အပိုင်း ၂၅၉
Viewers 87k

Chapter 259



ကျိကျန်းဟုန်က ရဲများသူ့ကို လာခေါ်သည့်အခါ သံသယများဖြင့် လိုက်လာခဲ့သည်။ 


ရဲက သူ့အား ရည်ရွယ်ချက်ရှိရှိ လူသတ်ရန် စေခိုင်းမှုတွင် သံသယရှိသူဖြစ်ကြောင်း ပြော၏။ သို့သော် သူက တစ်ကြိမ်တစ်ခါမှ ထိုသို့ မကျူးလွန်ခဲ့ဖူးချေ။ ကျိယွီလင်းကိစ္စ၌ပင် သူက ထန်ကျားကျိမပေါ်သွားအောင် ကူဖုံးပေးခဲ့ရုံသာ ဖြစ်သည်။ ထိုအရာက ရည်ရွယ်ချက်ရှိရှိ လူသတ်ရန်ခိုင်းစေခြင်း မဟုတ်။ 


ကျိကျန်းဟုန်က မကြောက်လန့်ခဲ့။ သူက ရှေ့နေကို ဖုန်းခေါ်ရန် အတွင်းရေးမှူးအား မှာကြားခဲ့ပြီးနောက် ရဲစခန်းသို့ လိုက်သွား၏။ 


ရလဒ်အနေဖြင့် ရဲစခန်းသို့ ရောက်ချိန်တွင် အရာအားလုံးကို နားလည်သွားတော့သည်။ ထန်ကျားကျိက သူသည် ကျိယွီလင်းအား သတ်ခဲ့ကြောင်းနှင့် ထန်ကျားကျိ ကိုယ်တိုင်ကမူ ထိုအမှုနှင့် မပတ်သတ်ကြောင်း ထွက်ဆိုခဲ့သည်။ သူက ကျိယွီလင်းအား မရင်းနှီးသလို ပိုက်ဆံလည်းမရှိချေ။ သူ ဘယ်လိုလုပ်ပြီး တစ်ယောက်ယောက်ကို သတ်နိုင်မှာလဲ … 


ကျိကျန်းဟုန်က သူကာကွယ်ခဲ့သော သားထံမှ အကိုက်ခံရမည်ဟု အိပ်မက်ပင် မမက်ဖူးခဲ့။ သူက ချက်ချင်းဆိုသလို ဒေါသတကြီး ပြောလိုက်၏။ 


“အရိုင်းအစိုင်းကောင် … ဘာတွေပြောနေတာလဲ … ငါက ယွီလင်းကို သတ်တယ် ဟုတ်လား … ငါက ဘယ်လိုလုပ် ငါ့သားကို သတ်နိုင်မှာလဲ … ယွီလင်းရဲ့ သေဆုံးမှုက ငါ့အတွက် ဘာများကောင်းလာမှာမို့လို့လဲ …” 


“ဘာလို့ဆို ခင်ဗျားသူ့ကို သဘောမကျလို့လေ …” ထန်ကျားကျိ ပါးစပ်ဖွင့်လိုက်သည်။ “သူက ခင်ဗျားထက်ပိုပြီး ကျိအုပ်စုကို လွှမ်းမိုးနိုင်တယ်လို့ ခင်ဗျားထင်တာ … ခင်ဗျားက သူခင်ဗျားထက် ပိုတော်နေမှာကို ကြောက်တာလေ … ဒါ့ကြောင့် သူစကားမပြောနိုင်အောင်လို့ ခင်ဗျားသူ့ကို သတ်လိုက်တာပေါ့ …” 


ထန်ကျားကျိ အခိုင်အမာပြောလိုက်သည်။ 


“ခင်ဗျားသူ့ကို မသတ်ခဲ့ဘူးဆိုရင် ကားမောင်းသူက ခင်ဗျားနဲ့တွေ့ပြီးတာနဲ့ ဘာလို့ သူ့ကိုယ်သူ သတ်သေသွားမှာလဲ … ခင်ဗျားက ကိုယ့်သားကိုယ် ပြန်သတ်ခဲ့တာကို ဖုံးဖိချင်လို့ သူ့ကိုသတ်ပစ်လိုက်တာလေ …” 


ပါပါးကျိ အလွန်ဒေါသထွက်ကာ တုန်ရီလာသည်။


 “ ထန်ကျားကျိ … မင်းဘယ်လိုများ ဒါကိုပြောနိုင်ရတာလဲ … ငါသူ့ကို တွေ့တာနဲ့ပဲ ငါကတစ်ယောက်ယောက်ကို သတ်တယ် ဖြစ်ရောလား … မင်းကသာ ကားမောင်းသူကို သေစေချင်နေခဲ့တာလေ … ဒီလိုမှ မင်းလုပ်ခဲ့တဲ့ကိစ္စကို သက်သေမကျန်မှာမဟုတ်လား …” 


