အပိုင်း ၃၁၂
Viewers 87k

Chapter 312




ခဏတွင်းချင်းပဲ အားလုံးက သူတို့နားကလူတွေကို ကြည့်ကုန်ကြသည်။


လင်းလော့ချင်းက ကျိယွီရှောင်ကို တည့်တည့် ကြည့်ပြီး ကျိယွီရှောင်ကလည်း သူ့ကို ကြည့်နေသည်။


လင်းလော့ချင်း: 'အဲဒါကို စဥ်းတောင် မစဉ်းစားနဲ့...'


ကျိယွီရှောင်က ပြုံးသည်။

'တကယ် မစမ်းကြည့်ချင်ဘူးလား'


လင်းလော့ချင်း:"......"


"ဘယ်သူမှ ဆန္ဒမရှိရင် ကျောက်တုံး စက္ကူ ကတ်ကြေးပဲကစားတာပေါ့"

လျှိုယာမင်က ပြုံးပြီး ပြောလိုက်သည်။


လင်းလော့ချင်း ကျိယွီရှောင်ကိုကြည့်ပြီးတွေးလိုက်သည်။ကျိယွီရှောင်သာ ရှုံးရင်တော့ဘယ်လိုနေမလဲမသိဘူး ဟီးဟီး...


"အိုကေ" 

သူသဘောတူလိုက်သည်။


ကျိယွီရှောင်ကလည်း ကန့်ကွက်ခြင်းမရှိ။


လင်းလော့ချင်း အလွန်နာမည်ကြီးနေသည့်အတွက် ဖန်းဖေးကျယ်နှင့် ချမ်ယုံအန်းကလည်း အမြန် သဘောတူလိုက်၏။

"ကောင်းပြီ"


လူလေးယောက်က လက်သီးဆုပ်ကာ ကျောက်တုံးစက္ကူကတ်ကြေးကို စတင်ကစားကြသည်။


ဂိမ်းစတင်သည်နှင့်တပြိုင်နက် လင်းလော့ချင်း လူလေးဦးတွင် သူသာလျှင် ကတ်ကြေးဖြစ်ပြီး ကျန်သုံးဦးမှာ ကျောက်တုံးဖြစ်ကြောင်း တွေ့ရှိခဲ့သည်။


လင်းလော့ချင်း :' အာ ဒီဟာက...'


သူက လျှိုယာမင်ကို တိတ်တိတ်လေးကြည့်လိုက်သည်။


လျှိုယာမင်က သူ့ကိုကြည့်ကာ တုံ့ဆိုင်းနေသည်။

"ဒါမှမဟုတ် သုံးပွဲနှစ်ပွဲလုပ်ကြမလား"


လင်းလော့ချင်း:"......"


လင်းလော့ချင်း ခဏလောက်စဉ်းစားပြီး ငြင်းလိုက်သည်။


"ထားလိုက်ပါတော့... အရှုံးကို လက်ခံလိုက်ပါ့မယ်"

သူက တက်တက်ကြွကြွပဲ ပြောလိုက်သည်။ 

"ဒါဆို ငါ မိန်းမလို ဝတ်လိုက်မယ်"


သုံးပွဲနှစ်ပွဲဟု အရင်က မပြောခဲ့ပေ။ ယခု ချက်ချင်းဆိုသလို သုံးပွဲနှစ်ပွဲလုပ်လိုက်လျှင် ကျိယွီရှောင်ဆိုလျှင်ကိစ္စမရှိပေမဲ့ ဖန်းဖေးကျယ်နှင် ချမ်ယုံအန်းတို့ ရှုံးသွားလျှင် တစ်ဖက်က မတရားဟုထင်ပြီး မကျေနပ်လျှင်ပင် ဘာမှ ပြောကြမှာမဟုတ်ပေ။


