အပိုင်း ၂
Viewers 20k

{ သားတစ်ယောက် - ၂ }
ကံကောင်းစွာနဲ့ပဲ သူမဟာ ကလေးကို ၉လနှင့်ပင် ဆေးရုံတွင် ချောချောမွေ့မွေ့ မွေးဖွားနိုင်ခဲ့လေတယ်... သို့သော်ငြား သူမက ကလေးကို အသုံးချကာ ချမ်းသာကြွယ်ဝသောမိသားစုထဲဝင်မည်ဆိုသောအကြံအစည်ကိုတော့ ယာယီထိန်းချုပ်ထားလိုက်ရလေ၏...
သို့သော်လည်း တစ်နေ့တွင်တော့ သူမသားသည် ထိုမိသားစုထဲဝင်နိုင်ကာ သူမသည်လည်း ချမ်းသာကြွယ်ဝနေထိုင်ရလိမ့်မည်ဟု မျှော်လင့်ရင်း သူမသားရဲ့မျိုးရိုးနာမည်ကို ကျန်းဟုပေးခဲ့ချေသည်...
ချန်းဟွမ်သည် ကလေးကို ဆက်မွေးထားရန် ရည်ရွယ်ထားသောငြား ကလေးအပေါ်တွင် ချစ်ခြင်းမေတ္တာတစ်မှုန့်လေးမျှမရှိပါလေ... မွေးကင်းစကလေးများဟာ အချိန်တော်တော်များများ ငိုနေတတ်တာကြောင့် လအတော်တန်ကြာချိန်မှာတော့ သူမက ကလေးအပေါ်မေတ္တာစိတ် လုံးဝကုန်ခမ်းသွားလေတော့သည်...
မူလပိုင်ရှင်သည် သူမခန္ဓာကိုယ်ကို အသုံးချကာ အကျိုးအမြတ်ရပြီးနောက်တွင်တော့ ထိုအလုပ်ကို ဆက်မလုပ်တော့ပေ... သူမက ငယ်ရွယ်ပြီး လှပတာကြောင့် အရမ်းချမ်းသာကြွယ်ဝသောမိသားစုထဲမဝင်နိုင်ခဲ့လျှင်တောင် ဒုတိယအဆင့်ချမ်းသာကြွယ်ဝသောမိသားစုထဲသို့ ဝင်ရောက်နိုင်လိမ့်မည်ဟု တွေးထားလေ၏...
အပြောလွယ်သော်ငြား လက်တွေ့အလုပ်တွင်တော့ ခက်ခဲကြစမြဲပင်... ချမ်းသာကြွယ်ဝသောမိသားစုထဲမှ တစ်ဦးဦးနှင့် တွဲချိတ်နိုင်ရန် အဆက်အသွယ်ကတော့ လိုအပ်မြဲဖြစ်ပေသည်။... ချန်းဟွမ်က လူတချို့နှင့် တွေ့ခဲ့သော်လည်း ၎င်းတို့အားလုံးနီးပါးမှာ ဘီယာဗိုက်ပူကြီးများရှိသောအသက် ၄၀ ၅၀နီးပါးမှလူများသာဖြစ်နေတတ်၏... ထိုသူတို့၏သားသမီးများမှာ သူမထက်ပင် အသက်ကြီးနိုင်လောက်သည်။...
သူမသည် ဘား၌ မစ္စတာကျန်းနှင့် တွေ့ပြီးနောက်တွင် ငွေကြေးတင်မက အဆင့်အတန်းကိုပါ မက်မောခဲ့တာကြောင့် ထိုအခြင်းအရာနှစ်မျိုးလုံးရှိသောယောကျ်ားကိုသာ ရှာဖွေနေတော့သည်... သို့သော် ထိုသို့သောယောကျ်ားမျိုးမှာ ရှားလွန်းလှ၏... ထို့ပြင် ထိုယောကျ်ားမျိုးက သူမလိုလူမျိုးကို ဘာကြောင့်များ နှစ်သက်မည်လဲ...
