Chapter 258
“ယွီရှောင် …”
ကျိကျန်းဟုန် သူ့နောက်မှ အမြန်လိုက်လာသည်။
“မင်းသူ့ကို နောက်ထပ် အခွင့်အရေး ပေးလို့ရမလား …”
ကျိယွီရှောင်က သူ၏ စိတ်ပူနေသော မျက်နှာကြောင့် ရယ်ချင်သွားသည်။
“တစ်ယောက်ယောက်က ကျွန်တော့်အစ်ကိုကို အခွင့်အရေး ပေးခဲ့လို့လား … ကျွန်တော့် မရီးကရော အခွင့်အရေး ရခဲ့လို့လား … ရှောင်ယွီကရော အခွင့်အရေးရခဲ့လို့လား …”
“သူတို့ အခွင့်အရေးမရခဲ့ဘူး … သူတို့ကို အန္တာရာယ်ဖြစ်စေခဲ့တဲ့လူက ဘာလို့ အခွင့်အရေးရသင့်တာလဲ …”
“သူ့ရဲ့ အကြီးမားဆုံး အခွင့်အရေးက သူ့ကိုယ်သူ သတ်သေလိုက်တာပဲ … သူသေသွားရင် ကျွန်တော် ဘာမှ မလုပ်နိုင်တော့ဘူးလေ …”
ကျိယွီရှောင် ရယ်လိုက်သည်။
“ဒါပေမယ့် ခင်ဗျားက အဲဒီ့လို ဖြစ်စေချင်ပါ့မလား … ခင်ဗျားသားကရော အဲဒီ့လို ဖြစ်စေချင်ပါ့မလား …”
“ဒီလိုဆိုမှတော့ ဘာအခွင့်အရေးမှ မရှိဘူးပဲ …”
သူက ဝှီးချဲလ်ကို တံခါးအပြင်ဘက်သို့ တွန်းလာ၏။ ညအချိန်က သူ့ပုခုံးပေါ်တွင် ကျဆင်းနေပြီး ကြီးမားသော ဝမ်းနည်းမှုအဖြစ် ပြောင်းလဲသွားသည်။
ကျိယွီရှောင်က သူတို့မိသားစု လေးဦးနေထိုင်ခဲ့သည့် သူကြီးပြင်းခဲ့ရာ အိမ်ကို မော့ကြည့်လိုက်သည်။ သူက မိခင်၏ သေဆုံးမှုနှင့် အစ်ကိုဖြစ်သူ၏ အက်စီးဒန့်ကြောင့် ငိုခဲ့၏။ ယခုမူ သူ မငိုနိုင်တော့။ သူက နာကျင်မှုကို မခံစားရတော့ပဲ ထုံနေခဲ့သည်။
သူက မိခင်နှင့် အစ်ကိုအား နှုတ်ဆက်ခဲ့ရသည်။ ယခု ဖခင်ကို နှုတ်ဆက်ရပြန်၏။
သူ၏ မိသားစုက တစ်စစီ ပြိုလဲသွားကာ သူချစ်ရသူများက သူ့ထံသို့ ဘယ်တော့မှ ပြန်လာမည်မဟုတ်တော့။
ကျိယွီရှောင်က ဝှီးချဲလ်ကို လှည့်ကာ ဝေ့ကျွင်းဟယ်၏ ကားထံ ဦးတည်လိုက်သည်။ သူ၏ပုံရိပ်က ညမှောင်မှောင်ထဲတွင် တဖြည်းဖြည်း ပျောက်ကွယ်သွား၏။
ဝေ့ကျွင်းဟယ်က ကျိယွီရှောင်အား အိမ်သို့လိုက်ပို့ပေးလိုက်သည်။ လော့ကျားက မအိပ်သေးချေ။ သူက ဧည့်ခန်းအတွင်းတွင် ထိုင်ရင်း ကျိယွီရှောင် ပြန်အလာကို စောင့်ဆိုင်းနေခဲ့သည်။