သူက ဤနေရာတွင် နာမည်အကြီးဆုံးဖြစ်နေပြီး အခြားဧည့်သည်များနှင့် အိမ်ရှင်များကပင် သူ၏ လိုလားမှုနှင့် အတွေးများကို တွေးပူကြမှာဖြစ်သည်။သူတို့က အားလုံးအတူတကွ ထွက်ပျော်ကြခြင်းဖြစ်သည်။လင်းလော့ချင်း ထိုအသေးအဖွဲကိစ္စများကြောင့် အခြားလူများကို မတရားပြုမခံရစေချင်ပေ။


အမျိုးသမီးတစ်ဦးအဖြစ် ၀တ်စားဆင်ယင်ခြင်းသည် ကြီးကျယ်သောကိစ္စမဟုတ်ပေ။သရုပ်ဆောင်များက တစ်ခါတစ်ရံတွင် အမျိုးသမီးများကဲ့သို့ ၀တ်စားဆင်ယင်ကြပြီး ရသစုံရှိုးကို နာရီအနည်းငယ်ရိုက်ကူးရုံက ထည့်ပြောစရာပင်မလိုချေ။


ကျိယွီရှောင် မိန်းမလိုဝတ်ထားတာကို မမြင်ရတာတော့စိတ်မကောင်းစရာပဲ...


လျှိုယာမင် သူသဘောတူသည်ကိုမြင်သာအခါ သူ့မှာ အင်မတန်ကြင်နာတတ်သည့် အကျင့်စရိုက်ရှိသည်ပဲဟု ခံစားရသည်။

"ဒါဆို အပင်ပန်းခံလိုက်ပါဦး"


သူမက အမျိုးသမီး ဇာတ်ကောင်လေးယောက်အတွက် ဇာတ်ညွှန်းကို ထုတ်လိုက်သည်။ 

"ကျေးဇူးတင်ပါတယ်ချင်းချင်း... မင်း ဇာတ်ညွှန်းအရင်ရွေးလို့ရတယ်နော်" 


လင်းလော့ချင်း ၎င်းကိုကြည့်ကာ ဇာတ်ညွှန်းကို ဖတ်လိုက်သည်–အကြီးဆုံးသခင်မလေး၊ ဒုတိယသခင်မလေး၊သခင်မနှင့် စာရင်းကိုင်။


လင်းလော့ချင်း ခဏလောက် စဉ်းစားပြီး အကြီးဆုံးသခင်မလေး၏ ဇာတ်ညွှန်းကို ယူလိုက်သည်။

"ဒါ"


"ကောင်းတယ်"


လျှိုယာမင်က ပြုံးကာ ကျန်ရှိသော ဇာတ်ညွှန်းကို စုန့်ရှို့ဝမ် နှင့် ကျိူက်ထင်လန်ဆီ ပေးလိုက်သည်။၎င်းတို့ထဲမှ တစ်ယောက် ဒုတိယသခင်မလေး၊ အခြားတစ်ယောက်က စာရင်းကိုင်ကို ရွေးချယ်ခဲ့ပြီး ကျန်သခင်မဇာတ်ရုပ်က လျှိုယာမင်ဆီရောက်သွားခဲ့သည်။


အမျိုးသမီးဇာတ်ဆောင်များ ခန့်အပ်ပြီးနောက်၊ အမျိုးသားဇာတ်ဆောင်များ ခန့်အပ်ရန် အချိန်ကျရောက်ပြီဖြစ်သည်။


"အကြီးဆုံး သခင်လေး၊ သခင်ငယ်လေး၊ပရိုဂရမ်မာ"


ဖန်းဖေးကျယ် နှင့် ချမ်ယုံအန်းက

အလွန် ယဥ်ကျေးစွာဖြင့် ဆိုသည်။

"ကျိကော အရင်ရွေးလိုက်ပါ"


