အပိုင်း ၂၆၁
Viewers 87k

Chapter 261



ကျိလဲ့ယွီထံမှ ကျိယွီရှောင် နိုးလာကြောင်း သိလိုက်ရချိန်၌ လင်းဖေး စိတ်သက်သာရာ ရသွား၏။


အဆုံးသတ်တွင် တစ်စုံတစ်ယောက် အကြာကြီး အိပ်ပျော်နေသည်ကို သူက ပထမဆုံးအကြိမ် တွေ့ဖူးခြင်းဖြစ်၏။ ကျိလဲ့ယွီ စိုးရိမ်နေသဖြင့် သူသည်လည်း စိုးရိမ်နေခဲ့သည်။


ကံကောင်းစွာဖြင့် သူနိုးလာပြီဖြစ်ရာ လင်းဖေး စိတ်သက်သာရာ ရသွားခြင်းပင်။


ကျိယွီရှောင်သည်လည်း ကျိလဲ့ယွီ၏ နှောင့်ယှက်မှုကြောင့် သူ၏ သားနှစ်ဦး သူ့အပေါ် စိုးရိမ်နေကြောင်း သတိရသွား၏။


ကျိလဲ့ယွီက သူ့ကို တွေ့လိုက်ရသော်လည်း လင်းဖေးကမူ မတွေ့ရသေးချေ။ သူတို့နှင့်အတူ ထမင်းစားရင်း မျက်နှာထွက်ပြသင့်သည်ဟု သူတွေးလိုက်သည်။


သူနှင့် လင်းလော့ချင်းအတွက်မူ အချိန်အများကြီး ရှိသေး၏။ သူက အိပ်ရာဝင်ချိန်တွင် ရှင်းပြ၍ရသည်။


“ဖေးဖေးနဲ့ ရှောင်ယွီကို အရင်ဆုံးသွားတွေ့ရအောင်…” 


သူက လင်းလော့ချင်းကို ပြောလိုက်သည်။


လင်းလော့ချင်း ခေါင်းညှိတ်လိုက်သည်။ ကျိလဲ့ယွီ ရုတ်တရက် ထွက်ပေါ်လာခြင်းမှာ ချစ်စရာကောင်းသည်ဟု တွေးရင်း ရယ်လိုက်၏။


“သူက မှင်စာလေးလိုပဲ… .”


“အမှန်ပဲ...” ကျိယွီရှောင် ခေါင်းညှိတ်လိုက်သည်။ 


"သူ့ကို ဘယ်သူသင်ပေးခဲ့တာပါလိမ့်…”


“မင်း မဟုတ်ဘူးလား…”


“ဘယ်ကသာ...”


ကျိယွီရှောင် ခဏတွေးလိုက်ပြီး အလေးအနက် ပြောလိုက်၏။ “ရုပ်ရှင်တွေ ကြည့်ရင်း တတ်တာဖြစ်မယ်… နောက်ပိုင်း သူ့ကို ရုပ်ရှင်လျှော့ကြည့်ခိုင်းရမယ်....”


လင်းလော့ချင်း တွေးလိုက်၏။ တီဗီကြည့်ရတာ ကြိုက်တဲ့ ရှောင်ယွီလေး သနားပါတယ်… 


လင်းလော့ချင်းက ကျိယွီရှောင်အား ကျိလဲ့ယွီ၏ အခန်းအထိ တွန်းပေးလိုက်သည်။


သူက တံခါးဖွင့်ကာ အတွင်းဘက်သို့ ကြည့်လိုက်၏။ ကျိလဲ့ယွီက လင်းဖေး၏ အခန်းတွင် ရှိနေပုံရသည်။ သူ့အခန်းတွင်း၌ မရှိချေ။


လင်းလော့ချင်းက ကျိယွီရှောင်အား ခြေလှမ်းအနည်းငယ် ထပ်တွန်းပေးကာ လင်းဖေး၏ အိပ်ခန်းရှေ့သို့ ပို့လိုက်သည်။ ထို့နောက် ပွင့်နေသည့် တံခါးကို တွန်း၍ မေးလိုက်၏။ 


 “သားတို့ တစ်ခုခုစားဦးမလား… ပါပါးတို့ ညလယ်စာစားမလို့…”


ကျိလဲ့ယွီက ကျိယွီရှောင်အား ချက်ချင်းတွေ့ရမည်ဟု မျှော်လင့်မထားခဲ။ သူက ချက်ချင်း ခေါင်းလေးမော့လာ၏။


 “စားမယ်...”


