အပိုင်း ၂၈၆
Viewers 87k

Chapter 286



အဖေလင်းက သူ့ရှေ့မှ သားနှင့်သမက်ကို ကြည့်ကာ ကျေနပ်နေလေသည်။


ဘုရားသခင်က သူ့ကို ‌ကောင်းကောင်းဆက်ဆံတာပဲ...ကျိယွီရှောင်ခြေထောက်တွေက ကောင်းလာမှတော့ သူက ကုမ္ပဏီကို ပြန်သွားမှာပဲ...အဲ့တော့ လင်းလော့ချင်းရဲ့အဖေအနေနဲ့ သူ့အတွက်လည်း အဆင်ပြေလာမှာပဲ...


ထိုသို့တွေးပြီးနောက် အဖေလင်းက ကျိယွီရှောင်ကို ရေနွေးကြမ်းငဲ့ပေးလိုက်သည်။


"သောက်လေ...ပြီးရင် ညစာစားပြီးမှပြန်..."


ထို့နောက် လင်းလော့ချင်းကိုလည်း ရေနွေးကြမ်းငဲ့ကာ ပေးလိုက်သော်လည်း လင်းလော့ချင်း၏လက်ထဲတွင် ကိုင်ထားသည့်အရာ မရှိသည်ကို သတိထားမိသွားသည်။


"လော့ချင်း ကားထဲမှာ တစ်ခုခု ကျန်ခဲ့သေးလား..."


လင်းလော့ချင်းက ခေါင်းခါလိုက်သည်။


"မကျန်ခဲ့ပါဘူး..."


"အဖေက မင်းကို အဖေ့ဆီပြန်ပေးဖို့ ပြောထားတာရှိတယ်လေ..."


"အာ...အဲ့ဒါကို ပြန်ပေးမှာမဟုတ်ဘူး...အဖေ ကျွန်တော့်ကို ပေးပြီးသားအရာကို ဘာလို့ပြန်ယူတာလဲ...အဖေက မမိုက်လိုက်တာ..."


အဖေလင်းက လင်းလော့ချင်း ထိုသို့ပြောလာလိမ့်မည်ဟု မထင်ထားခဲ့ပေ။


"မင်း ဘာပြောလိုက်တာ...လော့ချင်း မင်းက ငါ့ပိုင်ဆိုင်မှုတွေကို ခိုးဖို့ ကြံစည်နေတာလား..."


"ကျွန်‌တော် မလိုချင်ပါဘူးဆိုတုန်းကတော့ အတင်းပေးခဲ့ပြီးမှ အခု ဘာလို့ပြန်တောင်းနေတာ လဲ...ဒီလိုလုပ်တာတော့ မကောင်းပါဘူး အဖေ..."


"လင်းလော့ချင်း ..."


အဖေလင်းက မတ်တပ်ရပ်လိုက်ပြီး တစ်ဖက်လူကို စိမ်းစိမ်းဝါးဝါး စိုက်ကြည့်လိူပ်သည်။


ဘာလဲ...သူ ခံစားခဲ့ရတာတွေက အတုအယောင်တွေပဲလား...


လင်းလော့ချင်းက ဘာလို့ ဒီလိုပြောရတာလဲ...


သူက သူ့ကို နောက်နေတာလား...ရည်ရွယ်ချက်ရှိရှိပြောနေတာလား...


ဘာလို့ အခုမှ ဒီလိုပြောရတာလဲ...


အဖေလင်းက ဒေါသကို ထိန်းချုပ်ကာ သည်းခံပြောလိုက်သည်။


"တော်ပြီ လော့ချင်း...အဖေ့ကို မနောက်နဲ့တော့...ထပ်‌နောက်ရင် အဖေ ဒေါသထွက်သွားလိမ့်မယ်..."


ထိုအခါ လင်းလော့ချင်းက ပြုံးကာ ပြောလိုက်သည်။


"တကယ်လား...အဖေ ဒေါသကို ကျွန်တော့်ကိုပြပါဦး..."


 အဖေလင်း၏ မျက်နှာအမူအရာက ချက်ချင်းပြောင်းလဲသွားလေသည်။


ပြပေးရအောင် သူက မျောက်မို့လို့လား...


