Chapter 86
အနိုင်ရလို့ ဂုဏ်ယူပါတယ်
ကျောင်းသားများ ပို၍ပင် စိတ်လှုပ်ရှားသွားကြသည်။
“မြန်မြန်လုပ်ပြီး မဲဖောက်ပေးလိုက်ပါ.. လုပ်ပါတော့…”
"အရမ်းစိတ်မပူကြပါနဲ့..ငါပြောတာကို နားထောင်ပေးကြပါ…”
အစီအစဉ်တင်ဆက်သူ က ပြုံးပြီး ခန်းမထဲရှိ လူများကို ထိန်းလိုက်သည်။
"ကျွန်တော် ပထမဆုကို ကြေငြာပြီးပါပြီ…ဒုတိယ ဆု ကို ကြေငြာပေးပါ့မယ်…”
"ဒုတိယဆုကတော့ ဆုလာဘ်မဟုတ်ဘဲ ပြစ်ဒဏ်ဖြစ်ပါတယ်…”
“ပြစ်ဒဏ်လား…”
လူတိုင်းက တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြသည်။
"ဘာအပြစ်ဒဏ်လဲ…”
တစ်ယောက်က မေးလိုက်သည်။
အစီအစဉ်ကြေငြာသူက ပြုံးပြီး ပြောလိုက်သည်။
"အပြစ်ဒဏ်ကလား… ဒုတိယဆုရတဲ့သူက တခြားလူတွေကို သူတို့ကိုယ်ပေါ် အချိုရည်တွေလောင်းခိုင်းရလိမ့်မယ်…”
လူတိုင်း အံ့ဩသွားကြသည်။ ချက်ချင်းပင် တစ်ယောက်နှင့် တစ်ယောက် တီးတိုးပြောကြသည်။
“အချိုရည်တွေနဲ့ အလောင်းခံရမှာတဲ့လား…ငါတို့ ကြားလိုက်ရတာ အမှန်ပဲလား…”
"လူတိုင်းက ဒုတိယဆုရှင်ကို အချိုရည်နဲ့လောင်းကြမှာလား….”
“ဟုတ်တယ်…မင်းထင်ထားတဲ့အတိုင်းပဲ…လူတိုင်းက ဒုတိယဆုရှင်ကို အချိုရည်တွေလောင်းရလိမ့်မယ်…”
အစီအစဉ်ကြေငြာသူက ကျယ်လောင်စွာ ပြောလိုက်သည်။
"ဒါက ဆိုက်ယောင်ရဲ့ ကပွဲပဲ …ငါတို့ဆိုက်ယောင် က ဘယ်တုန်းက နိမ့်ကျဖူးလဲ …ငါတို့ ကစားရင် စိတ်လှုပ်ရှားစရာ တစ်ခုခု ပါရမယ်လေ…မင်းတို့ ဘယ်လိုထင်ကြလဲ …မင်းတို့ မှာ ကစားဖို့ သတ္တိရှိကြရဲ့လား…”
"ဒါက တကယ်ကို စိတ်လှုပ်ရှားစရာပဲ…”
ချက်ချင်းပင် စိတ်လှုပ်ရှားစရာများကို ရှာဖွေနေသည့် ကျောင်းသားအချို့က ထောက်ခံရန် ရှေ့သို့ တိုးလာကြသည်။
ဝေ့ရှီမင်း၏ ပတ်ဝန်းကျင်မှ ကောင်လေးများက ပို၍ပင် ထောက်ခံနေကြသည်။
"မင်းကစားချင်ရင် မင်းအကြီးကြီးကစားရမယ်…ဒါပဲလေ…ငါတို့လုပ်မယ်…”
"သဘောတူတယ်…စလိုက်ကြရအောင်…”
ချီတုံချတုံ ဖြစ်နေသူအချို့လည်း ရှိခဲ့သည်။ သူတို့ကိုယ်ပေါ်သို့ အချိုရည်များ လောင်းချခံရသည်က ကောင်းသည့် အတွေ့အကြုံ မဟုတ်ပေ။
