အပိုင်း ၂၈၅
Viewers 87k

Chapter 285




အဆုံးသတ်တွင် သူက အလွန်မာနကြီးပြီး ကန့်သတ်ခံရခြင်းနှင့် အသားမကျချေ။ လင်းလော့ချင်းထံမှ စာချုပ်ချုပ်ရန် ရုတ်တရက် ကမ်းလှမ်းခံရခြင်းသည် ယွီကျားယုံအတွက် လှောင်အိမ်တွင်းသို့ လျှောက်ဝင်သွားသလို ခံစားရစေ၏။ 


သို့သော် တစ်ချိန်ထဲမှာပင် သူက တန်ဖိုးထားခံရသလို ခံစားရပြန်သည်။ လင်းလော့ချင်းက သူနှင့် စာချုပ်ချုပ်ချင်နေပြီး သူ့အလုပ်ကို ရင်းရန်ပင် မတုံ့ဆိုင်းခဲ့။ ဒါက သူ့ပါရမီကို အလေးထားတာ မဟုတ်လား …သူ့ရဲ့ အမြင်မှာ ယွီကျားယုံကို လွှတ်မပေးချင်တာပေါ့ …


သူ့ကဲ့သို့ ပါရမီရှိသော တစ်စုံတစ်ဦးနှင့် တွေ့ဆုံရသည်နှင့် သူတို့က ချက်ချင်း ဖမ်းဆွဲလိုက်ကြခြင်းပင်။ 


ယွီကျားယုံက လင်းလော့ချင်းကို ပို၍ အသိအမှတ်ပြုလာ၏။ မဆိုးပါဘူး … ဒီတစ်ယောက်က သူ့မိသားစုထဲက အစ်ကိုအစ်မတွေထက် သူ့ပါရမီကပိုကောင်းမှန်း အကြည့်တစ်ချက်နဲ့ သိတာပဲ …


“ခင်ဗျားကုမ္မဏီနဲ့ ဘယ်နှနှစ်လောက် စာချုပ်ချုပ်စေချင်တာလဲ …” 


“ကုမ္မဏီတွေက ငါးနှစ်ကနေ ဆယ်နှစ်အတွင်း စာချုပ်ချုပ်ကြတယ်လေ … ဘယ်လိုထင်လဲ …” 


ယွီကျားယုံ၏ မျက်လုံးများက ထိတ်လန့်စွာပြူးကျယ်သွား၏။ “ဒါက အဆင်မပြေဘူး . ကျွန်တော် အဲဒီ့လောက်ကြာကြာ မနေနိုင်လောက်ဘူး …” 


“ဒါဖြင့် သုံးနှစ်ဆိုရင်ရော …”


“ကြာနေတုန်းပဲ …” 


လင်းလော့ချင်း “….”



“ဒါမှမဟုတ် ရုပ်ရှင်သုံးခုနဲ့ ဇာတ်လမ်းတွဲစာချုပ်ဆိုရင်ရော ..” 


“ရုပ်ရှင်သုံးခုနဲ့ စာချုပ်လား …” ယွီကျားယုံ ဇဝေဇဝါဖြစ်သွားသည်။ 


“ဟုတ်တယ် … ကုမ္မဏီက ခင်ဗျားကို တတ်နိုင်သလောက် ထောက်ပံ့ပေးလိမ့်မယ် … ဒါပေမယ့် ကုမ္မဏီနဲ့ ဇာတ်လမ်းသုံးခု ရိုက်ရမယ် … ဒါက ရုပ်ရှင်လည်းဖြစ်နိုင်သလို တီဗီဇာတ်လမ်းတွဲလည်း ဖြစ်နိုင်တယ် … ကုမ္မဏီကပဲ ဆုံးဖြတ်ပါလိမ့်မယ် … ရလဒ်က ဘယ်လိုပဲဖြစ်ဖြစ် ခင်ဗျား အနာဂတ်မှာ ကုမ္မဏီနဲ့ အလုပ်သုံးခု တွဲလုပ်ရမယ် … အဲဒီ့အလုပ်တွေကနေ ခင်ဗျားအတွက်ဝေစုကလည်း သေချာပေါက်ရှိတာပေါ့ … ဘယ်လိုလဲ …”


ယွီကျားယုံ ထိုသို့ တစ်ခါမှ မတွေးဖူးချေ။ “ဒါဆို အချိန်ကျလာရင် ခင်ဗျားက ကျုပ်ကို ဘာမဆို ရိုက်ကူးနိုင်အောင် စီစဉ်ပေးမှာလား …”


