🍬Chapter 125[ Extra-2 ]
နေ့လည် နှစ်နာရီခန့်အချိန်၊ ရွှီလော့ယန်မှာ အဖြူရောင် တီရှပ်နှင့် ဂျင်းဘောင်းဘီကို ၀တ်ဆင်ထားပြီး စိတ်ဓာတ်တက်ကြွစွာဖြင့် ခရီးသည်ထိုင်ခုံတွင် ထိုင်နေခဲ့သည်။
ချီချန်အန်းက သူ့အား ထိုင်ခုံခါးပတ်ကို ကူပတ်ပေးလိုက်ကာ၊ "နျောင်နျောင်၊ ဘာတွေများ အတွေးနက်နေတာတုန်း..." ဟုမေးလေ၏။
အိမ်မှထွက်လာသည့်အချိန်ကတည်းက ရွှီလော့ယန်မှာ အတွေးရေယာဉ်ကြောထဲ နစ်မြှုပ်နေခဲ့ခြင်းပင်။
"ငါ ယိကျင်ကျင်း ကိုရွတ်ဖတ်နေတာ တိုက်ပွဲမစခင်၊ ကြွက်သားတွေကိုသန်မာပြီး ရိုးတွင်ခြင်ဆီထိပါ ခိုင်မာနေစေဖို့ အချိန်ယူနေတာ ငါတို့ရင်ဆိုင်ရမယ် အရမ်း အင်အားကြီးတယ် ဒါကြောင့် ငါ့အနေနဲ့ ကြိုတင်ပြင်ဆင်ထားရမယ်လေ..."
ရွှီလော့ယန်က အလွန်တရာကိုမှ ဖြောင့်မှန်သည့်လေသံဖြင့်ပြောလာသည်။
"ခဏနေ ငါတို့ ကတ်ကစားတဲ့အခါ၊ အနိုင်ရဖို့ ကိုယ့်အားကိုယ်ကိုးရမှာ ဒီတော့ ချန်အန်း၊ ကျေးဇူးပြုပြီး ငါ့ကို ကတ်တွေ မပေးပစ်နဲ့နော်...ငါ့အတွက် တမင်တကာကြီး အရှုံးမခံနဲ့နော်..."
ချီချန်အန်းက သူ၏နှုတ်ခမ်းထောင့်များကို ကွေးညွှတ်လိုက်ကာ၊ ကားစတီယာရင်ပေါ်မှ လက်ကိုရွေ့ကာ၊ သူ့ဆံပင်လေးများကို ပွတ်သပ်ပေးလာလေသည်။
"ကောင်းပါပြီ သွားရအောင်၊ ပွစိလေးရာ..."
ယဲ့ရှန်ရှန်၏ နေအိမ်သို့ ရွှီလော့ယန်က ကြိမ်ဖန်မနည်းရောက်ဖူးလေသည်။ သို့နှင့်သူက လမ်းညွှန်တစ်ဦးကဲ့သို့ ဦးဆောင်လမ်းပြလာလေ၏။
ကားသည် ဆင်ခြေဖုံးရပ်ကွက်သို့ရောက်ရှိပြီး ကိုယ်ပိုင်လမ်းတစ်ခုပေါ်သို့ မောင်းနှင်လာကာ နောက်ဆုံးတွင် ဂိတ်ပေါက်တစ်ခု၌ ရပ်သွားခဲ့သည်။
ကားပေါ်မှဆင်းလာသည်နှင့် အဖြူရောင် V ပုံသဏ္ဍာန် အင်္ကျီလည်ပင်းဖြင့် ဆွယ်တာအကြီးကြီးတစ်ထည်ကို ဝတ်ဆင်ထားသည့် ယဲ့ရှန်ရှန်အား ရွှီလော့ယန် လှမ်းတွေ့လိုက်ရသည်။ သူက မြက်ခင်းပြင်ပေါ်တွင် ဆောင့်ကြောင့်ထိုင်နေကာ ဘာလုပ်နေမှန်းမသိရပေ။
သို့နှင့် သိချင်စိတ်ပြင်းပြစွာနှင့် အနားနားသို့ သွားကာ .. " ရှန်ရှန်"
"တိတ်.."