လင်းဖေးက ကျိယွီရှောင်ကို သေချာကြည့်လိုက်သည်။ ကျိယွီရှောင် အရင်အတိုင်း ရှိနေသည်ကို အတည်ပြုပြီးမှ သူက ပြန်ဖြေလိုက်သည်။


 “ဟုတ်ကဲ့...”


“မစားခင် ဒယ်ဒီ မျက်လှည့်ပြစရာရှိတယ်… ”


 ကျိယွီရှောင်က ဝှီးချဲလ်ကိုမှီရင်း ပြောလိုက်သည်။


ကျိလဲ့ယွီ အရင်က မျက်လှည့်ပြသည်ကို မမြင်ဖူးချေ။ 


“ဒယ်ဒီလည်း မျက်လှည့်ပြတတ်တာလား… ”


"ဒါပေါ့… သားမျက်လုံးမှိတ်ထား....”


ကျိလဲ့ယွီက လက်သေးသေးလေးများဖြင့် မျက်လုံးကိုအုပ်ရင်း နာနာခံခံ မျက်လုံးမှိတ်လိုက်သည်။ “အိုခေ...”


ကျိယွီရှောင်က မျက်လုံးသေချာမှိတ်ထားသည့် ကျိလဲ့ယွီကိုကြည့်ရင်း လင်းဖေးကိုပါ ကြည့်လိုက်၏။


လင်းဖေး “……”


လင်းဖေးသည်လည်း မျက်လုံးမှိတ်ရန် တွန်းအားပေးခံရတော့သည်။ 


ကျိယွီရှောင်က ကလေးနှစ်ဦးလုံး မျက်လုံးမှိတ်ထားကြောင်း အတည်ပြုလိုက်သည်။ ထို့နောက် သူက ဖြည်းဖြည်းချင်း ထရပ်ရင်း အပြုံးဖြင့် ပြောလိုက်၏။ 


“မင်းအခု မျက်လုံးဖွင့်လို့ရပြီ...”


ကျိလဲ့ယွီ မျက်လုံးဖွင့်လိုက်ချိန်တွင် ဝှီးချဲလ်ရှေ့၌ ရပ်နေသည့် ကျိယွီရှောင်အား တွေ့လိုက်ရသည်။


ကျိလဲ့ယွီ မယုံနိုင်ဟန်ဖြင့် မျက်တောင်ခတ်လိုက်၏။ ထို့နောက် မျက်လုံးများကို ပွတ်သပ်ကြည့်လိုက်သည်။ အဆုံးသတ်တွင် သူ၏ ဒယ်ဒီသည် အမှန်တကယ် မတ်တပ်ရပ်နေခြင်းဖြစ်ကြောင်း အတည်ပြုနိုင်လိုက်၏။ သူ တကယ်ရပ်နေတာပဲ …


သူပြန်ကောင်းသွားပြီ … 


“ဒယ်ဒီ …” 


ကျိလဲ့ယွီက သူ့ထံသို့ ပျော်ရွှင်စွာဖြင့် ခုန်ပေါက်ပြေးသွား၏။ သူ့မျက်နှာထက်တွင် အဆုံးမရှိသည့် ပျော်ရွှင်မှုများ ဖုံးလွှမ်းနေသည်။ 


ကျိယွီရှောင်က သူ့ကို ဖမ်းလိုက်ပြီး ပွေ့ဖက်ကာ မျက်နှာလေးကို နမ်းလိုက်၏။ 


“ဒယ်ဒီ့မျက်လှည့်ကို သဘောကျလား …” 


ကျိလဲ့ယွီက အဆက်မပြတ် ခေါင်းညှိတ်ပြလိုက်သည်။ 


“ဒယ်ဒီ … ပြန်ကောင်းသွားပြီလား …” 