“ဒါပေါ့ … ခင်ဗျားကို ရွေးခိုင်းမှာပါ … ကုမ္မဏီမှာ ဇာတ်ညွှန်းသုံးခုရှိရင် ခင်ဗျားရိုက်ချင်တဲ့ တစ်ခုကို ရွေးနိုင်တယ် …”


“ကျွန်တော်က ဘာကိုမှ မကြိုက်ရင်ရော …”


လင်းလော့ချင်းက ပြုံးလိုက်သည်။ “ဒါဖြင့် အကြိုက်ဆုံးတစ်ခုကို ရွေးလိုက်ပေါ့ …”


ယွီကျားယုံ “…” 


“စာချုပ်ချုပ်တာက အရေးကြီးတဲ့ ကိစ္စပါပဲ … ဒါရိုက်တာယွီ အရင်စဉ်းစားလိုက်ပါ ..” 


လင်းလော့ချင်း၏ အသံက ကြည်လင်ကာ ချောမွေ့၏။ “ကျွန်တော်တော့ ဒါက ခင်ဗျားအတွက် မကောင်းတဲ့ကိစ္စလို့ မထင်ပါဘူး .. ပြောရရင် ကျွန်တော် ခင်ဗျားရဲ့ အတွေးနဲ့ ကင်မရာ ချိန်ဆပုံကို သဘောကျတယ် … ဒါ့ကြောင့် ကုမ္မဏီကို တင်ပြခဲ့တာ … ကုမ္မဏီက ခင်ဗျားနဲ့ စာချုပ်ချုပ်ချင်ခဲ့တယ် ဆိုပေမယ့် ခင်ဗျား တစ်ယောက်ထဲ ဒီလို ကောင်းကောင်းလုပ်နိုင်တာတော့ မဟုတ်ဘူးလေ … ကျွန်တော် တခြားဒါရိုက်တာမျိုး မတွေ့ဖူးရုံပဲ …”


“ဒါက စော်ကားသလို ဖြစ်နေပေမယ့် ခင်ဗျားက လူသိနည်းနေသေးတယ်လေ … ခင်ဗျားနဲ့ အလုပ်လုပ်တာက ကြီးမားတဲ့ စွန့်စားမှုပဲ … ဒါပေမယ့် ကျွန်တော် ဒါကိုလောင်းခဲ့တယ် … အခု ခင်ဗျားအလိုအပ်ဆုံးက အခွင့်အရေးပဲ … ခင်ဗျား လူသိများလာမယ့် အခွင့်အရေးမျိုး … သရုပ်ဆောင်တွေက သူတို့ရဲ့ သရုပ်ဆောင်စွမ်းရည် ပိုကောင်းလာအောင် ဆက်တိုက် သရုပ်ဆောင်နေသလိုမျိုး ဒါရိုက်တာတွေလည်း ဆက်ပြီး ရိုက်ကူးနေရတယ် …. ကုမ္မဏီနဲ့ စာချုပ်ချုပ်လိုက်ရင် ခင်ဗျား သေချာပေါက် အလုပ်သုံးခု လုပ်ရမှာပဲ … ခင်ဗျားပိုပြီး လူသိများလာမှာ .. တစ်ချိန်ထဲမှာ ပိုက်ဆံလည်းရှာနိုင်ဦးမယ် … ဘာလို့ မလုပ်ရမှာလဲ …” 


ယွီကျားယုံက စကားပြန်မပြောခဲ့ချေ။ 


လင်းလော့ချင်းက သူ့ကို တွန်းအားမပေးခဲ့။ သူက စားပြီးသည့်နောက် စကားအနည်းငယ် ပြောကာ အိမ်သို့ အရင်ပြန်ရန်ပြင်လိုက်သည်။ 


သူက ညှင်သာစွာဆို၏။ “ခင်ဗျား စဉ်းစားပြီးရင် အချိန်မရွေးဆက်သွယ်လိုက်ပါ …” 


ယွီကျားယုံက စဉ်းစားရန် မလိုအပ်ဟု တွေးလိုက်မိသည်။ သူအလိုအပ်ဆုံးက အခွင့်အရေးဖြစ်၏။ သူသာ ရိုက်ကူးရေးကို လက်လျှော့ပြီး အိမ်သို့ မကျေမနပ်ပြန်သွားရပါက ဘဝတစ်ခုလုံး နောင်တရနေလိမ့်မည်။ 