ရွှီလော့ယန်က ချက်ချင်းပင် သူ့လက်ဖြင့် ပါးစပ်ကို ဖုံးလိုက်ကာ မျက်တောင် တဖျတ်ဖျတ်ခတ်လျက်၊ အသံမထွက်ဘဲ လေသံလေးဖြင့်သာ နှုတ်ခမ်းလှုတ်၍ မေးလာလေသည်။
"မင်းဘာလုပ်နေတာတုန်း..."
ပါးစပ်ထဲတွင် စုပ်လုံးတစ်လုံးကိုစုပ်လျက်၊ လေးနက်သောဟန်ပန်ဖြင့် ယဲ့ရှန်ရှန်က လက်ဖြင့်သာ အမူအယာပြလိုက်သည်။ သူ့နံဘေး၌ ရွှီလော့ယန်လည်း လိုက်၍ ဆောင့်ကြောင့်ထိုင်လိုက်သည့်အခါမှသာ သူက တိုးတိုးလေးပြန်ဖြေလာလေသည်။
"ငါ ခရုတွေ ရန်ဖြစ်တာကို ကြည့်နေတာ..."
ထိုသို့ပြောပြောဆိုဆိုဖြင့်၊ သူ့အိပ်ကတ်ထဲမှ သစ်သီသကြားလုံးတစ်ထုတ်ကို ထုတ်ကာ ရွှီလော့ယန်ထံ လှမ်းပေးလိုက်သည်။
??
ခရုတွေ.. ရန်ဖြစ်နေတာ...
ဤကဲ့သို့ မှော်ဆန်သည့် မြင်ကွင်းမျိုးအား ရွှီလော့ယန်တစ်ခါမျှ မမြင်ဖူးပေ။ သို့နှင့် သကြားလုံးထုပ်ကိုယူကာ၊ သကြားလုံးတစ်လုံးကို အခွံခွာ၍ သူ့ပါးစပ်ထဲသို့ထည့်လိုက်သည်။ ထို့နောက် ယဲ့ရှန်ရှန်နှင့် ဘေးချင်းယှဉ်လျက် ဆောင့်ကြောင့်ထိုင်ကာ စိတ်ဝင်တစား လိုက်လံကြည့်ရှုနေတော့သည်။
အခြားတစ်ဖက်တွင်မူ၊ ချီချန်အန်းနှင့် ကုန်းယွဲ့တို့က စကားစမြည်ပြောဆိုနေကြလေ၏။ သူတို့နှစ်ဦးကြားမှ စကားအကြောင်းအရာများမှာမူ စီးပွားရေးနှင့် ဘဏ္ဍာရေးအကြောင်းများတွင်သာ လှည့်ပတ်နေသည်။ စကားလက်ဆုံကျပြီး သိပ်မကြာမီပင်အချိန်အတွင်းပင်၊ ချီချန်အန်းမှာ အတွေ့အကြုံမရှိသော်ငြား၊ သူ၏အသိဥာဏ်၊ တွေးခေါ်မှုနှင့် ခွဲခြမ်းစိတ်ဖြာမှုစွမ်းရည်များမှာ သူ့အစ်ကိုဖြစ်သူ ချီချန်ယင်းထက် သာလွန်ကြောင်းအား ကုန်းယွဲ့ သိရှိသွားရသည်။
ချီချန်အန်းမှာ ကုန်းယွဲ့၏အမည်အား၊ ချီချန်ယင်းထံမှ ကြားခဲ့ဖူးသည်။ သူတို့၏ ကုမ္ပဏီနှစ်ခုမှာ မတူညီသည့်နယ်ပယ်များအသီးသီးတွင် ရပ်တည်နေကြသော်လည်း ထပ်တူညီမှုများက အနည်းငယ်ရှိစမြဲပင်။ သို့နှင့် သူတို့မှာ အမြဲလိုလို ပူးပေါင်းဆောင်ရွက်လေ့ရှိကြသည်။ ကုန်းယွဲ့မှာ စကားအနည်းငယ်သာပြောသော်လည်း၊ သူပြောသည့်စကားလုံးတိုင်းမှာ၊ မကြာခဏဆိုသလို အဓိကအချက်များကိုသာ ပြောဆိုလေ့ရှိပြီး ပြဿနာအပေါ် သူ့အမြင်မှာလည်း အလွန်တိကျသောကြောင့် သူ့အတွက် များစွာအကျိုးရှိစေသည်။