သူက ထန်ကျားကျိကိုကြည့်ရင်း အေးစက်မှုအား ခံစားလိုက်ရသည်။ သူက ထန်ကျားကျိအပေါ် များစွာ ကူညီခဲ့ပြီး သူ၏ သားများအား ထိခိုက်စေခဲ့သည်ကိုပင် ဗွေမယူခဲ့။ သူက သူ၏ညီအစ်ကိုများကို ထန်ကျားကျိအတွက် အသုံးချခဲ့ပြီး ကျိယွီရှောင်ထံမှပင် ခြိမ်းခြောက်ခံခဲ့ရသည်။ ထန်ကျားကျိက သူ့အား ယခုကဲ့သို့ ကျေးဇူးပြန်ဆပ်ခဲ့၏။ 


သူက ဖခင်လိုချင်ကြောင်းနှင့် ကျိယွီလင်း၊ ကျိယွီရှောင်တို့အား အားကျကြောင်း ပြောခဲ့သည်။ အဆုံးသတ်တွင် သူက အပြစ်ဖို့ရန်သာ ဖခင်ကို လိုအပ်ခဲ့ခြင်းဖြစ်၏။ 


“ယွီရှောင် စိတ်ပျော့သွားခဲ့ရင် မင်းကို ကယ်မယ်လို့ ငါတွေးခဲ့တာ … ထန်ကျားကျိ … မင်းက ဒီလိုရိုင်းစိုင်းနေမယ်လို့ ငါမျှော်လင့်မထားခဲ့ဘူး … ကျိယွီရှောင် မှန်တယ် … မင်းက သေသင့်တယ် … မင်းက ယွီလင့်အတွက် ပြန်ပေးဆပ်သင့်တယ် …” 


ထန်ကျားကျိက ကျိယွီရှောင်နာမည်ကြောင့် မျက်နှာရှုံ့မဲ့သွားသည်။ သူက ဒေါသတကြီး ပြောလိုက်၏။


 “သူတော်ကောင်းယောင် ဆောင်မနေစမ်းပါနဲ့ … ခင်ဗျား ကျွန်တော့်ကို သားတစ်ယောက်အဖြစ် ဘယ်တုန်းကမှ မမှတ်ယူခဲ့ဘူး … ကျိယွီရှောင် ရှိနေသရွေ့ ခင်ဗျားဘယ်တော့မှ ကျွန်တော့်ကိုကြည့်မှာမဟုတ်ဘူး … ကျိယွီရှောင်က မှန်တယ်ပေါ့ ဟုတ်လား … မှန်တယ် … ကျိယွီရှောင် အားလုံးမှန်တယ် … ကျွန်တော်က ကျိမျိုးရိုးအဖြစ်ရော ၊ ကျိကျန်းဟုန်ရဲ့ သားဖြစ်ဖို့ရော မထိုက်တန်ဘူး …” 


သူတို့နှစ်ဦးက အချင်းချင်း ကိုက်ဖြတ်ကြတော့သည်။ 


ကျိယွီရှောင် ထိုမြင်ကွင်းကို ခပ်လှမ်းလှမ်းမှ ကြည့်နေ၏။ သူက ရယ်ချင်သော်လည်း မရယ်နိုင်ခဲ့။ သူ့အစ်ကိုက ထိုသို့သော လူများကြောင့် သေဆုံးခဲ့ရသည်။ တစ်ဦးက သူ့ကိုသတ်ခဲ့ပြီး နောက်တစ်ဦးကမူ အမှန်တရားကို ကွယ်ဝှက်ထားခဲ့၏။ သူ့အစ်ကို၏ သေဆုံးခဲ့ရခြင်းမှာ အလဟသဖြစ်လှသည်။ 


အကယ်၍ သူက ထန်ကျားကျိနှင့် သူ၏ ဖခင်အား သေစေခဲ့လျှင်ပင် သူ၏အစ်ကိုနှင့် မရီးက ပြန်လာကြမည် မဟုတ်တော့။ သူ၏ တူလေးသည်လည်း မိဘများကို ဆုံးရှုံးမြဲဆုံးရှုံးနေရလိမ့်မည်။ အားလုံးက အဓိပ္ပာယ်ရှိသော်လည်း တစ်ချိန်ထဲမှာပင် အဓိပ္ပာယ်မဲ့နေ၏။ 


