါသော်လည်း ထုံရွှယ်လူအတွက်မူ အလွန်အရေးမကြီးချေ။


အမှန်အတိုင်းပြောရလျှင် သူမသည် စားသောက်ဆိုင်မန်နေဂျာရာထူးကိုလည်း အလွန်ဂရုမစိုက်ချေ။  အနာဂတ်၌ သူမဘာသာသူမ စီးပွားရေးလုပ်နိုင်သည့်အခါ အလုပ်ထွက်မည့် ပထမဆုံး သူဖြစ်သည်ပင်။


ထိုသည်က သူမ ရာထူးများကို ဂရုမစိုက်သည့်အချက်တစ်ချက်ဖြစ်ပြီး သေချာသည်မှာ ထိုအရာများကို ထုတ်ဖော်ပြမည်မဟုတ်ချေ။


သူမက အနာဂတ်တွင် နိုင်ငံရေးနယ်ပယ်သို့ ဝင်ရောက်ရန် ရည်ရွယ်ချက်မရှိသော်လည်း အစိုးရအရာရှိများနှင့် ကောင်းမွန်သောဆက်ဆံရေးရှိထားပါက အကျိုးရှိနေဆဲဖြစ် လေသည်။


မန်နေဂျာလင်း၏ရုံးခန်းမှ ထွက်လာချိန် အတွင်းရေးမှူးကျိုး ထုံရွှယ်လူကိုတွေ့သောအခါ သူမ အနည်းငယ် ရှက်နေပုံရသည်။


ထုံရွှယ်လူအကြောင်း  ညံ့ဖျင်းစွာ တွေးတောမိခြင်းအတွက် သူမသည် ထုံရွှယ်လူအား အတွင်းပိုင်းသတင်းအချို့ကို ပြောပြလိုက်သည်။


“ မန်နေဂျာ ထုံ၊ မြို့တော်မှာ ဟင်းချက်ပြိုင်ပွဲ တစ်ခုကျင်းပဖို့ရှိပါတယ်။ အဲဒီပြိုင်ပွဲရဲ့အနိုင်ရရှိသူက နိုင်ငံခြားဧည့်သည်များကို ဧည့်ခံဖို့ အခွင့်အရေးရရှိပါလိမ့်မယ် "



နိုင်ငံခြားဧည့်သည်များကို ဧည့်ခံသည်လား။


ထိုနောက်ဆုံးစကားအနည်းငယ်က ထုံရွှယ်လူ ၏မျက်လုံးများကို တောက်ပစေသည်။


နိုင်ငံခြားဧည့်သည်များကို ထိပ်တန်းအဆင့်စားသောက်ဆိုင်များသာလျှင် ဧည့်ခံနိုင်လေသည်။

 

သူမ၏ လက်ရှိစားသောက်ဆိုင်သည် ဒုတိယတန်းအဆင့်တွင်သာရှိပြီး နိုင်ငံခြားဧည့်သည်များကို လက်ခံရန် အရည်အချင်းမပြည့်၀ပေ။


သူမသာ ပြိုင်ပွဲတွင် အနိုင်ရရှိပါက စားသောက်ဆိုင်ကို အဆင့်မြှင့်တင်နိုင်မည်ဖြစ်သည်။


ပြိုင်ပွဲ၌ အနိုင်ရခြင်းနှင့် ဆက်စပ်သည့် တခြားအကျိုးကျေးဇူး အများအပြားလည်းရှိ‌ ပေသည်။ ပထမဆုံးအနေဖြင့် သူမ လစာတိုးပေးခံရလိမ့်မည်။ ထို့နောက် စားသောက်ဆိုင်ကို တိုးချဲ့ပြီး ပြုပြင်မွမ်းမံရန်အတွက် ဘတ်ဂျက်ရှိသွားမည်ဖြစ်သည်။


တတိယ‌မြောက်နှင့် အားလုံးထဲမှ အရေးကြီးဆုံးအချက်မှာ စားသောက်ဆိုင်တွင် ဖုန်းတပ်ဆင်နိုင်ခြင်းဖြစ်သည်။


သူမ၏အိမ် သို့မဟုတ် အလုပ်ခွင်တွင် ယခုလောလောဆယ်၌ ဖုန်းတပ်ဆင်ထားခြင်းမရှိ‌ ချေ။ အလုပ်တွင် ဖုန်းတစ်လုံး တပ်ဆင်ထားနိုင်ပါက နောင်တွင် ၀မ်ရူကွေ့ကို ဆက်သွယ်ရန် ပိုမိုလွယ်ကူလာမည်ဖြစ်သည်။


ထုံရွှယ်လူ၏ အနီရောင်နှုတ်ခမ်းများ ကွေးညွတ်သွားသည်။ " ကျေးဇူးတင်ပါတယ် အတွင်းရေးမှူးကျိုး။ တစ်ချိန်ချိန်မှာ ကျွန်မတို့နှစ်‌ယောက် အတူတူ စျေးဝယ်ထွက်သင့်တယ် "