ထိုအချိန်၌ပင်၊ အခြားတစ်ဖက်မှ အာမေဋိတ်သံနှစ်ခုက ထွက်ပေါ်လာလေ၏။ ချီချန်အန်းနှင့် ကုန်းယွဲ့တို့နှစ်ဦးလုံးမှာ စကားစမြည်ပြောဆိုနေကြသော်ငြား၊ တစ်ဖက်သို့လည်း အာရုံစိုက်လျက်ရှိရာ၊ ချက်ခြင်းပင် လှမ်းကြည့်လာကြသည်။ ထို့နောက်၊ ရွှီလော့ယန်နှင့် ယဲ့ရှန်ရှန်တို့ မြက်ခင်းပြင်ပေါ်တွင် ဆောင့်ကြောင့်ထိုင်ကာ၊ အနောက်သို့ နည်းနည်းချင်းဆီ ထိုင်လျက်သားလေး၊ ဆုတ်လာနေပြီး၊ အချင်းချင်း နီးကပ်သွားလိုက်၊ တိုးတိုးလေးပြောလိုက်နှင့် အလွန်ပင် စိတ်လှုပ်ရှားနေကြတာကို မြင်လိုက်ရသည်။
အလောတကြီးမလုပ်ဘဲ၊ ချီချန်အန်းက စိတ်အေးလက်အေးဖြင့်သာ မတ်တပ်ထရပ်လိုက်ပြီး "လော့ယန်က ဖုန်းပြောပြီးကတည်းက အရမ်းစိတ်လှုပ်ရှားနေခဲ့တာ" ဟု ပြောလာသည်။
ကုန်းယွဲ့သည်လည်း အလိုအလျောက်ပင် လေသံက ပျော့ပြောင်းသွားကာ "ရှန်ရှန်လည်း အတူတူပါပဲ" ဟု ဆို၏။
သူတို့နှင့် မနီးမဝေးနေရာ၌၊ ရွှီလော့ယန်က အနားကပ်လာပြီး အသံတိုးတိုးလေးဖြင့် ယဲ့ရှန်ရှန်ကို မေးလာသည်။
"မင်းရဲ့လူကြီးနဲ့ ချန်အန်းနဲ့ ဘာတွေပြောနေကြတယ်လို့ ထင်လဲ"
ရှုပ်ပွနေသည့်ဆံနွယ်များအား တစ်ချက်ကုတ်ခြစ်လိုက်ရင်း၊ ယဲ့ရှန်ရှန်က လည်းချောင်းဟန့်လိုက်ကာ၊ "ဟယ်လို မစ္စတာချီ၊ တွေ့ရတာ ဝမ်းသာပါတယ်"
ချက်ချင်းဆိုသလို နားလည်မှုရသွားသည့် ရွှီလော့ယန်ကလည်း သူ့အသံနေအသံထားကို ပြောင်းလိုက်ကာ "ဟယ်လို၊ မစ္စတာကုန်း၊ ခင်ဗျားအကြောင်း ကြားဖူးနေခဲ့တာကြာပါပြီ"
"ဒီနေ့ ရာတသီဥတုက မဆိုးပါဘူး"
"အမှန်ပဲ... မိုးလေဝသကတော့ မိုးရွာလိမ့်မယ်လို့ ခန့်မှန်းချက်ထုတ်ထားတယ်..."
"ဟုတ်တယ်..."
"အင်း..."
