အပိုင်း ၁
Viewers 9k


Chapter-1 


[ သနားစရာကောင်းတဲ့ ဗီလိန်လေးကို ကယ်တင်ခြင်း ]


အခန်း-၁။ ကျွန်တော့်ဘာသာ လဲကျသွားတာပါ


______



ရှုနဥ်တစ်ယောက် နားထဲမှတဝီဝီအသံများကြောင့် ခေါင်းကိုခါယမ်းလိုက်သည်။ 


တစ်စုံတစ်ယောက်က သူ့ကိုစကားပြောနေပုံပင်။ အသံကတစ်ချက်တစ်ချက် နီးလာလိုက် တစ်ချက်တစ်ချက်ဝေးသွားလိုက် ခံစားနေရသည်။ သူ သေချာရှင်းလင်းစွာ မကြားရပေ။ အသံပေါင်းစုံအား ရေပေါ်တွင်စီးဆင်းနေသော လှိုင်းလုံးများကဲ့သို့ ဝေဝေဝါးဝါးသာကြားနေရ၏။ 


သူ့ခေါင်းအနောက်ဘက်မှာ နာကျင်နေပြီး နားထင်ကြောများက တဆစ်ဆစ်ခုန်နေသည်။ ရှုနဥ်သည် သူ့ပတ်ဝန်းကျင်မှ အသံများ တဖြည်းဖြည်းရှင်းလင်းလာတဲ့အချိန်အထိ လက်တစ်ဖက်နှင့် ခေါင်းကို ဖိကိုင်ထားလိုက်သည်။


"ရှုနဥ် မင်းကို တကယ်ပဲ တွန်းလိုက်တာ ဘယ်သူလဲ"


ရှုနင်က သူ့အာရုံတွေကို ပြန်စုစည်းလိုက်ပြီး နောက်ဆုံးတွင် သူ့ခေါင်းမှာ ပိုမိုကြည်လင်လာသည်။


ပတ်ဝန်းကျင်ကို ကြည့်လိုက်သောအခါ အကန့်ငယ်များနှင့်စားပွဲခုံံများရှိသည့် ကျယ်ဝန်းသော ရုံးခန်းတစ်ခန်းထဲ ရောက်ရှိနေကြောင်းတွေ့လိုက်ရသည်။


သူ့ရဲ့ မျက်နှာချင်းဆိုင် အဖြူရောင်နံရံပေါ်တွင် 


[ လူတွေအား ဆုံးမပညာပေးရာတွင် အရည်အချင်းနှင့်သိက္ခာရှိရမည် ] ဆိုသော တရုတ်ရိုးရာစကားလုံးများချိတ်ဆွဲထားသည်။ 


ရှုနဥ်က အနီးဆုံးစားပွဲခုံံကို ကြည့်လိုက်သောအခါ ထိုနေရာတွင် Grade 7 စာပေနှင့် ဘာသာစကား ဟူသော စာအုပ်တစ်အုပ်ကိုတွေ့လိုက်ရသည်။ ထိုစာအုပ်မှာ အပြာနှင့်အစိမ်းအဖုံးရှိပြီး အနားများမှာအနည်းငယ် ခေါက်နေ၏။ 


သူ့အား ထိုမေးခွန်းမေးသောသူမှာ အသက် ၄၀အရွယ်ရှိ အမျိုးသမီးတစ်ဦးဖြစ်သည်။ သူမတွင် တစ်ခေါင်းလုံးကောက်ထားသော ဆံပင်ခွေခွေနှင့် ခပ်ရေးရေးပေါ်နေသော အပြုံးရာတချို့ရှိသည်။ သူမက စားပွဲဘေးတွင် ရပ်နေပြီး လက်တစ်ဖက်ဖြင့် Grade7 စာပေနှင့်ဘာသာစကား ဟူသော စာအုပ်ကိုထောက်ထားသည်။ သူမ၏ မျက်နှာအမူအရာမှာ အလွန်တင်းမာနေသည်။


"ရှုနဥ်..."


ထိုစဥ် သူ့နောက်ကျောအား ကြမ်းကြမ်းတမ်းတမ်း အတို့ခံလိုက်ရသည်။ ရှုနဥ်လှည့်ကြည့်လိုက်သောအခါ အရပ်ရှည်ရှည် ခပ်ဝဝကောင်လေးတယောက်က သူ့အနောက်မှာရပ်နေသည်ကို တွေ့လိုက်ရသည်။ ထိုကောင်လေးမှာ သူ့အား ညာဘက်သို့ အသည်းအသန် မျက်စပစ်ပြကာ သဲလွန်စပေးရန်ကြိုးစားနေသည်။ 


ရှုနဥ်က ထိုခပ်ဝဝ ကောင်လေးပြနေသောနေရာကို ကြည့်ရန် ညာဘက်သိို့လှည့်လိုက်သည်။


ကျစ်လျစ်သွယ်လျသော ကောင်လေးတစ်ဦး...