လက်စားချေခြင်းသည် သေဆုံးသွားသူများ၏ မတရားမှုကို အနည်းငယ် ပြေပျောက်စေပြီး ပြစ်မှုကျူးလွန်ခဲ့သူများကိုမူ သူတို့နှင့်ထိုက်တန်သည့် အပြစ်ဒဏ်အား ခံစားရစေသည်။ 


အဆုံးသတ်တွင် လူများက သေရာမှ ပြန်ရှင်မလာနိုင်ကြ။ သူ၏ အစ်ကိုနှင့် မရီးသည် အလွန်ငယ်ရွယ်ကြသေးသည်။ သို့သော် သူတို့၏ သားဖြစ်သူ ကြီးပြင်းလာသည်ကိုပင် စောင့်ကြည့်နိုင်မည် မဟုတ်တော့ချေ။ 


ထိုအရာက အဓိပ္ပာယ်မဲ့လှသည်။ 


ကျိယွီရှောင်က ထိုရန်ပွဲကို ဆက်လက်မကြည့်လိုတော့၍ အရာရှိကျိုးနှင့် စကားအချို့ပြောကာ ရဲစခန်းမှ ထွက်လာခဲ့သည်။ 


ကျိယွီရှောင်က အိမ်သို့ပြန်ရန် အလျင်မလိုခဲ့ဘဲ သူက ရှောင်လီအား ကျိယွီလင်၏ အုတ်ဂူထံသို့ လိုက်ပို့ခိုင်းခဲ့သည်။


သူက အစ်ကိုဖြစ်သူ၏ မှတ်တိုင်ရှေ့တွင်ရပ်ကာ အစ်ကို၏ ငယ်ရွယ်သော ဓာတ်ပုံအား ငေးကြည့်မိ၏။ သူက အလွန်စိတ်ရှည်ကာ ကြင်နာတတ်သည်။ သူက ညီဖြစ်သူအား လုပ်ချင်တာမှန်သမျှ လုပ်ခွင့်ပေးတတ်ပြီး ဇနီးဖြစ်သူအတွက် ပန်းများ ယူလာပေးတတ်၏။ သားဖြစ်သူ၏ အိမ်စာများကိုလည်း ကူလုပ်ပေးတတ်သည်။ 


သူက လက်အောက်ငယ်သားများနှင့်အတူ အလုပ်လုပ်နေသင့်သည်။ စီးပွားရေးလုပ်ငန်း ခပ်သေးသေးတစ်ခုကို ကူညီသည့်အနေဖြင့် ရင်းနှီးမြှုပ်နှံပေးနေသင့်သည်။ သူ၏ ကမ္ဘာမှာ အလွန်တောက်ပ၏။ သို့သော် သူက ထိုအသက်အရွယ်တွင် ဂူထဲသို့ မြှုပ်နှံခံလိုက်ရသည်။ သူ့တွင် မည်သည့်အနာဂတ်မှ မရှိတော့ချေ။ 


ကျိယွီရှောင် မျက်တောင်ခတ်လိုက်သည်။ မိုးစက်များက သူ၏မျက်တောင်ရှည်များပေါ်သို့ ကျဆင်းလာ၏။ 


သို့သော် သူထပ်ပြီး မငိုတော့ချေ။ သူနိုးလာချိန်တွင် ကျိလဲ့ယွီ၏ စိုးရိမ်ကာ မှီခိုနေသည့် အကြည့်များကို တွေ့လိုက်ရချိန်မှစ၍ သူ မငိုတော့ခြင်းဖြစ်သည်။ 


သူက ငိုရမည့်အချိန်များတွင် မငိုခဲ့။ ထို့ကြောင့် သူထပ်၍ မငိုဖြစ်တော့ခြင်းဖြစ်သည်။ 


‘ဒါတွေအကုန်ပြီးသွားပြီ …’ ကျိယွီရှောင်က ကျိယွီလင်းအား စိတ်တွင်းမှ ပြောလိုက်၏။ ‘အားလုံး ပြီးတော့မှာပါ … အနာဂတ်မှာ ကျွန်တော် ရှောင်ယွီ့ကို ကောင်းကောင်း ဂရုစိုက်ပါ့မယ် …’


သူက မိုးရွာထဲရှိ ကျိယွီလင်း၏ ဓာတ်ပုံကို ကြည့်နေမိသည်။ ထိုဓာတ်ပုံက သူတို့ငယ်စဉ်က သူ့ဘေးတွင်ရပ်နေသည့် ကျိယွီလင်းကို တွေ့ရသကဲ့သို့ ခံစားချက်မျိုး ပေးစွမ်းလျှက်ရှိ၏။ သူ၏ အိမ်စာများကို ကူညီလုပ်ပေးခြင်း၊ တီဗီတူတူကြည့်ခြင်းနှင့် သူလိုချင်သမျှ အားလုံးလုပ်ပေးသည့် အစ်ကိုကြီးကို တွေ့နေရသကဲ့သို့ပင်။ 


