အပိုင်း ၃-၄
Viewers 20k

Chapter 3

{ ဝတ္ထုထဲသို့ ကူးပြောင်းလာခြင်း - ၁ }


ချန်းဟွမ် သက်ပြင်းတစ်ချက်ချလိုက်မိသည်...


သူမ ရရှိထားသောမှတ်ဥာဏ်တို့အရ မူလပိုင်ရှင်နှင့် သူမရဲ့သားတို့က နွေးထွေးသောရင်းနှီးခင်မင်မှုမျိုး မရှိချေ... မူလပိုင်ရှင်သည် ကလေးကို ရည်ရွယ်ချက်ရှိရှိ တမင်လျစ်လျှူရှုထားခဲ့ပြီး ကလေးမှာလည်း လူမှန်းသိတတ်တည်းက မိခင်ဖြစ်သူကို သေလောက်အောင်ကြောက်ရွံ့နေခဲ့ပေတယ်...


သို့သော် ကလေးလေးက သူ့တွင် မှီတွယ်ခင်မင်စရာ မိခင်သာရှိတာကြောင့် မိခင်ဆီတွင်သာ တွယ်ကပ်နေခဲ့ရပေသည်...


 သူမ ရရှိထားသောမှတ်ဥာဏ်တို့ကို အမှီပြုကာ ကလေးရဲ့အခန်းရှိရာသို့ ကလေးကို ပွေ့ချီထားရင်း လျှောက်ခဲ့လိုက်သည်။... 


ကလေးရဲ့အိပ်ခန်းဟုဆိုသော်ငြား ထပ်ခိုးခန်းနှင့် ပိုတူလှပြီး အခန်းထဲ၌ ဖွင့်မရသောပြတင်းပေါက်ငယ်လေးတစ်ခုနှင့် သေးငယ်လွန်းသောကုတင်လေးတစ်ခုသာရှိလေသည်... ဒါတင်မကသေး ထိုကုတင်သေးလေးပေါ်တွင်လည်း အဝတ်အပိုင်းအစများရှိနေကာ ညစ်ပတ်ပေပွလို့နေ၏...


အခန်းထဲသို့ ဝင်လိုက်ချင်းတွင် ဆိုးရွားလှသောအနံ့တို့ကို ရလိုက်၏... အခန်းထဲသို့ လေဝင်လေထွက်မရှိတာကြောင့် ပူလောင်အိုက်စပ်လို့နေပြီး ညစ်ပတ်မဲမှောင်လို့နေလေ၏...


 ချန်းဟွမ်အထဲသို့ ဝင်သွားခဲ့ပြီး ထိုဆိုးရွားသောအနံ့ထွက်နေသည့်နေရာကို ရှာဖွေတော့သည်...


ဒီအနံ့နှင့်ပတ်သက်သောမှတ်ဥာဏ်တို့ကို စဥ်းစားသော်ငြား အဖြေမထွက်ခဲ့ပေ... သို့သော် သူမ အခန်းထဲသို့ ဝင်ပြီး အခြေအနေကို ကြည့်လိုက်ပြီးနောက် ကလေးလေးဟာ ဘယ်လိုဆိုးဆိုးဝါးဝါးနေနေရသည်ကို သိလိုက်ရလေ၏...


မူလပိုင်ရှင်က ကိုယ့်သားအရင်းကို ဘယ်လိုစိတ်မျိုးနဲ့ ရက်ရက်စက်စက် ဒီလိုနေရာမှာ ပစ်ထာရသည်ကို လက်ရှိချန်းဟွမ်တစ်ယောက် တကယ်နားမလည်တော့ချေ...


ချန်းဟွမ်သည် မူလပိုင်ရှင်ရဲ့ရက်စက်မှုတို့ကို စဥ်းစားမိတိုင်း မူလပိုင်ရှင်ကို ရိုက်သတ်ချင်မိ၏...


မူလပိုင်ရှင်ရဲ့အိမ်ဟာ သေးငယ်တာကြောင့် အခန်းဟူ၍ ဒီထပ်ခိုးအခန်းနှင့် မူလချန်းဟွမ်နေသောအခန်းနှစ်ခန်းသာ ရှိလေသည်... 