“အင်း …” ကျိယွီရှောင် သူ့နဖူးလေးကို ပွတ်ပေးလိုက်သည်။ 


“အနာဂတ်မှာ ဒယ်ဒီသားနဲ့အတူ အပြင်လျှောက်လည်ပြီး ဆော့ပေးလို့ရပြီ …” 


“အွန်း … အွန်း …” ကျိလဲ့ယွီက သူ့လည်ပင်းကို တင်းကျပ်စွာ ဖက်ထား၏။ 


သူ၏ ဦးလေးက ပြန်ကောင်းသွားပြီ ဖြစ်သည်။


 အရမ်းအရမ်း ကောင်းတာပဲ ….


သူက ထိုသို့တွေးနေရင်း မတရားသလိုလည်း ခံစားလိုက်ရ၏။ သူက ငိုချင်သော်လည်း ချုပ်ထိန်းထားကာ ကျိယွီရှောင်ကို ပွေ့ဖက်ရင်း ဒယ်ဒီ ဟု တဖွဖွခေါ်လျှက် ကပ်တွယ်နေလေသည်။ 


သူက ကျိယွီရှောင် မတ်တပ်မရပ်နိုင်သည်ကို အမြဲလိုလို ပူပန်နေခဲ့ရသည်။ သူက သူ့ကြောင့် မဟုတ်ပါက ကျိယွီရှောင်သည် ဒဏ်ရာရခဲ့မည်မဟုတ်ဟု တွေးခဲ့မိ၏။ 


ထို့ကြောင့် ကျိလဲ့ယွီ နိုးထလာသည့်အခါတိုင်း ကျိယွီရှောင် မတ်တပ်ရပ်နေသည်ကို မြင်ရရန် မျှော်လင့်ခဲ့သည်။ သူ၏ ဦးလေးအား အရင်ကကဲ့သို့ လမ်းလျှောက်နိုင်စေချင်ခဲ့၏။ 


မျှော်လင့်မထားစွာပင် ကျိယွီရှောင် နိုးလာသည့်အခါ အရင်အတိုင်း လမ်းလျှောက်နိုင်နေပြီဖြစ်သည်။


သူက ထိုသို့တွေးရင်း ရယ်မောလိုက်သည်။ ကျိယွီရှောင် အချိန်ကြာမြင့်စွာ အိပ်စက်ပြီးနောက် ပြန်ထလာချိန်တွင် အရင်အတိုင်း ဖြစ်နေမည်ကို သိသော်လည်း ကလေးဆန်စွာဖြင့် ခြေထောက်ပြန်ကောင်းလာရန် မျှော်လင့်ခဲ့မိ၏။ ယခု သူတကယ် ပြန်ကောင်းလာပြီ ဖြစ်သည်။ 


“ဒယ်ဒီ … နောက်ပိုင်း ဝှီးချဲလ်မသုံးပဲ နေနိုင်တော့မှာလား …” 


ကျိလဲ့ယွီက ဂရုတစိုက် မေးလိုက်၏။ 


ကျိယွီရှောင် သူ့ကို အပြုံးဖြင့် ကြည့်လိုက်သည်။ 


“ဒါပေါ့ …” 


ကျိလဲ့ယွီ ပို၍ပျော်ရွှင်သွားသည်။ သူ့မျက်နှာထက်ရှိ အပြုံးက ပွင့်သစ်စ ပန်းပွင့်တစ်ပွင့်ကဲ့သို့ တောက်ပနေ၏။ 


ကျိယွီရှောင်က ကျိလဲ့ယွီနှင့် ခဏကြာ စကားပြောလိုက်သည်။ ထို့နောက် သူက လင်းဖေးကို သတိရသွားသည်။ 


လင်းဖေးက ကုလားထိုင်တွင် ထိုင်နေ၏။ 


သူက အံ့အားသင့်သွားသည့် အခိုက်အတန့်ကို ကျော်လွန်သွားပြီ ဖြစ်သည်။ ကျိယွီရှောင်က လင်းဖေး၏ တည်ငြိမ်ပြီး တိတ်ဆိတ်သော မျက်ဝန်းများကိုသာ တွေ့လိုက်ရ၏။ 


