အပိုင်း ၈၅
Viewers 10k

Chapter 85

အနိုင်ရလို့ ဂုဏ်ယူပါတယ်




မူလတန်းကျောင်း သို့မဟုတ် အလယ်တန်းကျောင်းတွင် အုပ်စုလိုက် သန့်စင်ခန်းသွားခြင်းက ကောင်းပေသည်။ သို့သော်လည်း သူတို့က ယခု အထက်တန်းကျောင်းတက်နေကြပြီဖြစ်သောကြောင့် သန့်စင်ခန်း အတူတူသွားခြင်းက တစ်မျိုး ဖြစ်နေသည်။


ဗီလိန်လေးမှာ မှီခိုတတ်တဲ့ ပြဿနာ ဒါမှမဟုတ် တစ်ခုခုများဖြစ်နေတာလား...


ဝေ့မင်ကျန်းက ထပ်မံ၍ မပျော်မရွှင် ဖြစ်သွားသည်။ သူက နှုတ်ခမ်းကို ဖိကိုက်လိုက်ပြီး နောက်ဆုံးတော့ ရှုနဉ်၏ လက်ကို လွှတ်လိုက်သည်။


ရှုနဉ်လည်း ဧည့်ခန်းမထဲမှ ထွက်လာပြီး ဝန်ထမ်းတစ်ယောက်၏ ကျေးဇူးဖြင့် သန့်စင်ခန်းကို တွေ့သွားခဲ့သည်။ သူက ဘိုထိုင်အိမ်သာတစ်ခုပေါ်တွင် ထိုင်နေစဉ် အခြား လူများ၏ စကားပြောသံကို ရုတ်တရက်ကြားလိုက်ရသည်။ 


"ဟားဟား..ဝေ့ရှီမင်းရဲ့ မျက်နှာကို မြင်လိုက်ကြလား…သူအရမ်းဒေါသထွက်နေတာပဲ…”


"ဟုတ်တယ်…ကျန့်ယောင်က အကတောင် ပြီးအောင် မကဘဲ ထွက်သွားတယ်…”


ရှုနဉ် : "..." 


ငါ ရည်ရွယ်ချက်ရှိရှိ ခိုးနားထောင်နေတာ မဟုတ်ရပါဘူး…


"သူတို့ လမ်းခွဲတော့မယ်လို့ မင်းထင်လား…”


"ငါမသိဘူးလေ…ဒါပေမယ့် ကျန့်ယောင်က အဲ့လို လုပ်ချင်ရင်တောင် သူ့မိသားစုက သဘောတူမယ်လို့ မင်းထင်လား…”


 "သူတို့သာ တကယ်လမ်းခွဲလိုက်ရင် နောက်ဆုံးတော့ ငါတို့ အခွင့်အရေးရလာနိုင်တယ်…”


"မင်းပြောတဲ့အတိုင်း မှန်မှန်ကန်ကန် လုပ်ရင်တော့ ပိုကောင်းလိမ့်မယ်…လူတိုင်းက မျှမျှတတ ကစားရမယ်…” 


ရှုနဉ် "…….." 


သူ မေ့လုနီးပါးဖြစ်သွားသည်။’အရေးပါသောပုဂ္ဂိုလ်၏ အချစ်ဦး’ သည် မိန်းကလေးများကို ရည်ညွှန်းသည့် အချစ်ဝတ္ထုဖြစ်ပြီး ဆိုလိုသည်မှာ အမျိုးသမီး ဇာတ်လိုက်တွင် သူနှင့် သင့်တော်သည့် ပိုးပန်းသူ အများအပြား ရှိနေသည်က သဘာဝပင် ဖြစ်သည်။


ဗီလိန်လေးက ကျန့်ယောင်ကို ဂရုမစိုက်သော်လည်း ဝေ့ရှီမင်းက ကျန့်ယောင်ကို သူ့ထံမှ လုယူသွားမည်ကို ကြောက်နေပြီး ဗီလိန်လေးကို စောင့်ကြည့်နေခဲ့သည်။ ဝေ့ရှီမင်း မသိခဲ့သည်က သူကာကွယ်သင့်သည့်မှာ ဝေ့မင်ကျန်းထံမှ မဟုတ်ဆိုသည်ကိုပင်။