ကျိယွီရှောင် ခဏလောက်စဉ်းစားပြီး အကြီးဆုံးသခင်လေးစာအုပ်ကို ရွေးလိုက်သည်။


ဖန်းဖေးကျယ်က သခင်ငယ်လေးကို ယူသွားပြီး ချမ်ယုံအန်းက ပရိုဂရမ်မာကို ယူသည်။


ဇာတ်ညွှန်းများကို စီစဥ်ပေးပြီးနောက်၊ သူတို့ ခဏတာ စကားစမြည်ပြောကြပြီး ညစာစားပြီးနောက် ဇာတ်ညွှန်းများဖတ်ရန် ပြန်သွားကြသည်။


လျှိုယာမင်က လင်းလော့ချင်းဆီသို့ အထူးတလည်လာပြီး မနက်ဖြန် အမျိုးသမီးအဝတ်အစားက အလွန်အကျွံဖြစ်မှာမဟုတ်သည့်အတွက် စိတ်ချယုံကြည်စွာ ဝတ်ဆင်နိုင်ကြောင်းပြောခဲ့သည်။


လင်းလော့ချင်း သူမက အတော်လေးဂရုစိုက်တတ်သည်ဟုခံစားရပြီး ပြုံးကာပြောလိုက်၏။

"ကောင်းပါပြီ... ကျေးဇူးတင်ပါတယ် မင်ကျဲ"


"ရပါတယ်"


လျှိုယာမင်ကို လိုက်ပို့လိုက်ပြီးနောက် လင်းလော့ချင်း သူ၏ ဇာတ်ညွှန်းကို ဖွင့်လိုက်ရာ အခြေခံအားဖြင့် ရှင်းရှင်းလင်းလင်း ရေးထားသည်ကို တွေ့လိုက်ရသည်။


[သင်က Xမိသားစု၏အကြီးဆုံးသခင်မလေးဖြစ်၏။ယနေ့မိသားစုက စုဝေးပြီး

သင့်နှင့် Y မိသားစုကYသခင်လေး(ကျေးဇူးပြု၍ ဧည့်သည်၏နာမည်အစားထိုးပါရန်)တို့၏ 

ခမ်းနားကြီးကျယ်သောစေ့စပ်ပွဲကို ကျင်းပကာ မင်္ဂလာပွဲ၏အသေးစိတ်အကြောင်းအရာများကိုဆွေးနွေးခဲ့ကြသည်]


လင်းလော့ချင်း:" ? ? ? ?"


လင်းလော့ချင်း:"......"


သူ မှတ်မိသည်ကသာမှန်ပါက ကျိယွီရှောင်က သခင်လေး၏ စာအုပ်ကို ရွေးချယ်ထားသည်။


သေချာသည်ပင်၊ မကြာခင်မှာပဲ သူ ကျိယွီရှောင်၏ WeChat မက်ဆေ့ချ်ကို လက်ခံရရှိခဲ့သည်။


ကျိယွီရှောင်: [မိန်းမ?]


လင်းလော့ချင်း:"......"


ကျိယွီရှောင်: [စေ့စပ်ထားသူ?]


လင်းလော့ချင်း:"....."


ကျိယွီရှောင် : [ဟားဟားဟားဟား မင်းမြင်လား.... ဒါက မင်းနဲ့ငါကြားက ကံကြမ္မာပဲ၊ ကျိပန်ရှားထဲဆိုရင်တောင် မင်းကငါ့မိန်းမဖြစ်နေတုန်းပဲ... အခုတော့ ရှိူးမှာ 'မင်းရဲ့ယောကျာ်း' ဆိုတဲ့ စကားလုံးကို ငါပြောလို့ရပြီ [ခွေးခေါင်း]]


လင်းလော့ချင်း:"......"


ဒီဇာတ်ညွှန်းက မသမာလွန်းတယ်...

***

ယခု အဆင်ပြေသွားပြီဖြစ်၏။သူနှင့် ဝူရှင်းယွမ်တို့ ကျိယွီရှောင်ကြောင့် လျှို့ဝှက်ချက်တွေပေါ်သွားမှာကို စိတ်ပူစရာမလိုတော့ပေ။


မေးရင် ဇာတ်ညွှန်းရဲ့ ဆက်တင်၊မေးရင် သူတို့က စေ့စပ်ထားလို့ပဲ...