စကားပြောခန်းက အလွန်လျင်မြန်စွာ အဆုံးသတ်သွားလေ၏။ ရွှီလော့ယန်နှင့် ယဲ့ရှန်ရှန်တို့ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ၊ ရယ်မောနေကြသည်မှာ အတောမသတ်နိုင်အောင်ပင်။
ငါးမိနစ်ခန့်ကြာပြီးသည့်အခါ၊ လူလေးဦးမှာ အိမ်တော်ထိန်းမှ မာကျောက်စားပွဲကိုပြင်ဆင်ထားပေးသည့် ပန်းပွင့်ခန်းမသို့ သွားရောက်လေတော့သည်။
ရွှီလော့ယန်က သက်ပြင်းချလျက်ဖြင့် "ငါရေကြည့်ထားတယ် ငါမာကျောက်မကစားဖြစ်တာ တစ်နှစ်ခွဲလောက်ရှိနေပြီ..."
"ဒီလောက်တောင်ပဲလား..."
ယဲ့ရှန်ရှန်က ခဏလောက် တွေးကြည့်လိုက်ကာ၊
"အင်း... မင်းရဲ့ အချိန်ဇယားက တော်တော်လေး ပြည့်နှက်နေတာပဲ... ကျန်းကော မင်းကိုစီစဉ်ပေးတဲ့ အချိန်ဇယားက တော်တော်လေး တင်းကြပ်တယ်"
ယဲ့ရှန်ရှန်၏ ဗလာနီးပါးဖြစ်နေသော အချိန်ဇယားအား ရွှီလော့ယန် သတိရလိုက်မိသည်။
မေ့လိုက်ရအောင်... နှိုင်းယှဉ်စရာမရှိရင်၊ ထိခိုက်မှုလည်း မရှိနိုင်ဘူး...
သူက စကားလမ်းကြောင်းလွှဲလိုက်သည်။
"ဒီနှစ်ထဲ ဇာတ်ကားရိုက်ဖို့ အစီအစဉ်ရှိသေးလား..."
ယဲ့ရှန်ရှန်က ယခုနှစ် ပထမနှစ်ဝက်တွင်၊ အစိုးရဝန်ဆောင်မှုကြော်ငြာတစ်ခုကို ရိုက်ကူးခဲ့ပြီး သူ၏ဆရာဖြစ်သူနှင့်အတူ၊ တောင်အမေရိက အပူပိုင်းမိုးသစ်တောသို့ နှစ်လကြာသွားရောက်နေထိုင်ခံပြီး၊ မျိုးသုဉ်းလုနီးပါး အန္တရာယ်ရှိနေသည့် ငှက်မျိုးစိတ်တို့၏ မျိုးပွားမှုအကြောင်းကို လေ့လာခဲ့သည်။ သူက ထိုအကြောင်းကို မှတ်တမ်းရိုက်ခဲ့ကာ၊ ထိုမှတ်တမ်းမှာလည်း တည်းဖြတ်၍ ထုတ်လွှင့်ပြီးပြီဖြစ်သည်။
ရွှီလော့ယန်၏မေးခွန်းကိုကြားသည့်အခါ ယဲ့ရှန်ရှန်က အနည်းငယ် ရှုပ်ထွေးသွားရသည်။
"ဒီနှစ်နောက်ပိုင်းမှာတော့ ငါလျှောက်မပြေးဖြစ်လောက်တောဘူး...ဒါပေမယ့် အခုထိ ငါသဘောကျတဲ့ ဇာတ်ကောင်မျိုးလည်း မတွေ့ရသေးဘူး မင်း ဇာတ်ညွှန်းတွေရရင်၊ ငါ့အတွက် ကူပြီးဖတ်ပေးလို့ရမလား ကောင်းတာလေးရှိရင်၊ ငါတို့အတူတူ သွားကစားကြတာပေါ့"
"ကောင်းပြီလေ" ဟု ရွှီလော့ယန်က ပြန်ဖြေလိုက်သည်။
"စကားမစပ်၊ မင်းတို့ ဘယ်တော့ လက်ထပ်ကြမှာလဲ..."