သို့သော် လင်းလော့ချင်းက သူ့အား လက်ကမ်းလာခဲ့သည်။ 


သူက သူ့အခြေအနေကိုလည်း သေချာသိထား၏။ သူက ထင်ရှားသော စတားတစ်ဦးနှင့် လက်တွဲအလုပ်လုပ်လိုသည့် တတိယအဆင့် ဒါရိုက်တာသာ ဖြစ်သည်။ သူက မထင်ရှားသေးချေ။ သူ ဒီလိုအချိန်မှာ ဘယ်လိုလုပ် ဇီဇာကြောင်နိုင်မှာလဲ …


“တွေးစရာမလိုပါဘူး …” ယွီကျားယုံက ပြောသည်။ “ကျွန်တော် ကတိပေးတယ် … သုံးခုထဲမဟုတ်လား … ကျွန်တော်ရိုက်ပေးမယ် …” 


လင်းလော့ချင်း ဝမ်းသာသွားသည်။ “ဒါဖြင့် အကောင်းဆုံးပဲပေါ့ … ဒါဆိုနောက်နှစ်ရက်နေရင် စာချုပ်ချုပ်ရအောင် … ပြီးရင် ဒါရိုက်တာယွီ ရိုက်ကူးရေးအတွက် ပြင်ဆင်လို့ရပါပြီ …” 


ယွီကျားယုံ ထိုစကားကြောင့် ပျော်သွား၏။ သူက လင်းလော့ချင်းနှင့် ပတ်သက်၍ ဒါရိုက်တာ ပြောင်းပစ်မည်ကို အစိုးရိမ်ဆုံးဖြစ်သည်။ လင်းလော့ချင်းသည် သူ့အား အလွန်သဘောကျပြီး စာချုပ်ပင် ချုပ်ချင်လိမ့်မည်ဟု မျှော်လင့်မထားခဲ့ချေ။ 


ယခုသူက ထပ်မံ၍ ကန့်သတ်ခံရမည်မဟုတ်တော့။ ပါရမီရှိသော အပေါင်းအဖော်တစ်ဦးနှင့် တွေ့ဆုံနိုင်ပြီဟု သူခံစားနေရသည်။ 


“ကောင်းပါပြီ …” ယွီကျားယုံ အမြန်ပြောလိုက်သည်။ 


“နောက်နှစ်ရက်ကြာရင် တွေ့ကြမယ် …” လင်းလော့ချင်းက ပြောသည်။ 


“ကောင်းပါပြီ …” 


ယွီကျားယုံ စကားဆုံးသည်နှင့် နင်းယွီနှင့်အတူ လင်းလော့ချင်း ကားထဲဝင်သွားသည်အား ငေးကြည့်နေမိသည်။ 


“သူက တော်တယ်နော် … ငါက ရုပ်ရှင်ရိုက်ရင် သေချာပေါက် လူသိများလာမယ်မှန်း သူသိတယ် … အား … ဘယ်လိုတောင် ရှားပါးတဲ့ ထက်မြက်တဲ့လူလဲ …” 


နင်းယွီ ‘အခုတော့ . ဒီလူက မင်းကိုဆန့်ကျင်မယ်လို့ မခံစားရတော့ဘူးလား …’


မြန်မြန်ပြီးသွားခဲ့တာပဲ …


နင်းယွီပြုံးကာ ဘာမှမပြောခဲ့ချေ။ 


လင်းလော့ချင်းက ကားထဲသို့ ဝင်လိုက်သည်။ သူက တံခါးကိုမှီကာ ယနေ့ကိစ္စအား ကျိယွီရှောင်ကို ပြောပြနေ၏။ သူက ဒုဉက္ကဌနှင့် သူ၏စိတ်ကူးကို ဆွေးနွေးကာ ကုမ္မဏီ၏ ရှေ့နေအား ခေါ်ယူရန် အကူအညီတောင်းခဲ့သည်။ 


သူက စာရိုက်နေချိန်မှာပင် ဖုန်းမြည်လာ၏။ လင်းလော့ချင်းက ဖုန်းကိုကြည့်ကာ ရယ်လိုက်သည်။ သူက လင်းပေါ်ထံသို့ မသွားလျှင်ပင် တစ်ဖက်လူ သူ့ထံ လာရောက်လိမ့်မည်ဟု ထင်ခဲ့၏။ ထိုအထင်မှာ မှန်ကန်ပေသည်။ 