“အဖေဖြစ်သူနဲ့ တွေ့ခဲ့ပြီးပြီလား …”
လော့ကျားက မတ်တပ်ရပ်ရင်း သူ့ထံလျှောက်လာ၏။
“အင်း …” ကျိယွီရှောင်က ခပ်တိုးတိုး ပြန်ဖြေသည်။ “ရှောင်ယွီနဲ့ ဖေးဖေးရော … အိပ်ကုန်ကြပြီလား …”
“အိပ်ကြပါပြီ …” လော့ကျားက ပြန်ဖြေလိုက်၏။ “သူတို့နှစ်ယောက် အိပ်ချိန်ရောက်တာနဲ့ အိပ်ရာဝင်သွားကြတယ် … ဘာမှမမေးကြဘူး …”
“ကောင်းတယ် …”
“မင်းလည်း မကြာခင်အိပ်တော့ …” ကျိယွီရှောင် သူ့ကို ကြည့်လိုက်၏။ “ငါရေချိုးပြီး အနားယူတော့မယ် …”
“ကောင်းပါပြီ …”
လော့ကျားသဘောတူလိုက်၏။
သူက ကျိယွီရှောင်အား အပေါ်ထပ်သို့ တွန်းပေးလိုက်သည်။ ကျိယွီရှောင်က သူ၏ အိပ်ခန်းအတွင်း ဝင်သွားချိန်၌ လော့ကျားသည်လည်း ဧည့်သည်အိပ်ခန်းအတွင်း ဝင်လိုက်၏။
ကျိလဲ့ယွီက အိပ်မပျော်သေးချေ။ သူ့ဒယ်ဒီ၏ လှုပ်ရှားသံကို ကြားမှသာ သူက စိုးရိမ်စိတ်အား လျှော့ချနိုင်ခဲ့သည်။
ကျိယွီရှောင် ပြန်လာပြီဖြစ်ရာ သူ စိတ်ချလက်ချ အိပ်နိုင်လေပြီ။
သူက မျက်လုံးကိုမှိတ်၍ အေးအေးချမ်းချမ်း အိပ်လိုက်၏။
ကျိယွီရှောင်က ရေချိုးလိုက်ပြီး အိပ်ရာပေါ်လှဲအိပ်လိုက်သည်။ ထိုအချိန်မှသာ သူက အသံသွင်းထားသည်များကို နားမထောင်ရသေးကြောင်း သိလိုက်၏။
သူက ကျိကျန်းဟုန်၏ အသံကို ဦးစွာ နားထောင်လိုက်သည်။ သို့သော် အံ့အားသင့်စရာ တစ်ခုမှ မပါရှိခဲ့။
ကျိယွီရှောင်က မိုးသောက်ချိန်အထိ မအိပ်ချင်ခဲ့ချေ။ သူက ကုမ္မဏီတွင် လုပ်စရာရှိနေသေးသဖြင့် အသံဖိုင်အားရပ်ကာ အပြင်ထွက်လိုက်သည်။
သူက ကုမ္မဏီသို့ သွားသည့်လမ်းတစ်လျှောက်၌ ရဲကိုဖုန်းဆက်ကာ ကုမ္မဏီသို့ ရောက်သည်နှင့် ထန်ကျားကျိ၏ လုပ်ရပ်ကို အသေးစိတ် ပြောပြလိုက်၏။
ကျိကျန်းကောင်းက ထိုသို့ကိစ္စမျိုးကို မျှော်လင့်မထားခဲ့ချေ။