ဝေ့ရှီမင်းက မူလကပင် မှားနေခဲ့သည်။


ရှုနဉ်လည်း ရှုပ်ထွေးနေသည့် ခံစားချက်များဖြင့် သန့်စင်ခန်းထဲတွင် ဆက်ထိုင်နေခဲ့သည်။


 "မင်းတို့နှစ်ယောက် ဘာတွေပြောနေကြတာလဲ…”

သန့်စင်ခန်းထဲတွင် တင်းမာသောအသံတစ်ခုက ပဲ့တင်ထပ်ကာ ထွက်ပေါ်လာသည်။ 


ထိုအသံကို သူ ရင်းနှီးနေသည်။


လျန်ဖုန့်၏ အသံဖြစ်ကြောင်း ရှုနဉ် မသိမှီ အချိန်အနည်းငယ်ကြာသွားခဲ့သည်။ 


သန့်စင်ခန်းတစ်ခုလုံး တိတ်ဆိတ်သွားသည်။


လျန်ဖုန့်လည်း အလွန်ဒေါသထွက်သွားသည်။ 


"ကျောင်းသားကောင်စီဥက္ကဌနဲ့ ကျန့်ယောင်တို့အတွဲက လုံးဝ ပြီးပြည့်စုံတယ်…မင်းတို့နှစ်ယောက်က ကိုယ့်ကိုကိုယ် မှန်ထဲမှာပြန်ကြည့်သင့်တယ်…မင်းရဲ့အဆင့်နဲ့ လုံးဝ မနီးစပ်တဲ့သူတစ်ယောက်ကို မရည်ရွယ်ခင် မင်းကိုယ်မင်း ဘာလို့နည်းနည်းပြန်မစဉ်းစားကြည့်ရတာလဲ…”

လျန်ဖုန့်၏ စကားများက ကြမ်းတမ်း၍ ကောင်လေးနှစ်ယောက် ချက်ခြင်းပင် စိတ်မချမ်းမသာဖြစ်သွားသည်။


"လျန်ဖုန့်..မင်းဒီလိုစကားတွေကို ဘယ်လိုတောင်ပြောရတာလဲ…”


လျန်ဖုန့်က နောက်ပြန်ဆုတ်လိုက်သည်။

 "မင်းတို့တွေက တခြားတစ်ယောက်ရဲ့ ချစ်သူရည်းစားကို ရည်မှန်းနေတဲ့ သူတွေပဲ…ငါက မင်းတို့ကို ယဉ်ကျေးနေဖို့လိုသေးလို့လား…” 


"အဲဒါကို တွေးကြည့်တာက တရားမ၀င်ဘူးလား…ငါတို့ ဘာမှတောင် မကြိုးစားရသေးဘူး…နောက်ပြီး ဝေ့ရှီမင်းနဲ့ ကျန့်ယောင်က အိမ်ထောင်မပြုရသေးဘူးလေ..ကျန့်ယောင်ကို ရည်မှန်းထားရင်ရော ဘာဖြစ်လဲ…”


လျန်ဖုန့်က ဝေ့ရှီမင်း၏လက်ပါးစေတစ်ယောက် ဖြစ်နိုင်သ၍ ထို စကားကိုကြားလိုက်သည်နှင့် သူချက်ချင်းထအော်လိုက်သည်။


 “မင်းက အရမ်း အရှက်မရှိတာပဲ…မင်းအဆင့်နဲ့ မတန်တဲ့သူ တစ်ယောက်ကို ရည်မှန်းချက်ထားနေရုံတင်မဟုတ်ဘဲ ရိုင်းစိုင်းပြီး အရှက်လည်းမရှိဘူးပဲ…”

ကျန်နှစ်ယောက်က သူ့အော်သံကြောင့် အလွန်စိတ်ဆိုးသွားသည်။


 "သူက ငါ့တို့ အဆင့်နဲ့ မတန်ရင်တောင် ဝေ့ရှီမင်းကရော…သူက သူ့အဆင့်နဲ့ ပိုလို့တောင် မတန်သေးတယ်…” 