သူမ ကလေးလေးအား မူလပိုင်ရှင်အခန်းထဲမှ အိပ်ယာပေါ်တွင် တင်ထားခဲ့ပြီးနောက် ကလေးလေးက ရေလည်မချိုးရသေးသလို ညစာလည်း မစားရသေးမှန်း သူမ ရရှိသောမှတ်ဥာဏ်တို့မှ သိလိုက်ရလေတယ်... 


လေးနှစ်အရွယ်သာရှိသေးသောကလေးပုစိလေးက သူကိုယ်တိုင် ရေမချိုးတတ်သေးသလို ကိုယ်တိုင်လည်း မချက်ပြုတ်တတ်ပါချေ... သို့သော် မူလပိုင်ရှင်က ထိုအခြင်းအရာကို အပြစ်မြင်ပြီး ရိုက်နှက်တတ်ပြန်တယ်... မူလပိုင်ရှင်က သူမ မခံမရပ်နိုင်တော့သောအချိန်မှသာ စိတ်မရှည်စွာဖြင့် တစ်ခါတစ်ရံရေချိုးပေးတတ်သည်။


လက်ရှိချန်းဟွမ်သည်ပင် မူလပိုင်ရှင်က ကလေးကို ဘယ်ချိန်က နောက်ဆုံးရေချိုးပေးခဲ့ပြီး အဝတ်အစားလဲပေးခဲ့သည်ကို ပြန်စဥ်းစားမရသည်ထိပင်... 


ဒါကြောင့်လည်း ကလေးလေးဆီမှရော ကလေးရဲ့အခန်းထဲတွင်ရော အနံ့ဆိုးများရှိနေခြင်းဖြစ်လေတယ်...


ချန်းဟွမ်က အိပ်ယာမဝင်ခင် ရေချိုးတတ်သူဖြစ်တာကြောင့် ကလေးလေးကိုလည်း ရေအရင်ချိုးပေးရန် ဆုံးဖြတ်လိုက်တော့သည်... ထို့နောက် ကလေးလေးရဲ့ပုခုံးနှစ်ဖက်ကို အသာအယာကိုင်လှုပ်ရင်း " အိပ်ရာထတော့... "


ကလေးလေးမှာ သူမ အသံကြောင့် ရုတ်တရက်နိုးလာခဲ့လေ၏... မျက်လုံးပွင့်လာခဲ့ပြီး ချန်းဟွမ်ကို မြင်လိုက်ချိန်တွင် လန့်ဖျန့်ကာ သူမနဲ့ ဝေးဝေးသို့ ဆုတ်သွားလေသည်။..


 ကလေးလေးက ကြောက်ကြောက်လန့်လန့်ဖြင့် သူ့ရဲ့လက်လေးကို တင်းတင်းဆုပ်ထားရင်း ဘာစကားမှမပြောဘဲ ငြိမ်ငြိမ်လေး နေနေသည်။


 ကလေးလေးက ဘာကြောင့် ထိုသို့ပြုမူနေသည်ကို သူမ နားလည်တာကြောင့် သက်ပြင်းတစ်ချက်ချလိုက်မိ၏...


ထို့နောက်တွင်တော့ သူမရဲ့အသံကို အနူးညံ့ဆုံးဖြစ်အောင် လုပ်လိုက်ရင်း " သားက အရမ်းညစ်ပတ်နေပြီ... ရေချိုးကြမယ်နော် "


ကလေးလေးက ထိုချိန်အထိ ကြောက်ရွံ့မှု မလျော့သွားခဲ့ပေ...


ချန်းဟွမ် ကလေးလေးဆီမှ ထွက်နေသောဆိုးရွားလှသည်အနံ့တို့ကို လျစ်လျှူရှုထားလိုက်ပြီး ကလေးလေးကို ကောက်ချီလိုက်ကာ ရေချိုးခန်းရှိရာသို့ သွားလိုက်သည်...