“သူဘာလို့ ဒီလိုလုပ်တာလဲ … သူက ဒီနေရာနဲ့ မထိုက်တန်ဘူးလို့ မင်းပြောခဲ့တာ အံ့အားသင့်စရာမရှိတော့ဘူးပဲ … သူအခုဘယ်မှာလဲ … ငါသူဘာလို့ ဒီလိုလုပ်ခဲ့တာလဲဆိုတာ မေးဖို့လိုတယ် …”
ဘာလို့လဲ … သေချာပေါက် ပိုက်ဆံကြောင့်ပဲပေါ့ …
ထန်ကျားကျိတွင် ပိုက်ဆံမရှိချေ။ ထန်ကျားကျိက သူ၏ဖခင်ပေးခဲ့သည့် မုန့်ဖိုးဖြင့် ကားမောင်းသူကို ငှားရမ်းခဲ့သည်။ ထို့ကြောင့် ဤတစ်ကြိမ်၌ ကျိကျန်းဟုန်က ထန်ကျားကျိအား ပိုက်ဆံကို လက်လွတ်စပယ် မပေးရဲတော့ချေ။
အခြားလူများ သူတို့၏ သားအဖဆက်ဆံရေးကို ရှာတွေ့သွားမှာ စိုးနေခဲ့သဖြင့် ကျိကျန်းဟုန်သည် သူ၏ တရားမဝင်သားအား အိမ်တစ်လုံး ဝယ်မပေးရဲခဲ့။ သို့မဟုတ် ထန်ကျားကျိ အိမ်ရောင်းကာ အလားတူ လုပ်ရပ်မျိုး ထပ်လုပ်မည်ကို သူစိုးရိမ်နေပုံရသည်။ ရလဒ်အနေဖြင့် ထန်ကျားကျိ ရောင်းချစရာ များများစားစားမရှိတော့ချေ။
သူ၏ လောဘနှင့် အကျင့်စရိုက်အရ မီးပွားအနည်းငယ်ကပင် ထန်ကျားကျိအား လောင်ကျွမ်းစေနိုင်၏။
ကျိယွီရှောင်က အောင်းယွီအား ထန်ကျားကျိနှင့် ပူးပေါင်းစေခဲ့စဉ်က ကျောင်းချန်အား လျှိုချောင်ကို ထည့်သွင်းပေးရန် တောင်းဆိုခဲ့သည်။
လျှိုချွမ်က အလွန်စည်းရုံးတတ်ပြီး ချမ်းသာယောင် ဆောင်ရာ၌ ကျွမ်းကျင်၏။ သူက ထန်ကျားကျိရှေ့တွင် ဟွမ်ရှင်းနှင့်အတူ ပေါ်ပေါက်လာခဲ့ပြီး ထန်ကျားကျိအား အောင်းယွီမှလူတစ်ဦး အနေဖြင့် စကားစမြည် ပြောခဲ့သည်။ သူတို့နှစ်ဦးက ဖြည်းဖြည်းချင်း သူငယ်ချင်းများ ဖြစ်လာကြ၏။
လျှိုချွမ်က လောင်းကစား၌ ကျွမ်းကျင်၏။ ထန်ကျားကျိက သူနှင့်အတူ အကြိမ်ရေအနည်းငယ်ခန့် လိုက်ကစားကြည့်ခဲ့သည်။ သူ၏ ကံမှာ မဆိုးလှသဖြင့် သူက ထိုလောင်းကစားကို ဖြည်းဖြည်းချင်း စွဲလမ်းလာ၏။
လျှိုချွမ်က မီးကို ယပ်ခတ်ပေးရန် အလျင်မလိုခဲ့။ သူက သက်ပြင်းချရင်း စကားနည်းနည်းကိုသာ ထပ်ခါထပ်ခါ ပြောခဲ့သည်။
