အပိုင်း ၁
Viewers 20k

{ သားတစ်ယောက် - ၁ }
ချန်းဟွမ်သည် သူမရဲ့လက်တို့ကို ကြည့်ရင်း ပြောစရာစကားတို့ ပျောက်ရှနေခဲ့လေ၏...
သူမ လုပ်ခဲ့သည်က ပုံမှန်အတိုင်း အိပ်ယာဝင်ခဲ့ရုံပင်... သို့သော် ယခုတွင် သူမက တစ်ခြားတစ်ယောက်ရဲ့ခန္ဓာကိုယ်ထဲသို့ ရောက်နေခဲ့လေပြီ...
ဒါတင်မကသေး သူမဦးနှောက်ထဲသို့ မှတ်ဥာဏ်အပိုင်းအစများစွာ ရောက်လာသေး၏... ချန်းဟွမ် မတ်တပ်ရပ်လိုက်ပြီးနောက်တွင် ဗလုံးဗထွေးပြောဆိုလိုက်ရင်း ကြည့်မှန်တစ်ချက်ကို ရှာဖွေတော့သည်... သူမရဲ့ခြေထောက်က စားပွဲတစ်ခုနဲ့ တိုက်မိသွားခဲ့သော်ငြား သူမ ကြည့်မှန်အား ရှာဖွေနေခြင်းကို မရပ်တံ့ခဲ့ပေ...
အခန်းက ကျဥ်းလွန်းတာကြောင့် ပစ္စည်းတို့ဖြင့် ပြည့်သိပ်လို့နေလေသည်... ချန်းဟွမ် လက်ရှိတွင် ဘေးဘီကို အာရုံမထားနိုင်သေးချေ... သူမသည် ရေချိုးခန်းထဲတွင် ကြည့်မှန်တစ်ချက် ရှိလောက်မည်ဟူသောအတွေးဖြင့်သာ ရေချိုးခန်းဆီသို့ အသည်းအသန်သွားနေခဲ့ခြင်းဖြစ်သည်...
မှန်ရှေ့သို့ ရောက်သွားခဲ့ပြီးနောက် မှန်ထဲမှ ပုံရိပ်ကို မြင်လိုက်ရချိန်တွင် တုန်လှုပ်မှုနဲ့ အံ့အားသင့်မှုတို့ကို တစ်ပြိုင်တည်း ခံစားလိုက်မိလေသည်... မှန်ထဲမှ သူမရဲ့ပုံရိပ်သည် လှပသော်လည်း ရင်းနှီးမှု မရှိပါချေ... သူမ မျက်လုံးတို့ကို အတင်းပိတ်ပြီး ပြန်ဖွင့်လိုက်သော်ငြား ထိုပုံရိပ်ဟာ ပြောင်းလဲသွားခြင်း မရှိခဲ့ပေ...
ယခုအခြေအနေသည် သူမ မျှော်လင့်ထားခဲ့သလို အိမ်မက်တစ်ခု ဟုတ်မနေခဲ့ချေ...
ချန်းဟွမ်သည် အသက်ပြင်းပြင်းရှုလိုက်ရင်း နံရံကို မှီလိုက်ကာ စိတ်ကို တည်ငြိမ်အောင်လုပ်လိုက်လေ၏...
သူမရဲ့မျက်လုံးတို့ကို မှိတ်လိုက်ကာ သူမ ရရှိလိုက်သောမှတ်ဥာဏ်တို့ကို ပြန်စဥ်းစားလိုက်တော့သည်... ဒါဟာ အိမ်မက်တစ်ခု မဟုတ်ခဲ့ဘူးဆိုပါလျှင်... သူမ မီးစင်ကြည့်ကနိုင်ရန် မူလပိုင်ရှင်၏အကြောင်းတို့ကို အနည်းအကျဥ်း သိဖို့ လိုအပ်သည်လေ... သို့သော် သူမ ရရှိထားသောမှတ်ဥာဏ်တို့မှာ အပိုင်းအစများသာဖြစ်နေခဲ့ပြန်တယ်...
မူလပိုင်ရှင်၏နာမည်မှာလည်း ချန်းဟွမ်ပင်...
မူလပိုင်ရှင်ရဲ့အဖေသည် သူမ အသက်၇နှစ်လောက်တွင် ပျောက်ဆုံးသွားခဲ့ပြီး အမေဖြစ်သူက နောက်အိမ်ထောင်ပြုကာ သူမအား အဖွား (အမေဘက်မှ)ဆီ၌ ထားခဲ့လေသည်။
အဖွားဖြစ်သူမှာ ယောကျ်ားလေးတို့ကသာ ပိုမြတ်သည် ပိုကောင်းသည်ဟူသောရှေးရိုးစွဲရှိတာကြောင့် သူမအပေါ် ဘယ်သောအခါမှ ကောင်းကောင်းမွန်မွန် မဆက်ဆံခဲ့ပေ... ဤသို့ဖြင့် သူမ အရွယ်ရောက်ချိန်မှာတော့ သူမကို ဘယ်သူကမှ မထောက်ပံ့ကြတော့ချေ...