သူ့ဘဝထဲတွင် လူအများစုမှာ ဖြတ်သွားဖြတ်လာများသာ ဖြစ်ကြသည်။ ကျိယွီလင်းတစ်ဦးထဲသာလျှင် သူ့ဘဝ၏ ထောင့်ချိုးတိုင်း၊ အမှတ်တရတိုင်းတွင် ပါဝင်နေခဲ့ခြင်းဖြစ်၏။ ယခုမူ ကျိယွီလင်းသည်လည်း သူနှင့်အတူ မရှိပေးနိုင်တော့။ 


သူက ဖြတ်သွားဖြတ်လာ မဟုတ်သလို မည်သည့်အခါမှလည်း ဖြတ်သွားဖြတ်လာ ဖြစ်လိမ့်မည်မဟုတ်ပေ။ သူက ကျိယွီရှောင် ရင်ထဲရှိ အဆုံးမဲ့အိမ် ဖြစ်သည်။ 


ကျိယွီရှောင်က ပါးစပ်ကိုဖွင့်ကာ အသက်ဖြည်းဖြည်း ရှူသွင်းလိုက်သည်။ သူ့နှလုံးသားက ကြောက်စရာကောင်းလောက်အောင် မွန်းကျပ်နေ၏။ သူက ထိုလူ့ထံသို့ရောက်ရန် သဲကန္တာရများ၊ တောင်များ၊ မြစ်များကို ဖြတ်သန်းခဲ့ရသည့်အတိုင်းပင်။


သူအလွန်ပင်ပန်းကာ ဝမ်းနည်းနေမိသည်။ 


သူ ကျိယွီလင်းရှေ့တွင် ရပ်လိုက်၏။ သူ့ပုံစံက အရိပ်မပေးနိုင်သည့် သစ်ပင်ကဲ့သို့ အထီးကျန်ဆန်လှသည်။ သူ့မျက်နှာအား ထင်ထင်ရှားရှား မမြင်ရသော်လည်း သူ၏ တည်ငြိမ်သော နောက်ကျောနှင့် မည်သည့်အခါကမှ ကိုင်းမကျခဲ့သော ကျောရိုးကမူ ထင်ရှားလျှက်ရှိသည်။ 


ရုတ်တရက်ဆိုသလို သူ့အနားသို့ တစ်စုံတစ်ဦး ချဉ်းကပ်လာကြောင်း ကျိယွီရှောင် ခံစားမိလိုက်သည်။ 


သူ လှည့်ကြည့်လိုက်ချိန်တွင် လင်းလော့ချင်းကို တွေ့လိုက်ရ၏။ 


ကျိယွီရှောင်က သူအံ့အားသင့်သွားသင့်သည်ဟု ခံစားမိသော်လည်း သူ့တွင် ထပ်မံတွေးတောရန် ခွန်အားမရှိတော့။ သူက သူ့အရှေ့ရှိ လူကိုကြည့်ရင်း ရှင်းမပြနိုင်သည့် အထီးကျန်မှုနှင့် ဝမ်းနည်းမှုကို ခံစားလိုက်ရသည်။ 


လင်းလော့ချင်းက သူ့ခန္ဓာကိုယ်တစ်ခုလုံးကို လွှမ်းခြုံနေသည့် ဝမ်းနည်းမှုအား ခံစားမိဟန်ဖြင့် ရှေ့တိုးကာ ဖက်လိုက်သည်။ 


ကျိယွီရှောင်က ခေါင်းငုံ့ကာ လင်းလော့ချင်း ပုခုံးပေါ် မီလိုက်၏။ 


သူက အရွယ်ရောက်နေသည့် လူကြီးတစ်ဦး ဖြစ်သော်ငြား လက်ရှိ လင်းလော့ချင်း အမြင်၌ အကူအညီမဲ့သော ကလေးတစ်ဦးကဲ့သို့ ဖြစ်နေ၏။ မိုးသာ သည်းသည်းမည်းမည်း ရွာချလိုက်ပါက သူ၏ ခန္ဓာကိုယ်သည် လဲပြိုသွားတော့မည်ကဲ့သို့ ရှိနေသည်။ 


သို့သော် သူက ထိုသို့လဲပြိုကျရန် သူ့ကိုယ်သူ ခွင့်မပြုခဲ့။ ထို့ကြောင့် သူက မတ်မတ်ရပ်ကာ မည်သူ့ကိုမှ သူ၏ ဝမ်းနည်းမှုအား မြင်ခွင့်မပြုခဲ့ချေ။ 