"ဒါနဲ့ အဖေ အခု ဒေါသထွက်နေတာလား...နည်းနည်းတော့ ရုပ်ဆိုးတယ်..."


"လင်းလော့ချင်း...မင်း ဘာလုပ်ဖို့ ကြိုးစားနေတာလဲ...အတောင်ပံစုံလာတော့ အဖေ့ပစ္စည်းတွေကိုပါ လုယူချင်နေတာလား...အရှက်ရော ရှိသေးရဲ့လား..."


"ကျွန်တော်က ဘာလို့ ရှက်ရမှာလဲ...အဖေ့ပိုင်ဆိုင်မှုတွေလား...ပေါ်ယွမ်က အမေနဲ့အဖေတည်ထောင်ထားတာလေ...အဖေ့ဟာ ဘယ်တုန်းကဖြစ်သွားတာလဲ..."


လင်းလော့ချင်းက မတ်တပ်ရပ်ကာ အဖေလင်းကို တိုက်ရိုက်ကြည့်လိုက်ပြီး ပြောလိုက်သည်။


"ကျွန်‌တော်နဲ့ကျွန်တော့်အစ်မကို နှင်ထုတ်ပြီးတော့ ချန်ဖုန်းက အမေ့ပိုင်ဆိုင်မှုတွေကို အပိုင်စီးထားတာလေ...အမေက တစ်သက်လုံး အလုပ်ကြိုးစားခဲ့ရတာ အဖေတို့အတွက် မဟုတ်ဘူး..."


"အဖေ၊ ချန်ဖုန်းနဲ့လင်းလော့ကျင်းတို့ ရွှေတွေငွေတွေ၀တ်ပြီး ပိုက်ဆံသုံးနေကြတုန်းက ကျွန်တော့်အစ်မကို စဉ်းစားခဲ့ဖူးလို့လား...သူကလည်း ဒီဟာတွေကို ပိုင်ဆိုင်ခွင့်ရှိတယ်...ကျွန်တော်ကသာ အရှက်မရှိရင် အဖေကလည်း အရှက်ရှိခဲ့လို့လား..."


လင်းပေါ်က လင်းလော့ချင်းကို ရိုက်ရန် လက်မြှောက်လိုက်သော်လည်း ကျိယွီရှောင်က လင်းပေါ်လက်ကို ဆုပ်ကိုင်လိုက်ကာ တားလိုက်သည်။


"ကျွန်တော့်ကို ရိုက်ချင်တာလား...မရိုက်နိုင်တာ သနားစရာပဲ..."


အဖေလင်းက သူ့ကို ကြည့်နေသည်ကို မြင်သောအခါ ပျက်ရယ်ပြုကာ ပြောလိုက်သည်။


"အံ့ဩနေတာလား...အဖေ့သားက ဒီလိုပြောနေတာကို လက်မခံနိုင်ဘဲ ဒေါသထွက်နေတာလား..."


"ကျွန်‌တော့်အစ်မကို အဖေနှင်ထုတ်ခဲ့တုန်းကလည်း ဒီလိုပဲလေ...သူက ၁၈နှစ်ပဲရှိသေးတာ... လူ့အဖွဲ့အစည်းထဲကို ၀င်တောင် မ၀င်ရသေးဘူး...သူ့အဖေက သူ့ကို နှင်ထုတ်ခဲ့တော့ ဘယ်လောက် ဒေါသထွက်ပြီး ၀မ်းနည်းနေလိုက်မလဲ..."


အဖေလင်းက အံ့အားသင့်သွားလေသည်။


သူက သူတစ်ခါမှ ‌မတွေးခဲ့ဖူးသည့်လင်းလော့ရှီးနှင့် တစ်နေ့ တူညီသောအရာကို ရင်ဆိုင်ရလိမ့်မည်ဟု မထင်ထားခဲ့ပေ။


သူက ကလေးသုံးယောက်ထဲတွင် လင်းလော့ကျင်းကို အချစ်ဆုံးဖြစ်သောကြောင့် လင်းလော့ချင်းနှင့်လင်းလော့ရှီးကို ဂရုမစိုက်ခဲ့ပေ။


ထို့ကြောင့် သူက ချန်ဖုန်းစကားကို နားထောင်ပြီး လင်းလော့ရှီးအရွယ်ရောက်သောအခါ မောင်နှမနှစ်ယောက်ကို နှင်ထုတ်ခဲ့သည်။