သူ့နောက်တွင်ရှိသော နံရံပေါ်တွင် ကြီးမားသော မှန်ပြတင်းပေါက်တစ်ခုရှိနေသည်။ နေရောင်ခြည်မှာ မှန်ပြတင်းပေါက်ကို ဖြတ်၍ ထိုကောင်လေး၏ အပြစ်အနာအဆာကင်းသော မျက်နှာပေါ်သို့ ဖြာကျနေသည်။ သူက နောက်ဘက်ရှိ ခုံစောင်းပေါ်သို့ ခပ်လျော့လျော့မှီ၍ ခြေတံရှည်များကိုဆန့်ထုတ်ထားသည်။ သူ့ဘယ်ဘက်လက်ကို ကြေမွနေသော ကျောင်းဝတ်စုံအပြာရောင်၏ အိတ်ကပ်ထဲသို့ထည့်ထားပြီး နောက်တဖက်ကိုမူ ခုံစောင်းအစွန်းတွင်ထောက်တင်ထားသည်။ သူ့ခေါင်းကို အနည်းငယ်မော့ထားသောကြောင့် သူ့ရဲ့နတ်သားလေးလိုချောမောသောမျက်နှာမှာပေါ်လွင်နေ၏။ 


ဘယ်လိုပဲဖြစ်ဖြစ်...သူ့ရဲ့ အဝါရောင်တောက်တောက်ဆံပင်တွေက အာရုံအဖမ်းစားနိုင်ဆုံးပဲ...။ 


သူက ရှုနဥ်ရဲ့အကြည့်နှင့်ဆုံသွားချိန်တွင် ထိုကောင်လေးမှာ မျက်ခုံးကိုပင့်၍ နှုတ်ခမ်းထောင့်စွန်းလေးကွေးသွားသည်။ သူ့ရဲ့အမူအရာမှာ အထင်အမြင်သေးကာ စိတ်ကြီးဝင်နေသည့်ပုံအပြည့်ပင်။ 


သူ့တစ်ကိုယ်လုံးတွင် ငါမင်းကိုရိုက်တော့ရော မင်းဘာဖြစ်ချင်လဲ ဆိုသည့် ပုန်ကန်လိုသောအငွေ့အသက်များအပြည့်ဖုံးလွှမ်းနေသည်။ 


ရှုနဥ်က အကြည့်လွဲလိုက်သည်။ သူဘာတွေဖြစ်နေလဲဆိုတာ မစဥ်းစားနိုင်သေးခင်မှာဘဲ သူ့အနားတွင်ရပ်နေသော ဆရာမက ခက်ထန်စွာဖြင့် ဆူငေါက်တော့သည်။


"ယင်းမင်ကျန်း မင်းရဲ့အပြုအမူကဘယ်လိုဖြစ်နေတာလဲ"


ယင်းမင်ကျန်းဆိုသောနာမည်က ရှုနဥ်၏ခေါင်းထဲတွင် မိုးကြိုးကဲ့သို့ ရိုက်ခတ်သွားသည်။ ထို့နောက်မှာတော့ ခလုတ်တစ်ခုနှိပ်လိုက်သလိုပင် သူ့ခေါင်းထဲသို့မှတ်ဉာဏ်များစီး၀င်လာတော့သည်။


ယင်းမင်ကျန်း...


ရှုနဥ်...


ကျောင်း...


အရေးပါသောပုဂ္ဂိုလ်ရဲ့ အချစ်ဦး : လွမ်းမိုးချုပ်ကိုင်နိုင်တဲ့ ဥက္ကဌကြီးရဲ့အရူးအမူးချစ်ခြင်း...


ချက်ချင်းဆိုသလိုပဲ သူ့မျက်လုံးထဲတွင် မရေမတွက်နိုင်သော ပုံရိပ်များပေါ်လာသည်။ 


ရှုနဥ်မှာ ခေါင်းတွေပေါက်ကွဲထွက်တော့မလိုခံစားလိုက်ရသည်။


ထို့နောက် သူအရာအားလုံးကိုမှတ်မိသွားသည်။


ရှုနဥ်တွင် ဂျူနီယာအထက်တန်းတက်နေသည့် ညီမလေးတစ်ယောက်ရှိသည်။ သူမက စာကျက်ရတာ မကြိုက်ဘဲ အချစ်ဝတ္ထုတွေသာ ဖတ်ရတာကြိုက်ပေသည်။ အကိုကြီးတစ်ယောက်အနေဖြင့် ရှုနဥ်က လက်မခံတာကြောင့် သူမရဲ့ဝတ္ထုတွေကို သိမ်းပစ်လေ့ရှိသည်။ ထိုအထဲမှ တစ်ပုဒ်မှာ လွမ်းမိုးချုပ်ကိုင်နိုင်တဲ့ ဥက္ကဌကြီးရဲ့အရူးအမူးချစ်ခြင်း ဆိုသော စာအုပ်ဖြစ်သည်။ သူက သူ့ညီမဖတ်နေသော ဝတ္ထုများအကြောင်းကိုသိချင်သောကြောင့် ထိုဝတ္ထုကို အစအဆုံးဖတ်ခဲ့၏။ 