လင်းလော့ချင်း ၎င်းကို တွေးပြီး ဤဇာတ်ညွှန်းက လုံးဝ မဆိုးဘူးဟု ခံစားရသည်။ 


သူက စိတ်ကြီးဝင်စွာနှာမှုတ်လိုက်ပြီး ဇာတ်ညွှန်းကို ဆက်လက်ဖတ်ရှုသည်။


တစ်ညတည်းနှင့် သူ ဇာတ်ညွှန်းဖတ်ပြီး ကျက်လိုက်သည်။


မနက်ဖြန်ဂိမ်းကစားသည့်အခါ သတိပေးချက်အနေဖြင့် လက်ကတ်များကို ယူသွားနိုင်ပေမဲ့ ပရိသတ်၏အတွေ့အကြုံအတွက် လင်းလော့ချင်း အကြီးဆုံးသခင်မလေးဇာတ်ရုပ်ကို ပိုမိုကောင်းမွန်စွာအဓိပ္ပာယ်ဖွင့်ဆိုနိုင်ရန် သူ အားလုံးနီးပါးကို အလွတ်ကျက်လိုက်ဆဲဖြစ်သည်။


— ဟုတ်သည်၊ ဤဇာတ်ညွှန်းကို ယာယီအတိုချုံးပြဇာတ်အဖြစ် သူသတ်မှတ်ထားပြီးပြီဖြစ်သည်။


နောက်တစ်နေ့တွင် ရသစုံရှိုးကို နေ့လည် နှစ်နာရီတွင် စတင်ရန် စီစဉ်ထားသည်။


မွန်းတည့် ၁၁ နာရီမှာ လူတိုင်းက ထမင်းအရင်စားကြပြီးမှ မိတ်ကပ်လိမ်းပြီး အဝတ်အစားလဲကြသည်။


လင်းလော့ချင်းက အမျိုးသမီးတစ်ဦးအဖြစ် ပထမဆုံးအကြိမ် ၀တ်စားပြင်ဆင်ခြင်းဖြစ်ပြီး သူ စူးစမ်းချင်စိတ်ကို မထိန်းနိုင်ဘဲ ဖြစ်နေသည်။


သူက ကုလားထိုင်ပေါ်ထိုင်ပြီး စားပွဲပေါ်က အလှကုန်တွေကို ကြည့်ပြီး ခဏခဏ "ဒါက ခြယ်လိုက်ရင် ကြည့်ကောင်းမှာလား" ဟု မေးတတ်သည်။


သူက အမျိုးသမီးတစ်ဦးအဖြစ် သရုပ်ဆောင်ရမည်ဖြစ်ကာ အထူးသဖြင့် ငယ်ရွယ်ပြီး လှပသော အကြီးဆုံးသခင်မလေးအဖြစ် သရုပ်ဆောင်ရမှာဖြစ်သောကြောင့် လင်းလော့ချင်း သူသရုပ်ဆောင်သည် အကြီးဆုံးသခင်မလေးက ရုပ်ရည်ကြည့်ကောင်းရန် မျှော်လင့်နေဆဲဖြစ်သည်။


မိတ်ကပ်ပညာရှင်က ပြုံးပြီး ဆိုသည်။

"စိတ်မပူပါနဲ့ လင်းလောင်ရှီး... လောင်ရှီး ဒီလောက်ချောတာ...ခြယ်လိုက်ရင် သေချာပေါက် ကြည့်ကောင်းလိမ့်မယ်...သေချာပေါက်လှနေမှာ"