ကျိယွီရှောင်က သူ့ကို လက်ယပ်ခေါ်လိုက်သည်။ လင်းဖေးက သူ့ထံလျှောက်လာ၏။ 


ကျိယွီရှောင် ကိုယ်ကိုကိုင်းလျှက် လင်းဖေးအား ပွေ့ချီလိုက်သည်။ 


လင်းဖေး “…”


ကျိလဲ့ယွီသည် အချီခံထားရသည့် လင်းဖေးကို ကြည့်လိုက်ပြီး ခေါင်းလေးစောင်း၍ ပြုံးကာ ချစ်စဖွယ် ပြုမူလျှက်ရှိ၏။ 


လင်းဖေး “…”


“သွားစားရအောင် …”


 ကျိယွီရှောင်က လက်ထဲရှိ ကလေးနှစ်ဦးကို ကျေနပ်စွာ ကြည့်ရင်း ပြုံးလိုက်သည်။ 


လင်းဖေးက သူ၏ ပွေ့ဖက်မှုကြားတွင် အူကြောင်ကြောင်လေးဖြင့် လိုက်ပါသွား၏။ 


သူက ပထမဆုံးအကြိမ် အချီခံရခြင်း ဖြစ်ပြီး ကျိယွီရှောင်ထံမှ အချီခံရခြင်းလည်း ဖြစ်သည်။ ထို့ကြောင့် အနည်းငယ် ကြောင်တောင်တောင်လေး ဖြစ်နေ၏။ 


ဘာပဲဖြစ်ဖြစ် … သူ့ကိုချီနိုင်တယ်ဆိုတော့ … သူ(jyx)တကယ် သက်သာနေတာပဲ … ဟုတ်တယ်မဟုတ်လား … 


လင်းဖေးက ထိုသို့တွေးရင်း ကျိယွီရှောင်၏ ခြေထောက်များကို ငုံ့ကြည့်လိုက်သည်။ 


ဒါက တကယ့်ကို ကောင်းတာပဲ … သူက သက်ပြင်းချလိုက်၏။ ကျိယွီရှောင် ရုတ်တရက် ပြန်ကောင်းလာခဲ့ခြင်း ဖြစ်သည်။ ထိုအရာက ကောင်းမွန်လှ၏။ 


ကျိယွီရှောင်က စိတ်လှုပ်ရှားနေသော ကျိလဲ့ယွီနှင့် အလုပ်များနေသဖြင့် အမြဲတည်ငြိမ်တတ်သည့် လင်းဖေးမျက်ဝန်းများ လင်းလက်သွားသည်ကို သတိမပြုမိခဲ့ချေ။ လင်းဖေး မျက်ဝန်းများ တောက်သွားခဲ့သည်မှာ အလွန် ချစ်စဖွယ်ကောင်းလှသည်။ 


ကျိယွီရှောင် မတွေ့လိုက်သော်လည်း လင်းလော့ချင်းကမူ တွေ့လိုက်၏။ သူက လင်းဖေး၏ အမူအရာကို ကြည့်ရင်း မပြုံးပဲ မနေနိုင်ခဲ့။ 


လင်းဖေးက သူ့ကို ကြည့်လာရာ လင်းလော့ချင်းက ပြုံးလျှက် လင်းဖေး၏ ဆံစလေးများကို ပွတ်သပ်ပေးရင်း မျက်စိမှိတ်ပြလိုက်၏။ သူက လင်းဖေး၏ လျှို့ဝှက်ချက်ကို ထိန်းသိမ်းထားမည်ဖြစ်သည်။ 


လင်းဖေး “…”