မူလပိုင်ရှင်က ဥာဏ်ကောင်းတဲ့မိန်းကလေးဖြစ်တာကြောင့် ကျောင်းတွင်လည်း အဆင့်ကောင်းကောင်းရမြဲဖြစ်သည်... သူမသာ သေချာဆက်ကြိုးစားနိုင်ပါက အထက်တန်းအောင်ပြီးနောက် အလုပ်တစ်ခုခုလုပ်ရင်း တက္ကသိုလ်ဆက်တက်နိုင်လိမ့်မည်ဟု မျှော်မှန်းထားခဲ့လေ၏...
သို့သော် ၁၈နှစ်အရွယ်သာမန်မိန်းကလေးတစ်ယောက်အတွက် အလုပ်ကောင်းကောင်းတစ်ခုဆိုသည်က ရှားပါးလွန်းလှပေသည်... ထိုသို့ဖြင့် အခြေအနေမျိုးစုံကြောင့် သူမ ကလပ်တစ်ခုတွင် ဝိုင်ရောင်းရသည့်မိန်းကလေးအလုပ်ကို လုပ်ရတော့၏...
သူမ အလုပ်လုပ်ရသောကလပ်သည် ရိုးရိုးသာမန်ကလပ်တစ်ခု မဟုတ်ဘဲ သွေးသားဆန္ဒတို့ကို ဖြည့်ဆည်းပေးသည့်ကလပ်တစ်ခုပင်...
မူလပိုင်ရှင်က ငွေကြေးအတွက် တစ်ညတာ ခန္ဓာကိုယ်ပေးကြသည့်ကိစ္စတို့ကို မျက်မြင်တွေ့ခဲ့ရလေသည်... သူမရဲ့လုပ်ခ ၂လစာနီးပါးကို တစ်ညတည်းနဲ့ ရှာနိုင်ကြသည့်မိန်းကလေးတို့ကို နေ့တိုင်းတွေ့မြင်နေခဲ့ရလေသည်... အစပိုင်းတွင် သူမ ထိုကိစ္စတို့ကို ငြင်းဆန်လေ့ရှိသော်လည်း နောက်ပိုင်းတွင် တစ်စနှင့်တစ်စ စိတ်ယိုင်လာခဲ့တော့သည်...
မူလပိုင်ရှင်က ဥာဏ်ကောင်းတဲ့သူတစ်ယောက်ဖြစ်တာကြောင့် သူမကသာ လွယ်လင့်တကူ လက်ခံလိုက်ပါလျှင် စျေးကျသွားမည်ကို ခန့်မှန်းမိကာ စောင့်ဆိုင်းနေခဲ့၏...
နောက်ဆုံးတွင်တော့ သူမရှေ့သို့ အခွင့်အရေးအကြီးကြီးတစ်ခု ကျရောက်လာတော့သည်... ဆေးမိထားသောအမျိုးသားတစ်ယောက်နှင့် တစ်ညတာဖြတ်သန်းရန်အတွက် ဂဏန်း၆လုံးလောက်ရှိသည့်ငွေပမာဏပေးမည်ဟု ကမ်းလှမ်းလာခဲ့ခြင်းဖြစ်လေတယ်...
ထိုဆေးမိနေသောအမျိုးသားက ချောမောသည့်အပြင် ချမ်းသာသည့်အသိုင်းအဝိုင်းမှဖြစ်ဟန်တူ၏... မူလပိုင်ရှင်ဟာ ထိုကမ်းလှမ်းမှုကြောင့် အတော်လေး ပျော်ရွှင်သွားခဲ့ကာ တစ်ညတည်းနှင့်ပင် မလုံလောက်ဟုပင် တွေးလိုက်သေးသည်...
သို့သော် သူမတို့နှစ်ယောက်ရဲ့ဇာတ်လမ်းက ရှေ့ဆက်ရန် မဖြစ်နိုင်ခဲ့ပေ... ထိုအမျိုးသားသည် တစ်စုံတစ်ယောက်ရဲ့ဆေးခတ်ခြင်းခံခဲ့ရတာကြောင့် မူလပိုင်ရှင်ကို အပြစ်တော့မဆိုခဲ့... သူကိုယ်တိုင်ကလည်း သူမကို မနှစ်သက်တာကြောင့် ပိုက်ဆံပေး၍သာ ရှင်းလိုက်လေ၏...