လင်းလော့ချင်း ပြုံးပြီး မိတ်ကပ်လိမ်းသည်ကို ကြည့်နေလိုက်သည်။


လျှိုယာမင်က ဂရုစိုက်သူဖြစ်သည်။ဤသည်က သူ့အတွက် အမျိုးသမီးတစ်ဦးအနေဖြင့် ပထမဆုံးအကြိမ် ၀တ်စားပြင်ဆင်ခြင်းဖြစ်ကြောင်း သိထားသောကြောင့် သူ့ကို အရှက်မရစေချင်ပေ။သူမက အဖြူရောင်ရှပ်အင်္ကျီနှင့်ဘောင်းဘီရှည်ကိုပဲ ပြင်ဆင်ထားပေးထားသည်။ ရှပ်အင်္ကျီက နီလာရင်ထိုးပါသည့် နန်းတွင်းစတိုင်ဖြစ်ပြီး သား"နား"ရှိသည်။ယင်းက ရှူပ်ထွေးပြီး လှပကာ အတော်လေးလက်ရာမြောက်သည်။ဘောင်းဘီကမူ အမျိုးသမီးစတိုင်ဖြစ်သည်။


"ဒီနည်းနဲ့ဆို မင်းစကတ်ဝတ်စရာမလိုတော့ဘူး" 

လျှိုယာမင်က ပြုံးလိုက်သည်။


"ဟုတ်ကဲ့" 

လင်းလော့ချင်းက သဘောတူသည်။


"ဆံပင်တုက အရှည်ဖြစ်ဖြစ် အတိုဖြစ်ဖြစ် ဝတ်လို့ရပါတယ်...ဒီအင်္ကျီနဲ့ လိုက်ဖက်တာဆိုရင် ဆံပင်အရှည်က ပိုကောင်းမယ်လို့ ထင်တယ်...ဒါပေမဲ့ မင်းဆံပင်တိုချင်ရင်လည်း ဆံပင်တိုသုံးလို့ရပါတယ်"


"ဒါဆိုလည်း ဆံပင်ရှည်ကြရအောင်"

လင်းလော့ချင်းက အလွန်ကောင်းမွန်သောအပြုအမူဖြင့် ပြောသည်။


မိတ်ကပ်ပညာရှင်က ဆံပင်တုအရှည်တစ်ခုကို ရွေးပေးပြီး ဆံပင်တုနှစ်ခုကို

အရန်အဖြစ် ချန်ထားကာ လက်ထောက်ကိုယူသွားခိုင်းလိုက်သည်။


လင်းလော့ချင်းက ရိုက်ကူးရေးလုပ်သည့်အချိန်အများစုမှာ မိတ်ကပ်မလိမ်းဘဲ သို့မဟုတ် မျက်ခုံးမွှေးဆွဲရုံတင်ပြုတတ်သည်။ယခု သူမက ဖောင်ဒေးရှင်းကနေ မျက်လုံးမိတ်ကပ်၊ ဟိုက်လိုက်(hightlight)နှင့် နှုတ်ခမ်းမိတ်ကပ်တွေအထိ သေချာကျနလိမ်းပေးခဲ့သည်။


လိမ်းပြီးသွားသည့်အခါ မိတ်ကပ်ပညာရှင်က အညိုရောင်ဆံပင်ရှည်ကို ၀တ်ပေးခဲ့သည်။လင်းလော့ချင်း မှန်ထဲမှာ သူ့ကိုယ်သူ ကြည့်ပြီး မမှတ်မိမှာ အနည်းငယ် ကြောက်လာသည်။


သူက မျက်တောင်ခတ်လိုက်ရာ မှန်ထဲကလူကလည်း မျက်တောင်ခတ်သည်။


မျက်တောင်ကို ပိုထူပြီး ပိုရှည်အောင်လုပ်ထားသော မှန်ထဲက သူ့ကိုယ်သူ ကြည့်လိုက်သည်။အနည်းငယ်ကော့တက်နေသော သူ့မျက်လုံးများ၏ အပေါ်ထောင့်စွန်းများက အလွန်ဆွဲဆောင်မှုရှိဟန်ဖြစ်စေသည်။သို့ပေမဲ့ ကြက်သွေးရောင်အိုင်းရှဲဒိုးက သူ့ကို အပြစ်ကင်းစင်ပြီးဖြူစင်သယောင်ဖြစ်စေသည်။စိုစွတ်သောနှုတ်ခမ်းများက နွေရာသီရှိသကြားလုံးနှင့်တူသည်၊ လှိုင်းတွန့်ပုံရှည်လျားသောဆံပင်ကောက်ကောက်များနှင့်ပေါင်းလိုက်သောအခါ သူ ဖြူစင်သည်လား၊ ညှို့ဓာတ်ပြင်းသည်လား ပြောရရန်ခက်သွားသည်။ဖုံးကွယ်၍မရသည့် သူရဲကောင်းဆန်သောအရှိန်အဝါ အနည်းငယ်လည်းရှိလေသည်။