ထို့နောက် သူဒေါသတကြီးပေါက်ကွဲတော့သည်။


ထိုဝတ္ထုမှာ ချမ်းသာသောမိသားစုမှ မိန်းမငယ်လေး ကျန်းယောင်နှင့် ဝေ့မိသားစု၏သားအကြီးဆုံး ဝေ့ရှီမင်းတို့ ကြားမှ အချစ်ဇာတ်လမ်းအကြောင်းဖြစ်သည်။ ဇာတ်ကြောင်းမှာ တစ်ဝက်လောက်ထိ ထိုချစ်ကြိုက်နေသောအတွဲ၏ သဘောထားကွဲလွဲရန်ဖြစ်နေမှုများသာဖြစ်သည်။ ထို့နောက်မှာတော့ ဇာတ်ကြောင်းကိုသွက်စေသည့် အဖြစ်အပျက်က စတင်သည်။


သခင်မဝေ့သည် လွန်ခဲ့သော ဆယ်နှစ်ကျော်က သူမရဲ့ ဘိုးဘေးများအားကန်တော့ရင်း လမ်းတွင်ရေမြွှာပေါက်ခဲ့သောကြောင့် အနီးအနားရှိဆေးရုံငယ်လေးတွင်ပင် သားလေးတစ်ယောက် မီးဖွားခဲ့သည်။ ဝေ့ရှီမင်း၏ မိခင်ကလည်း ထိုအချိန်မှာပင် သားလေးတစ်ယောက်မွေးဖွားခဲ့သည်။ သူမရဲ့ယောက်ျားမှာ ယစ်ထုပ်အိုကြီးတစ်ယောက်သာ ဖြစ်သောကြောင့် သူ့ကလေးကို ကောင်းမွန်သောဘဝတွင်ရှင်သန်စေလိုသည့် ဝေ့ရှီမင်း၏အမေမှာ သခင်မဝေ့၏ကလေးဖြင့် တိတ်တဆိတ်လဲလှယ်ခဲ့၏။ 


မွေးကတည်းကအလဲခံလိုက်ရသော ဝေ့မိသားစုရဲ့ သခင်လေးအစစ်မှာ ယင်းမင်ကျန်းဖြစ်သည်။


ထိုအချိန်ကတည်းက ဝေ့မိသားစု၏ သခင်လေးအစစ်ဖြစ်သူမှာ ယင်းမိသားစုသို့ ခေါ်ဆောင်ခံလိုက်ရသည်။ သူ့တွင်စားဖို့ရော ဝတ်ဖို့ပါ ဘယ်သောအခါမှ မလုံလောက်ခဲ့ပေ။ သူ့ရဲ့အရက်စွဲနေသော အဖေထံမှလည်း အသေးငယ်ဆုံး ကိစ္စများအတွက်ပင်အရိုက်နှက်် နှိပ်စက်ခံခဲ့ရသည်။ ထို့ကြောင့် ငယ်စဥ်ကတည်းက သူများပစ္စည်းခိုးယူကာ ပြသာနာပေါင်းစုံရှာခဲ့ပြီး စာကောင်းကောင်းမကြိုးစားခဲ့ပေ။ သူက ဘေးပတ်ဝန်းကျင်းတွင် ကောင်းကွပ်တစ်ခုမှမရှိသော သူ အဖြစ်နာမည်ကြီးလာခဲ့သည်။ သူက အလယ်တန်းကျောင်းမတိုင်ခင်ကျောင်းထွက်ခဲ့ပြီး အင်တာနက်ကဖေးဆိုင်များ ဂိုဏ်းစကားများ၏အကူအဖြစ် အချိန်ပိုင်းအလုပ်လုပ်ခဲ့သည်။


နောက်ပိုင်းတွင် ဝေ့မိသားစုက အမှန်တရားအား မတော်တဆရှာဖွေတွေ့ရှိသွားသောကြောင့် ယင်းမင်ကျန်းကို ပြန်ခေါ်ခဲ့သော်လည်း သူ့ အပြုအမူများနှင့်ပတ်သက်၍ မကျေနပ်ခဲ့ကြပေ။


ဝေ့ရှီမင်းမှာ အတုအယောင်သခင်လေးသာဖြစ်သော်လည်း သူကတင့်တယ်ပြီး တော်ဝင်ဆန်ကာ အသိဉာဏ်ရှိသည်။ သားအရင်း ယင်းမင်ကျန်းမှာမူရိုင်းပြ၍ ထင်ရာစိုင်းတတ်၏။ 