လင်းလော့ချင်း ဖုန်းကိုင်လိုက်သည်။ သူ့အသံက ယခင်အတိုင်း သန့်စင်နေ၏။ “အဖေ …”


“မင်းဘယ်တွေ ရောက်နေတာလဲ … ပြန်လာမှာလား … ချန်ဖုန်းနဲ့ ငါ ကွာရှင်းပြီးပြီ … အိမ်ကိုလာပြီး အတူတူစားရအောင် … အဖေ မင်းကို မတွေ့ရတာ ကြာပြီ …” 


“ဟုတ်ကဲ့ပါ …” လင်းလော့ချင်း သဘောတူလိုက်သည်။ 


“လွှဲပြောင်းတဲ့ သဘောတူညီချက်လဲ ရှိသေးတယ် …” လင်းပေါ်က သတိပေးလိုက်၏။ “တစ်ခါထဲ ယူခဲ့ပေါ့ … ဒီလိုဆို သွားလိုက်ပြန်လိုက် လုပ်စရာ မလိုတော့ဘူး ….” 


“ကောင်းပါပြီ …” လင်းလော့ချင်း သဘောတူလိုက်သည်။ 


လင်းပေါ်က သူ၏ နာခံမှုကြောင့် ကျေနပ်သွား၏။ သူက သားဖြစ်သူကို နှစ်သိမ့်လိုက်သည်။ “စိတ်မပူပါနဲ့ လော့ချင်း … အဖေ့မှာ သားဆိုလို့ မင်းပဲရှိတာ ….အားလုံးက မင်းပိုင်မှာပါပဲ …” 


“မလိုပါဘူး …. အဖေ …”


အခုကတည်းက ပိုင်နေပြီလေ … 


လင်းလော့ချင်းက ဝတ်ကျေတန်းကျေ စကားပြောကာ ဖုန်းချလိုက်သည်။ 


ယခု ရှောင်လီသည် ထိုနေရာတွင် ရှိရာ လင်းပေါ်နှင့် ရှောင်လီရှေ့တွင် အငြင်းအခုံ မလုပ်လိုချေ။ လင်းပေါ်အား မျက်နှာချင်းဆိုင် စကားပြောလို၏။ တစ်ဖက်လူ၏ ဒေါသတကြီး အမူအရာကို တွေ့ရခြင်းသည် သူ၏ စိတ်ကို လန်းဆန်းသွားစေလောက်သည်။ 


အဆုံးသတ်တွင် သူတို့က တွေ့မှာပဲဖြစ်ရာ တွေ့မှပြောသည်က ပို၍ကောင်းမွန်၏။ ထိုအချိန်တွင် သူက သူ၏ သားသမီးဝတ္တရားကို ပြသပေးရပေမည်။ 


လင်းလော့ချင်းက ပျော်ရွှင်စွာဖြင့် အချိုပွဲအချို့ကို ဝယ်ကာ အိမ်သို့ သွားလိုက်သည်။


****

ကျိယွီရှောင်က မနက်ဖြန် လင်းလော့ချင်း အဖေလင်းနှင့်သွားတွေ့မည့်အကြောင်းကို ကြားသောအခါ ပြောလိုက်သည်။


"ကိုယ် မင်းနဲ့လိုက်ခဲ့မယ်..."


"အင်း..."


လင်းလော့ချင်းက မငြင်းဆန်ပေ။


"ဒါနဲ့ ငါ ဒါရိုက်တာ ယွီကျားယို့နဲ့ညှိနှိုင်းလို့ပြီးသွားပြီ...သူက ဒီဇာတ်ကားကို ရှင်းရီအတွက် ရိုက်ပေးဖို့ ကတိပေးထားတယ်...ပြီးနောက် နောက်ထပ်ဇာတ်ကားသုံးကားကိုလည်း ပူးပေါင်းရိုက်ကူးဖို့ လုပ်ထားတယ်...အဲ့ဒါ စာချုပ်ရေးရမှာ...ငါက စာချုပ်ကို ဘယ်လိုရေးရမယ်ဆိုတာကို မသိဘူးဆိုတော့ အစ်ကိုချင်ကိုပဲ အကူအညီတောင်းလိုက်တယ်...အဆင်ပြေတယ်ဆိုရင် ငါ အဲ့စာချုပ်ကို ယွီကျားယုံကို လက်မှတ်ထိုးခိုင်းမယ်..."