သူတို့က ရေနစ်နေတဲ့ ကြွက်တစ်ကော2@ တတတခ,မwg'csrwထထcc- င်လို ဖြစ်2÷တွင် ပိုကောင်းသည့် လုပ်စရာမရှိလျှင် ဒုက္ခဖြစ်စေရန် လိုလားကြသည်မှာ သဘာဝပင်ဖြစ်သည်။ ဖိအားများအောက်တွင် သူတို့လက်များကို တယောက်ပြီးတယောက် မြှောက်လိုက်ကြသည်။
“ကောင်းပြီ၊ ကစားကြရအောင်…”
စိတ်အားထက်သန်နေသည့် လေထုကြောင့် သူတို့ အလွယ်တကူ စီးမျောသွားကြသည်။ လူအများစုက သဘောတူကြောင်း လက်မြှောက်ပြကြသည်။
"လူတိုင်း သဘောတူပြီးရင် နောက်မှ နောက်ပြန်မဆုတ်တာ ပိုကောင်းမယ်နော်…”
အစီအစဉ်တင်ဆက်သူက ထပ်မံပြောသည်။
"ငါတို့ မလုပ်ဘူး…ငါတို့ သေချာပေါက် နောက်ဆုတ်မှာ မဟုတ်ဘူး…”
ကောင်လေးနှစ်ယောက်က အပျော်ရှာနေသကဲ့သို့ ကျယ်လောင်စွာအော်လိုက်သည်။
ဝေ့မင်ကျန်းက သူ့မျက်လုံးကို မှိတ်ထားလိုက်သည်။ ရှုနဉ်လည်း စိတ်ပူစပြုလာသည်။
ဒါက ကံစမ်းမဲလို့ ခေါ်တဲ့ဟာလား….တကယ့်ကို စိတ်လှုပ်ရှားစရာပဲ….
စင်မြင့်ရှေ့တွင် ကြီးမားသော ဖန်သားပြင်တစ်ခု ဖြည်းညှင်းစွာ ကျဆင်းလာသည်။ ထောင့်တွင် လက်ပ်တော့တစ်လုံးကို တပ်ဆင်ထားသည်။
အစီအစဉ်တင်ဆက်သူက ကံစမ်းမဲ အလုပ်လုပ်ပုံကို ရှင်းပြပေးသည်။ လက်ပ်တော့က ကံထူးရှင်ကို ကျပန်းမဲနှိုက်ပေးမည်ဖြစ်သည်။ လက်ပ်တော့ထဲတွင် ယနေ့ညတက်ရောက်သူအားလုံး၏ အမည်များပါရှိသည်။ ကွန်ပြူတာမှ နာမည်များကို ဆွဲနေချိန်တွင် လူတိုင်းက တစ်ပြိုင်တည်း ရေတွက်ပေးကြလိမ့်မည်။ အနိုင်ရရှိသူ နှစ်ဦးက ဆုငွေ သို့မဟုတ် ပြစ်ဒဏ် တစ်ခုခုကို ရရှိမည်ဖြစ်သည်။ အလွန် စိတ်လှုပ်ရှားစရာကောင်းသည်။
စည်းမျဉ်းအားလုံးကို ရှင်းပြပြီးနောက် အစီအစဉ်တင်ဆက်သူက ပြောလိုက်သည်။
"ကဲ ပထမဆုရှင်တွေကို မဲနှိုက်ကြရအောင်…ပထမဆုက အန်ရှန်းရှန်းရဲ့ ‘နှလုံးသား’ဖြစ်ပါတယ်…”
အစီအစဉ်တင်ဆက်သူက လက်တော့ပ်ဆီသို့ လှမ်းလာပြီး ပြောလိုက်သည်။
"ငါတို့ စပါတော့မယ်…အဆင်သင့်ဖြစ်ပြီလား…”
"တစ်ဆယ်…”
ပွဲခန်းမအတွင်းရှိ လူများက စတင်အော်ဟစ်လိုက်သည်။