ထိုစကားကိုကြားသည့်အခါ၊ ရွှီလော့ယန်မှာ ဘယ်ဘက်ခြေထောက်နှင့် ညာဘက်ခြေထောက်တို့ ချိတ်မိသွားရသည်။
သူ၏နားရွက်ဖျားလေးများက နီရဲတက်လာကာ၊ အသံလေးများ တိုးလို့ဝင်သွားခဲ့ပြီး "ဘာကို လက်ထပ်တာလဲ"
"မင်းကိုချီချန်အန်းက အောင်အောင်မြင်မြင်နဲ့ လက်ထပ်ခွင့်တောင်းပြီးပြီလေ...နောက်တစ်ဆင့်က လက်ထပ်ဖို့ပဲ ကျန်တော့တာလေ"
ယဲ့ရှန်ရှန်က အနည်းငယ် ထူးဆန်းစွာဖြင့်မေးလာသည်။
"အဲ့ဒါက အစဉ်လိုက်အတိုင်းပဲ မဟုတ်ဘူးလား..."
"အစဉ်အတိုင်းတော့မှန်ပါတယ်... ငါ နည်းနည်း စိတ်လှုပ်ရှားသွားလို့ပါ..." ရွှီလော့ယန်က သူ့လက်များကို ဝှေ့ယမ်းလိုက်ကာ တိုးတိုးလေး ကပ်ပြောလာသည်။
"ဆုံးဖြတ်ပြီးသွားရင် မင်းကိုငါ ပြောပြမယ်လေ..."
"ကောင်းပြီ။ ဒါနဲ့ Weibo မှာ တင်ထားတဲ့ ဖျော်ဖြေပွဲရဲ့ live ဗီဒီယိုကို မင်းကြည့်ပြီးသွားပြီလား resolution က တော်တော်မြင့်တယ်။ အလင်းအမှောင်ရော၊ ရိုက်ချက်တွေရောက အရမ်းကောင်းတယ် ပြီးတော့ မြင်ကွင်းကလည်း အရမ်းလှလွန်းတယ် ဟုတ်တယ်မလား..."
ရွှီလော့ယန်က ချက်ချင်းပင် တုံ့ပြန်လိုက်သည်။
"အဲ့ဒီဗီဒီယိုတွေကို မင်းတင်ထားတာလား..."
"ဟုတ်တယ်...ငါပဲလေ..."
ပြောပြောဆိုဆိုဖြင့်၊ ယဲ့ရှန်ရှန်က မျက်စိမှိတ်ပြလိုက်ကာ၊ သူ့လက်ကိုဆန့်ထုတ်လိုက်ပြီး
"ကုချန်ရဲ့ဖန်လေ နားလည်ပေးမယ်မို့လား..."
ရွှီလော့ယန်က ရယ်မောကာ သူ့လက်ကို ဆွဲ၍နှုတ်ဆက်လိုက်ပြီး "ကျေးဇူးပါ" ဟု ပြောလေ၏။
ထို့နောက်၊ လူလေးဦးမှာ မာကျောက်စားပွဲ၏ အစွန်း၌ ရပ်လိုက်ကြလေသည်။ သူတို့၏နေရာကို ဆုံးဖြတ်ပြီးနောက်၊ ရွှီလော့ယန်က ထိုင်ခုံထက်ထိုင်ကာ သူ၏အင်္ကျီလက်များကို ပင့်တင်လိုက်လေသည်။
"မညစ်ပတ်နဲ့နော်... ငါ့ကို အလျှော့လည်း မပေးနဲ့... မင်းကို ငါ့ရဲ့ ကိုယ်ပိုင်အစွမ်းအစတွေနဲ့ အနိုင်ယူပြမယ်ကွ..."
ယဲ့ရှန်ရှန်က မေးဆတ်ပြလိုက်ကာ
"ကောင်းပြီလေ...စကြတာပေါ့..."
နှစ်မိနစ်မျှကြာသည့်အခါ၊ သူ့လက်ထဲရှိ ကတ်များကိုကြည့်ရင်း ချိတုံချတုံဖြစ်နေပြီးမှ ရွှီလော့ယန်က ယုံကြည်ချက်အပြည့်ဖြငိ့ ချလိုက်သည်။
"သုံးသောင်း"
"ငါလှန်လိုက်ပြီ အားလုံးအရောင်တူပဲ ငါ့ကိုပိုက်ဆံပေးလိုက်ကြတော့..."
"လှန်ပြီ..."
"ငါလည်း....လှန်လိုက်ပြီ..."