“နှမြောစရာပဲ … ရခါနီးပြီကို …” “ငါ့မှာ ပိုက်ဆံမရှိတော့ဘူး … ငါကားကိုတောင် ရောင်းခဲ့ပြီးပြီ … မဟုတ်ရင် ဘာမှ ကြောက်စရာမလိုဘူး … ငါပိုက်ဆံရတာနဲ့ အားလုံးလုပ်နိုင်မှာပဲ …” အစရှိသည့် စကားများကိုသာ ပြောခဲ့၏။
ထန်ကျားကျိက ပိုက်ဆံမရှိသော်လည်း ပရောဂျက်အတွက် ရန်ပုံငွေများ ရှိလေသည်။ သူက ပိုက်ဆံရလာချိန်တွင် ထိုအပေါက်ကို ပြန်ဖြည့်နိုင်မည်ဟု ထင်ခဲ့၏။
ထို့အပြင် သူ ပိုက်ဆံဆုံးသွားလျှင်ပင် သူ့အဖေ တစ်ယောက်လုံး ရှိနေသေးသည်။
ထို့ကြောင့် ထန်ကျားကျိက ယုံကြည်မှုအပြည့်ဖြင့် ရန်ပုံငွေများကို သုံးလိုက်၏။ မည်သို့ပင်ဖြစ်စေ သူ၏ ဖခင်က အားလုံးကို ကူညီပေးမည်ဖြစ်ရာ ရန်ပုံငွေအနည်းငယ်ကိုပင် မချန်ထားပဲ သုံးစွဲလိုက်သည်။
ကျိယွီရှောင်က ကျိကျန်းဟုန်ကို ကြည့်လိုက်၏။ ဒီလို သူ့ကို ငွေထုတ်စက်လို သဘောထားတဲ့ သားအတွက်နဲ့ သူ့အစ်ကိုသေတာကို ကျိကျန်းဟုန်က ဒီအတိုင်း လွှတ်ပေးခဲ့တယ်ပေါ့လေ … သူက တကယ့်ကို အဖေကောင်းပဲ …”
“အကြောင်းရင်းက ဘာပဲဖြစ်ဖြစ် ကျွန်တော် ရဲကို ခေါ်ပြီးပါပြီ … တတိယဦးလေး … ကိုယ့်ကိုယ်ကိုယ် အပြစ်တင်ဖို့ မလိုပါဘူး … ဦးလေးက ကုမ္မဏီအတွက် လုပ်ခဲ့တာပဲလေ … သူကသာ ကိုယ်ကျင့်တရား မကောင်းတာမဟုတ်လား … ကျွန်တော် ဦးလေးကို အပြစ်မတင်ပါဘူး …”
ကျိကျန်းကောင်းက သူ့ထံသို့ လျှောက်လာ၏။
“ကံကောင်းလို့ မင်းပြန်ရောက်လာလို့ပဲ ရှောင်ရှောင် … အခုမင်းရှိနေပြီဆိုတော့ ငါ စိတ်သက်သာရာရပါပြီ …”
ကျိယွီရှောင် ပြုံးလိုက်ရင်း ထိုကိစ္စနှင့် ပတ်သတ်၍ ဘာမှထပ်မပြောတော့ချေ။
ကျိကျန်းဟုန်က ကျိယွီရှောင်၏ စကားကို နားထောင်ပြီးနောက် တစ်စုံတစ်ခုကို သတိပြုမိလိုက်သည်။
သူက ကျိကျန်းယန်နှင့် ကျိကျန်းကောင်းကို အသုံးချခဲ့ကြောင်း ထိုသူတို့ သိသွားမည်ကို မလိုလားချေ။ သူက ကျိမူ၏ ကိစ္စကြောင့် ထန်ကျားကျိနှင့်ကျိကျန်းကောင်းကို ကျိကျန်းယန် မည်မျှမုန်းတီးကြောင်း ကောင်းစွာသိ၏။ အကယ်၍ အရာအားလုံးမှာ ကျိကျန်းဟုန် ကြံစည်ခြင်းဖြစ်ကြောင်း သူသိသွားပါက ကျိကျန်းယန် အဆုံးထိ ပြဿနာရှာပေလိမ့်မည်။