လင်းဖေးက ရှက်ရှက်ဖြင့် ခေါင်းငုံ့လိုက်သည်။ 


ကျိယွီရှောင်က ကလေးနှစ်ဦးကို ပွေ့ချီထားသည်။ လင်းလော့ချင်းက အားကုန်မည်စိုးသဖြင့် ထိုသို့ ပွေ့ဖက်မှုမျိုး တစ်ခါမှ မလုပ်ခဲ့ဖူးချေ။ ကျိယွီရှောင်၏ ခြေထောက်များမှာ ကောင်းမွန်ခါစဖြစ်သော်လည်း သူက ကလေးနှစ်ဦးကို အေးအေးဆေးဆေး ပွေ့ချီထားခြင်းဖြစ်သည်။ လင်းလော့ချင်းက သူ လှေကားပေါ်မှ ထိုပုံစံအတိုင်း ဆင်းလျှင် ပင်ပန်းမည်စိုးသည့်အလျှောက် ဓာတ်လှေကားကို ဖွင့်ပေးလိုက်သည်။ 


“ဓာတ်လှေကားထဲဝင်လေ …” 


“ကောင်းပြီလေ …” 


ကျိယွီရှောင် သဘောတူလိုက်သည်။ 


ကျိယွီရှောင်က ထမင်းစားခန်းအတွင်းသို့ ရောက်သည့်အခါမှသာ ကလေးများကို ချပေးလိုက်၏။ 


ကျိလဲ့ယွီ စိတ်လှုပ်ရှားစွာဖြင့် ကျိယွီရှောင်နှင့် မျက်နှာချင်းဆိုင်တွင် ထိုင်လိုက်သည်။ သူက ကျိယွီရှောင်အား မေးထောက်ကာ မျက်လုံးတောက်တောက်ကလေးများဖြင့် ကြည့်လိုက်၏။ 


ကျိယွီရှောင်က သူ၏ စိုက်ကြည့်နေမှုကို စနောက်လိုက်သည်။ 


“သားက ဒယ်ဒီ့ကို တစ်လျှောက်လုံး စိုက်ကြည့်နေတော့တာပဲ … ဒယ်ဒီထွက်ပြေးသွားမှာ စိုးနေတာလား …” 


ကျိလဲ့ယွီ ကလေးဆန်မှု၊ ရှက်ရွံ့မှုတို့ဖြင့် ရယ်လိုက်သည်။ သူက ခပ်တိုးတိုး နှာမှုတ်လိုက်၏။ 


“ဒယ်ဒီ့ကို ခုထိကြည့်နေတုန်းနော် …”


 ကျိယွီရှောင် ပြုံးရင်း ထပ်စလိုက်သည်။ 


ကျိလဲ့ယွီ တစ်ဖက်သို့ ခေါင်းလှည့်လိုက်၏။ သူက အသက်ဝင်ကာ တောက်ပနေပြီး ချစ်စဖွယ်ပင်။ 


လင်းလော့ချင်းနှင့် ကလေးများက စားပြီးနှင့်ပြီဖြစ်ပြီး ကျိယွီရှောင်နှင့် အဖော်ပြုချင်၍သာ ညလယ်စာကို စားသောက်ကြခြင်းဖြစ်၏။ ထို့ကြောင့် သူတို့က အနည်းငယ်သာ စားသည်။ 


ကျိယွီရှောင်ကမူ အများအပြား စားလိုက်၏။ သူက မဆာသော်လည်း ထမင်းစားပွဲတွင် ထိုင်လိုက်ချိန်၌ အစားအစာ၏ ရနံ့များကြောင့် စားချင်စိတ် နှိုးဆွခံလိုက်ရခြင်းဖြစ်သည်။ 


အန်တီကျန်းက ပန်းကန်များ လာသိမ်းချိန်တွင် မတ်တပ်ရပ်နေသည့် ကျိယွီရှောင်ကို တွေ့လိုက်ရသည်။ 


သူမက သူ့အား အံ့အားသင့်ဟန်ဖြင့် ကြည့်လိုက်၏။ 


“မစ္စတာကျိ … ပြန်ကောင်းလာပြီလား …” 


ကျိယွီရှောင် ခေါင်းညှိတ်လိုက်သည်။ 


“ဟုတ်တယ် …” 


အန်တီကျန်းက ပြုံးလိုက်၏။ 


“ကောင်းလိုက်တာ … ဂုဏ်ပြုပါတယ် … မစ္စတာကျိ …” 


“ကျေးဇူးပါ …” 