လင်းလော့ချင်းက သူ့ကို တင်းတင်းကျပ်ကျပ် ဖက်ထားလိုက်ပြီး စိတ်မကောင်းဖြစ်မှုအား ခံစားလိုက်ရသည်။ 


သူက စကားမဆိုခဲ့သလို ကျိယွီရှောင်သည်လည်း စကားမဆိုခဲ့။ ထိုအချိန်လေးတွင် ကောင်းကင်နှင့် မြေပြင်နှစ်ခုလုံး တိတ်ဆိတ်သွားခဲ့သည်။  


တောင်များနှင့် မြစ်များက ခမ်းခြောက်သွားကာ ပန်းကြွေများနှင့် မိုးပေါက်များက နွေဦးကို နာကျင်စေခဲ့သည်။ 


သူတို့နှစ်ဦးရှေ့ရှိ လူအတွက် ပူဆွေးနေသည့်အလားပင်။ 


......


သူက အိမ်ပြန်ရောက်သည်နှင့် ရေချိုးကာ အဝတ်လဲလိုက်၏။ သူက ပင်ပန်းနေပြီး ခန္ဓာကိုယ်တစ်ခုလုံး တုန်ရီနေသည်။ သူ့တစ်ကိုယ်လုံး ကိုက်ခဲနေသဖြင့် အိပ်ချင်သည်ဟု ဆိုလိုက်သည်။ 


လင်းလော့ချင်း သဘောတူလိုက်၏။၊ “ကောင်းပြီလေ …” 


သူက ကျိယွီရှောင်နှင့်အတူ လှဲလိုက်ပြီး ကျိယွီရှောင်၏ မျက်လုံးများ မှိတ်ကာ အိပ်မောကျသွားသည်ကို ကြည့်နေမိသည်။ 


သူက နောက်တစ်နေ့ နေ့လည်ခင်းအထိ အိပ်ပျော်သွားခဲ့၏။ 


ကျိလဲ့ယွီက တစ်စုံတစ်ခု မူမမှန်သည်ကို သတိပြုမိဟန်ဖြင့် အိပ်ခန်းတံခါးသို့ ချဉ်းကပ်လာခဲ့သည်။ လင်းလော့ချင်းက အိပ်ရာပေါ်မှထကာ မေးလိုက်၏။ “ဘာဖြစ်လို့လဲ …” 


“ဒယ်ဒီ မနိုးသေးဘူးလားဟင် …” ကျိလဲ့ယွီက စိတ်ပူနေပုံရသည်။ “သူ သားတို့နဲ့ မနေ့ညစာရော ဒီနေ့နေ့လည်စာရော အတူမစားပါလား …”


လင်းလော့ချင်းက သူ့ခေါင်းလေးကိုထိကာ ညှင်သာစွာ ပြောလိုက်၏။ 


“သူ အရမ်းပင်ပန်းနေတယ် … သူ့ကို နည်းနည်းလောက် ပိုအိပ်ခိုင်းရအောင်နော် … ဟုတ်ပြီလား … သူနိုးလာရင် စားပါလိမ့်မယ် …” 


ကျိလဲ့ယွီ ခေါင်းညှိတ်လိုက်သည်။ 


သူက ကျိယွီရှောင် ကိုမာဝင်နေသည့်အချိန်ကို တွေးမိသွားကာ စိတ်ပူလာခဲ့၏။ ဤတစ်ကြိမ်တွင်လည်း ကျိယွီရှောင်က အကြာကြီး အိပ်နေခဲ့သည်။ 


“ဒါဆို ပါပါး … ဒယ်ဒီနိုးလာရင်သားကို ပြောနော် …” ကျိလဲ့ယွီက အလေးအနက် ပြောလိုက်၏။ 


“ကောင်းပြီလေ …” လင်းလော့ချင်း ပြုံးလိုက်ပြီး သူ့အား သူ၏ အိပ်ခန်းသို့ ပြန်ပို့ပေးလိုက်သည်။ 


သူက ကျိလဲ့ယွီ အခန်းထဲဝင်သည်အထိ စောင့်ကြည့်ပြီးမှ အခန်းသို့ ပြန်လာခဲ့သည်။ ကုတင်ပေါ်တွင် ကျိယွီရှောင်က မနေ့က နေ့ခင်းကကဲ့သို့ မျက်လုံးများမှိတ်ကာ အိပ်မောကျနေလေသည်။ 


သူ အလွန်ပင်ပန်းခဲ့ခြင်း ဖြစ်ရမည်။ ထို့ကြောင့် ဤမျှကြာကြာ အိပ်မောကျသွားခဲ့ခြင်းပင်။ 