စခရင်ပေါ်ရှိ နာမည်များက လှုပ်နေကြသည်။ လူတိုင်း၏ နှလုံးသားများက ခုန်လာကြသည်။ သူတို့၏မျှော်လင့်ချက်များ စတင်မွေးဖွားလာကြသည်။ သူတို့ အရက်သောက်ထားသကဲ့သို့ ခံစားနေရသည်။
"ကိုး"
"ရှစ်"
တဖြည်းဖြည်းနှင့် သူတို့၏ အသံများက ပိုမို စည်းလုံးလာကြသည်။
"သုံး"
"နှစ်”
"တစ်"
အစီအစဉ်တင်ဆက်သူ ရပ်တန့်သည့်ခလုတ်ကို နှိပ်လိုက်သည်။ စခရင်ပေါ်တွင် အမည်နှစ်ခုသာ ကျန်ခဲ့သည်။ လျန်ဖုန့် နှင့် ချန်ယွဲ့ ။
စိတ်လှုပ်ရှားနေသည့် အော်သံများက ခန်းမတစ်ခုလုံး ပဲ့တင်ထပ်သွားသည်။
"အားး ငါ မဲပေါက်သွားတာပဲ…”
ထောင့်စွန်းနားရှိ အနက်ရောင်ဝတ်စုံဝတ်ထားသည့် မိန်းကလေးတစ်ယောက်က သူမ၏ရင်ဘတ်ကို တင်းကြပ်စွာ ဆုပ်ကိုင်ထားပြီး သူမ၏မျက်နှာတွင် ပျော်ရွှင်မှုအပြည့်နှင့်ဖြစ်သည်။ သူမက စကတ်ကို သိမ်းလိုက်ပြီး ဆုလက်ခံရယူရန် စင်မြင့်ဆီသို့ ဦးတည်သွားလိုက်သည်။ လျန်ဖုန့်ကလည်း စင်မြင့်ပေါ်တွင် ပေါ်လာပြီး အံ့အားသင့်ကာ စိတ်လှုပ်ရှားနေပုံရသည်။ သူ မဲပေါက်သွားမည်ဟု မမျှော်လင့်ထားခဲ့ခြင်း ဖြစ်နိုင်သည်။
ပန်းချီကားက တစ်ချပ်သာ ရှိသည်။ သူတို့နှစ်ယောက်ကိုယ်တိုင် မည်သို့ခွဲယူမည်ကို ဆုံးဖြတ်ကြရမည်ဖြစ်သည်။
ခန်းမထဲရှိလူများက လက်ခုပ်တီးပေးကြသည်။ ကံထူးရှင်နှစ်ဦး နေရာမှ ထွက်သွားပြီးနောက် အစီအစဉ်တင်ဆက်သူကပြောလိုက်သည်။
"ကဲ၊ ဒုတိယဆုရှင်တွေကို စမဲနှိုက်ကြရအောင်…အဆင်သင့်ဖြစ်ပြီလား….”
ဒုတိယဆုရှင်များ ရမည့် ပြစ်ဒဏ်ကို တွေးမိသောအခါ လူတိုင်း တုန်လှုပ်ခြောက်ခြားသွားကြသည်။
"အဆင်သင့်ပဲ…”
"စလိုက်ကြစို့…”
"ကံမကောင်းတဲ့ ကံထူးရှင်နှစ်ဦးက ဘယ်သူတွေဖြစ်မလဲဆိုတာ ကြည့်လိုက်ရအောင်…”
အငွေ့အသက်များက ဆူပွက်လာသည်နှင့် အစီအစဉ်တင်ဆက်သူက ပြုံးပြီး ပြောလိုက်သည်။
"ကောင်းပြီ၊ ဒုတိယဆုရှင်တွေကို စကြည့်ကြရအောင်…အရင်တစ်ခေါက်က စည်းကမ်းအတိုင်းပဲ…တစ်ဆယ်ကနေ ရေတွက်လိုက်ကြရအောင် ... စကြမယ်…”
"တဆယ်"
"ကိုး"