ကျိယွီရှောင် နွေးထွေးစွာ ပြောလိုက်သည်။ 


အန်တီကျန်း ခေါင်းယမ်းလိုက်သည်။ 


“ကျေးဇူးတင်စရာ ဘာရှိလို့လဲကွယ် …” 


ကျိယွီရှောင်က ကျိလဲ့ယွီကို လက်ဆွဲကာ လင်းလော့ချင်း၊ လင်းဖေးတို့နှင့်အတူ အိပ်ခန်းသို့ ပြန်သွားကြသည်။


ကျိလဲ့ယွီက စိတ်အခြေအနေ ကောင်းမွန်နေ၏။ သူက ကျိယွီရှောင်၏ လက်ကို လွှဲယမ်းကာ မေးလိုက်သည်။ 


“သားတို့ ဒီညတူတူအိပ်လို့ရမလား …”


“မနက်ဖြန်မှဆိုရင်ရော …”


 ကျိယွီရှောင်က သူနှင့် ညှိနှိုင်းလိုက်သည်။


 “ဒီည သားကိုကိုနဲ့ တူတူအိပ်လေ … နော် …” 


“ဟုတ် …” 


ကျိလဲ့ယွီ ချစ်စဖွယ် သဘောတူလိုက်၏။ 


“ချစ်စရာလေး …” 


ကျိယွီရှောင် ချီးကျူးလိုက်သည်။ 


ကျိလဲ့ယွီ ခေါင်းမော့လိုက်၏။ သူ၏ ချစ်စဖွယ် မျက်နှာလေးက အပြုံးများဖြင့် ပြည့်နှက်နေသည်။ သူက ကျိယွီရှောင် အဆင်ပြေနေသရွေ့ လိမ်လိမ်မာမာ နေပေးမှာဖြစ်သည်။ 


ကလေးနှစ်ဦးကို လူကြီးနှစ်ဦးက အိပ်ခန်းထံ လိုက်ပို့ပေးပြီးနောက် သူတို့၏ ကိုယ်ပိုင်အိပ်ခန်းထံသို့ ပြန်လာကြ၏။ 


လင်းလော့ချင်းက ရေချိုးရန် ပြင်နေစဉ် ကျိယွီရှောင်သည် ဖုန်းကိုဖွင့်ကာ အလုပ်ကိစ္စများကို ကြည့်လိုက်သည်။ 


သူက wechat ကိုဖွင့်၍ တစ်ခုပြီးတစ်ခု ပြန်ဖြေလိုက်သည်။ ထို့နောက် ကျိယွင်၏ စာကိုဖတ်၍ အနည်းငယ် ကြောင်အသွား၏။ 


ကျိယွင် {ဦးလေး ဘာဖြစ်တာလဲ … ဘာလို့ ရဲတွေ ဒီရက်ပိုင်း သူ့ကို ရှာနေတာလဲ … သူအဆင်ပြေရဲ့လား …}


ကျိယွီရှောင်က ၎င်းကို ဖတ်ရင်းတွေးလိုက်သည်။ ‘ဘယ်အဆင်ပြေမလဲ … သူသေချာပေါက် အလုပ်များနေမှာပေါ့’


သူက ဖုန်းနံပါတ်စာရင်းကို ဖွင့်ကာ အရာရှိကျိုးကို ဖုန်းခေါ်လိုက်သည်။ ထို့နောက် လက်ရှိအခြေအနေအကြောင်း မေးလိုက်၏။ 


မျှော်လင့်ထားသကဲ့သို့ပင် ထန်ကျားကျိနှင့် ကျိကျန်းဟုန်တို့က အသေအကြေ တိုက်ခိုက်နေကြသည်။ အဆုံးသတ်တွင် အတွေ့အကြုံက စကားပြောသွား၏။ ကျိကျန်းဟုန်က ထန်ကျားကျိ မတော်တဆမှုကို ကြိုးကိုင်ခဲ့ခြင်းအား ထောက်ပြနေသည့် သက်သေများကို ထုတ်ဖော်လိုက်သည်။ ထန်ကျားကျိက သူ၏ အပြစ်လွှဲချမှုသည် အလုပ်မဖြစ်ကြောင်း သိသည်နှင့် ချက်ချင်းစကားကို ပြင်ပြောခဲ့၏။ သူက အလွန်ငယ်ရွယ်သေးသည့် အလျှောက် မစ္ဆရိယစိတ်ဖြင့် ကျိယွီလင်းအား မကောင်းကြံခဲ့ခြင်း ဖြစ်ကြောင်း ထွက်ဆိုခဲ့သည်။ 