"ဟုတ်တယ်…ငါ ရိုးရိုးသားသားပဲ ပြောလိုက်မယ်…သူက ဘယ်နေရာက ရောက်လာမှန်းမသိတဲ့ လူယုတ်မာတစ်ယောက်ပဲလေ…သူက ဝေ့မင်ကျန်းအကြောင်း ကောလာဟလတွေ ဖြန့်တဲ့လူတွေနဲ့ အမြဲပြောနေကြတာ..ဝေ့မင်ကျန်းက ပညာမတတ်တဲ့ သူခိုး ဒါမှမဟုတ် တစ်ခုခုပဲလို့ သူပြောခဲ့တာလေ.. သူကလည်း အရှက်မဲ့တဲ့သူပဲ မဟုတ်ဘူးလား…”


လျန်ဖုန့်ကပြောလိုက်သည်။

 "ဘယ်လိုအရူးစကားတွေလဲ…ဥက္ကဌက ဒီလိုမပြောဘူးကွ…”


"ဟား၊ ငါတို့က အရူးမဟုတ်ဘူး…အပြစ်ကင်းသလို ကစားနေတာတွေ ရပ်လိုက်စမ်းပါကွာ… မင်းလို ငတုံးတွေက အဲဒါကို ခံရအောင် မိုက်မဲနေပေမယ့် ကျန်တဲ့သူတွေကတော့ ဖြစ်ပျက်နေတာတွေကို အတိအကျမြင်နေတာပဲ…ငါတို့ ဘာမှမပြောဘူးဆိုတာက ငါတို့နဲ့ ဘာမှမဆိုင်သေးလို့ပဲ…”


"သူက ဝေ့မင်ကျန်းရဲ့ မိသားစု ဘယ်လောက်ဆိုးရွားလဲဆိုတာကို ဆက်ပြောနေတာလေ… ဟားဟား၊ဝေ့မင်ကျန်း ကြီးပျင်းလာခဲ့တဲ့မိသားစုဆိုတာက သူ့သွေးသားရင်းမိသားစုဆိုတာကို သူ မတွေးခဲ့မိဘူး….


ပန်းသီးက သစ်ပင်ပေါ်ကနေ ခပ်ဝေးဝေးကို ပြုတ်မကျတတ်ဘူးဆိုတာ မကြားဖူးဘူးလား…ဒီစကားက ဝေ့မင်ကျန်းရဲ့ မိသားစုအကြောင်း သူ ညစ်ညမ်းတာတွေပြောလေလေ၊ သူ့ရဲ့ ယုတ်ညံ့တဲ့ အရင်းအမြစ်တွေအကြောင်း လူတွေက ပိုသိလာလေလေပဲ…သူက မြင့်မြတ်ပြီး သန်မာတဲ့ပုံပေါက်နေပေမယ့် အနာဂတ်မှာ ဘယ်လိုဖြစ်လာနိုင်မလဲဆိုတာ ဘယ်သူသိနိုင်မှာမလို့လဲ…”


"...ဘာလဲ ဟမ်…မင်းက တိုက်ခိုက်ချင်နေတာလား…လူတိုင်းက ပြောရမှာ ကြောက်လွန်းလို့ ငါကပြောပေးရတာ…လျန်ဖုန့် မင်းက စိတ်ကောင်းရှိပြီး ဉာဏ်ကောင်းပါတယ်၊ ဘာလို့ တခြားသူတွေလို ဉာဏ်မမှီရတာလဲ…ဝေ့ရှီမင်းရဲ့ လက်အောက်ငယ်သားလေး ဘယ်လိုများ ဖြစ်သွားရတာလဲ…မင်းကို သူက ဗူဒူးမှော်(voodoo)တစ်ခုခုနဲ့များ ပြုစားထားခဲ့တာလား…”