ကျိကျန်းဟုန် ထိုသို့တွေးပြီးနောက် ဆုံးဖြတ်ချက်ချလိုက်၏။ သူက သူ၏သားဖြစ်သူကို ကတိပေးလိုက်သည်။
“ငါသူ့ကို မကူညီဘူးလို့ ကတိပေးတယ် …”
ကျိယွီရှောင် ကျေနပ်သွားသည်။
“ဒီလိုဆိုမှတော့ သူ့ဖုန်းကိုလည်း မကိုင်တာကောင်းမယ် … သူတစ်ခုခုပြောလိုက်ရင် ခင်ဗျား နောင်တရကောင်း ရသွားနိုင်တယ်လေ …”
ကျိကျန်းဟုန်သည်လည်း စိတ်ယိုင်မိမည်ကို စိုးရိမ်မိသည်။ သူက ထန်ကျားကျိအား မကြောက်ရန် စာပို့လိုက်၏။ သူက အခွင့်အရေးရသည်နှင့် ထန်ကျားကျိကို ကူညီမှာဖြစ်သည်။ ထို့နောက် သူက ထန်ကျားကျိနံပါတ်ကို ဘလော့လိုက်သည်။
နေ့လည်နှစ်နာရီတွင် ကျိယွီရှောင်က ဝေ့ကျွင်းဟယ်ထံမှ ဖုန်းလက်ခံခဲ့ရသည်။ ထန်ကျားကျိ နိုးလာပြီဖြစ်ပြီး ရဲများက ကုမ္မဏီပိုင်ငွေ အလွဲသုံးစားလုပ်မှုအား လာရောက်စစ်ဆေးကြသည်ဟု ဆို၏။
ထန်ကျားကျိက ဝန်မခံခဲ့ချေ။ သူက သူ မလုပ်ခဲ့ကြောင်းပြောကာ ပိုက်ဆံကို ပြန်ဆပ်မည်ဟု ဆိုသည်။ ကျိယွီရှောင်က သူ့အပေါ် အကွက်ချခဲ့ခြင်း ဖြစ်ကြောင်းနှင့် သူ့ကိုယ်ပေါ်ရှိ ဒဏ်ရာများသည်လည်း ကျိယွီရှောင်၏ လက်ချက်ဖြစ်ကြောင်း ပြော၏။
သူက ကျိယွီရှောင် မနေ့က ခေါ်ခဲ့သည့်ဖုန်းကို ခေါ်လိုက်သည်။ သို့သော် ကျိယွီရှောင်က ဖုန်းမဖြေခဲ့။
သူက ကျိကျန်းဟုန်ကို ထပ်ဆက်ကြည့်လိုက်သည်။ သို့သော် ကျိကျန်းဟုန်သည်လည်း ဖုန်းမကိုင်ခဲ့ချေ။
ထို့နောက် သူက ကျိကျန်းဟုန်အား သန်း ၇၀ ပေး၍ သူ့ကိုကူညီရန် စာပို့လိုက်၏။ ကျိကျန်းဟုန်က စာမပြန်ခဲ့။
ထန်ကျားကျိ မယုံနိုင်ဖြစ်သွားသည်။ သူက ရဲသား၏ ဖုန်းကို ယူကာ ကျိကျန်းဟုန်အား ဖုန်းဆက်လိုက်သည်။ ဖုန်းချိတ်မိသွားသည်နှင့် သူက ငိုတော့၏။
“အဖေ … ကျွန်တော့်ကို ကယ်ပါဦး … ကျွန်တော် သန်း ၇၀ လိုနေပြီ …”
ကျိကျန်းဟုန် သက်ပြင်းချကာ သူ့အား နှစ်သိမ့်လိုက်၏။