"...." ရွှီလော့ယန်၏ မျက်လုံးများ ပြူးကျယ်လာရကာ သူက ထိခိုက်သွားသလို ခံစားလိုက်ရသည်။
"ငါလူး...မဟုတ်သေးပါဘူး... ဒီလို လုပ်လို့ရတာမျိုးလည်း ရှိသေးတယ်ပေါ့လေ..."
"ပိုက်ဆံပေးမယ်.... ပိုက်ဆံပေးမယ်..."
ယဲ့ရှန်ရှန်က တောက်ပစွာပြုံးလျက်ဖြင့်၊
"လော့ယန်၊ မင်းက တကယ်ကို အံ့အားသင့်စရာပဲ မင်းရဲ့မိသားစုက မစ္စတာချီက မင်းကို တစ်ချိန်လုံး ကတ်တွေထိုးကျွေးပေးနေတာ..."
ရွှီလော့ယန်က ယောင်ဝါးဝါးဖြင့် "အာ.. ငါ ဘာလို့ သတိမထားမိရတာလဲ..."
သို့သော်လည်း သူ၏မျက်နှာချင်းဆိုင်မှ ချီချန်အန်းကို ကြည့်လိုက်ပြီးနောက်၊ ရွှီလော့ယန်မှာ သွေးအပြည့်ဖြင့် ပြန်လည်ရှင်သန်လာသကဲ့သို့ ခံစားလိုက်ရသည်။
"နောက်တစ်ခေါက်လောက်၊ လာစမ်းပါ ငါ နောက်တစ်ပွဲတော့ သေချာပေါက်နိုင်မှာ... "
သို့သော်လည်း၊ ဒုတိယပွဲစပြီး များမကြာမီပင်၊ ရွှီလော့ယန်မှာ စောစီးစွာပင်၊ ပွဲမှ အထုတ်ခံလိုက်ရပြီး၊ ကတ်ကစားပွဲရှိ ဆရာသခင်သုံးဦးမှာ စတင်၍ သူတို့၏အင်အားကို ပြသလာသည်ကို တွေ့မြင်လိုက်ရ၏။
သူ့လက်ထဲ၌ အန်စာတုံးတစ်ခုကို ဆုပ်ကိုင်ထားကာ၊ အချိန်အတန်ကြာသည်အထိ လိုက်ကြည့်နေပြီးနောက်၊ ထိုလူသုံးယောက်၏ လှုပ်ရှားမှုလမ်းကြောင်းအား သူ့အနေဖြင့် လုံးဝကိုနားမလည်နိုင်သည်အား သဘောပေါက်သွားရသည်။
ဒါက တအားကို ရက်စက်လွန်းတယ်...
သို့နှင့်၊ လုပ်စရာမရှိတော့သည့် ရွှီလော့ယန်မှာ၊ ဖန်လုံအိမ်အတွင်း ကြီးထွားနေသည့် ပန်းများကိုခဏလောက် လိုက်ကြည့်နေရင်း၊ စိတ်ကူးယဉ်နေပြီးနောက်၊ ချီချန်အန်းမှာ Westminster တက္ကသိုလ်တွင် စီးပွားရေးဘာသာရပ်ကို လေ့လာခဲ့ပြီး ယုတ္တိဗေဒနှင့် သင်္ချာဘာသာရပ်ကို အလွန်ကျွမ်းကျင်ကြောင်း ပြန်လည် အမှတ်ရသွားရသည်။ ကုန်းယွဲ့သည်လည်း အလားတူပင်။ ယဲ့ရှန်ရှန်က ကုန်းယွဲ့မှာ သူ့အား စာတမ်းများကို အမှတ်ပေးနိုင်ပြီး၊ ဘဏ္ဍာရေးနှင့် သင်္ချာကဲ့သို့သော ဘာသာရပ်များတွင် သင်ခန်းစာများ ပို့ချပေးသည်ဟု ပြောခဲ့ဖူးသည်ကို ရွှီလော့ယန် အမှတ်ရသွား၏။
ယဲ့ရှန်ရှန်အတွက်တော့ သူက လူသားတစ်ဦးမဟုတ်သည့်အတွက်၊ ထည့်သွင်းစဉ်းစားရန်မလိုပေ။
ဒါကြောင့် ဒီစားပွဲမှာ ၊ ငါက ပစ်မှတ်ထားခံရတဲ့ ဟင်းလျာလေးပဲပေါ့...