ရှုနဉ်က သန့်စင်ခန်းထဲတွင် စိတ်လှုပ်ရှားဖွယ်ကောင်းသော မြင်ကွင်းတစ်ခုကို တွေ့ရမည်ဟု မမျှော်လင့်ထားခဲ့ပေ။ သူတို့ပြောသမျှ အရာအားလုံးက အမှန်ဖြစ်သည်။ ဝေ့ရှီမင်းကအတုအယောင်ဖြစ်ပြီး ဗီလိန်လေးက နစ်နာသူဖြစ်ခဲ့သည်။ မည်သို့ပင်ဆိုစေကာမူ ဝတ္ထုထဲမှ လူများက ဦးနှောက်သေနေသည့် အရူးများသာဖြစ်သည်။ ဝေ့ရှီမင်း ကိုယ်စား သူတို့က ဆက်လက် အော်ဟစ်ငိုယိုနေကြပြီး ဗီလိန်လေးအား ဝိုင်းဖွဲ့ကာ ပြသနာရှာခဲ့ကြသည်။ 


ခဏ စဉ်းစားပြီးနောက် ရှုနဉ်က ထိုအရာကို "ဇာတ်လိုက်ရောင်ဝါ" အဖြစ် သတ်မှတ်လိုက်သည်။ ဇာတ်လိုက်ရောင်ဝါရှိနေသရွေ့ ဝေ့ရှီမင်းက ချမ်းသာပြီး အသိဉာဏ်ရှိသည်ဟူသည့် ငွေဇွန်းတစ်ချောင်း အမြဲရှိနေမည် ဖြစ်ပြီး သူက ဦးဆောင်ကာ ဗီလိန်လေးအား မုန်းတီးနေမည်ဖြစ်သည်။


မထင်မှတ်စွာပင် ဆိုက်ယောင်မှ ကျောင်းသားအားလုံးဇာတ်လိုက်ရောင်ဝါ၏ သက်ရောက်မှုဒဏ်ကို မခံခဲ့ရပေ။ ဝတ္ထုတွင် ဖော်ပြထားသည့် အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်သည့် အရံဇာတ်ကောင် အချို့သာ ခံခဲ့ရသည်။ ဝတ္ထုတွင် မဖော်ပြထားသည့်သူများက သာမန်လူများသာ ဖြစ်နိုင်သည်။


ရှုနဉ်က ဗီလိန်လေးအား သတင်းကောင်းကို ပြောပြရမည်။ 


သူတို့သုံးယောက်ထွက်သွားပြီးနောက် ရှုနဉ်လည်း သန့်စင်ခန်းမှထွက်လာပြီး ဧည့်ခန်းမဆီသို့ ပြေးသွားခဲ့သည်။ သူ့နေရာသို့ ပြန်ရောက်သည်နှင့် ဗီလိန်လေးနှင့် စကားပြောနေသည့် မိန်းကလေးတစ်ယောက်ကို သူသတိထားလိုက်မိသည်။


သူမက ဗီလိန်လေးကိုကရန် လာဖိတ်ခေါ်နေသည်မှာ ထင်ရှားသည်။ 


ရှုနဉ်၏ နှလုံးသားက ရုတ်တရက် မသက်မသာခံစားလိုက်ရသည် ။


ဗီလိန်လေးက ခေါင်းယမ်းပြလိုက်သည်။ 


ကောင်မလေးက စိတ်ပျက်လက်ပျက်ဖြင့် သူမ၏ စကပ်ကို မကာ ထွက်သွားခဲ့သည်။


ရှုနဉ်က ပေါ့ပေါ့ပါးပါး ပြုမူရန် ကြိုးစားခဲ့သော်လည်း သူက ဝေ့မင်ကျန်းကို အလွန်တွယ်ကပ်နေမိကာ ဟာသလုပ်လိုက်သည်။

"ဒီကောင်မလေးက အရမ်းလှတာပဲကို မင်းကဘာလို့ သူနဲ့ မကတာလဲ…”


ဗီလိန်လေးက ပြန်ဖြေသည်။

 "ငါ မကတတ်ဘူး..”