"ယွီကျားယုံလား..."


ကျိယွီရှောင်က အံ့အားသင့်စွာ မေးလိုက်သည်။


"မင်း ဒီနေ့ သွားတွေ့တဲ့ဒါရိုက်တာက ယွီကျားယုံလား..."


လင်းလော့ချင်း ခေါင်းငြိမ့်လိုက်သည်။


"ဟုတ်တယ်လေ...မင်းက ဘယ်လိုအမူအရာကြီးဖြစ်နေတာလဲ...မင်း သူ့ကို သိလို့လား..."


ကျိယွီရှောင်က ရယ်မောလိုက်ပြီး ခေါင်းငြိမ့်လိုက်သည်။


"ကိုယ် သူ့ကို မသိပေမဲ့ အဲ့နာမည် ကြားဖူးတယ်..."


လင်းလော့ချင်း :"???"


လင်းလော့ချင်း၏စိတ်ရှုပ်ထွေးနေသော မျက်နှာကို မြင်သောအခါ ကျိယွီရှောင်က ရှင်းပြလိုက်သည်။


"သူ့အစ်ကိုနဲ့ကိုယ့်အစ်ကိုက အရင်က အတူတူအလုပ်တွဲလုပ်ဖူးတယ်...သူက ယွီမိသားစုရဲ့မင်းသားလေးလေ...အရမ်း မာနကြီးတာ...သူ ဒါရိုက်တာဖြစ်လာမယ်လို့ ကိုယ် မထင်ထားခဲ့ဘူး...တကယ် ထူးဆန်းလိုက်တာ..."


"ကိုယ်တို့ စုထုံကို မေးပြီး သူတို့နှစ်ယောက်ကို တွေ့ခိုင်းသင့်တယ်...အဲ့ဒါမှ ပြောလို့ဆိုလို့ ပိုအဆင်ပြေမယ်..."


လင်းလော့ချင်းသည် စုထုံ၏မိသားစုက ချမ်းသာကြောင်း သိထားပြီး မိသားစုနောက်ခံကို ဖုံးကွယ်ကာ ‌ဖျော်ဖြေရေးလောကထဲ ၀င်လာကြောင်း သိထားသော်လည်း ယွီကျားယုံကလည်း ထိုသို့ဖြစ်လိမ့်မည်ဟု မထင်ထားခဲ့ပေ။


ဟုတ်ပါတယ်...သူ ဒီနေ့ ယွီကျားယုံနဲ့တွေ့တော့ ယွီကျားယုံ၀တ်ထားတဲ့စတိုင်က သာမာန်မှမဟုတ်တာ...


သူတို့တွေက ပိုက်ဆံရှိကြမဲ့ ဒီလောကမှာ ကိုယ့်လမ်းကိုယ်ဖောက်နေကြတဲ့လူတွေပဲ...


"သူ့မိသားစုက သူ ရုပ်ရှင်ရိုက်တာကို အရမ်းပံ့ပိုးပေးပုံမပေါ်ဘူး...မဟုတ်ရင် သူက ငါနဲ့ဒီလိုအခြေအနေမျိုးအောက်မှာ ရုပ်ရှင်တွဲရိုက်ရမှာမဟုတ်ဘူး..."


"ဖြစ်နိုင်တယ်..."


ကျိယွီရှောင်က ထိုင်ခုံနောက်ကို မှီကာ ပြောလိုက်သည်။


"မိသားစုတော်တော်များများက သားတွေကို သူတို့ အဖေတွေရဲ့အမွေကို ဆက်ခံစေချင်ကြတယ်...သူ့အိမ်မက်က ဒါရိုက်တာဖြစ်လာဖို့ဖြစ်ပြီး စုထုံရဲ့အိမ်မက်က သရုပ်ဆောင်ဖြစ်လာဖို့ပဲ...ဒါပေမဲ့ မိဘလုပ်ငန်းကို ဆက်ခံဖို့ကအရေးကြီးနေတော့ သူတို့မိဘတွေက မပံ့ပိုးပေးကြတာ ပုံမှန်ပဲ..."


"ငါကတော့ အဲ့လို မလုပ်ဘူး..."