ဝေ့ရှီမင်းသည် ဘာသာစကား ခြောက်မျိုး ပြောတတ်သည့် အပြင် မြင်းစီးနည်း၊ စန္ဒရားတီးနည်းကိုပါသိသည်။ ယင်းမင်ကျန်းကမူ ဗီဒီယိုဂိမ်းတွေမှလွဲလျှင်ဘာမှမသိပေ။


ဝေ့ရှီမင်းက ချောမောပြီး အပြောကောင်းသော်လည်း ယင်းမင်ကျန်းက တစ်ခေါင်းလုံးဝါတောက်နေသောဆံပင်နှင့်သာဖြစ်သည်။ သူက သခင်လေးအစစ်ဖြစ်သော်လည်း သူဘာပဲလုပ်လုပ် သူက သခင်လေးနှင့်မတူနေပေ။


အချိန်တိုင်း ယင်းမင်ကျန်းက ဝေ့ရှီမင်းကိုဖယ်ရှားဖို့ သူနှင့်တိုက်ခိုက်ချင်လိမ့်မည်။


ဝေ့ရှီမင်းက တိတ်တဆိတ်ပဲ မိသားစုမှပေးသော ခွဲထွက်ကြေး 30 million ယူကာ ဝေ့မိသားစုမှထွက်သွားတော့သည်။ သူက ဝေ့မိသားစု သူ့အတွက်ဝယ်ပေးခဲ့သော မီတာ200ကျော်သည့် အိမ်တွင် နေ့တိုင်းအရက်သောက်ကာဖြတ်သန်းခဲ့သည်။


သူရဲ့ အခက်အခဲအချိန်တွင်းမှာလည်း သူ့သူငယ်ချင်းတွေက သူ့ကိုအားပေးချီးမြှောက်ကာ ယင်းမင်ကျန်းနှင့်ရင်ဆိုင်ရန်ကူညီပေးကြသည်။ သူရဲ့ကောင်းမလေး ကျန်းယောင်ကလည်း သူ့ကိုမခွဲသွားသဖြင့် သူတို့ရဲ့အချစ်ဟာ စစ်မှန်ကြောင်းသက်သေပြခဲ့သည်။


သူရဲကောင်းနှင့် သူ့မိန်းကလေးတို့မှာ အလွန်ကြေကွဲစရာကောင်းနေပြီဖြစ်သော်လည်း ယင်းမင်ကျန်းကမူ သူတို့ကို အလွတ်မပေးသေးပေ။ သူက ကျန်းယောင်ကို ချစ်မိသွားခဲ့ပြီး သူ့ကိုလက်ထပ်ရန်အတင်းအကြပ်ဖိအားပေးတော့၏။


အမျိုးသားဇာတ်ဆောင်အတွက် အမျိုးသမီးဇာတ်ဆောင်မှာ မျက်ရည်များနှင့် ယင်းမင်ကျန်ဂနှင့် အတူရှိရန် လက်ခံလိုက်ရချေသည်။


အမျိုးသားဇာတ်ဆောင်နှင့် အမျိုးသမီးဇာတ်ဆောင်တို့မှာ ဖိအားပေး အခွဲခံလိုက်ရသည်။


ဝေ့ရှီမင်း၏ မွေးမိခင် ယင်းမင်ကျန်း၏ မွေးစားအမေဖြစ်သူမှာလည်း ဝေ့ရှီမင်းအတွက် ဝေ့အိမ်တော်အရှေ့တွင် ဒူးထာက်တောင်းပန်ခဲ့သည်။ သူမက ယင်းမင်ကျန်းအား ဝေ့ရှီမင်းကို အနိုင်မကျင့်တော့ရန်နှင့် ကျန်းယောင်ကို လွှတ်ပေးရန်တောင်းဆိုသည်။ သို့သော်လည်း ယင်းမင်ကျန်းက စိတ်မပြောင်းဘဲ သူ့အပေါ်အမြဲကောင်းခဲ့သော မွေးစားအမေကိုပင် တစ်ညလုံးဒူးထောက်ခွင့်ပြုထားခဲ့သည်။ နောက်ဆုံး သူမဆုံးပါးသွားတော့၏။


အမျိုးသမီးဇာတ်ဆောင်က သူ့ဆီကထွက်သွားချိန်ကတည်းက အမျိုးသားဇာတ်ဆောင်မှာ အလွန်စိတ်ဆိုးနေပြီဖြစ်သည်။ သူ့မွေးမိခင်ကပါ ယင်းမင်ကျန်းကြောင့်ဆေးရုံရောက်သည်ကို သိလိုက်ရချိန်မှာတော့ သူ့ဒေါသဟာရေဆူမှတ်သို့ရောက်သွားချေပြီ။ သူက ယင်းမင်ကျန်းကို အဆောက်အဦး ခေါင်မိုးထပ်၌ စကားပြောရန်တောင်းဆိုခဲ့သည်။


သူတို့ရဲ့စကားပြောဆိုမှုမှာ ချက်ချင်းဆိုသလိုပဲ တိုက်ခိုက်မှုအဖြစ်ပြောင်းလဲသွားသည်။