ကလေးလေးက နောက်တစ်ကြိမ်ထပ်ရိုက်ခံရမည်ကို လွန်စွာကြောက်ရွံ့လို့နေ၏... ခေတ္တအကြာတွင် ချန်းဟွမ်ဆီမှ ရိုက်နှက်မည့်အရိပ်အယောင်တို့ကို မတွေ့တာကြောင့် အနည်းငယ်စိတ်သက်သာရာရသွားလေသည်... ကလေးငယ်လေးက သူ့ရဲ့ခေါင်းကို ချန်းဟွမ်ရဲ့ပုခုံးပေါ်တွင် မှီထားလိုက်ပြီး သူ့လက်နှစ်ဖက်ဖြင့် မိခင်ဖြစ်သူရဲ့လည်ပင်းကို ဖက်ထားလိုက်သည်... 


သို့သော် ထိုသို့ဖက်လိုက်ခြင်းကို ချန်းဟွမ် မကြိုက်ဘူးဟု ထင်လိုက်ပြီး သူ့လက်နှစ်ဖက်ကို အနောက်ပစ်ထားလိုက်ပြန်၏...


ချန်းဟွမ်က ကလေးလေးရဲ့ထိုအပြုအမူလေးကြောင့် ပိုလို့ပင် သနားဂရုဏာဖြစ်မိသွားပေသည်...


ထိုအကြောင်းလေးကို တွေးမိရင်း သူမ ပို၍နူးညံ့ညင်သာသောအသံဖြင့် ကလေးလေးအား ​" အင်္ကျီချွတ်ရမှာမို့လို့ လက်ဆန့်ထားနော်... "


ကျန်းရှောင်ချန် သူ့ရှေ့တွင် ရှိနေသောမိခင်ဖြစ်သူသည် အနည်းငယ်ပြောင်းလဲသွားပြီဟု ခံစားမိလိုက်သည်...အရင်ကဆိုလျှင် မိခင်ဖြစ်သူက သူ့ကို ရေချိုးပေးချိန်တွင် ဘယ်တုန်းကမျှ မနူးညံ့ခဲ့သလို ပြုံးလည်း မပြုံးပြခဲ့ဖူးချေ... ဒါ့အပြင် သူ့ကို ချိုသာစွာ စကားပြောဖို့ မပြောနှင့် နူးညံ့သောအကြည့်ဖြင့်ပင် တစ်ကြိမ်လေးမျှ မကြည့်ခဲ့ဖူးပေ... 


သို့သော် ရှောင်ချန်က သူ့အမေပြုံးနေခြင်းအား မြင်ရသည်ကို လွန်စွာနှစ်သက်ပေသည်...


 သူ့အမေ ပြုံးလိုက်လျှင် အလွန်လှပလွန်း၏...


💙💙💙💙💙💙💙💙


Chapter 4

{ ဝတ္ထုထဲသို့ ကူးပြောင်းလာခြင်း - ၂ }


ချန်းဟွမ်တွင် ကလေးတစ်ယောက်ကို ထိန်းသိမ်းစောင့်ရှောက်ခြင်းနှင့် ပတ်သက်၍ အတွေ့အကြုံလုံးဝမရှိချေ... ယခုအကြိမ်သည် သူမအတွက် ပထမဆုံးအကြိမ်အဖြစ် ကလေးတစ်ယောက်အားရေချိုးပေးဖူးခြင်းဖြစ်လေသည်... သူမအတွက် အနည်းအကျဥ်မျှ အခက်အခဲရှိသော်လည်း ကလေးလေးသည် လိမ္မာလွန်းပြီး သူမ ပြောသည့်အတိုင်း လုပ်ပေးရှာ၏...


ကလေးလေးက ပူပြင်းလှသောရာသီတွင် တစ်ချိန်လုံးပြေးလွှားကာ ပူအိုက်လွန်းသောအခန်းထဲတွင် နေခဲ့ရတာကြောင့် နေတိုင်းနီးပါး ချွေးတို့ ရွှဲရွှဲစိုနေခဲ့သည်.. ထို့ပြင် သူ့ရဲ့ခန္ဓာကိုယ်ပေါ်တွင် ချေးနှင့်ဖုန်မှုန့်တို့ အထပ်ထပ်ဖြစ်နေခဲ့ပြီဖြစ်သည်...