ထိုစကားကို ကြားသောအခါ အတွင်းရေးမှူးကျိုး၏ မျက်လုံးများ တောက်ပလာပြီး သူမ က အကြိမ်ကြိမ် ခေါင်းညိတ်ပြသည်။


 "ကောင်းပါပြီ၊ ကျွန်မ အားလပ်​ချိန်​ရတဲ့အခါ ဆက်သွယ်လိုက်ပါ့မယ် "


ထုံရွှယ်လူသည် လှပပြီး ဝတ်စားဆင်ယင်ပုံကို ကောင်းကောင်းသိသောကြောင့် အကြံဥာဏ်များ ပေးစွမ်းနိုင်လိမ့်မည်ဟု သူမခံစားရသည်။


သဘာ၀ကျစွာ ထုံရွှယ်လူထံ၌  ငြင်းဆိုရန် အကြောင်းပြချက် မရှိချေ။


ကုန်သွယ်ရေးဌာနမှ ထွက်လာသောအခါ ထုံရွှယ်လူက  ပြိုင်ပွဲကို မည်ကဲ့သို့ အနိုင်ယူရမည်ကို စတင်စဉ်းစားသည်။


သူမ အကြံတစ်ခု လျင်မြန်စွာ ရရှိလိုက်သည်။


🍵


ထုံကျားရှင်းသည် ကျောင်းသွားရန် ရပ်တန့်လိုက်သည့်အစပိုင်း၌ အလွန်ပျော်ရွှင်ခဲ့သော် လည်း တစ်ခုခု လွဲမှားနေပြီကို နားလည်သဘောပေါက်ရန် အချိန်မကြာလိုက်ချေ။ 


သူသည် နေ့စဉ်နေ့တိုင်း မနက်အာရုံတက်ချိန်ထ၍ မနက်စာပြင်၊ ပန်းကန်‌ဆေး၊ အဝတ်လျှော်၊ အိမ်သန့်ရှင်းရေးနှင့် ကြက်လှောင်အိမ် သန့်ရှင်းရေးများကို ပြုလုပ်ရသည်။ နောက်ဆုံး ထိုကိစ္စများအားလုံး အကုန်ပြီးသွားချိန်၌ နေ့ခင်းသို့ ရောက်ရှိသွားပြီး နေ့လည်စာပြင်ရန် အချိန်ဖြစ်သွားလေသည်။


ယခုကာလသည် ဆောင်းဦးရာသီဖြစ်ပြီး သန့်ရှင်းရေးလုပ်ရန် အိမ်နောက်ဖေး၌ သစ်ရွက်များအဆက်မပြတ် ကြွေကျနေသည်။ ညနေ ၃ ၊ ၄ နာရီရောက်ချိန်၌ ညစာပြင်ဆင်ခြင်းမပြုမီ စားသောက်ကုန်များဝယ်ယူရန် ဈေးဆိုင်၌ တန်းစီရမည်ဖြစ်သည်။


တစ်နေ့တာ၏အဆုံးသတ်၌ အသက်ရှုမဝရုံသာမက တစ်နေ့ခင်းလုံး ဟိုဟိုဒီဒီ မရပ်မနား ပြေးလွှားနေရပေသည်။


ရာသီဥတုက ပိုမိုအေးလာပြီး ဤအပူချိန်တွင် အဝတ်လျှော်မည်ဆိုလျှင် နှင်းကိုက်နာခံစား‌ရလိမ့်မည်ဖြစ်သည်။


ထုံကျားရှင်း ယခုအခါမှ နောင်တရသွားလေသည်။


ကျောင်းတက်ရသည်ထက် အိမ်အလုပ်လုပ်ရခြင်းက ပို၍ခက်ခဲမည်ဟု ဘယ်အချိန်ကမှ မထင်ထားခဲ့ချေ။


ထိုနေ့ ထုံရွှယ်လူအိမ်ပြန်ရောက်လာသောအခါတွင် သူ၏ဆုံးဖြတ်ချက်အတွက် နောင်တရပြီး ကျောင်းပြန်တက်လိုကြောင်း ပြောပြလိုက်သည်။


ထုံရွှယ်လူက သူ့ကို အေးစက်စွာ ကြည့်သည် ။ " အခု နင့်ဆုံးဖြတ်ချက်အတွက် နောင်တရနေပြီလား 

"

ထုံကျားရှင်းက ရှက်ရွံ့စွာ ခေါင်းညိတ်ပြလိုက်သည်။


 " ဟုတ်ကဲ့ "


ထုံရွှယ်လူက " အင်း ၊ ဒါပေမဲ့ နင်က ပြန်လမ်းမရှိတဲ့လမ်းကို လျှောက်ပြီးသွားပြီလို့ ပြောရတာ စိတ်‌မကောင်းပါဘူး။ ငါ နင့်ကို သေချာ တွေးကြည့်ဖို့‌ ပြောခဲ့တယ်။ အခု နင်က ကျောင်းထွက်ပြီးသွားပြီ။ အခုပြန်ချင်နေရင်တောင် နင့်ဖို့နေရာ မရှိတော့ဘူး "