လင်းလော့ချင်းက လေးနက်စွာ ပြောလိုက်သည်။


"အနာဂတ်မှာ ရှောင်ယွီနဲ့ဖေးဖေး ရုပ်ရှင်ရိုက်ချင်ရင်ပဲဖြစ်ဖြစ်၊ ဥက္ကဋ္ဌဖြစ်လာချင်ရင်ပဲဖြစ်ဖြစ် ငါ သူတို့ကို အားပေးမယ်...လူတိုင်းမှာ သူတို့ ကိုယ်ပိုင်အိမ်မက်တွေရှိတယ်...ဥပဒေကို မချိုးဖောက်သရွေ့ မိဘတွေက သားသမီးတွေကို သူတို့ကိုယ်ပိုင်လမ်းကြောင်း ရွေးချယ်နိုင်ခွင့်ပေးရမယ်..."


ကျိယွီရှောင် ခေါင်းငြိမ့်လိုက်သည်။


"ဟုတ်တယ်..."


"ဒါပေမဲ့ မင်းပြောသလို ဒါရိုက်တာယွီက စုထုံနဲ့သိရင်ကောင်းမယ်...စုထုံရဲ့ဒရမ်မာတွေက ကောင်းပေမဲ့ အရင်းအမြစ်တွေက သိပ်ကောင်းတာမဟုတ်ဘူး...ဒါရိုက်တာယွီကသာ ယုံကြည်စိတ်ချရတယ်ဆိုရင် စုထုံက သူနဲ့အတူရုပ်ရှင်တွဲရိုက်သင့်တယ်..."


"မင်း ဒီလိုအခြေအနေကို ကိုယ့်ဖာသာကိုင်တွယ်နိုင်လောက်တယ်...ကိုယ် မင်းကို ယုံတယ်..."


ကျိယွီရှောင် ပြောလိုက်သည်။


"ဘာလို့ ငါ့ကို ဘာမဆို ယုံကြည်နေရတာလဲ..."


လင်းလော့ချင်းက ရယ်မောကာ ပြောလိုက်၏။


"မျက်စိစုံမှိတ်ယုံနေတာ မဟုတ်ဘူးလား...ငါ ကောင်းကောင်းမလုပ်နိုင်ရင် ဘယ်လိုလုပ်မလဲ..."


ထိုအခါ ကျိယွီရှောင်က မတ်တပ်ရပ်လိုက်ကာ လင်းလော့ချင်း၏အနောက်သို့ လျှောက်သွားပြီးလင်းလော့ချင်းကို နူးညံ့စွာ ပွေ့ဖက်လိုက်ကာ ခေါင်းလေးကို ထိလိုက်သည်။


"ကိုယ် မင်းကို မျက်စိစုံမှိတ်ယုံနေတာ မဟုတ်ဘူး...ကိုယ်က ကိုယ့်ရဲ့အမြင်ကို ယုံကြည်တာ...ကိုယ့်ကိုယ်ကိုယ်ယုံကြည်တယ်...အဲ့တော့ ကိုယ်ရွေးချယ်ထားတဲ့ မင်းကိုလည်း ယုံကြည်တယ်..."


ထို့နောက် ကျိယွီရှောင်က ခေါင်းငုံ့ကာ လင်းလော့ချင်းကို နမ်းလိုက်လေသည်။


လင်းလော့ချင်းက တစ်ညအနားယူပြီးနောက် နောက်နေ့နေ့လည်ခင်းတွင် လင်းပေါ်၏အိမ်ကို ကျိယွီရှောင်နှင့်အတူ သွားလိုက်သည်။


သူက လင်းအိမ်ရှေ့တွင် ရပ်ကာ သူရှေ့မှ ရင်းနှီးနေသောဗီလာကြီးကို ကြည့်ပြီး အနည်းငယ် စိတ်လှုပ်ရှားနေလေသည်။


အရင်တုန်းက လင်းလော့ရှီးနဲ့မူလပိုင်ရှင်က ဒီအိမ်ကြီးကနေ နှင်ထုတ်ခံခဲ့ရတယ်...အသက်၁၈နှစ်အရွယ်မိန်းကလေးက သူ့မောင်လေးလက်ကို ဆွဲပြီး ဒေါသတကြီး ထွက်လာခဲ့ဖူးတယ်...


ဒါက လင်းလော့ရှီးရဲ့အိမ်၊ သူနဲ့သူ့မောင်လေးကို မွေးခဲ့တဲ့အိမ်ဖြစ်ပေမဲ့ သူ့အဖေက သူတို့ကိုနှင်ထုတ်ခဲ့တယ်...