ကျန်းယောင်မှာ မျက်ရည်များဖြင့်ပြေးထွက်လာပြီးနောက် မျက်ရည်များဖြင့် သူမခေါင်းကိုခါယမ်းကာ "ရန်မဖြစ်ကြပါနဲ့တော့ ဒါတွေအားလုံးက ကျွန်မကြောင့် ဖြစ်ရတာပါ ကျွန်မရှင်တို့နှစ်ယောက်လုံးကိုတောင်းပန်ပါတယ်"


ထိုနှစ်ယောက်မှာ တိုက်ခိုက်နေမြဲဖြစ်တာကြောင့် ကျန်းယောင်မှာ ခေါင်မိုးအစွန်းသို့ သွားပြီး သည်းသည်းထန်ထန်ငိုကြွေးတော့သည်။ 


"မတိုက်ကြပါနဲ့တော့ ဒါတွေအကုန်လုံးက ကျွန်မအမှားပါ ကျွန်မကြောင့် ရှင်တို့ဒီလိုဖြစ်သွားရတာ ကျွန်မကိုသေခွင့်ပြုပါတော့"


ဝေ့ရှီမင်းနှင့် ယင်းမင်ကျန်း တို့မှာ သူမဆီသို့ အလျင်အမြန်သွားကာ အရင်ဆွဲချကြရသည်။ သူမအန္တရာယ်ကင်းသည်နှင့် ထိုနှစ်ယောက်မှာ ရုန်းယင်းဆန်ခတ်ဖြစ်ကာ တွန်းတိုက်ကြပြန်သည်။ 


ယင်းမင်ကျန်းက အကြင်နာကင်းမဲ့စွာဖြင့် ဝေ့ရှီမင်းကို တွန်းချရန်ကြံစည်လိုက်သည်။ သို့သော်ဝေ့ရှီမင်းက ပြန်တွန်းထုတ်လိုက်သောကြောင့် ယင်းမင်ကျန်းမှာ ခေါင်းမိုးပေါ်မှပြုတ်ကျသွားကာ လူသွားလမ်းပေါ်တွင် အပိုင်းအစများအဖြစ်အဆုံးသတ်သွားတော့သည်။


ယင်းမင်ကျန်းသေဆုံးသွားပြီးနောက်မှာ သူရဲကောင်းနှင့် သူရဲ့ကောင်မလေးတို့မှာ အတူတူပြန်ရှိနိုင်သွားကြသည်။


ယခင်ကမွေးစားခဲ့သော ဝေ့မိသားစုမှာလည်း အမျိုးသားဇာတ်ဆောင်ကို ပြန်လည်လက်ခံလိုက်ပြီး အမွေဆက်ခံသူအဖြစ် တရားဝင်ကြေငြာခဲ့သည်။ ထိုအချိန်မှစပြီးတော့ အမျိုးသားဇာတ်ဆောင်နှင့် အမျိုးသမီးဇာတ်ဆောင်မှာ ပျော်ရွှင်စွာ နေထိုင်သွားကြပါတော့၏...Happy Ever After...


ဝတ္ထုတစ်အုပ်လုံးဖတ်ပြီးချိန်မှာတော့ ရှုနဥ်သည် မျက်လုံးသာ လှန်မိလိုက်ကာ ချက်ချင်းဆိုသလိုပင် ထိုမရိုးမသား ကြောင်သူတော်ဆန်သည့် အချစ်ဝတ္ထုကို ဆွဲဖြဲပစ်လိုက်သည်။


ငရဲကိုပဲသွားလိုက်တော့...။ ဂျူနီယာအထက်တန်းက မိန်းကလေးတွေက ဒါမျိုးဝတ္ထုဖတ်ရတာကြိုက်ကြတာလား...။


သူတို့ရဲ့ကိုယ်ကျင့်တရားစံနှုန်းက သေချာပေါက်ကျိုးပြတ်နေကြပြီပဲ။


ယင်းမင်ကျန်းက ဒီလိုလူမျိုးတွေနဲ့ ဆုံရတာ ၈ဘဝစာလောက် ကံဆိုးတာပဲ...


ပြီးပြည့်စုံတဲ့သခင်လေးဘဝကနေ ဆင်းရဲ့တဲ့မိသားစုဆီကို ရောက်သွားရတဲ့အပြင် အရက်သမားအဖေဆီကနေလည်း အရိုက်ခံရသေးတယ်...