"ဝိုး လင်းကော...ကောက မိန်းကလေးပုံစံနဲ့ အရမ်းလှတာပဲ" 

စုန့်ရှို့ဝမ်က အော်လိုက်သည်။


လင်းလော့ချင်း အနည်းငယ်ရှက်ရွံ့သွားပြီး ပြုံးလိုက်ရာ မတ်လတွင် ပွင့်နေသော နေရောင်ခြည်ကဲ့သို့ပင်။အရာအားလုံး ပြန်လည်ရှင်သန်လာပြီး တောက်ပလာခဲ့သည်။


စုန့်ရှို့ဝမ် မသိစိတ်ဖြင့် ရှက်သွေးဖြာသွား၏။လင်းလော့ချင်းက ယခုလိုကျ ဖောင်း(foul)လွန်းသည်ဟုတွေးကာ ဘေးနားသို့ တိတ်တိတ်လေး သွားပြီး ထိုင်လိုက်သည်။သူက တကယ်ကို မိန်းကလေးပုံစံနှင့်လှလွန်းသည်။


လင်းကောရဲ့ အနာဂတ်ကောင်မလေးကို ဒီလိုရုပ်ချောတဲ့ ချစ်သူမျိုး ပိုင်ဆိုင်ခွင့်ရလို့ တကယ်ကို မနာလိုဖြစ်နေပါပြီနော်...


လင်းလော့ချင်း အဖြူရောင်ရှပ်အင်္ကျီနှင့်ဘောင်းဘီကို လဲဝတ်လိုက်သည်။


မိတ်ကပ်ပညာရှင်က သူ့ကို အသေးစိတ်အချက်အလတ်တွေကို ချိန်ညှိပေးခဲ့ပြီးမှ စုန့်ရှို့ဝမ်တို့တတွေနှင့်အပြင်ထွက်ခွင့်ပြုလေသည်။


ကျိယွီရှောင်က သူ့အဝတ်အစားတွေလဲပြီး ဧည့်ခန်းထဲမှာ စောင့်နေသည်။သူက ပရိုဂရမ်အဖွဲ့သားတွေက ပြင်ဆင်ထားသည့် ဝတ်စုံကို ၀တ်ဆင်ထားခဲ့၏။ဝတ်စုံ၏အရည်အသွေးက သူဝတ်လေ့ရှိသည်များနှင့် မယှဉ်နိုင်ပေမဲ့ ဒီဇိုင်းက အလွန်သပ်ရပ်ပြီး လက်ရာမြောက်သည်။သူ၏ အရပ်နှင့် ခြေတံရှည်ရှည်များကို မီးမောင်းထိုးပြထားပြီး သူ့အား အနောက်ဥရောပမှ မြင့်မြတ်သော တော်ဝင်မင်းသားတစ်ပါးကဲ့သို့ ဖြစ်စေသည်။


အထူးသဖြင့် လင်းလော့ချင်း၏ ရှပ်အင်္ကျီနှင့် လိုက်ဖက်ရန် သူ၏ ရှပ်အင်္ကျီကို နန်းတွင်းပုံစံ ရွေးချယ်ထားသော်လည်း ၎င်းက ပိုမိုရိုးရှင်း်။ ကော်လာနှင့် လက်ပတ်များတွင် ဖန်စီဒီဇိုင်းထည့်ထားသောကြောင့် သူ့ကို ပိုမိုမာနကြီးဟန် မြင့်မြတ်ဟန်ပေါ်စေသည်။