အမှန်တရားက ရင်ဆိုင်ရခက်တယ်...
ဒုတိယကတ်ကစားပွဲမှာ ဆယ်မိနစ်ကျော်ကြာသွားခဲ့ပြီး ကတ်တစ်ခုစီတိုင်းတွင် သတ်ဖြတ်ချင်စိတ်များ ပြည့်နှက်နေသည့်အလားပင်။
သွေးထွက်သံယို တိုက်ပွဲတစ်ခုအဆုံး၌၊ အနိုင်ရရှိသူမှာ ချီချန်အန်းဖြစ်သည်။ သူက အနိုင်ရထားသည့် ချစ်ပ်ပြားများအကုန်လုံးကို၊ အမြန်ဆုံးအရှိန်ဖြင့် ချပ်စ်ပြားများဆုံးရှုံးသွားရသူရွှီလော့ယွ၏ လက်တွင်းသို့ အပ်နှင်းလိုက်လေ၏။
ရွှီလော့ယန်က လက်ယမ်းကာ "ငါ ငါကိုယ်တိုင်ပဲ အနိုင်လိုချင်တာ..."
"ခဏလောက် ကိုယ့်ကို ကူညီပြီး သိမ်းထားပေးလို့ရမလား..."
"ရတယ်လေ..."
ချပ်စ်ပြားများပေါ်မှတ်သားထားသည့် နံပါတ်များကို ကြည့်လိုက်သည့်အခါ၊ အင်မတန်ဆိုးရွားလှသည့် အမှန်တရားနောက်တစ်ခုကို ရွှီလော့ယန် ထပ်မံရှာတွေ့လိုက်ရပြန်သည်။ ဒီစားပွဲမှာရှိတဲ့ လူလေးယောက်ထဲမှာ ငါက အဆင်းရဲဆုံးဖြစ်ပုံရတယ်။
ဘယ်လိုတောင် နာကျင်ရတဲ့ နားလည်မှုမျိုးလဲ...
ထို့နောက်တွင်တော့၊ ရွှီလော့ယန်မှာ ခြောက်ပွဲဆက်တိုက် ရှုံးနိမ့်သွားရကာ သူ၏ဘဝကိုပင် သံသယဝင်လာရပြီး IOU အမြောက်အများကိုပင် ရေးထိုးခဲ့ရသည်။ သူက ချီချန်အန်းအပေါ်သို့ မှီတွယ်ကာ၊ မျက်မှောင်ကြုတ်လျက် မေးလာသည်။
"ချန်အန်း၊ မင်း ငါ့ကို ကတ်တွေ ထိုးကျွေးနေခဲ့တာလား..."
ချီချန်အန်းက ခေါင်းညိတ်ကာ "ကိုယ် အကြိမ်တိုင်း ကြိုးစားခဲ့တာ..."
"ငါ လုံးဝ မရိပ်မိခဲ့ဘူး..."
ချီချန်အန်းက သူ၏ဆံနွယ်လေးများထက် ညင်သာစွာ ပွတ်သပ်ပေးလာကာ၊
"ဒါဆို ကိုယ်က သေချာမလုပ်မိလို့ဘဲနေမယ်"
တစ်ဖက်တွင်၊ ယဲ့ရှန်ရှန်မှာလည်း ကုန်းယွဲ့အပေါ်သို့ မှီလိုက်ကာ "ကော၊ ခေါင်းပွတ်ပေး" ဟု ပြောလာလေသည်။
ရွှီလော့ယန် ခေါင်းပွတ်ပေးခံနေရတာကို မြငိလိုက်ရတော့ သူတော်တော်လေး မနာလိုဖြစ်သွားရတာ။
————
ရွှီနျောင်နျောင်ရဲ့ ခံစားချက်သေးသေးလေး။
သဲလွန်စတစ်ခုမှတောင် မကျန်ခဲ့ဘဲ....ငါအသတ်ခံလိုက်ရပြီ။ QAQ
__
Translated By IQ-Team.