“ကျားကျိ … စိတ်မပူပါနဲ့ … အဖေ အခွင့်အရေးရတာနဲ့ မင်းကို ကူညီမှာပါ …”
ထို့နောက် သူက စိတ်ယိုင်မည်စိုးသဖြင့် ဖုန်းမြန်မြန်ချလိုက်ရ၏။
ဤတစ်ကြိမ်၌ သူ ထန်ကျားကျိကို ကူညီနိုင်မည်မဟုတ်ပေ။ သူက သူ့ကိုယ်သူ ထိန်းထားရန် လိုအပ်သည်။ ထိုသို့မဟုတ်ပါက ထန်ကျားကျိရော သူပါ ဒုက္ခများပေလိမ့်မည်။
ထန်ကျားကျိက မယုံနိုင်စွာဖြင့် ဖုန်းထပ်ခေါ်လိုက်သည်။ သို့သော် ကျိကျန်းဟုန်က ဖုန်းမကိုင်တော့ချေ။
သူက ဆေးရုံကုတင်ပေါ်၌ ဖြူဖျော့သော မျက်နှာဖြင့် ထိုင်ချလိုက်၏။ သူ မယုံနိုင်ချေ။ ဘာလို့ သူ့အဖေက မကူညီရတာလဲ …
သူ့အဖေက သူ့ကို ဂရုမစိုက်တော့ဘူးလား …
သူ့အဖေက သူ့ကိုလက်လျှော့လိုက်တာလား …
ဘာလို့လဲ …
ကျိယွီရှောင်ကြောင့်လား ….
သူ၏ အမှုအား ဆိုင်းငံ့ထားချိန်တွင် ကျိယွီရှောင်အား တွေ့လိုက်ရ၏။ ထန်ကျားကျိ ပို၍ပင် မခံချင်ဖြစ်သွားရသည်။
ကျိယွီရှောင်က သူ့ကိုကြည့်လိုက်သည်။ သူ့မျက်နှာပေါ်တွင် သိသာလှသည့် လှောင်ပြောင်ရိပ်များ ရှိနေ၏။
“မင်းဒီလို မဖြစ်ချင်ဘူး မဟုတ်လား … ဘယ်တတ်နိုင်ပါ့မလဲ …”
“သူက မင်းကို အရမ်းချစ်တယ်လို့ မင်းထင်တာလား … ဟာသပဲ .. မင်းက ငါ့အစ်ကိုကို သတ်ခဲ့တဲ့လူလေ … ငါသူနဲ့စကားမပြောတဲ့အချိန်တုန်းက သူက တခြားတစ်ခုကို အစားထိုးခဲ့ရုံပဲ … ဒါပေမယ့် ငါနဲ့သူ စကားပြန်ပြောတော့ မင်းက အသုံးမဝင်ဖြစ်သွားတော့တာပေါ့ … မင်းက သူ့အတွက် အညစ်အကြေးတစ်ခုပဲ … သူက မင်းဆီလာမတွေ့ချင်သလို မင်းနဲ့လည်း စကားမပြောချင်ဘူးလေ …”
“ဘယ်သူက ရူးလောက်အောင် သူ့သားဖြစ်ချင်နေတာလဲ … ငါ သေမလားရှင်မလား မသိတဲ့ အချိန်တုန်းကသာ သူက မင်းကို ကူညီပေးခဲ့တာ … ဘာပဲဖြစ်ဖြစ် သူက ကုမ္မဏီကို တခြားလူတွေ လက်ထဲတော့ ထည့်မပေးနိုင်ဘူးလေ … ဒီတော့ မင်းကို သူရွေးလိုက်ရတာပေါ့ … အခုငါပြန်ရောက်လာပြီဆိုတော့ ငါ့ကိုပဲ အမွေဆက်ခံခိုင်းတော့မှာပေါ့ ….”