လင်းလော့ချင်းက ရိုက်ကူးရေးပြီးသည်နှင့် အိမ်သို့ အမြန်ဆုံးလေယာဉ်ဖြင့် ပြန်လာခဲ့ခြင်းဖြစ်သည်။ သူက ကျိယွီရှောင်အား အံ့အားသင့်အောင်လုပ်ရန် တွေးထားခဲ့၏။ သို့သော် မမျှော်လင့်ထားစွာပင် လော့ကျားက အိမ်တွင်ရောက်နေပြီး ကလေးနှစ်ဦးနှင့်အတူ တီဗွီကြည့်နေသည်ကို တွေ့လိုက်ရ၏။ ကျိယွီရှောင်ကမူ အိမ်၌ ရှိမနေခဲ့။ 


သူပြန်ရောက်လာသည်ကို တွေ့ချိန်၌ လော့ကျား အံ့အားသင့်သွားသည်။ သူက လင်းလော့ချင်း၏ ခရီးဆောင်သေတ္တာကို ကူသယ်ပေးရင်း မေးခဲ့၏။ 


“ရိုက်ကူးရေးပြီးသွားတာလား … ဒါမှမဟုတ် ခွင့်တင်ခဲ့တာလား …” 


လင်းလော့ချင်း အမှန်အတိုင်း ဖြေလိုက်သည်။


 “ကျွန်တော် ခွင့်တင်ခဲ့တာ … သုံးရက်ကနေ ငါးရက်အထိ နေလို့ရတယ် …”


လော့ကျား ခေါင်းညှိတ်လိုက်သည်။။


 “ကျွန်တော် သူ့ဆီလိုက်ပို့ပေးပါ့မယ် …” 


လင်းလော့ချင်း ထိုအချိန်က မည်သည်ကိုမှ နားမလည်သေးချေ။ 


“နေပါစေ … ကျွန်တော် အိမ်ကပဲ သူပြန်လာတာကို စောင့်နေလိုက်ပါ့မယ် …” 


သို့သော် လော့ကျားက လက်မခံခဲ့။ 


“ကျွန်တော် ခင်ဗျားကို သူ့ဆီ ခေါ်သွားပေးပါ့မယ် … ခင်ဗျားကို တွေ့ရင် သူ့အစိတ်အခြေအနေ ပိုသက်သာလာနိုင်တယ် …” 


လင်းလော့ချင်းက သူ့စကားများကို နားမလည်သေးချေ။ သူက စိုးရိမ်စပြုလာ၏။


 “သူဘာဖြစ်လို့လဲ …” 


“အချိန်ကျရင် သူကိုယ်တိုင် ပြောပြပါလိမ့်မယ် …” 


လော့ကျားက ခရီးဆောင်သေတ္တာကို နေရာချပြီးနောက် လင်းလော့ချင်းအား ကားနှင့်လိုက်ပို့ခဲ့သည်။ 


သူတို့က ကျိယွီလင်နှင့် ချန်းဝေ့အား မြှုပ်နှံထားသည့် သင်္ချိုင်းထံ ရောက်လာခဲ့ကြ၏။ လင်းလော့ချင်း သင်္ချိုင်းတွင်း ဝင်လိုက်သည်နှင့် မိုးထဲတွင် တိတ်ဆိတ်စွာ ရပ်နေသည့် နောက်ကျောကို တွေ့လိုက်ရသည်။ 


အထီးကျန်ဆန်ပြီး ဝမ်းနည်းဖွယ် အပြည့်ဖြစ်နေသည့် နောက်ကျောပုံရိပ်ပင်။ 


 သူက အဝတ်စများကို ရေညှစ်သကဲ့သို့ နာကျင်မှု၏ ဖျစ်ညှစ်ခြင်း ခံလိုက်ရ၏။ 


သူက ယနေ့မှာ မည်သည့်နေ့ဖြစ်ကြောင်း တွေးလိုက်မိသည်။ ကျိယွီလင်ရဲ့ မွေးနေ့များလား … 


ယနေ့က ကျိယွီလင်၏ နှစ်ပတ်လည်နေ့ မဟုတ်ချေ။ 


သူက ထီးကိုယူကာ တိတ်တဆိတ် ချဉ်းကပ်လိုက်၏။ ကျိယွီရှောင်က အလွန်အထီးကျန်ဆန်နေပြီး တစ်စုံတစ်ဦး ချဉ်းကပ်လာသည်ကို သတိပြုမိပုံမရချေ။ 