ထုံကျားရှင်း ချက်ချင်း ဖြူဖျော့သွားသည်။


 " ဒါဆို ငါ ဘာလုပ်ရမလဲ။ အိမ်မှာမနေချင်တော့ဘူး။ အိမ်မှုကိစ္စလည်း မလုပ်ချင်တော့ဘူး။ အစ်မ ကျေးဇူးပြုပြီး ဆရာတို့နဲ့ စကားကောင်းကောင်း ပြောပေးပါ "


ထုံရွှယ်လူက ရယ်မောလိုက်သည်။


 " ငါက ဘာလို့ သွားပြီးတော့ နင့်အတွက် စကားကောင်းတွေပြောပေးရမှာလဲ။ နင် ကျောင်းမှာ တစ်ချိန်လုံးလုပ်ခဲ့တဲ့ အရှုပ်အထွေးတွေကို ငါရှင်းပြီးပြီ။ နင့်နောက်ကို လိုက်ပြီး  တစ်သက်လုံး အရှုပ်ထုပ်တွေ ရှင်းပေးဖို့ မျှော်လင့်ထားတာလား...နင်က မငယ်တော့ဘူး ကိုယ်ပိုင်ဆုံးဖြတ်ချက်တွေအတွက် တာဝန်ယူရမယ်။ ငါက နင့်ရဲ့အစ်မ၊ နင့်ရဲ့အ‌စေခံမဟုတ်ဘူး။ ငါ့မှာ နေ့စဉ်ဂရုစိုက်စရာတွေ အများကြီးရှိပြီး နေ့စဥ်နေ့တိုင်း ရှင်းလင်းရေးလုပ်ဖို့ အချိန်မရှိဘူး "


ထုံကျားရှင်း နှုတ်ခမ်းကို အလွန်အမင်းကိုက်လိုက်ပြီး ဖြူဖပ်ဖြူရော် ဖြစ်သွားသည်ပင်ဖြစ်သည်။


ထုံရွှယ်လူက " ငါ နင့်ကို အခွင့်အရေးပေးခဲ့ပေမယ့် နင် အဲ့ဒါကို စွန့်ပစ်ဖို့ ဆုံးဖြတ်လိုက်ခဲ့တယ်။ ဘဝမှာ တစ်ချို့အရာတွေက နောက်ပြန်ဆုတ်လို့မရဘူး "


ထိုစကားကိုပြောပြီး သူမအခန်းထဲသို့ ဝင်သွားကာ ရေချိုးရန် အဝတ်အစားများကို ဆွဲယူလိုက်ပြီး သူ့ကို  နောက်တစ်ကြိမ်ပင် ပြန်မကြည့်ဘဲ ရေချိုးရန် ထွက်ခွာသွားသည်။


ထုံရွှယ်လူအခန်းထဲမှ ထွက်သွားသည်နှင့် ထုံကျားရှင်း၏ပါးပြင်ပေါ်သို့ မျက်ရည်များ စီးကျလာလေသည်။


ဧည့်ခန်းထဲတွင် သူတစ်ယောက်တည်းသာ ကျန်ရှိ‌သည်။  နှစ်သိမ့်ပေးမယ့်သူ တစ်ဦးတစ်ယောက်မျှ ရှိမနေဘဲ အားလုံးက သူ့အား မေ့‌ပျောက်နေကြသကဲ့သို့ပင်။


ထုံကျားရှင်းက ပို၍ ပို၍ ပြင်းပြင်းထန်ထန် ငိုကြွေးနေပြီး သူ၏မျက်ရည်များကို ထိန်းချုပ်နိုင်မှုကင်းလွတ်ကာ မရပ်တန့်နိုင်ချေ။


ထုံကျားမင်က လှည့်ထွက်မသွားခင် ပြတင်းပေါက်နား၌ အကြာကြီး မတ်တပ်ရပ်နေခဲ့သည်။


ထုံကျားရှင်း၏ မျက်လုံးများသည် နောက်နေ့မနက်တွင် သစ်ကြားသီးများကဲ့သို့ ရောင်ရမ်း နေသည်။


ထုံရွှယ်လူက ထိုသည်ကို သတိမထားမိသကဲ့သို့ ပြုမူကာ မနက်စာစားပြီးနောက် အလုပ်သွားလေသည်။


ထုံကျားမင်သည်လည်း မည်သည့်စကားကိုမျှမပြောလာပေ။ သူက မနက်စာစားပြီးချိန်တွင် ကျောပိုးအိတ်လွယ်ကာ စာသင်ကျောင်းသို့ သွားသည်။


သူ့ဒုတိယအစ်ကို၏နောက်ကျောကို ကြည့်ရင်း နှစ်ယောက်သား စက်ဘီးဖြင့် အလုပ်သွားရသည့် နေ့ရက်များကို ပြန်တွေးမိရင်း ထုံကျားရှင်း တစ်ယောက် စာသင်ကျောင်းကို ပထမဆုံးအကြိမ် သတိရမိသည်။


သူ အမှန်တကယ် နောင်တရမိသည်။


သူ့အစ်မကြီးက သူ့ကိုကူညီရန် ငြင်းဆန်သည့်အခါ မည်သို့လုပ်ရမည်နည်း။