သူက ထိုအရာက ကလေးများအတွက် မကောင်းမှန်း သိသိလျက်နှင့်ပင် လုပ်ခဲ့ခြင်းဖြစ်သည်။


ကလေးနှစ်ယောက်ကို ဖယ်ရှားပြီးသောအခါ ချုံးယုံရှင်း၏ပစ္စည်းဥစ္စာများက သူ့အပိုင်ဖြစ်လာခဲ့လေသည်။


အမှန်တွင် ချန်ဖုန်းနှင့် ကွာရှင်းစဉ်က လင်းလော့ရှီးကို ပြန်သတိရလာခဲ့လေသည်။ အတိတ်က ပြီးဆုံးသွားပြီဟု ထင်ခဲ့သော်လည်း ယခု လင်းလော့ချင်းက သူ့ရှေ့တွင် ရပ်ကာ သူ့အစ်မအကြောင်း ပြန်ပြောလာခဲ့သည်။


"ကျွန်တော် ဒီအိမ်ကို ရောက်လာတိုင်း ဒီအိမ်ကို ဘယ်လိုယူရမလဲပဲတွေးနေတာ...ပြောရရင် အဖေ့ကို ကျွန်တော် တကယ်ချစ်တယ်ထင်နေတာလား...တကယ် လေးစားတယ်ထင်နေတာလား...မဟုတ်ဘူး...အမေထားခဲ့တဲ့ပစ္စည်းတွေ ချန်ဖုန်းလက်ထဲ ရောက်သွားမှာစိုးလို့ ပြန်လာယူတာပဲ...ကျွန်တော်က ဟန်ဆောင်နေခဲ့တာ...တကယ်တော့ အဖေ့ကို ကျွန်တော် မချစ်တော့တာကြာပြီ..."


ထိုစကားကို ကြားသောအခါ အဖေလင်းက အလွန်ဒေါသထွက်သွားလေသည်။


"ပါးစပ်ပိတ်ထား..."


"ဘာလို့လဲ...အမှန်တရားကို ပြောပြတော့ မကျေနပ်ဘူးလား...အမှန်တရားက နည်းနည်းတော့ ကြမ်းတမ်းတာပေါ့...တကယ်တော့ ကျွန်တော်က လင်းလော့ကျင်းလိုမျိုးပဲ အဖေ့ကို ဂရုမစိုက်ဘူး...အဖေ့အတွက်တော့ ၀မ်းနည်းစရာပဲ...သားနှစ်ယောက်ရှိတာ...တစ်ယောက်က အဖေ့ကို သတ်ချင်နေပြီး နောက်တစ်ယောက်က အဖေ့ကို ဂရုမစိုက်ဘူးလေ..."


အဖေလင်းက ဒေါသထွက်လွန်း၍ သွေးအန်လုမတတ် ဖြစ်နေလေသည်။


လင်းလော့ချင်းက သူ့ကို တကယ်ချစ်တယ်လို့ထင်ခဲ့တာ...သူ့အသိအမှတ်ပြုမှုကို တကယ်လိုချင်တယ်လို့ ထင်ခဲ့တာ...သူ့ကို သစ္စာမဖောက်ဘူးလို့ထင်ခဲ့တာ...


ဒါတွေအားလုံးက လင်းလော့ချင်း သူ့ယုံကြည်မှုကို ရဖို့ ဟန်ဆောင်နေခဲ့တာတွေလား...


အဖေလင်းက အနည်းငယ် ခါးသီးနေလေသည်။


"ငါက မင်းအပေါ် လုံလောက်အောင် မကောင်းခဲ့လို့လား..."


"မင်း ပိုက်ဆံလိုချင်တော့ ငါ မင်းကို ပိုက်ဆံပေးတယ်လေ...ကုမ္ပဏီထဲ ၀င်ချင်တော့ ကုမ္ပဏီကို ၀င်ခွင့်ပေးတယ်လေ...ရှယ်ယာလိုချင်တော့ ရှယ်ယာပေးတယ်လေ...မင်းညီလေးဘက်ကိုတောင် မလိုက်ဘဲ မင်းဘက်ကို လိုက်ပေးခဲ့တာ...မင်းအမေနဲ့အစ်မအတွက်ဆိုရင်တော့ ငါ မင်းကို တောင်းပန်ပါတယ်..."