သို့သော် ကျိကျန်းဟုန်က သူ့အား ကာကွယ်ပေးခဲ့ပြီး နိုင်ငံခြားသို့ ပို့ပေးခဲ့ကြောင်းကိုပါ ထွက်ဆိုခဲ့သည်။ ကျိကျန်းဟုန်က သူ့အား ကူညီခဲ့ခြင်းဖြစ်ကာ ကျိကျန်းဟုန်မရှိပါက သူသည် အရင်ကတည်းက အဖမ်းခံခဲ့ရမည် ဖြစ်ကြောင်း ထွက်ဆိုခဲ့၏။ ဤသို့ဖြင့် ကျိကျန်းဟုန်သည်လည်း အပြစ်ရှိသူ ဖြစ်သွားခဲ့သည်။ 


ကျိကျန်းဟုန်က ထန်ကျားကျိ၏ အကွက်ဆင်ခံခဲ့ရခြင်းကို မယုံနိုင်ခဲ့။ သူက ဒေါသထွက်မှုကြောင့် လေဖြတ်တော့မလိုပင် ဖြစ်သွားခဲ့ရသည်။ ထန်ကျားကျိက သူ့အား သေသည်အထိ အတူဆွဲခေါ်ချင်ပုံပင်။ 


“သူက လေတော့ မဖြတ်သွားပေမယ့် ဆေးရုံတက်နေရတုန်းပဲ …” ကျိုးလျန့်က ပြော၏။


 “သူ့ ကျန်းမာရေးအခြေအနေကြောင့် သူ့ရှေ့နေက ဆေးခွင့်တင်ခဲ့တယ် … ဒါပေမယ့် ထန်ကျားကျိက ဘယ်လိုပဲ နောင်တရပါတယ်လို့ ဝန်ခံနေနေ သူက ပြစ်မှုကျူးလွန်ခဲ့တာ ထင်ရှားနေပြီပဲ … တရားရုံးမှာ အမှုစစ်တာနဲ့ သူထောင်ချခံရလိမ့်မယ် …” 


“ကောင်းပါပြီ …” 


ကျိယွီရှောင် ပြန်ဖြေလိုက်သည်။ 


“ကျေးဇူးပါ …” 


“မဟုတ်တာပဲ ….” ကျိုးလျန့်က စကားဆုံးသည်နှင့် ဖုန်းချလိုက်သည်။ 


ကျိယွီရှောင်က ဖုန်းကိုကြည့်ရင်း ခပ်ဖွဖွရယ်လိုက်၏။ ယခု သူ့အဖေသည် စိတ်ရောကိုယ်ပါ နာကျင်နေပေလိမ့်မည်။ ထိုအရာက အလွန်ကောင်းမွန်၏။ ကျိကျန်းဟုန် ခံစားနေရခြင်းအပေါ် ကျိယွီရှောင် ဝမ်းသာမိသည်။ 


လင်းလော့ချင်းက ရေချိုးခန်းထဲမှ ထွက်လာ၏။ သူက အိပ်ရာပေါ်တွင် ထိုင်ရင်း ပြုံးနေသည့် ကျိကျန်းဟုန်ကို တွေ့လိုက်ရသည်။ 


သူက အိပ်ရာပေါ်တွင် ဝင်ထိုင်ရင်း သိချင်စိတ်ဖြင့် မေးလိုက်၏။ 


“ဘာလို့ ဒီလောက်ပျော်နေတာလဲ …”


ကျိယွီရှောင် သူ့အနီးသို့ တိုးကပ်လိုက်သည်။ သူက ဆံပင်လေမှုတ်စက်ကို ယူ၍ အပြုံးဖြင့်ပြောလိုက်၏။ 


“ကိုယ့်မှာ သတင်းကောင်းရှိတယ် …”



xxxxxxx