လင်းလော့ချင်း သူ့အား ထီးမိုးပေးလိုက်ချိန်မှသာ သူက လှည့်ကြည့်လာ၏။ 


သူ၏ မျက်ဝန်းများထဲတွင် မရေမတွက်နိုင်သည့် ပင်ပန်းမှုနှင့် ဝမ်းနည်းမှုများ ရောယှက်လျှက်ရှိသည်။ သူက လင်းလော့ချင်းအား အကူအညီမဲ့ဟန်ဖြင့် ကြည့်ရင်း သူကိုယ်တိုင်ပင် မသိလိုက်ပဲ အကူအညီတောင်းနေခဲ့သည်။ 


လင်းလော့ချင်းက သူ့ကို ပွေ့ဖက်လိုက်ရင်း တစ်ဖက်လူ လိုအပ်နေသည့် နှစ်သိမ့်မှုကို ပေးစွမ်းလိုက်၏။ 


သူ အိမ်သို့ စောစောပြန်လာမိခြင်းမှာ ဝမ်းသာစရာပင်။ 


လက်ရှိအချိန်တွင် ကျိယွီရှောင် သူ့အား လိုအပ်နေ၏။၊ ကျိယွီရှောင် အထိခိုက်ဆုံးအချိန်ဖြစ်ပြီး နှလုံးသားတစ်ခုလုံး ကျေမွနေချိန်လည်း ဖြစ်သည်။ 


သူက အိပ်ပျော်နေသည့် ကျိယွီရှောင်ကို နမ်းလိုက်သည်။ ထို့နောက် သူ့အား တင်းတင်းပွေ့ဖက်ထားလိုက်၏။ 


ကျိယွီရှောင်က အိပ်မက်မက်နေသည်။ အရင်က တစ်ခါမှ မမက်ခဲ့ဖူးသည့် ရှည်ကြာသော အိပ်မက်တစ်ခုပင်။ 


သူက ကျိယွီလင်းကို အိပ်မက်မက်ခဲ့သည်။ ကျိယွီလင်းက အိပ်မက်ထဲတွင် ငယ်ရွယ်ကာ ကြည့်ကောင်းနေ၏။ 


“မင်း အစ်ကို့အတွက် အများကြီး လုပ်ပေးခဲ့တာပဲ … ကိုယ့်ဘဝကိုယ် ရှင်သန်ပါတော့ …” 


ကျိယွီရှောင်က ခေါင်းယမ်းလိုက်ပြီး သူ့အား တွန့်ဆုတ်ဟန်ဖြင့် ကြည့်လိုက်၏။ 


ကျိယွီလင်းက သူ့ခေါင်းလေးကို ပုတ်ပေးကာ အပြုံးဖြင့် နှစ်သိမ့်လိုက်သည်။


 “နောက်ဘဝမှာ အခွင့်အရေးရှိခဲ့ရင် အစ်ကိုက မင်းရဲ့ အစ်ကိုကြီးထပ်ဖြစ်ပေးမယ် … အဲဒီ့အချိန်ကျရင် အစ်ကို မင်းထက်အရင် ထွက်မသွားတော့ဘူးနော် …” 


ကျိယွီရှောင် ခေါင်းယမ်းလိုက်၏။ သူ့မျက်လုံးများက ဝမ်းနည်းမှု၊ နာကျင်မှုတို့ဖြင့် ပြည့်နှက်နေသည်။ သူက ကျိယွီလင်းအား လွှတ်မပေးလိုဟန်ဖြင့် ကြည့်နေမိ၏။

 

 ကျိယွီလင်းက ပြောသည်။ 


“ဒီလိုမလုပ်နဲ့လေ … ဒီလိုလုပ်ရင် ခန့်ခန့်ညားညား ဘယ်ရှိတော့မလဲ …” 


သူက ညီဖြစ်သူ၏ပုခုံးကို ပုတ်ပေးလိုက်ရင်း လှည့်ထွက်သွား၏။ 


“ကိုကိုသွားတော့မယ် …” ကျိယွီလင်းက လက်ဝေ့ယမ်းပြကာ မဝေးသည့်နေရာသို့ လျှောက်သွား၏။


သူက တည်ငြိမ်သော အမူအရာဖြင့် ခြေလှမ်းကျဲကျဲ လှမ်းသွားသည်။ ကျိယွီရှောင်က သူ့နောက်ကျောကို ကြည့်ရင်း လမ်းဆုံ၌ စောင့်နေသည့် ချန်းဝေ့ကို တွေ့လိုက်ရ၏။ 


သူမက ချိုမြိန်စွာ ပြုံးနေသည်။ သူမ၏ ခေါင်းကလေးကို စောင်းကာ သူ့ကို လက်ဝေ့ယမ်းပြရင်း အော်ပြောလာ၏။ 


“ရှောင်ရှောင် … အစ်မနဲ့မင်းအစ်ကိုအတွက် ရှောင်ယွီ့ကို သေချာစောင့်ရှောက်ပေးပါနော် …” 