“မင်းက ဘာလဲ … မင်းက အရင်တုန်းက အလင်းထဲကိုတောင် ထွက်မလာရတဲ့ အသိအမှတ်ပြု မခံရတဲ့လူလေ … မင်းက ကြွက်လိုမျိုး တွင်းထဲမှာ ပုန်းနေခဲ့ရတာ … အခု အတူတူပဲ ဖြစ်သွားပြီ … သူမင်းကို အသိအမှတ်မပြုချင်ဘူး … မင်းက ဒီမှာပဲ တစ်သက်လုံး နေသွားရလိမ့်မယ် … ဘယ်သူကမှ အမှိုက်လိုသားသမီးကို လွမ်းနေမှာ မဟုတ်ဘူး …”
“မင်းက ဟာသပဲထန်ကျားကျိ … မင်းက နာမည်ပြောင်းလိုက်ရုံနဲ့ သူကျေနပ်အောင် လုပ်နိုင်ပြီ ထင်တာလား … အိုး … မင်းကို သူက ကျိမျိုးရိုးတောင် ဖြစ်ခွင့်ပေးခဲ့တာ မဟုတ်ဘူးနော် … ဒါက ကျိအုပ်စုလေ … မင်းရဲ့ ထန်မျိုးရိုးက ဘာလုပ်လို့ ရမှာလဲ … မင်းက တအားရယ်ရတာပဲ …”
“ကျိယွီရှောင် …”
ထန်ကျားကျိ မတ်တပ်ရပ်လိုက်သည်။ ချက်ချင်းဆိုသလို တစ်စုံတစ်ဦးက သူ့အား ပြန်ထိုင်စေလိုက်၏။
ကျိယွီရှောင် ကျစ်ခနဲလုပ်လိုက်သည်။
“မင်းက စိတ်ဆိုးသွားတာလား … ငါပြောနေတာ အကုန်အမှန်တွေချည်းပဲလေ … မင်း ဒီမှာရှိနေတာနဲ့ သူမင်းကို ကူညီမယ်ထင်နေတာလား … သူက မင်းကို သန်း ၇၀ မပေးချင်ဘူး … ဘာလို့ဆို မင်းက ဈေးပေါလွန်းတာကြောင့် သန်း ၇၀ မတန်လို့ပေါ့ …”
ထန်ကျားကျိ ထိုစကားများကြောင့် နာကျင်မယုံနိုင်ဟန်ဖြင့် ခေါင်းယမ်းလိုက်သည်။ သို့သော် ကျိယွီရှောင်၏ စကားများက သူ့စိတ်တွင်းတွင် စွဲထင်သွားခဲ့ပြီဖြစ်၏။ ဒါက သန်း ၇၀ လေးပဲလေ … သူက သန်း ၇၀ မတန်ဘူးလား …
သူ့ အဖေသာ သူ့ကို လိုချင်ရင် သူဒီနေရာမှာ ရှိနေစရာအကြောင်း ရှိပါ့မလား …
ဘာလို့လဲ ….
ကျိယွီရှောင်က ထိုသူအား အောင်အောင်မြင်မြင် သွေးထိုးပြီးသည့်နောက် ထွက်သွားရန် ပြင်လိုက်သည်။
“စကားမစပ် …” သူက စိတ်ကောင်းဝင်နေ၏။ “ငါက မင်းကို ကုမ္မဏီရန်ပုံငွေ အလွဲသုံးစားလုပ်မှုအပြင် ရည်ရွယ်ချက်ရှိရှိ အကြမ်းဖက်မှုနဲ့လည်း တရားစွဲထားတယ်နော် … အချိန်ကျလာတာနဲ့ မင်းက အပြစ်ပေးခံရမှာ … မင်း သေဒဏ်ချခံရတဲ့အထိ ငါက ဆက်တိုက်ခိုက်သွားမှာ …”
“ကျိယွီရှောင် …” ထန်ကျားကျိ အော်လိုက်သည်။