ရှုနဉ်က ထိုစကားကို ကြားလိုက်ရသောအခါ ပို၍ပင် ဝမ်းနည်းသွားသည်။ ဗီလိန်လေးက ကနည်းကို သိပါက သူမနှင့် အတူကမည်ဟု ဆိုလိုပေသည်။


ဝေ့မင်ကျန်း၏ လှပသော မျက်လုံးများက အံ့အားသင့်သွားပြီး တောက်ပလာသည်။ ရှုနဉ် ရုတ်တရက်ကြီး အဘယ့်ကြောင့် စိတ်ရှုပ်သွားရသည်ကို သူနားမလည်နိုင်သလို ဖြစ်နေပုံရသည်။ သူက ခဏ စဉ်းစားပြီး ပြောလိုက်သည်။


"ငါ ကတတ်တယ်ဆိုရင်တောင် သူနဲ့ ကမှာမဟုတ်ဘူး…”


ရှုနဉ်က လက်မလျော့သေးပေ။ 

"အခြားမိန်းကလေးက မင်းကို ကဖို့ဖိတ်ရင်ရော ဘယ်လိုလုပ်မလဲ၊ မင်းသူနဲ့ ကမှာလား…” 


ဝေ့မင်ကျန်းက မဖြေဘဲ ထိုအစား စိတ်ရှုပ်ထွေးစွာဖြင့် သူ့ဘက်ကို ခေါင်းလှည့်လာသည်။ 

“မင်းဆိုရင်ရော၊ကောင်မလေးနဲ့ ကမှာလား…”


ရှုနဉ်က "မကပါဘူး" ဟု ထုတ်မပြောရသေးချိန်တွင် သူ့ ဆင်ခြင်တုံတရား ဝင်လာသည်။


ဘာလို့ အဲ့လိုမလုပ်ရတာလဲ….


ငါ့မှာရည်းစားလည်း မရှိဘူး…


အကယ်၍ ဆက်ဆံရေးတစ်ခုစတင်လိုပါက၊ ကရန်ဖိတ်ကြားချက်ကို လက်ခံခြင်းက အဓိပ္ပာယ်ရှိမည်ဖြစ်သည်။ 


ဘာလို့များ ငါ့ရဲ့ပထမဆုံးတုံ့ပြန်မှုက ကောင်မလေးကို ငြင်းပယ်ဖို့ ဖြစ်နေရတာလဲ…


ရှုနဉ် သူ့ကိုယ်ပိုင်မေးခွန်းကြောင့် တုန်လှုပ်သွားမိသည်။ ထို့နောက် ထိုင်ခုံတွင် တိတ်တိတ်လေးထိုင်ပြီး ခေါင်းငုံ့ကာ စဉ်းစားနေသည်။ 


ကောင်မလေးတွေကို တကယ်ပဲ မကြိုက်တာများလား…


ငါတော့ သွားပြီ…


ငါအွန်လိုင်းမှာဖတ်ဖူးတဲ့ လူတွေရဲ့ အမျိုးအစားထဲကိုများ တကယ်ရောက်သွားသလား…ငါက အချစ်ရေးကို စိတ်မဝင်စားတဲ့သူများလား… 


ရှုနဉ် ရုတ်တရက် သူ့အနာဂတ်အတွက် စိုးရိမ်စိတ်များ ပြည့်နှက်လာသည်။ သူသာ အသက်သုံးဆယ်တွင် တစ်ကိုယ်တည်းဖြစ်နေလျှင် မည်သို့မည်ပုံဖြစ်မည်ကို သူစတင် တွေးတောနေမိပြိး အဖြေကို ယခုပင် မြင်နေသည်။ချိုက်ချိုက်နှင့် ပါးပါးရှုတို့က သူ့ကို လက်ထပ်ရန် စတင်ဖိအားပေးနေကြလိမ့်မည်။


"သူ့မှာ ရည်းစား ဘာလို့ မရှိတာလဲ …ဘာလို့ အိမ်ထောင်မပြုတာလဲ" ဟုဆိုကာ သူ့ကို ဝိုင်း အနှောင့်အယှက်ပေးကြမည့် အန်တီများလည်း ရှိသည်။


သူ ခေါင်းကိုက်လာသည်ကို ခံစားလိုက်ရသည်။ 

“ငါသာ ကတတ်ပြီး မိန်းကလေးတစ်ယောက်က ငါ့ကို ဖိတ်ရင် အင်းလို့ ပြောမိမယ်ထင်တယ်..”


ဝေ့မင်ကျန်း၏ စကားလုံးများက ရှုနဉ်၏ ခံစားချက်ကို ပြန်လည်ရရှိသွားစေသည်။ အကြောင်းတစ်ခုကြောင့် သူ ရုတ်တရက် ဒေါသဖြစ်သွားသည်။သူ အမှန်ပင် နားမလည်နိုင်အောင် ဒေါသထွက်နေခဲ့သည်။ 


"တကယ်လား..." 