"မင်း ငါ့ကို အဲ့လိုဆက်ဆံလို့မရဘူး လော့ချင်း...မင်းကို ငါ့ပိုင်ဆိုင်မှုတွေကို လွှဲပေးခဲ့တာက ငါ မင်းကို ချစ်လို့ပဲ..."


အဖေလင်းက ခံစားချက်တွေကို ကစားချင်နေတာပဲ...


ထို့ကြောင့် လင်းလော့ချင်းက ထေ့ငေ့ါရယ်မောလိုက်လေသည်။


"ကျွန်တော့်ကို ချစ်လွန်းလို့ အဲ့လိုလုပ်ပေးခဲ့တာတဲ့လား...အဖေက ပိုက်ဆံပိုလိုချင်လို့ လုပ်ခဲ့တာလေ...ကုမ္ပဏီကို ၀င်ခိုင်းခဲ့တာက ကျိဂရုနဲ့ပူးပေါင်းနိုင်ဖို့လေ...ရှယ်ယာပေးခဲ့တာကလည်းယွီရှောင် အဖေ့ကို ယုံကြည်လာအောင်လို့လေ...အဖေလုပ်သမျှ အရာအားလုံးက အဖေ့အတွက်ကြီးပဲ...ကျွန်တော့်အတွက် မဟုတ်ခဲ့ဘူး..."


"ပိုင်ဆိုင်မှုတွေ လွှဲပြောင်းပေးခဲ့တာကလည်း ချန်ဖုန်းယူသွားမှာစိုးလို့လေ...အခု သူနဲ့ကွာရှင်းပြီးပြီဆိုတော့ ပြန်ယူဖို့ မစောင့်နိုင်တော့ဘူးမလား...အဲ့ဒါကို ကျွန်တော့်ကို ချစ်လို့တဲ့လား..."


"အဖေ့ရဲ့အချစ်က ကျွန်တော် အရွယ်မရောက်သေးခင် ကျွန်တော့်ကို နှင်ထုတ်လိုက်တာလား...ကျွန်တော့်ကို နှစ်ပေါင်းများစွာ လျစ်လျူရှုခဲ့တာလား...ယွီရှောင်နဲ့ကိစ္စသာ မရှိရင် ကျွန်တော့်ကို အဖေ မြင်မှာတဲ့လား..."


"ဒါပေမဲ့ ကျွန်တော်ကတော့ အဖေလောက် မရက်စက်နိုင်ပါဘူး...အဖေက အသက်ကြီးပြီဆို‌တော့ ကျွန်တော် အဖေ့ကို လတိုင်း အသုံးစရိတ်ပို့ပေးမယ်...ပေါ်ယွမ်ကတော့ အဖေနဲ့အမေတည်ထောင်ထားခဲ့တာ...အခု အမေမရှိတော့ဘူးဆိုတော့ ကျွန်တော် တာ၀န်ယူသင့်တာပေါ့...စိတ်ချ ပေါ်ယွမ်က ဒီထက်တိုးတက်လာစေရမယ်...အဖေ့အတွက်တော့ မဟုတ်ဘူး...အမေ့အတွက်ပဲ..."


အဖေလင်းကို အံကြိတ်ကာ ပြောလိုက်သည်။


"လင်းလော့ချင်း မင်းသာ ဒီလိုဆက်လုပ်နေရင် ငါ့ကို ရက်စက်တယ်လာမပြောနဲ့...မင်းက ကြယ်ပွင့်တစ်ယောက်ပဲ...မင်အဖေနဲ့ပိုင်ဆိုင်မှုကို လုနေတာ မင်းအတွက် မကောင်းဘူး...ဘာလို့ အဲ့ဟာတွေကိုပြန်မပေးသေးတာလဲ...မဟုတ်ရင် မင်း ဒီတံခါးက ထွက်သွားတာနဲ့ မနက်ဖြန် မင်း တရားစွဲခံရတဲ့သတင်းထွက်လာစေရမယ်..."