ကျိယွီရှောင် သူ့ကို လျစ်လျူရှုလိုက်၏။ ကျိယွီရှောင် သူ့ကို လျစ်လျူရှုလေလေ၊ ထန်ကျားကျိ ပို၍ မတည်မငြိမ် ဖြစ်လာလေလေပင်။ သူက ကျိယွီရှောင်၏ အထင်သေးမှုကို စတင်ခံစားလာရသည်။
သူက အကြာကြီး အလုပ်လုပ်ခဲ့သော်လည်း ကျိယွီရှောင်အား ရှုံးနိမ့်နေဆဲပင်။ သူ့အား မည်သည့်အချိန်ကမှ ဂရုမစိုက်ခဲ့သည့် ကျိမိသားစု ညီအစ်ကို နှစ်ဦးကို ရှုံးနိမ့်နေရဆဲဖြစ်သည်။
မည်သို့ပင်ဖြစ်စေ၊ သူသည်လည်း ကျိကျန်းဟုန်၏ သားဖြစ်သည်။ အဘယ့်ကြောင့် ကျိမျိုးရိုးအား ဆက်ခံခွင့်မရပဲ ပုန်းလျှိုးကွယ်လျှိုး နေရသနည်း ။
ယခုဆိုပါက ကျိကျန်းဟုန်သည် သူ့အတွက် သန်း ၇၀ ကိုပင် မသုံးပေးချင်တော့။
ထန်ကျားကျိ၏ ခံစစ်က တဖြည်းဖြည်း ပြိုလဲလာ၏။ သူက ကျိကျန်းဟုန်အား ဒေါသတကြီး ကိုက်ဖြတ်ပစ်ချင်လာသည်။
…..
“မင်းအစ်ကိုရဲ့ အမှုက တိုးတက်မှုရှိလာတယ် …” ကျိယွီလင်၏ မတော်တဆမှုအတွက် တာဝန်ရှိသည့် အရာရှိကျိုးက ကျိယွီရှောင်ကို ခေါ်တွေ့ခဲ့သည်။
“ထန်ကျားကျိက တစ်ယောက်ယောက်ကို သတ်ဖို့ ဒရိုင်ဘာကို ပိုက်ဆံပေးခဲ့ပါတယ်ဆိုပြီး ဝန်မခံခဲ့ဘူး … ဒါပေမယ့် မင်းအဖေက မင်းအစ်ကိုကို မကျေနပ်တဲ့ကိစ္စရှိခဲ့ကြောင်း ပြောခဲ့တယ် … ဒါ့ကြောင့် မင်းအဖေက ဒရိုင်ဘာကို ခေါ်ပြီး မတော်တဆမှု ဖြစ်အောင်လုပ်ဖို့ ကြံစည်ခဲ့တာပဲ … နောက်တော့ သူ ထန်ကျားကျိကို တွေ့သွားပြီး ပြစ်မှုအတွက် တရားခံအနေနဲ့ အစားထိုးလိုက်တယ် … ဒရိုင်ဘာရဲ့ သေဆုံးမှုကလည်း သူ့ကြောင့်ပဲ … ငါတို့ စစ်ဆေးကြည့်ပြီးပြီ … မင်းလာပြီးတဲ့နောက်ပိုင်း မင်းအဖေက ဒရိုင်ဘာကို လာတွေ့ပြီး စကားပြောခဲ့တယ် … သူလာပြီး ရက်နည်းနည်းကြာတော့ ဒရိုင်ဘာ သူ့ကိုယ်သူ သတ်သေသွားခဲ့တာပဲ …”
ကျိယွီရှောင် ရယ်လိုက်ရင်း သူ့လက်ထဲရှိ အသံဖမ်းစက်ကို တစ်ချက်ကြည့်လိုက်သည်။
“သူက မပြောရဲတာ ဘာမှ မရှိဘူးပဲ …”
“ဒါပေမယ့် အရာရှိကျိုး … ကျွန်တော့်မှာ သက်သေအသစ်ရှိပါတယ် … ဒါကို နားထောင်ပြီး ဆက်စုံစမ်းပေးပါဦး …”
xxxxxxx