“ဟုတ်ကဲ့ …” ကျိယွီရှောင်က ခပ်တိုးတိုး ပြန်ဖြေလိုက်၏။


သူက ကျိလဲ့ယွီအား သေချာဂရုတစိုက် ပျိုးထောင်မည် ဖြစ်သည်။ 


“ကျေးဇူးပါကွယ် …” ချန်းဝေ့က သူ့ကို ပြောလိုက်သည်။ 


သူမက လုပ်နေကျအတိုင်း ကျိယွီလင်း၏ လက်ကို တွဲလိုက်သည်။ ထို့နောက် သူ မမြင်နိုင်သည့် နေရာတစ်ခုထံသို့ အပြုံးကိုယ်စီဖြင့် လျှောက်သွားကြ၏။ 


ကျိယွီရှောင်က နေရောင်ခြည်အောက်တွင် စွန့်ပစ်ခံရသည့် ကလေးတစ်ဦးကဲ့သို့ ငိုကြွေးနေမိသည်။ 


သူက ခေါင်းငုံ့ကာ အံကြိတ်ထားရင်း မည်သူ့ကိုမှ သူ့မျက်ရည်များအား မမြင်စေခဲ့။ မည်သို့ပင်ဖြစ်စေ၊ မျက်ရည်များက မိုးပေါက်များကဲ့သို့ တိုး၍တိုး၍ ကျဆင်းလာခဲ့သည်။ 


သူက မငိုချင်သော်လည်း ကျဆင်းနေသည့် မျက်ရည်များကိုမူ မတားဆီးနိုင်ခဲ့ချေ။ 


သူက လက်ကိုမြှောက်ကာ မျက်လုံးများကို ပွတ်လိုက်၏။ 


မည်သို့ပင်ဖြစ်စေ၊ သူ၏ ငိုကြွေးသံက ထွက်ပေါ်နေဆဲပင်။ ၎င်းက အကောင်ပေါက်လေးတစ်ဦး နာနာကျင်ကျင် ညည်းတွားနေသည်နှင့် တူ၏။ 


သူ့တွင် အစ်ကိုလည်း မရှိတော့သလို မိသားစုလည်း မရှိတော့ချေ။ သူက သူ့အစ်ကိုကို ထပ်မံတွေ့ဆုံရန် မဖြစ်နိုင်တော့။ 


ကျိယွီရှောင်က နေရောင်အောက်တွင် နာကျင်စွာဖြင့် ငိုကြွေးနေမိသည်။ 


သူက မျက်ရည်များကို သုတ်ကာ ဆန့်ကျင့်ဘက်အရပ်သို့ ဦးတည်လိုက်၏။ 


သူ့တွင် အိမ်၊ မျှော်လင့်ချက်များနှင့် သူလက်မလွှတ်နိုင်သည့် ချစ်သူအပြင် တာဝန်ဝတ္တရားများ ရှိနေသေးသည်။ 


သူက ထိုသူအား နက်နက်ရှိုင်းရှိုင်း နမ်းရှိုက်လိုသည်။ ထိုသူနှင့်အတူ ဘဝခရီးကို ရှေ့ဆက်လိုသည်။ 


ကျိယွီရှောင်က လက်ကိုမြှောက်ကာ ကျိယွီလင် ထွက်ခွာသွားသည့် နေရာကို ကြည့်ရင်း နောက်ဆုံးနှုတ်ဆက်စကားဖြင့် နှုတ်ဆက်လိုက်သည်။ 


“ကောင်းကောင်းသွားပါ … ကိုကို …” 


ယခုအချိန်မှစ၍ သူသည် သူ့အတွက်သူ အသက်ရှင်တော့မည်။ 


သူ့အတွက် ကောင်းကောင်းမွန်မွန်နှင့် လေးလေးနက်နက် အသက်ရှင်သွားမည်။ 


နေကထွက်ပေါ်လာ၏။ ၎င်းက အားကုန်သုံးလိုက်ပုံရသည်။ အဆုံးသတ်တွင် ၎င်းက တောင်စွန်းများကြားမှ ခုန်ထွက်လာကာ တစ်ကမ္ဘာလုံးကို ထွန်းလင်းစေခဲ့၏။ 


ကျိယွီရှောင် ခေါင်းမော့လိုက်သည်။ နေရောင်ခြည်၏ အလင်းက သူ့မျက်နှာထက် ဖြာကျလာ၏။ သူက တောက်ပပြီး မျက်စိစူးသော အလင်းရောင်ဖြင့် ထွေးပွေ့ခံလိုက်ရသည်။ 


သူက သူ၏ ဂုဏ်သရေကို ပြန်လည်ရရှိခဲ့လေသည်။



xxxxxx