လင်းလော့ချင်းက ပြုံးကာ ပြောလိုက်သည်။


"ကောင်းသားပဲ...ကျွန်တော်က သရုပ်ဆောင်အဖြစ်က အနားယူပြီး အထွေထွေမန်နေဂျာလုပ်လို့ရတာပေ့ါ...အဖေက‌တော့ ကိုယ်တိုင်လက်မှတ် ထိုးထားခဲ့မို့လို့ တရားစွဲရင်တောင် ပြန်ရမှာမဟုတ်ဘူး...အခုမှ ပြန်လိုချင်နေလို့ မရဘူးလေ..."


"ဒီအတိုင်း အသုံးစရိတ်ယူပြီး တိုးတိုးတိတ်တိတ်နေသွားလိုက်တာ အကောင်းဆုံးပဲ...အဖေကသာကျွန်တော့်ကို ဆက်ခုခံနေရင် ကျွန်တော် တစ်ပြားမှ ပေးတော့မှာမဟုတ်ဘူး...အဖေက နှစ်တွေ အကြာကြီး နေလို့ရပါသေးတယ်...အပူမရှာချင်ပါနဲ့...ကျွန်တော်နဲ့တကယ် အဲ့လောက်ထိ သွားချင်နေတာလား..."


လင်းပေါ်် ယင်းကို မကျေနပ်သော်လည်း သူက အသက်ကြီးနေပြီဖြစ်ပြီး ဆွေမျိုးဟူ၍ လင်းလော့ချင်းတစ်ယောက်သာ ကျန်တော့လေသည်။


ထို့အပြင် လင်းလော့ချင်းနောက်တွင် ကျိယွီရှောင်ရှိနေပြီး သူက ဘယ်သောအခါမှ အနိုင်ရမည်မဟုတ်ပေ။ ငါးကသာသေသွားမည်ဖြစ်ပြီး ပိုက်ကွန်က ပျက်မည်မဟုတ်ပေ။


သူ့မှာ ဘာမှမရှိဘူးပဲ...


သူက လင်းလော့ချင်းကို သူ့ပစ္စည်းတွေ လွှဲပြောင်းပေးတုန်းက သူ့ကို စိတ်ရင်းအမှန်နဲ့ ဆက်ဆံပေးမဲ့သူရှိပြီလို့ ထင်ခဲ့တာ...အဲ့ဒါကြောင့် ပြန်မရမှာကို စိုးရိမ်နေတာတောင် လွှဲပေးခဲ့တာ...


သူ့သားက သူ့ကို သတ်ချင်နေပြီး ညတိုင်းအတူတူ အိပ်နေတဲ့မိန်းမက သူ့ကို မုန်းတယ်တဲ့...အဲ့ဒါကြောင့် လင်းလော့ချင်းကို ‌နောက်ဆုံးကောက်ရိုးမျှင်လို ဆွဲဆုပ်ထားခဲ့တာ...


ချန်ဖုန်းကို သူ့သားလင်းလော့ချင်းက ပုန်ကန်တတ်တဲ့သား မဟုတ်ဘူး...သူ့ကို အရမ်းချစ်တဲ့သားဖြစ်ကြောင်း ပြချင်ခဲ့တာ...


အခုတော့ နောက်ဆုံးကောက်ရိုးမျှင်က နောက်ကျောကို ထိုးမဲ့ဓားဖြစ်သွားပြီ...


အဖေလင်းက ဆိုဖာပေါ်တွင် စိတ်ပျက်လက်ပျက် ထိုင်ချလိုက်လေသည်။


သူက ဘ၀ကို အကြာကြီးဖြတ်သန်းလာခဲ့ပေမဲ့ သူ့ကို ချစ်တဲ့သူမရှိဘူး...ယုံကြည်တဲ့သူမရှိဘူး...သူ့ဘ၀ကြီးက အခန်းလွတ်ထက်တောင် ဗလာဖြစ်နေတယ်...


လင်းလော့ချင်းက ယင်းကို မြင်သောအခါ ထပ်ပြောလိုက်သည်။


"အဖေသာ တကယ် တရားစွဲချင်တယ်ဆိုရင် ကျွန်တော်ကလည်း အဆင်သင့်ပဲ...အဖေကသာနောက်ဆက်တွဲအကျိုးဆက်တွေကို သေချာစဉ်းစားသင့်တယ်..."