"ရှစ်"
ဒုတိယ အကြိမ် ရေတွက်ခြင်းက ပို၍ သပ်ရပ်ပြီး ပို၍ စနစ်တကျ ရှိသည်။ အားလုံးက တညီတညွတ်တည်း အော်ဟစ်ကြပြီး စည်းလုံးညီညွတ်သော အသံများက ခန်းမအတွင်း ကျယ်လောင်စွာ ထွက်ပေါ်လာသည်။
ဝေ့ရှီမင်းက အနီးရှိ လူများ ရေတွက်နေသည်ကို ကြည့်နေပြီး ခပ်ဝေးဝေးတွင် ထိုင်နေသော ဝေ့မင်ကျန်းကို ကြည့်လိုက်သည်။ အောင်ပွဲခံသော အပြုံးတစ်ခုက သူ့မျက်နှာအနှံ့ ပျံ့နှံ့သွားသည်။
"သုံး"
"နှစ်"
"တစ်"
အစီအစဉ်တင်ဆက်သူက ရပ်တန့်ခလုတ်ကို နှိပ်လိုက်သည်။
စခရင်ပေါ်တွင် နာမည်နှစ်ခုပေါ်လာသည်။
ဝေ့ရှီမင်းနှင့် ကျန့်ယောင်။
ခန်းမတစ်ခုလုံး အံ့အားသင့်သွားကြသည်။ ဝေ့ရှီမင်းက စခရင်ပေါ်ရှိ နာမည်များကို မြင်လိုက်သောအခါ သူ၏ အောင်ပွဲခံသည့် အမူအရာက ထိတ်လန့်တကြား ဖြစ်သွားပြီး ချက်ချင်းပင် မျက်နှာပျက်သွားသည်။
ကျန့်ယောင်က သူ့ထက်ပင် ဖြူဖျော့သွားသည်။ မဲနှိုက်ခြင်းအကြောင်း ကြားစဉ်ကပင် သူမ အနည်းငယ် ဝန်လေးနေခဲ့သည်။ အချိုရည်များကိုသာ သူမအပေါ် လောင်းလိုက်လျှင် သူမ အမှန်ပင် ရုပ်ဆိုးသွားလိမ့်မည် ဖြစ်သည်။ အန်းရှန်းရှန်း၏ ပန်းချီကားကိုလည်း သူမ မလိုချင်ခဲ့ပေ။
သို့သော် လူအများက မဲနှိုက်ခြင်းကို ထောက်ခံအားပေးခဲ့ကြသည်။ သူမက ထိုလူများကို မလွန်ဆန်နိုင်သောကြောင့် နှုတ်ဆိတ်နေရန် ရွေးချယ်ခဲ့ရသည်။ မူလက သူမအား ရွေးချယ်ခံရနိုင်ခြေ အလွန်နည်းပါးသည်ဟု ထင်ခဲ့သည်။ လူနှစ်ရာထဲတွင် သူမကို ရွေးထုတ်နိုင်မည်ဟု မထင်ထားခဲ့ပေ။
အားး ဘာလို့ ငါ ဖြစ်နေရတာလဲ…
ဖန်သားပြင်ပေါ်ရှိ နာမည်များကို မြင်လိုက်သောအခါ ဝေ့ရှီမင်းက လျန်ဖုန့်အား အလိုလို လှည့်ကြည့်လိုက်မိသည်။
လျန်ဖုန့်က “နှလုံးသား”ပန်းချီကားကို သူ့လက်ထဲတွင် ကိုင်ထားပြီး သူလည်း အံ့အားသင့်နေသည်။ ဝေ့ရှီမင်းဒေါသထွက်သွားသည်။ လျန်ဖုန့်က ပထမဆုရရန် စနစ်ကို ဖောက်ဖျက်လိုက်ခြင်းကြောင့် ယခုလို ဖြစ်လာသည်ဟု သူထင်သွားသည်။
မဟုတ်ရင် ဘာလို့များ မှားသွားပါ့မလဲ….