သူ့ရဲ့မွေးစားမိခင်က သူ့အပေါ်ကောင်းတယ်ဆိုရင်တောင် တစ်ခုခုဖြစ်လာလျှင် သူမက အသုံးမဝင်။ ယင်းမင်ကျန်းကသာ သူမကို အမြဲကာကွယ်ပေးရနေတဲ့သူ။ 


ဝတ္ထုထဲမှာ အသေးစိတ်မရေးထားပေမယ့် သူ့မွေးစားမိခင်ကတောင် သူ့ကလေးကိုသူများကလေးနဲ့လဲရတဲ့အထိဆိုရင် အဲဒီမွေးစားအဖေဆိုတဲ့အကောင်က ဘယ်လောက်တောင် ဆိုးဝါးနေလိုက်မလဲ...ယင်းမင်ကျန်းက ခက်ခဲတဲ့ ဘဝကိုရရှိရန် ချည်နှောင်ခံခဲ့ရတဲ့သူပင်။ 


ထိုမိသားစုမျိုးတွင်ကြီးပြင်းလာသူတစ်ဦး၏ ဘဝကို ခန့်မှန်းနိုင်သည်။ 


ထိုသို့သောပတ်ဝန်းကျင်မှာ ကြီးပြင်းလာရလျှင် သူ ဘာသာစကားခြောက်ခုတတ်မြောက်ရန်အသာထား မြင်းစီးတတ်ရန်နှင့် စန္ဒရားတီးတတ်ဖို့...ဟုတ်စ...။


စကားပြောဆိုတတ်ပြီး အတန်းထိပ်ဆုံး အဆင့်ရရင်ကိုအတော်ကောင်းနေပြီ...။


မင်းအဲ့ဒါကိုမေ့သာထားလိုက်တော့...။


ထို့နောက် သူ့အခန်းသို့ပြန်ကာ ဒေါသအပြည့်ဖြင့်အိပ်မောကျသွားခဲ့သည်။ ထိုညမှာပဲ လွမ်းမိုးချုပ်ကိုင်နိုင်တဲ့ ဥက္ကဌကြီးရဲ့အရူးအမူးချစ်ခြင်း ဆိုသောဝတ္ထုဆီသို့ သူကူပြောင်းလာခဲ့သည်။ သူက ယင်းမင်ကျန်း၏ အိမ်နီးချင်းပါဖြစ်လာခဲ့သေးသည်။


သူက ယင်းမင်ကျန်းနှင့် သူငယ်ချင်းဖွဲ့တော့မည့် အချိန်မှာပင် မမျှော်လင့်ဘဲ လှေကားပေါ်မှ ပြုတ်ကျကာ မှတ်ဉာဏ်များဆုံးရှုံးခဲ့ရ၏။


ခုနစ်နှစ်ကြာအောင် ရှုနဥ်နှင့် အခြားကလေးများသည် ဗီလိန်လေးကို သူ့ရဲ့ စုတ်ပြတ်နေသော အဝတ်အစားများ၊ ထောင်ကျခဲ့သောအဖေဖြစ်သူတို့ကြောင့် လှောင်ပြောင်အနိုင်ကျင့်ခဲ့ကြသည်။ သူ့ကိုဖယ်ပြီး ကစားခဲ့ကာ နောက်ကွယ်တွင် အတင်းပြောခဲ့ကြသည်။


ကလေးတွေရဲ့ ကမ္ဘာမှာ ရိုးရှင်းပေမယ့် အရမ်းလည်းရက်စက်လွန်းလှသည်။


ရှုနဥ်က သူထိုသို့မလုပ်ချင်ခဲ့မှန်းရှင်းရှင်း လင်းလင်း မှတ်မိသည်။ သို့သော်လည်း တခြားသူများလုပ်ခဲ့ကြသည်။ သူမလုပ်လျှင် တခြားသူများနှင့်ကွဲထွက်နေမည်စိုးသော်ကြောင့် ဗီလိန်လေးနှင့်မကစားခဲ့ပေ၊ သူနဲ့အဝေးမှာသာနေကာ သူ့ကိုရှောင်ရှားရန်ရွေးချယ်ခဲ့၏။ 


တစ်ခြားကလေးများ ဗီလိန်လေးအကြောင်းအတင်းအဖျင်း ဖြန့်နေကြချိန်တွင်လည်း စကားလုံးနည်းနည်းပါးပါးပြောပြီး တိတ်တဆိတ်သာနေနေခဲ့သည်။


သူက ဗီလိန်ပေါက်စလေးကို ကြင်နာပေးခဲ့ရမည့်အစား သူ့ကိုအနိုင်ကျင့်သောသူများထဲက တစ်ယောက်အနေနှင့်သာ အဆုံးသတ်သွားရသည်။ ဗီလိန်ပေါက်စလေးမှာ ထိုသို့ အထီးကျန်၊ အနိုင်ကျင့်၊ ဖယ်ကျဥ်ခံရသော ဘဝတွင်ကြီးပျင်းလာခဲ့ရသူပင်။


Grade 7....


သူတို့အလယ်တန်းတောင် ရောက်နေကြပြီပေါ့...