ချန်းဟွမ်သည် ဘယ်သောအခါမျှ သူမကိုယ်သူမ အပြစ်မမြင်ဘဲ ကလေးကိုသာ အပြစ်ပုံချတတ်သည်... သူမရင်ထဲတွင် ကလေးအတွက် ချစ်မေတ္တာလုံးဝကုန်ခမ်းနေရုံတင်မက ကလေးကို လွန်စွာမုန်းတီးလို့နေ၏... သူမ ကလေးကို ဆူရုံနှင့်အားမရသည့်အပြင် ရိုက်နှက်နှိပ်စက်တတ်သေးသည်... တစ်ခါတစ်ရံတွင် ကလေးကို လုံးဝလျစ်လျှူရှူထားပြီး တစ်ချက်လေးမျှပင် မကြည့်...
မူလချန်းဟွမ်က ချမ်းသာကြွယ်ဝသူတစ်ယောက်ကို မြူဆွယ်မှုကျဆုံးပြီး အိမ်သို့ပြန်ရောက်ချိန်တိုင်း ကလေးအား သူမ စိတ်​ပြေသည်အထိ ရိုက်နှက်ပြီး စိတ်ကျေနပ်သွားချိန်တွင် ငိုနေသောကလေးကို ပစ်ထားကာ အိပ်ရာဝင်သွားတတ်သေး၏...
ယခုရောက်လာသောချန်းဟွမ်သည် အိပ်ရာမှနိုးချိန်တွင် ကလေးကို နှိပ်စက်တတ်သောချန်းဟွမ်း၏ခန္ဓာကိုယ်ထဲသို့ ရောက်နေခဲ့လေပြီ...
ကူးပြောင်းလာသောချန်းဟွမ်သည် သူမ ရောက်လာသည့်အချိန်နှင့် နီးနီးကပ်ကပ်ဖြစ်သောအချိန်များမှမှတ်ဥာဏ်များကိုတော့ ရှင်းရှင်းလင်းလင်း မှတ်မိနေသည်
..သူမသည် လွန်ခဲ့သောနှစ်နှစ်ခန့်မှ မှတ်ဥာဏ်အပိုင်းအစများကို တွေးရင်း မျက်မှောင်ကျုံ့လိုက်မိသည်...
လက်ရှိချန်းဟွမ်သည် မူလချန်းဟွမ်ရဲ့ပုံစံကို အမှန်တကယ်ပင် မယုံကြည်နိုင်တော့ချေ...
ကိုယ့်သားအရင်းအပေါ်မှာ ဘာလို့အခုလိုရက်စက်ရတာလဲ... သူမ မူလပိုင်ရှင်ကို တကယ်နားမလည်တော့ပေ... မူလပိုင်ရှင်က ငါ့သားလေး ဗိုက်ဆာနေမလား၊ ရေဆာနေမလား၊ လေစိမ်းတွေကြောင့် ချမ်းနေလေမလား၊ နွေရာသီရဲ့အပူချိန်ကြောင့် ပူအိုက်လို့နေလေမလားဟူသောအတွေးတို့ကို တစ်စွန်းတစ်စမျှပင် မတွေးခဲ့ချေ... မူလပိုင်ရှင်သည် သားဖြစ်သူ ဖျားနေလျှင်တောင် ဂရုမစိုက်ဘဲ လျစ်လျှူရှူထားတတ်သေးသည်...
လက်ရှိချန်းဟွမ်က ထိုအကြောင်းတို့ကို တွေးရင်း မူလပိုင်ရှင်ကို လည်ပင်းညှစ်သတ်ချင်မိပေတယ်... သို့သော်ငြား မူလပိုင်ရှင်ဟာ လက်ရှိတွင် မရှိတော့ပေ... မူလပိုင်ရှင်ရဲ့သားအရင်းဟာ ယခုသူမရဲ့သားအရင်းဖြစ်နေခဲ့လေပြီ...