ရှုနဉ်က အေးစက်စက် ပြောလိုက်သည်။ ဝေ့မင်ကျန်းက ဖြေးဖြေးလေးပြောလာသည်။  


"ဒါက ကရုံပဲလေ ….သာမန်လူမှုရေးဆက်ဆံမှုတစ်ခုပါပဲ…ချိန်းတွေ့ဖို့ ဒါမှမဟုတ် တစ်ခုခုကို သဘောတူလိုက်သလိုမျိုး မဟုတ်ပါဘူး…”

ရှုနဉ် ရုတ်တရက် အလင်းရောင်ကို မြင်လိုက်ရသည်။ 


ဟုတ်သားပဲ..ဒါက ကရုံပဲလေ…ချိန်းတွေ့တာလိုမျိုးတစ်ခုခုမှမဟုတ်တာ…


သို့သော်လည်း သူ မပျော်သေးပေ။


သူ၏ဆင်ခြင်တုံတရားရှိသည့် စိတ်ထဲတွင် ရှုနဉ် ရုတ်တရက်ကြီး ယုတ္တိမတန်ဘဲ အဘယ်ကြောင့် ဤမျှလောက်အထိ ဒေါသဖြစ်နေသည်ကို နားမလည်နိုင်ခဲ့ပေ။ 


သူက တုံ့ဆိုင်းစွာ ပြုံးပြီး ပြောလိုက်သည်။

"ဟုတ်တယ်…အဲဒါက ကရုံပဲ… ချိန်းတွေ့တာနဲ့ မတူဘူး…မိန်းကလေးတစ်ယောက်က ငါ့ကို နောက်ပိုင်းကဖို့ ဖိတ်ရင် ငါ ခဏလောက်ကမယ်…”


ဗီလိန်လေး၏ အမူအရာက ရုတ်တရက် မည်းမှောင်သွားသည်။ ယခု သူတို့ နှစ်ယောက်လုံး စိတ်မချမ်းသာတော့ပေ။ သူတို့နှစ်ယောက်လုံး သူတို့ အဘယ့်ကြောင့် မပျော်ရသည်ကို နားမလည်ကြသော်လည်း မပျော်မရွှင် ဖြစ်နေကြပြီး မပျော်မရွှင် မဖြစ်မိအောင် ကြိုးစားနေကြသော်လည်း ပျော်မနေကြပေ။ 


လေထုက ထူးဆန်းနေသည်။


ခဏကြာ တိတ်ဆိတ်သွားပြီးနောက် ရှုနဉ်က ထိုထူးဆန်းသော ခံစားချက်များမှ သူ့ကိုယ်သူ ဆွဲထုတ်ရန် အစွမ်းကုန် ကြိုးစားခဲ့သည်။ သူက အကြောင်းအရာကို ပြောင်းလိုက်သည်။

 "ငါ ခုနက သန့်စင်ခန်းထဲမှာ ရှိနေတုန်း မယုံနိုင်စရာ တစ်ခုခုကို ကြားလိုက်ရတယ်…”


ဝေ့မင်ကျန်းလည်း ထို အဆင်မပြေသည့် လေထုကြားက ရုန်းထွက်ချင်သောကြောင့် သူက မေးလိုက်သည်။

 "အိုး၊ ဘာကများ မယုံနိုင်လောက်ရတာလဲ…”


ရှုနဉ်က သန့်စင်ခန်းထဲတွင် သူကြားခဲ့သည်များကို အတိုချုံးပြောပြလိုက်သည်။ ဗီလိန်လေးက မျက်ခုံးပင့်လိုက်သည်။ 

"ကြည့်ရတာ လူတိုင်းက ဝေ့ရှီမင်းဘက်မှာ မရှိဘူးပဲ တစ်ကမ္ဘာလုံးက သူ့ကို သဘောကျနေတယ်လို့ ထင်ခဲ့တာ…”