သူခုနစ်နှစ်တာတောင် လွဲချော်ခဲ့ပြီပဲ...။


သူယောင်ဝါးဝါးမှတ်မိပါသေးသည်။ ဗီလိန်ပေါက်စလေးမှာ အလယ်တန်း ပထမနှစ်တွင် ကျောင်းထွက်ခဲ့ရသည်။ အကြောင်းမှာ သူ့အတန်းဖော်တစ်ဦးအား ရိုက်နှက်ခဲ့ရာ သူ့အတန်းဖော်၏မိဘများမှ ဆေးဖိုးဝါးခတောင်းရမ်းခဲ့ကြသည်။


ဗီလိန်ပေါက်စလေးမှာ ထိုအရာအတွက် အရက်သမားအဖေထံမှ အရိုက်နှက်ခံခဲ့ရပြီး လျော်ကြေးပေးရန် ငွေရှာခိုင်းခြင်းခံခဲ့ရသည်။


ဗီလိန်လေးမှာ အင်တာနက် ကဖေးဆိုင်တွင်အလုပ်တစ်ခု ရှာတွေ့ခဲ့ပြီး နောက်ဆုံး ကျောင်းထွက်လိုက်ရ၏။


အဲ့ဒီလိုဖြစ်ရတာ ဒါကြောင့်များ ဖြစ်နေမလား...


"ရှုနဥ် ဆရာမကိုပြော ဘယ်သူသားကိုတွန်းတာလဲ" 


ခပ်ဝဝကောင်လေးမှာ လက်ဆန့်၍ ရှုနဥ်၏ နောက်ကျောကို ထပ်ပုတ်ပြန်သည်။


အခြေအနေတစ်ခုလုံးအား နားလည်သွားသည့်နောက်မှာတော့ ရှုနဥ်င ခေါင်းပေါ်မှ ပိတ်စကျဲအားထိကြည့်ပြီးနောက် သူ့ရဲ့ အတန်းပိုင်ဆရာမအားပြောလိုက်သည်။


"ဆရာမလီ ကျွန်တော်ဘာသာ မတော်တဆ ခလုတ်တိုက်ပြီး လဲသွားတာပါ ဘယ်သူမှ ကျွန်တော်ကိုမတွန်းပါဘူး"


ဗီလိန်လေးမှာခြေထောက်လှုပ်နေတာကို ရပ်ပြီး ရှုနဥ်အား အလွန်အမင်း အံ့သြစွာဖြင့် ကြည့်လိုက်မိသည်။


အတန်းပိုင်ဆရာမနှင့် ခပ်ဝဝကောင်လေးတို့လည်းအံ့သြသွားကြသည်။


"မင်းဘာသာလဲကျတာလာစ "


ဆရာမလီမှာ ရှုနဥ် နှင့် ဗီလိန်လေးအား သံသယစိတ်ဖြင့်ကြည့်ကာ သတိထား၍မေးလိုက်သည်။


"ရှုနဥ် မကြောက်ပါနဲ့ တစ်ယောက်ယောက်က သားကို အနိုင်ကျင့်ရင် ဆရာမတို့ကိုသာပြော ကျောင်းနဲ့သားရဲ့မိဘတွေက သားကိုကူညီမှာပါ"


သူမရဲ့စကားတွေမှာ ဗီလိန်လေးက ရှုနဥ်ကိုတွန်းခဲ့သည်လို့ စောင်းပါးရိပ်ခြေ ပြောနေသလိိုပင်။


ရှုနဥ်က ခေါင်းခါလိုက်ပြီး "ကျွန်တော် တကယ် ကိုယ့်ဘာသာလဲကျသွားတာပါ"


ခပ်ဝဝကောင်လေးမှာလည်း သူ့နောက်ကျောကို စိုးရိမ်တကြီးပုတ်လာပြီး"မဟုတ်တာတွေပြောမနေနဲ့ ယင်းမင်ကျန်းက မင်းကိုတွန်းတာ အသိသာကြီးကို"


ဗီလိန်လေးက သရော်ဟန်ရယ်မောလိုက်သည်။ သူ့ရဲ့ နှုတ်ခမ်းထောင့်စွန်းမှ လှောင်ပြောင်သည့်အပြုံးပြုံးလိုက်သော်လည်း ဘာမှပြောမလာချေ။


ရှုနဥ် နှလုံးသားထဲမှ သက်ပြင်းချလိုက်မိသည်။ အမှန်တကယ်မှာ ဗီလိန်လေးက သူ့ကိုမတွန်းခဲ့ချေ။ သို့သော်လည်း သူ့ဘာသာတွန်းထိုးကြရင်း မတော်မဆပြုတ်ကျသွားခဲ့ခြင်းသာ ဖြစ်သည်။ 


အဖြစ်အပျက်မှာ ရှုနဥ်မှာ ဗီလိန်လေးဆေးလိပ်သောက်နေတာကို သူတာဝန်ကျနေချိန်တွင် မိသွားသောကြောင့် ဆရာမကို တိုင်တန်းခဲ့သည်။ ဆရာမက ဗီလိန်လေးကို အပြစ်ပေးခဲ့သည်။ ထိုအချိန်မှစ၍ ဗီလိန်လေးမှာ ရှုနဥ်အားမုန်းတီးသွားခဲ့ပြီး နှစ်ဦးကြားမှ အချေအတင်က စတင်ခဲ့၏။ 