ကလေးအကြောင်းကို တွေးလိုက်မိရင်း ချန်းဟွမ်ဟာ သက်ပြင်းတစ်ချက်ချလိုက်မိသည်။
သူမ၏ မူလဘဝတွင် တစ်ကိုယ်တည်းသမားဖြစ်တာကြောင့် ကလေးကို မည်သို့မည်ပုံပြုစုစောင့်ရှောက်ရမည်ကို မသိပေ... ကလေးကိုလည်း တစ်ယောက်တည်း လွှတ်ထား၍မဖြစ်တာကြောင့် သူမ ကလေး တာဝန်ကို ထမ်းရလိမ့်မည်...
သူမ ရရှိသောမှတ်ဥာဏ်အရ ကလေးသည် ဧည့်ခန်းထဲတွင် ကျန်နေခဲ့ခြင်းဖြစ်၏... ဒါ့ကြောင့် သူမရဲ့မျက်လုံးတို့ကို ဖွင့်လိုက်ပြီး ဧည့်ခန်းရှိရာသို့ ထွက်လာခဲ့လိုက်သည်။...
လက်ရှိနေနေသောအဆောက်အဦးဟာ မူလပိုင်ရှင်၏အဖိုးအဖွားတို့ချန်ခဲ့ခြင်းဖြစ်လေသည်... အနည်းငယ်ကျဥ်းမြောင်းပြီး ရှေးဆန်ပုံရ၏...
ချန်းဟွမ်တစ်ယောက် ဧည့်ခန်းထဲအရောက်တွင်ညစ်ပတ်နေသောဆိုဖာခုံတစ်ခုကို တွေ့လိုက်ပြီး ထိုဆိုဖာခုံဘေးတွင် ဒူးထောက်လျက် ဆိုဖာကို မှီထားသောကလေးလေးကို တွေ့လိုက်လေသည်...
ဟုတ်ပေသည်... မူလပိုင်ရှင်ဟာ ကလေးကို ရိုက်နှက်ရုံတင်မက အပြစ်ပေးသည့်သဘောဖြင့် ဒူးထောက်ခိုင်းထားခြင်းပင်...
တကယ်အပြစ်ပေးခံသင့်သူမှာ မူလချန်းဟွမ်သာဖြစ်ပြီး ကလေးအား သက်သက်အပြစ်ပုံထားခြင်းဖြစ်သည်..
ချန်းဟွမ်သည် ကလေးလေးရဲ့လက်ရှိပုံစံကိုကြည့်ရင်း မူလပိုင်ရှင်ကို ပို၍ပင် မုန်းတီးသွားမိတော့၏... သူမ ကလေးလေးနားသို့ လျှောက်သွားကာ ကလေးကို ကောက်ချီလိုက်၏...
သူမ ရရှိထားသောမှတ်ဥာဏ်အရ ကလေးသည် ၄နှစ်အရွယ်ရှိနေပြီဖြစ်သော်ငြား ၄နှစ်သားအရွယ်ထက် အနည်းငယ်ပိုပြီးခန္ဓာကိုယ်သေးလှပေသည်... ဝတ်ဆင်ထားသောအဝတ်တို့မှာလည်း ဟောင်းနွမ်းဆုတ်ဖြဲလို့နေချေ၏...
ကလေးလေးက ကောင်းကောင်းအိပ်မပျော်ခဲ့ဘဲ တစ်ချက်တစ်ချက်လန့်လန့်နိုးခဲ့ပုံရသည်...
ချန်းဟွမ်က ကလေးအား ပွေ့ချီလိုက်ပြီး သူမအခန်းဆီသို့ လျှောက်လာချိန်တွင် ကလေးလေးက မျက်လုံးပွင့်လာခဲ့ပြီး သူမကို တစ်ခုခုလှမ်းပြောနေသည်ကို ခံစားမိတာကြောင့် ခေါင်းငုံ့ကြည့်လိုက်ချိန်၌ သူမ ကြားလိုက်ရသည်က... " မေ...မေမေ..."