သူက လျန်ဖုန့်ကို ချက်ချင်းမေးလိုသော်လည်း ယခုက အချိန်ကောင်း မဟုတ်သောကြောင့် သူ့ကိုယ်သူ ပြန်ထိန်းထားရသည်။ ကံစမ်းမဲတွင် ပါဝင်ခဲ့သည့် ကောင်လေးများလည်း အချင်းချင်း အံ့အားသင့်စွာ ကြည့်နေကြသည်။ သူတို့ဘာဆက်လုပ်ရမည်ကို မသေချာ ဖြစ်နေသည်။
“ဘယ်လိုတောင် အံ့ဩစရာကောင်းတာလဲ…”
တိတ်ဆိတ်နေသော ဧည့်ခန်းမဆောင်တွင် လူတစ်ဦးက လက်ခုပ်ထတီးလိုက်သည်။
"ဒုတိယဆုရခဲ့တဲ့ ဝေ့ရှီမင်းနဲ့ ကျန့်ယောင်ကို ဂုဏ်ယူပါတယ်…”
ထိုအသံက တိတ်ဆိတ်မှုကို ရုတ်တရက် ဖြိုခွင်းလိုက်သည်။ လူတိုင်းက ထိုသို့ ပြောရဲသည်အထိ ရဲရင့်သည့်သူကို တွေ့ရန် ခေါင်းကိုလှည့်ကြည့်လိုက်သောအခါ ဝေ့မင်ကျန်း၏ အပြုံးမျက်နှာကို တွေ့လိုက်ကြရသည်။ ရှုနဉ်က ဗီလိန်လေး ရှုံးမည်မဟုတ်သည်ကို သိသော်လည်း ဝေ့ရှီမင်းနှင့် ကျန့်ယောင်တို့ကို ဗီလိန်လေးက ပြန်ပေးဆပ်ခိုင်းမည်ဟု သူ မမျှော်လင့်မိခဲ့ပေ။
အမှန်ကို အံ့ဩစရာပင်….
ရှုနဉ်ကလည်း ရယ်မောရင်း လက်ခုပ်တီးပြီးပြောလိုက်သည်။
"ဂုဏ်ယူပါတယ် မင်းတို့နှစ်ယောက်ရဲ့ အကကလည်း တကယ်ကို အံ့သြစရာကောင်းတယ်…မဲဖောက်ပေးခဲ့တဲ့ ကျောင်းသားတွေကိုလည်း ကျေးဇူးတင်သင့်တယ်…”
ဝေ့ရှီမင်းနှင့် သူ့ပတ်ဝန်းကျင်မှ လူများ ဖြူဖျော့သွားသည်။ ကျန့်ယောင်က ဝေ့မင်ကျန်းနှင့် ရှုနဉ်တို့ကို စိုက်ကြည့်နေသည်။
သူတို့ လုပ်နေသည့်ပုံစံက အမှန်ပင် စိတ်အနှောင့်အယှက် ဖြစ်စရာ ဖြစ်သည်။ သို့သော်လည်း စိတ်အနှောင့်အယှက်အဖြစ်ဆုံးသူက ဤမိုက်မဲသောပွဲကို စီစဉ်ခဲ့သူဖြစ်သည်။ နောက်ဆုံးတွင် ကပွဲကို စီစဉ်သူက ကျောင်းသားကောင်စီသာ ဖြစ်သည်။
ဒီလို မိုက်မဲတဲ့မဲဖောက်တာကို ဘယ်အရူးက လုပ်ခိုင်းလိုက်တာလဲ…..
ကျန့်ယောင် ထိုလူကို သေချာပေါက် လွှတ်ထားမည် မဟုတ်ပေ။
“မလုပ်ချင်ဘူး"
ကျန့်ယောင်က ပြောလိုက်သည်။
"ဒီကံစမ်းမဲကို ငါသဘောမတူဘူး..."