"မဖြစ်နိုင်တာပဲ၊သူ့ကို တစ်ကမ္ဘာလုံးက ဘယ်လိုလုပ် သဘောကျနိုင်မှာလဲ…”

ရှုနဉ်က သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။ 


"တစ်ကမ္ဘာလုံးက သူ့ကို သဘောကျနေရင်တောင် အရေးမကြီးဘူး…”

ဗီလိန်လေးကပြောလိုက်သည်။


 "မင်းငါ့ကို သဘောကျနေသရွေ့ ဒီလောက်ဆိုလုံလောက်ပြီ…”


ရှုနဉ် ရင်ခုန်သွားပြီး သူ ရုတ်တရက် ဘာပြောရမည်ကို မသိတော့ပေ။ 


ဗီလိန်လေး၏ အမူအရာနှင့် အသံနေအသံထားမှာ ရိုးရိုးရှင်းရှင်း သဘာဝဆန်လွန်းသည်။ သူက ရာသီဥတု သို့မဟုတ် တစ်ခုခုအကြောင်း ပြောနေသကဲ့သို့ပင်။ သူ့အသံက တည်ငြိမ်ပြီး သူ့အမူအရာက ပေါ့ပါးနေသည်။


ရှုနဉ်လည်း ထိုစကားက ကမ္ဘာပေါ်တွင် သဘာဝအကျဆုံးအရာဟုပင် ခံစားမိသွားသည် ။ 


သူ စိတ်အခြေအနေက လျင်မြန်စွာ ပြန်ကောင်းလာသည်။ သူ့နှလုံးခုန်သံက လျင်မြန်စွာ ပျောက်ကွယ်သွားသည် ။ 


ရှုနဉ်ကပြုံးပြီးပြောလိုက်သည်။

 "စိတ်မပူပါနဲ့…တစ်ကမ္ဘာလုံးက သူ့ကို သဘောကျတယ်ဆိုရင်တောင် ငါမင်းကိုပဲ သဘောကျနေမှာပါ…”


သူသုံးလိုက်သည့် "သဘောကျသည်" ဟူသည့် စကားလုံးက ကြားနေစကားလုံးဖြစ်သည်။ ၎င်းက ကြောင်၊ သူငယ်ချင်း သို့မဟုတ် ကလေးတစ်ဦးကို သဘောကျခြင်းနှင့် ဆင်တူသည်။ ထို့ကြောင့် သူ့လေသံကတည်ငြိမ်ပြီး ပေါ့ပေါ့ပါးပါး ဖြစ်နေသည်။ 


ဝေ့မင်ကျန်းက ခေါင်းကို လှည့်ကာ စူးစူးရှရှ မျက်လုံးများဖြင့် သူ့ကို စိုက်ကြည့်နေသည်။


ရှုနဉ် အစပိုင်းတွင် သတိမထားမိသော်လည်း ခဏအကြာတွင် ဗီလိန်လေးက သူ့ကို စိုက်ကြည့်နေဆဲဖြစ်ကြောင်း သိသွားပြီး အနည်းငယ် စိတ်မသက်မသာ ဖြစ်သွားသည်။

 "ဘာလို့ငါ့ကိုကြည့်နေတာလဲ…”


ဗီလိန်လေးက ကိတ်မုန်းတစ်ဇွန်းကို တိတ်တဆိတ် ခပ်လိုက်ပြီး ရှုနဉ် ၏ပါးစပ်ထဲသို့ ဇွန်းအပြည့် ခွံ့ကျွေးလိုက်သည်။

"စားကြည့် …ချိုတယ်…”


ရှုနဉ်က ဇွန်းကို ပါးစပ်ထဲထည့်လိုက်သည်။ သူက ကိတ်မုန့်ကို လျှာပေါ်တင်ပြီး ခဏလောက် အရသာခံလိုက်သည်။ ထို့နောက် သူက “ချိုတယ်” ဟုပြန်ပြောလိုက်သည်။ 


ရုတ်တရက် သူတို့ဘေးနားမှ အော်ဟစ်သံများကို ကြားလိုက်ရသည်။ 


ရှုနဉ် ခေါင်းလှည့်ကြည့်လိုက်သောအခါ ယခင်က သူ့ကို ကျီစားနေသည့် မိန်းကလေးနှစ်ယောက်က သူတို့ ရင်ဘတ်များကို တင်းတင်းကျပ်ကျပ် ဆုပ်ထားတာ တွေ့လိုက်ရသည်။ သူတို့က သူနှင့် ဗီလိန်လေးကို တောက်ပသော မျက်လုံးများဖြင့် စိုက်ကြည့်နေကြသည်။ 


ရှုနဉ်က သူတို့ ထူးဆန်းသည်ဟု ခံစားရလိုက်ရသည်။

"ဘာများမှားနေလို့လဲ..." 