လင်းလော့ရှီးက အဖေလင်းကို ခွင့်မလွှတ်နိုင်ခဲ့ပေ။ ထို့ကြောင့် သူက လင်းဖေးမွေးသည့်အထိ ဘယ်သောအခါမှ အိမ်မပြန်ခဲ့ပေ။ လင်းဖေးအတွက် ငွေလိုနေသည့်အတွက်ကြောင့်သာ ဤအိမ်ကို ခေါင်းငုံ့ကာ ပြန်လာခဲ့ရလေသည်။


သူက အဖေလင်းကို ချစ်သော်လည်း အဖေလင်းက သူတို့ကို ဂရုမစိုက်ပေ။


အဖေလင်းက သားသမီးများ သူ့ကို ချစ်ကြသည်ကို လိုချင်သော်လည်း၊ သားသမီးများ ကြည်ညိုလေးစားကြသည်ကို လိုချင်သော်လည်း သူ့ကိုယ်တိုင်ကမူ အဖေပီသခဲ့သူမဟုတ်ချေ။


လင်းလော့ရှီးအပေါ်၊ မူလပိုင်ရှင်အပေါ်၊ နောက်ဆုံး လင်းလော့ကျင်းအပေါ်ပင်လျှင် တာ၀န်ကျေပွန်ခဲ့သူမဟုတ်ပေ။


ထို့ကြောင့် လင်းလော့ချင်းကလည်း အဖေလင်းကို ထိုအတွက် တန်ရာတန်ကြေးပေးဆောင် ခိုင်းရပေမည်။


လင်းလော့ချင်းက ရယ်မောလိုက်ပြီး ကျိယွီရှောင်နှင့်အတူအိမ်ထဲသို့ ၀င်လိုက်သည်။


လင်းပေါ်က ချန်ဖုန်းနှင့်ကွာရှင်းရန် တရားရင်ဆိုင်နေရသောကြောင့် ကျိယွီရှောင်နှင့်ဆက်ဆံရေးကိုဂရုမစိုက်နိုင်ပေ။ ထို့ကြောင့် ယခု ကျိယွီရှောင်နှင့် လင်းလော့ချင်းက သူ့ရှေ့ပေါ်လာ‌သောအခါ ကျိယွီရှောင်၏ခြေထောက်များကို စိုက်ကြည့်လိုက်ပြီး အံ့ဩသွားလေသည်။


"ယွီရှောင် မင်း..."


"ဟုတ်ကဲ့..."


လင်းပေါ်က ၀မ်းသာအားရဖြင့် ကျိယွီရှောင်၏ပခုံးကို ပုတ်ကာ ပြောလိုက်သည်။


"အရမ်းကောင်းတယ်...မင်း လာမယ်ဆိုတာ ကြိုမပြောဘူး...ဒါပေမဲ့ ဒီလိုရောက်လာတော့လည်းပျော်ရွှင်မှုက နှစ်ဆဖြစ်သွားတာပေါ့...ဒီနေ့ မမူးမချင်း အိမ်မပြန်နဲ့..."


ကျိယွီရှောင် ပြုံးနေပြီး ဘာမှပြန်မပြော‌ချေ။


ထို့ကြောင့် အဖေလင်းက ကျိယွီရှောင်သဘောတူသည်ကို မှတ်ယူလိုက်ပြီးနောက် လင်းလော့ချင်းကို မကျေနပ်စွာ ကြည့်လိုက်သည်။


"မင်းက ဒီလောက်ကိစ္စကြီးကို ငါ့ကို ဘာလို့ မပြောပြတာလဲ..."


"အရမ်း အလုပ်များလွန်းလို့ ပြောဖို့မေ့သွားတာပါ..."


လင်းလော့ချင်းက ဆင်ခြင်ဆင်လက်ပေးလိုက်သည်။


ထိုအခါ

အဖေလင်း လင်းလော့ချင်း၏ရှင်းပြချက်ကို ယုံကြည်သွားပြီး ဆက်မပြောတော့ပေ။


ဘာပဲပြောပြော သူတို့က ရောက်လာကြတာပဲလေ...


ထိုသို့တွေးပြီးနောက် ကျေနပ်သွားပြီး လင်းလော့ချင်းနှင့်ကျိယွီရှောင်ကို သူနှင့်ဆန့်ကျင်ဘက်တွင် ထိုင်ခိုင်းလိုက်သည်။