ကျန့်ယောင် ပြောပြီးသည်နှင့် ဝေ့ရှီမင်းလည်း သက်ပြင်းချလိုက်သည်။
သူလည်း သူ့ကိုယ်ပေါ်သို့ အချိုရည်များ လောင်းမချစေချင်ပေ။ သူ့ပုံရိပ် ပျက်စီးသွားလိမ့်မည်။ သို့သော်လည်း သူ ငြင်းဆန်ကြောင်း ပြောဆိုလိုက်ပါက အခြားသူများက သူ့ကို အထင်သေးပြီး ငကြောက်ဟု ခေါ်ကြလိမ့်မည်ဖြစ်သည်။ သူ့အခြေအနေက ကျန့်ယောင်နှင့်မတူပေ။
ထို့ကြောင့် သူက တိတ်ဆိတ်စွာ ရပ်နေလိုက်ပြီး ကျန့်ယောင်ကို လူမိုက်လုပ်ခွင့်ပေးလိုက်သည်။
ကျန့်ယောင်လည်း ထိုသို့ ပြောပြီးနောက် အနည်းငယ်ရှက်သွားသည်။ သူမက ယခု အနည်းငယ် အလျင်လိုသွားသဖြင့် အရှက်မဲ့သကဲ့သို့ ဖြစ်သွားခဲ့သည်။ ချက်ချင်းပင် သူမ မသင့်လျော်သည့်အရာကို လုပ်လိုက်မိသည်ဟု ခံစားလိုက်ရပြီး သူမကို ကူညီနိုင်မည်ဟု မျှော်လင့်ကာ ဝေ့ရှီမင်းဘက်သို့ လှည့်ကြည့်လိုက်သည်။
ရလဒ်အနေဖြင့် ဝေ့ရှီမင်းက စကားမပြောဘဲ ငြိမ်ငြိမ်လေး ရပ်နေသည်။ ကျန့်ယောင်မှာ ကပွဲတစ်ခုလုံး၏ အကြီးကျယ်ဆုံးဟာသ ဖြစ်လာခဲ့သည်။
ထိုအချိန်တွင် ကျန့်ယောင် အလွန်စိတ်ဆိုးပြီး စိတ်ပျက်သွားသည်။ ဝေ့ရှီမင်းက အများအားဖြင့် နူးညံ့သိမ်မွေ့ ပြီး စာနာတတ်သူဖြစ်သည်။
အခု ငါ အဆင်မပြေတဲ့ အနေအထား ရောက်နေတာတောင် သူ ဘာလို့ ငါ့ကို မကူညီတာလဲ….
ကျန့်ယောင် စိတ်ဆိုးပြီး အခဲမကျေဖြစ်သွား၏။ သူမ၏ မျက်လုံးများက တဖြည်းဖြည်းနီရဲလာပြီး ပါးပြင်ပေါ်သို့ မျက်ရည်များ စီးကျလာလေသည်။ သူမ ယခင်က ကံစမ်းမဲတွင် မပါဝင်ချင်ခဲ့သော်လည်း ပါဝင်ရန် အတင်းအကြပ် ဖိအားပေးခံခဲ့ရပြီး နောက်ဆုံးတွင် ဒုတိယဆု ရရှိသွားခဲ့၍ အလွန်စိတ်ပျက်သွားသည်။
ရှုနဉ်လည်း အမျိုးသမီးဇာတ်လိုက်၏ မျက်လုံးများ နီရဲလာသည်ကို တွေ့လိုက်ရသည်။ ဝေ့ရှီမင်းက သူတို့နှစ်ယောက်လုံး အရှက်မကွဲစေရန် သူမကို အသုံးချခဲ့သည်မှာ ထင်ရှားသည်။ မျက်ခုံးပင့်ရုံမှတပါး သူဘာမှ မတတ်နိုင်ချေ။ ရှုနဉ်က ပြောလိုက်သည်။
"ကျန့်ယောင်က မိန်းကလေးပဲလေ…သူ မလုပ်ချင်ဘူးဆိုတာ ငါ နားလည်ပါတယ်…ဒါပေမဲ့ ကျန့်ယောင်နဲ့ဝေ့ရှီမင်းတို့က စုံတွဲ မဟုတ်လား၊ ဒီလိုဆိုရင်ရော ဘယ်လိုလဲ... ဝေ့ရှီမင်းက ကျန့်ယောင်ကိုယ်စား အပြစ်ဒဏ်ခံပေးလိုက်လေ...မင်းတို့ရော ဘယ်လိုထင်လဲ…”
သူက ပြုံးပြီးပြောလိုက်သည်။