ကောင်မလေးနှစ်ယောက်က ခေါင်းယမ်းပြီး အမြန်ထွက်သွားသည်။ ရှူနဉ်နှင့် ဝေးကွာသွားသည်နှင့် တစ်ပြိုင်နက် စိတ်လှုပ်ရှားစွာဖြင့် အချင်းချင်းပွေ့ဖက်ကာ တစ်စုံတစ်ခုကို တိုးတိုးတိတ်တိတ် ပြောနေကြသည်။


ကပွဲအလယ်တွင် အစီအစဉ်တင်ဆက်သူသူနှစ်ယောက် စင်ပေါ်သို့ တက်လာသည်။ 

"ဟယ်လို ကျောင်းသားတို့ ၊ မင်းတို့ ခဏလောက် အာရုံစိုက်ပေးလို့ရမလား…”


ကပွဲကြမ်းပြင်မှ လူများဖြစ်စေ၊ လျှောက်သွားနေကြသည့် လူများ ဖြစ်စေ၊ သူတို့အားလုံး ရပ်ပြီး အစီအစဉ်တင်ဆက်သူ ပြောသည်ကို အာရုံစိုက်နေကြသည်။


အစီအစဉ်တင်ဆက်သူများက ပြောသည်။

 "ဒီည ငါတို့ မဲဖောက်ပေးမယ်…အားလုံး ပါဝင်ချင်ကြလား…”


"ကံစမ်းမဲရှိတာလား…”

စိတ်လှုပ်ရှားနေကြသည့် ကျောင်းသားများက လျင်မြန်စွာ အော်ဟစ်လိုက်ကြသည်။


 “ဟုတ်ပြီ လုပ်ပါ…”

ခန်းမတစ်ဝိုက်တွင် အတည်ပြုသည့် အသံများ ထွက်ပေါ်လာခဲ့သည်။ 


ဆူညံသံ အငွေ့အသက်များ ပြေလျော့သွားသည်နှင့် အစီအစဉ်တင်ဆက်သူက ပြုံးပြီးပြောလိုက်သည်။

 "လူတိုင်း ပါဝင်ဖို့ ဆန္ဒရှိလို့ ကံစမ်းမဲက ဘယ်လိုမျိုးဆိုတာ ပြောပြပါရစေ…ငါတို့ ကံစမ်းမဲမှာ ပထမဆုနဲ့ ဒုတိယဆုဆိုပြီး ဆုနှစ်ခုပဲ ရှိပါမယ်…လူနှစ်ယောက်က ဆုတစ်ခုစီကို ရပါလိမ့်မယ်…”


 "ပထမဆုကတော့ ရုချွန်လေလံအိမ်ကအန်းရှန်းရှန်းရဲ့ ‘နှလုံးသား’ဆိုတဲ့ ပန်းချီကားဖြစ်ပြီး ယွမ် ၁.၂ သန်းတန်ကြေးရှိပါတယ်…”

အစီအစဉ်တင်ဆက်သူက အသံကျယ်ကျယ်နှင့် ကြေငြာလိုက်သည်နှင့် ခန်းမတစ်ခုလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားသည်။


ထိုနေရာရှိကျောင်းသားအများစုက ချမ်းသာသည့် မိသားစုမှ ဖြစ်သော်လည်း သူတို့က ကျောင်းသားများ ဖြစ်နေဆဲပင်။ ကျောင်းကပွဲတွင် ယွမ်တစ်သန်းကျော်တန်ဖိုးရှိသည့် ဆုတစ်ဆုပေးခြင်းက ကြီးကျယ်သည့် ကိစ္စဖြစ်သည်။