လေးနှစ်သားအရွယ်ကလေးတစ်ယောက်၏အသားအရည်မှာ နူးညံ့လှပေသည်... ဒါ့ကြောင့်လည်း ချန်းဟွမ်က ကလေးရဲ့အသားကို ချေးတွန်းပေးရာ၌ အားအရမ်းသုံးလိုက်မိမည်ကို စိုးရိမ်လို့နေလေ၏... သို့သော် ချေးတွန်းထားသောနေရာတချို့တွင် အနီရောင်အကွက်လေးများအဖြစ် ကျန်နေခဲ့တာကြောင့် ကလေးလေးသည် ချက်ပြုတ်ထားတဲ့ပုစွန်လေးနှင့် တူလို့နေသည်...


 ကျန်းရှောင်ချန်လေးက သူ့ကိုယ်သူအသေအချာပြန်ကြည့်လိုက်လေတယ်... ထို့နောက်တွင် သဘောကောင်းလာပြီး ပိုပြီးနူးညံ့လာသောမိခင်ဖြစ်သူအား ကြည့်လိုက်ကာ အရဲစွန့်၍မေးလိုက်ချေသည်... ကလေးလေးသည် သူ့ကိုယ်ပေါ်မှ အနီရောင်အကွက်လေးများကို ထိလိုက်ရင်း

 " မေမေ "


 ရုတ်တရက်ဖြစ်တာကြောင့် သူမက ကလေးအမေဖြစ်နေပြီဖြစ်သည်ကို ခေတ္တမျှမေ့နေမိသည် ... စက္ကန့်ပိုင်းအကြာတွင်မှ သတိပြန်ကပ်သွားခဲ့ပြီးတုံ့ပြန်လိုက်မိသည်။


 " အင်း... ဘာဖြစ်လို့လဲ "


ကလေးလေးသည် သူ့ဗိုက်ပေါ်မှ အနီရောင်အကွက်ကို ထိပြလိုက်ကာ " သားက အနီရောင်ဖြစ်နေပြီ "


" ... ဟုတ်ပါ့ "


 ချန်းဟွမ်သည် ကလေးလေး၏လက်တစ်ဖက်ကို မြှောက်လိုက်ရင်း " ချက်ထားပြီးသားပုံစံဖြစ်နေပြီ... "


" ချက်ထားပြီးသား ဆိုတာဘာလဲဟင်... "


ကလေးလေးသည် လေးနှစ်အရွယ်သာရှိသေးသည့်အပြင် အမြဲလျစ်လျှူရှုခံထားရတာကြောင့် အကြောင်းအရာတော်တော်များများကို မသိသေးပေ... 


 ချန်းဟွမ် ကလေး၏လက်တစ်ဖက်ကို သေချာချေးတွန်းပေးရင်းဖြင့် ရှင်းပြလိုက်လေ၏..


. " ချက်ထားပြီးသား အစားအစာသောက်တွေကပဲ စားလို့ရတာကွဲ့ ... မချက်ထားရသေးတဲ့အစိမ်းတွေကို စားလို့မရဘူးလေ... "


ထိုနောက် သူမဟာ ကလေးရဲ့ဗိုက်လေးကို အသာအယာပွတ်ပေးလိုက်ပြီး " မချက်ပဲနဲ့ စားရင် ဗိုက်နာတတ်တယ်... "


" ဒါဆို သားကို ချက်လိုက်ရင် အစားခံရမှာလားဟင်... " ကျန်းရှောင်ချန်လေးက အတော်သေးသိချင်နေသည့်ပုံစံဖြင့် မေးလိုက်၏... " မေမေ... သားက အရသာရှိလားဟင်... "


ကလေးလေးရဲ့အရှေ့တစ်ခြမ်း သန့်စင်ပြီးသွားချိန်တွင် သူ့မျက်နှာလေးမှာ ပန်းနုရောင်သန်းလို့နေပြီး မျက်လုံးတို့မှာ ဝိုင်းစက်လို့နေသည်ကို တွေ့ရပေသည်... မျက်ဝန်းတို့မှာ အနက်မှောင်ဆုံးသောအနက်ရောင်ရှိပြီး မျက်တောင်တို့မှာလည်း ရှည်လျားပြီး ထူလေသည်... ကလေးလေးရဲ့ပုံစံဟာ ကြွေရုပ်လေးများရောင်းသည့်ဆိုင်တွင် ရှိသောအရုပ်လေးနှင့်ပင် တူ၏... 