ပြောပြီးနောက် သူက တံခါး၀သို့ လျှောက်သွားလိုက်သည်။


လင်းလော့ချင်းထွက်သွားတော့မည်ကို မြင်သောအခါ အဖေလင်းက ပြောလိုက်၏။


"လော့ချင်း ငါ မင်းကို အရင်က လုပ်ခဲ့မိတာတွေအတွက် တောင်းပန်ပါတယ်...ငါ မင်းအပေါ် ဒီလောက်ကောင်းပေးခဲ့တာတောင် မင်း ဘာမှမခံစားခဲ့ရဘူးလား..."


လင်းလော့ချင်းက ရယ်မောလိုက်သည်။


"ကံမကောင်းစွာနဲ့ ကျွန်တော်က ဒီကို ရောက်လာတိုင်း ပိုစက်ဆုပ်လာတာပဲရှိတယ်...ကျွန်တော် အဖေ့ဆီ ထပ်လာတော့မှာမဟုတ်ဘူး...အဖေ ပေါ်ယွမ်ကို သွားချင်ရင် သွားလို့ရတယ်...ဒါပေမဲ့ အဲ့မှာ ကျွန်တော့်လူတွေအများကြီးပဲ...မလိုအပ်ဘဲ အပိုလှုပ်ရှားမှုတွေ မလုပ်ဖို့ မျှော်လင့်တယ်...အခြေအနေကို ဒီထက်ဆိုးမသွားစေချင်ရင် ကျွန်တော့်စကားနားထောင်လိုက်တာ အကောင်းဆုံးပဲ..."


အဖေလင်းက လင်းလော့ချင်း၏ယုံကြည်ချက်အပြည့်ရှိသော ကျောပြင်နှင့်မျက်နှာကို ကြည့်လိုက်သည်။


သူ့မှတ်ဉာဏ်ထဲက လင်းလော့ချင်းလို မိုက်မဲပြီး တုံးအတဲ့သူ မဟုတ်တော့ဘူးပဲ...


သူက ရှုံးနိမ့်သွားပြီပဲ...


ဟားဟား....သူ့ဘ၀တစ်၀က်လောက်ကို ရယ်စရာကောင်းလောက်အောင် ဖြတ်သန်းခဲ့တာပဲ...


သူ့အပေါ် ရိုးရိုးသားသားဆက်ဆံတဲ့သူတစ်ယောက်မှ မရှိခဲ့ဘူး...သူ့ကလေးတွေကလည်း သူ့ကို မုန်းတီးနေကြတာ...


ချန်ဖုန်း သူ့ကို နောက်ဆုံးပြောသွားတဲ့စကားကို မှတ်မိပါသေးတယ်...


"ဘယ်သူမှ နင့်ကို မချစ်ဘူး...ဘယ်သူမှ နင့်ကို ဂရုမစိုက်ဘူး...နင်က တန်ဖိုးရှိတယ်ထင်နေတာလား...တခြားလူတွေ အမြင်မှာတော့ နင်က ဘာမှမဟုတ်ခဲ့ဘူး..."


"ကျွန်တော့်အမေနဲ့အစ်မအခန်းကို အရင်အတိုင်းပြန်ထားပေးပါ..."


ပြောပြီးနောက် လင်းလော့ချင်းက တံခါးကို ဖွင့်ကာ ထွက်သွားလိုက်သည်။


အပြင်ဘက်တွင် နေရောင်ခြည်က တောက်ပနေပြီး လန်းဆန်းနေလေသည်။


လင်းလော့ချင်းက အသက်ပြင်းပြင်းရှုလိုက်ပြီး ကျိယွီရှောင်ကို ပြုံးပြလိုက်၏။


ကျိယွီရှောင်က လင်းလော့ချင်းက ခေါင်းကို ပွတ်သပ်ပေးလိုက်ပြီး ကားထဲအတူတူ ၀င်ထိုင်လိုက်လေသည်။


ဘယ်သူမှ အတိတ်ကို ပြန်ပြင်လို့ မရပေမဲ့ အနာဂတ်ကိုတော့ ပြင်လို့ရပါသေးတယ်...


ကျိယွီရှောင်က လင်းလော့ချင်း၏နဖူးကို နမ်းလိုက်ကာ လင်းလော့ချင်းကို ပွေ့ဖက်လိုက်သည်။