"ဝေ့ရှီမင်းက ကျန့်ယောင်ကို အရမ်းချစ်တာဆိုတော့ သူ့ကိုယ်စား ပြစ်ဒဏ်ခံပေးချင်မယ်ဆိုတာ သေချာတယ်…"
သူပစ်မှတ်ထားနေသူက ကျန့်ယောင် မဟုတ်ဘဲ ဝေ့ရှီမင်း ဖြစ်သည်။ အမျိုးသမီးဇာတ်လိုက်က သူတို့ကို မနှောင့်ယှက်သောကြောင့် သူမကို လွှတ်ပေးရန် ဆန္ဒရှိနေသည်က သဘာဝပင်။ ဝေ့ရှီမင်းက ရုတ်တရက် သူ့ကို စူးစူးရဲရဲစိုက်ကြည့်လာသည်။ သူ့မျက်လုံးထဲမှ အကြည့်များက ရက်စက်ပြီး အဆိပ်ပြင်းသော လူသားစားမြွေနှင့်ပင် တူနေသေးသည်။
ရှုနဉ်က သူ့မျက်လုံးထဲရှိ ကြမ်းတမ်းသည့်အကြည့်ကြောင့် ထိတ်လန့်သွားသည်။ သူ တစ်ခုခုပြောတော့မည့်အချိန်တွင် သူ့ဘေးမှလူက ရှေ့ကိုလှမ်းလာပြီး ပြောလိုက်သည်။
"ဝေ့ရှီမင်းက မလုပ်ချင်ဘူးဆိုရင်လည်း မေ့ပစ်လိုက်ကြရအောင်..ဒုတိယဆုရှင်ကို ထပ်မဲနှိုက်ကြတာပေါ့…”
ထို စာကြောင်းလေးက သူပြောသည့် စကားအားလုံးထက် ပိုထိရောက်သည်။
ဝေ့မင်ကျန်း ထိုသို့ ပြောပြီးနောက် အခြားလူများအားလုံး ချက်ခြင်းစိတ်မသက်မသာဖြစ်သွားကြသည်။
ကျန့်ယောင်နဲ့ဝေ့ရှီမင်းတို့ ဖြစ်သွားတာနဲ့ ဘာလို့ စည်းကမ်းချက်တွေကို ထည့်မတွက်ရတာလဲ……တခြားသူတွေ ဆိုရင်ရော စည်းကမ်းချက်တွေကို ထည့်မတွက်ပဲ နေမှာ မလို့လား….
ကံစမ်းမဲမစမီကပင် လူတိုင်း သူတို့၏ စကားလုံးကို ထိန်းသိမ်းထားရန် သဘောတူခဲ့ကြသည်။ ယခု သူတို့နှစ်ယောက်က နောက်ပြန်ဆုတ်ရန် ကြိုးစားနေကြသည်။
ဝေ့ရှီမင်းနဲ့ ကျန့်ယောင်တို့က အထူးအခွင့်အရေး ရနေတာလား….ဒီလို ဖြစ်သွားတာက အရမ်းပျင်းစရာကောင်းလွန်းတယ်….
ဖြေရှင်းချက်ရှိကြောင်း ကျန့်ယောင် ကြားလိုက်သည်နှင့် သူမက ဝေ့ရှီမင်းကို စိတ်အားထက်သန်စွာ စိုက်ကြည့်လိုက်သည်။
သူတို့ လုံးဝ အပြစ်ကို မခံယူဘဲ နေနိုင်သကဲ့သို့ ဝေ့ရှီမင်းက သူမကိုယ်စား အပြစ်ပေးခံ၍လည်း ရနိုင်သည်။ မည်သို့ပင်ဆိုစေကာမူ အဆုံးတွင် အားလုံးပြေလည်သွားမည်ဖြစ်သည်။
ဝေ့ရှီမင်းက လူတိုင်း ခပ်တိုးတိုး ပြောနေကြသည်ကို တွေ့လိုက်ရ၍ သူ မလွတ်မြောက်နိုင်သည်ကို သူသိသွားသည်။ သူ အံကြိတ်ထားလျက် ကျန့်ယောင်၏ မျှော်လင့်တကြီးဖြစ်နေသော အကြည့်ကို တွေ့လိုက်ရသောအခါ ခက်ခက်ခဲခဲ ပြောလိုက်သည်။
“ကောင်းပြီလေ…ငါတို့နှစ်ယောက်လုံးရဲ့ ပြစ်ဒဏ်ကို ငါပဲ တစ်ခါတည်း ခံလိုက်မယ်….”
"ကောင်းတယ်..”