ထိုနေ့ညတွင် တစ်ယောက်က ဆေးမိနေပြီး တစ်ယောက်က ထိုသို့သောကိစ္စတို့ကို နားမလည်သည့်သူဖြစ်နေတာကြောင့် ကိုယ်ဝန်ကို တားဖို့ရန် အခြေအနေ နည်းပါးခဲ့လေသည်... ထိုသို့ဖြင့် နှစ်လကြာပြီးနောက်တွင် မူလပိုင်ရှင်က သူမတွင် ကိုယ်ဝန်ရှိနေပြီဟု သိလိုက်ရသည်။...
မူလပိုင်ရှင်က ထိုအကြောင်းကို သိလိုက်ရချိန်တွင် အတော်လေး တုန်လှုပ်သွားခဲ့ရ၏.. သူမ ပထမဆုံးတွေးလိုက်မိတာက ထိုနေ့ညက အမျိုးသားပင်... သူမသည် စိတ်တည်ငြိမ်အောင် လုပ်ပြီးနောက် ထိုနေ့ညက အမျိုးသားရဲ့ပုံစံကို ပြန်စဥ်းစားခဲ့လေတယ်... ဒါပြင် မူလပိုင်ရှင်သည် TVတွင် ပြသလေ့ရှိသော ဇာတ်လမ်းတချို့ကို တွေးလိုက်မိ၏...
တကယ်လို့ သူမတွင်သာ ကလေးရှိနေပါက သူမ တစ်နေ့တွင်တော့ ချမ်းသာတဲ့မိသားစုထဲ ဝင်နိုင်မည်ဟုပင်... လက်မထပ်နိုင်ရင်တောင် ချစ်သူအဖြစ်ရှိနိုင်သေးသည်ဟုပင် တွေးလိုက်သေးသည်...
သူမရဲ့အတွေးတို့က အနည်းငယ်လွဲမှားနေသည်ဟုပင် မစဥ်းစားခဲ့ပေ... ထို့နောက်တွင် သူမဟာ ဆေးရုံသို့ သွားခဲ့ကာ ကျောင်းကထွက်ပြီး ထိုနေ့ညမှ အမျိုးသားကို စတင်ရှာဖွေလေတော့တယ်...
မူလပိုင်ရှင်ဟာ ထိုအမျိုးသားနှင့်ပတ်သက်ပြီး များများစားစား ရှာမတွေ့ခဲ့ချေ... ထိုအမျိုးသားသည် ကျန်းမျိုးနွယ်ဖြစ်ပြီး ကော်ပိုရေးရှင်းတစ်ခုရဲ့ဆက်ခံသူဟုသာ သိခဲ့လေ၏... သူမ စိတ်ထဲတွင် ထိုအမျိုးသားသည် လူပျိုဘဝအဖြစ်သာ ရှိနေပါစေဟု အ​ကြိမ်ကြိမ်ဆုတောင်းနေခဲ့လေသည်...
ကိုယ်ဝန်ရှိနေချိန် တစ်လျှောက်လုံးတွင် သူမ ချမ်းသာတဲ့မိသားစုထဲဝင်နိုင်တော့မည်ဟုတွေးရင်း အပျော်ကြီးပျော်နေခဲ့၏...
အချိန်တို့ကုန်ဆုံးလာခဲ့ပြီးတစ်နေ့၌ သတင်းတွင် ငယ်ရွယ်တဲ့မော်ဒယ်လေးတစ်ယောက်က ကလေးတစ်ယောက်မွေးကာ ချမ်းသာတဲ့မိသားစုထဲဝင်နိုင်ရန် ကြိုးစားခဲ့တာကြောင့် ထိုမိသားစုမှ အပြတ်ရှင်းရန် သတ်လိုက်သည်ဆိုသောသတင်းတစ်ခု ပါဝင်လာခဲ့လေသည်...
ထိုသတင်းကို ကြားလိုက်ရချိန်၌ မူလပိုင်ရှင်၏ ကိုယ်ဝန်က ၉လရှိနေခဲ့ပြီဖြစ်လေသည်။
... ထိုသတင်းကြောင့် မူလပိုင်ရှင် အတော်လေး ကြောက်လန့်သွားခဲ့၏... သူမသည် သတင်းကို ကြားပြီးသည့်ညက အိမ်မက်ဆိုးများမက်ကာ စိတ်အရမ်းတုန်လှုပ်သွားခဲ့တာကြောင့် နောက်တစ်နေ့တွင် သတ်မှတ်သည့်ရက်ထပ်စောစွာ ကလေးမွေးဖွားခဲ့လေသည်။...
Xxxxxxx