ချန်းဟွမ် ကလေးလေးနားသို့ တိုးကပ်ကာ ပါးကို ကိုက်စားလိုက်သည့်ပုံစံလုပ်ပြလိုက်ပြီးနောက် 

" အမ်း... အရသာရှိတယ်... "


ကျန်းရှောင်ချန်လေးက ပျော်ရွှင်စွာ ရယ်မောလိုက်ပြီး ချန်းဟွမ်တစ်ယောက် အနောက်ပြန်မဆုတ်ခင်တွင် သူ့အမေ၏ပါးကိုနမ်းလိုက်၏... 


ချန်းဟွမ် သူမရှေ့မှ ချစ်စရာကောင်းလှသောကလေးလေး၏ပါးကို အသည်းယားပြီး တကယ်မကိုက်စားမိစေရန် မနည်းထိန်းချုပ်ထားရ၏...


" မေမေကလည်း အရသာရှိတယ်... "


" ဟုတ်တာပေါ့... မေမေတို့နှစ်ယောက်လုံးက အရသာရှိတယ်... " 


သူမ ရှောင်ချန်လေးရဲ့ခေါင်းကို ပုတ်ပေးလိုက်ကာ " အနောက်လှည့်လိုက်အုံးနော်... အနောက်ကိုလည်း ချေးတွန်းရမယ်... "


ကလေးလေး၏နောက်ကျောတွင်လည်း အရှေ့ကလိုပင် ညစ်ပတ်လို့နေလေသည်... ချန်းဟွမ်ကလည်း နောက်ကျောမှ နေရာတိုင်းကို သေချာချေးတွန်းပေးချေ၏... 


 ကလေးကို ချေးတွန်းပေးနေသည့်တစ်ချိန်လုံး ဆောင့်ကြောင့်ထိုင်နေခဲ့ရတာကြောင့် သူမ ခြေထောက်အတော်လေးနာကျင်နေသည်.. ထို့ကြောင့် မတ်တပ်ခဏရပ်လိုက်ပြီး ခေတ္တနားပြီးနောက် ပြန်ထိုင်လိုက်လေသည်... ထိုစဥ်တွင် သူမ ကလေးရဲ့ခါးနားတွင် အနက်ရောင်အကွက်တစ်ခုကို တွေ့လိုက်ရ၏...


အစပိုင်းတွင်တော့ သူမသည် ထိိုအကွက်လေးကို ချေးဟု ထင်လိုက်သော်ငြား သေချာအနီးကပ်ကြည့်လိုက်သည့်အခါတွင်တော့ မွေးရာပါအမှတ်ဖြစ်နေခဲ့လေတယ်... ထိုအမှတ်လေးက လိပ်ပြာပုံစံရှိပြီး တံဆိပ်တုံးဖြင့် နှိပ်ထားသည်ဟုထင်ရလောက်သည်အထိကို လိပ်ပြာပုံနှင့် တူလွန်း၏...


သူမသည် ထိုအမှတ်ကို တစ်နေရာရာတွင် ရင်းနှီးနှီးသိနေသည်ဟု တွေးရင်း ထိုအမှတ်လေးအား ထိထားမိလေသည်... သူမသည် မူလပိုင်ရှင်ရဲ့မှတ်ဥာဏ်တို့လွှမ်းမိုးခြင်းခံထားရတာကြောင့် ဖြစ်သည်ဟုသာတွေးလိုက်ပြီး သေချာမစဥ်းစားတော့ချေ...


ကလေးလေးကို သေချာသန့်ရှင်းပေးပြီးနောက်တွင် ကေလးကို ရေချိုးခန်သုံးပုဝါဖြင့် ပတ်ပြီး ရေသုတ်ပေးရန် ပွေ့ချီသွားလေ၏...


ရှောင်ချန်လေးတွင် သန့်သန့်ရှင်းရှင်းဖြစ်သောအဝတ်အစားမရှိပေ... သို့သော် သူမက ကလေးကို ညစ်ပတ်သည့်အဝတ်တို့လည်း မဝတ်ပေးချင်ချေ... ထို့ကြောင့်ကလေးအား ကိုယ်တီးလုံးလေးသာ ခေတ္တထားထားရလေသည်...


💞💞💞💞💞💞💞💞💞