ထို့နောက် ကျောင်းမှာ ရှုနဥ်က ဂေးဆိုသော ကောလဟာလများ ပျံ့နှံ့လာတော့သည်။ သူ့ထိုင်ခုံဖော် ခပ်ဝဝကောင်လေး ကျန်းချောင်မှာ ထိုကောလဟာဟကို ဖြန့်သူမှာ ဗီလိန်လေးဖြစ်ကြောင်း ပြောလာသည်။ ရှုနဥ်က ထိုသို့ကြားလိုက်သောအခါ ဗီလိန်လေး၏ အပြုအမူဆိုးများကို ပြန်တွေးမိပြီး သူချက်ချင်းဆိုသလို ဗီလိန်လေး၏လမ်းကို ပိတ်ပြီး မေးခွန်းထုတ်ခဲ့သည်။ 


ဗီလိန်လေးမှာ သူ့ကို လျစ်လျူရှုပြီး သူ့ကိုရှင်းပြရန်စိတ်ရှုပ်ခံမနေပေ။ သူ့ကိုတွန်းဖယ်ကာ ထွက်သွားရန်ကြိုးစားခဲ့၏။ 


ရှုနင်က သူ့ကို တားရန်ကြိုးစားသည်။ နှစ်ယောက်သား ခဏတာ တွန်းဆွဲ ပြီးနောက် ရှုနဥ်က လှေကားပေါ်မှ ပြုတ်ကျကာ ဆေးရုံတွင်ရက်အနည်းငယ် နေခဲ့ရသည်။


"...ဒါအကြောင်းစုံပါပဲ"


ရှုနဥ်မှာ အဖြစ်အပျက်တစ်ခုလုံးကို ရှင်းပြလိုက်သည်။ သူက ဝတ္ထုထဲတွင် ဗီလိန်လေး ကျောင်းထွက်ရသော အကြောင်းမှာ ယခုအကြောင်းကြောင့်ဆိုတာကို သေချာ တွေးမိရင်းမျက်မှောင်ကြုတ်လိုက်မိသည်။ 


ဗီလိန်လေးက သေချာပေါက် ဘာမှမလုပ်ခဲ့ပေမယ့် သူ့အပေါ်အပြစ်ပုံချခံခဲ့ရတယ်... 


ဗီလိန်လေးက သူ့အတွက်သူလည်းမရှင်းပြခဲ့ဘူး။ 


ဘာကြောင့်ဆို သူက လူဆိုးလေးဖြစ်နေသောကြောင့် ရှင်းရှင်းလင်းလင်း သူ့အမှားမဟုတ်လျှင်ပင် သူ့အမှားဖြစ်လာလိမ့်မည်ပင်။


ဘယ်သူက သူ့ကို အပြစ်သား အဖေမျိုးရှိရမည်အရက်သမားအဖေမျိုးရှိရမည် ဟုပြောထားလို့လဲ...


ဘယ်သူ့က သူ့ကိုခိုးဖို့ပြောထားလို့လဲ...


လူဆိုးလူမိုက်၊ သူခိုး၊ အသက်မပြည့်သေးသော အန္တရာယ်ကောင် စတဲ့ခေါင်းစဥ်တွေက အစကတည်းက သူ့ကို သတ်မှတ်ပေးထားခြင်းဖြစ်သည်။ သူဘာပဲပြောနေပါစေ သူတို့ရဲ့အမြင်ကို မပြောင်းလဲနိုင်ချေ။


အချိန်ကြာလာတော့ သူမရှင်းပြချင်တော့ပေ။


ရှုနဥ်က ဗီလိန်ငယ်လေး ကိုကြည့်လိုက်သောအခါ ဆယ်ကျော်သက်လေးမှာ သူရဲ့ဆိုးရွားသောမျက်နှာထားမှ ပြန်ကောင်းလာသည်။ သူရဲ့ စည်းကမ်းမလိုက်နာ၍ ခေါင်းမာသော အပြုအမူက ဘယ်လိုဆရာမ၊ ဘယ်လိုမိဘမျိုးကိုမဆို စိတ်တိုအောင်လုပ်နိုင်သည်။


သို့သော်လည်း ရှုနဥ်မှာ လူငယ်လေး၏ ကြေကွဲလွယ်မှုကို လူမမြင်အောင် ကာကွယ်ထားသော ကျိုးကြောင်းမရှိဟန် ရန်လိုမှုအပြုအမူကို မြင်နေရ၏။


သူက သူ့ရဲ့ ကိုယ့်ကိုကိုယ်လေးစားမှုနှင့်နုနယ်သော နှလုံးသားကို လစ်လျူရှုသောသဘောထားဖြင့် ကာကွယ်ထားခြင်းဖြစ်ပေသည်။


____


Translated By IQ-Team.