"ဘယ်လိုတောင် လူကောင်းလေးလဲ…သူက ဇနီးလောင်းကိုယ်စား အပြစ်ပေးတာကိုတောင် ယူပေးတယ်…”
"ဒါကမှ ယောက်ျားလေးတွေ လုပ်သင့်တာပဲကွ…”
လူအုပ်ကြီးက သူ့ကို အားပေးပြီး ဝိုင်းအော်ကြသည်။
ကျန့်ယောင် သက်ပြင်းတစ်ချက်ချလိုက်ပြီး ဝေ့ရှီမင်းကို ကျေးဇူးတင်ဟန်ဖြင့် ကြည့်လိုက်သည်။
ဝေ့ရှီမင်းက ကျန့်ယောင်၏အနားသို့ လျှောက်သွားလိုက်ပြီး သူ့လက်ကို ဆုပ်ကိုင်ထားပြီး လှိုက်လှိုက်လှဲလှဲ ပြောလိုက်သည်။
"ကိုယ် မင်းအတွက် ဘာမဆိုလုပ်ပေးပါ့မယ်..."
သူ မဖြစ်မနေ အပြစ်ပေးခံရမည်ဆိုလျှင် သူသာ အကုန်လုံး စု၍ အပြစ်ပေးခံလိုက်မည်။ ထို့အပြင်၊ သူကကျန့်ယောင်ထံမှ အမြင်ကောင်းများလည်း ရရှိနိုင်မည်ဖြစ်သည်။
"အိုး အိုး…ရှီမင်းနဲ့ ကျန့်ယောင်က တစ်ယောက်ကို တစ်ယောက် အရမ်း ချစ်ကြတာပဲ….”
"ရှီမင်းက ကျန့်ယောင်အတွက် တကယ် လုပ်ပေးခဲ့တာပဲ…”
ကျန့်ယောင်လည်း အနည်းငယ် စိတ်လှုပ်ရှား သွားသည်။ သူမ ယခင်က မကျေမနပ်ဖြစ်မှုများကို မျိုသိပ်ပြီးပြောလိုက်သည်။
"ကျေးဇူးတင်ပါတယ်..”
ချစ်ခြင်းမေတ္တာကို ထုတ်ဖော်ပြသပြီးနောက် သူမက ထိုင်ခုံဆီသို့ အမြန်ပြန်ပြီး ထိုင်ချလိုက်သည်။ သူမက သူငယ်ချင်းများအား ဒေါသတကြီးဖြင့်မေးလိုက်သည်။
"မဲနှိုက်ဖို့က ဘယ်သူ စီစဉ်ပေးတာလဲ၊ငါ အဲ့ဒီလူကို သေချာပေါက် လွှတ်ပေးမှာမဟုတ်ဘူး…”
သူ့ သူငယ်ချင်းများက တစ်ယောက်ကိုတစ်ယောက်ကြည့်ရင်း တုံ့ဆိုင်းသွားကြသည်။
ကျန့်ယောင် မျက်မှောင်ကြုတ်လိုက်သည်။
"ဘာမှားနေလို့လဲ…”
သူ့ သူငယ်ချင်းတစ်ယောက်က ခဏ စဉ်းစားပြီး ပြောလိုက်သည်။
"ယောင်ယောင် ကံစမ်းမဲအစီအစဉ်ကို ဝေ့ရှီမင်း၊လျန်ဖုန့်နဲ့ အခြားလူတစ်ချို့က စီစဉ်ခဲ့တာ…”
ကျန့်ယောင်လည်း ထိတ်လန့်သွားသည်။ သူမ ကပွဲ ကြမ်းပြင်ရှိ ဝေ့ရှီမင်းကို စိုက်ကြည့်ရင်း
သူမ၏ နှလုံးသားထဲရှိ ကျေးဇူးတရားများက သဲလွန်စပင် ရှာမရဘဲ ပျောက်ကွယ်သွားခဲ့သည်။
"ဘုရားရေ ၊ဝေ့ရှီမင်းက နင့်အပေါ် အရမ်းကောင်းတာပဲ…”
"ကျန့်ယောင်၊ဝေ့ရှီမင်းက နင့်အတွက် တကယ်ကို အနစ်နာခံခဲ့တာပဲ…”
ကောင်မလေး နှစ်ယောက်က သူ့ဆီ လှမ်းလာပြီး မနာလိုဟန်ဖြင့် ပြောသည်။