လင်းလော့ချင်း ကျိယွီရှောင်ကို ဤစတိုင်နှင့် တစ်ခါမှ မမြင်ဖူးပေ။အချိန်အများစုတွင် ကျိယွီရှောင်က အလုပ်လိုအပ်ချက်အရ လိုက်ဖက်စွာ ၀တ်ဆင်လေ့ရှိပေမဲ့ သူ့စတိုင်လ် ပို၍ ပုံစံကျသည်။လင်းလော့ချင်းအတွက် ယခုလိုရိုးရှင်းပြီး ဖက်ရှင်ကျသောစတိုင်နှင့် ပထမဆုံးအကြိမ်မြင်ဖူးခြင်းဖြစ်သည်၊သူ့မျက်လုံးတွေကို ကျိယွီရှောင်ဆီကမခွာနိုင်ဘဲ စိုက်ကြည့်နေမိခဲ့သည်။


သူ ကျိယွီရှောင်ကို စိုက်ကြည့်နေချိန်မှာ ကျိယွီရှောင်ကလည်း သူ့ကို စိုက်ကြည့်နေခဲ့သည်။


လင်းလော့ချင်း၏ မိန်းကလေးပုံစက ကြည့်ကောင်းမည်ဟု ကျိယွီရှောင် ထင်ခဲ့သော်လည်း ထိုမျှလောက် ကြည့်ကောင်းမည်ဟု သူ မမျှော်လင့်ခဲ့ပေ။


သူ့ပုံစံက နူးညံ့သိမ်မွေ့ပြီး တောက်ပကာ ချောမောသည်။အလွန်အမင်း ရန်လိုနေဟန်မရှိပေ။ယခုအခါတွင် သူက မိတ်ကပ်လိမ်း၊ ဆံပင်တုဝတ်ပြီး

သားနားသော နန်းတွင်းပုံစံရှပ်အင်္ကျီကိုဝတ်ထားသောအခါ မာနကြီးပြီးတောက်ပသောသခင်မလေးနှင့်တျူလသည်။


ကျိယွီရှောင် ရုတ်တရက် လင်းလော့ချင်းကို လူတိုင်းရှေ့တွင် ဤပုံစံနှင့် ပေါ်မလာစေချင်တော့ပေ။သူက မိမိအတွက်သာ ၀တ်ဆင်သင့်ပြီး အခြားသူများအတွက် စဉ်းစားမနေသင့်ပေ။


'ကံကောင်းပေလို့' 

ကျိယွီရှောင် သူ့ကိုယ်သူ နှစ်သိမ့်ပေးခဲ့သည်။

'ကံကောင်းပေလို့ သူစကတ်မဝတ်ထားဘူး'


မဟုတ်လျှင် သူ့အင်္ကျီကို ချွတ်ပြီး လင်းလော့ချင်း၏အောက်ပိုင်းကို အခုချက်ချင်း ထခြုံပြီး "အေးတယ်... မြန်မြန်ထိုင်ပြီး ဒါနဲ့ ဖုံးထားလိုက်" ဟု ပြောမိမှာဖြစ်သည်။


သူများတွေကို သူ့အားကြည့်ခွင့်မပေးနိုင်။


ကျိယွီရှောင် လင်းလော့ချင်းကိုကြည့်ကာ ဖြည်းညှင်းစွာပြုံးလိုက်သည်။


လင်းလော့ချင်းက ကျိယွီရှောင် သူ့ကို စိုက်ကြည့်ရင်း ပြုံးနေသည်ကို မြင်လိုက်ရပြီး သူ၏ လက်ရှိဝတ်စားဆင်ယင်ပုံကို တွေးရင်း ဒေါသတကြီးပြော၏။

"ဘာလို့ ပြုံးနေတာလဲ"


"ငါနဲ့ စေ့စပ်ထားသူရဲ့ အလှကို ကြည့်ပြီး ပြုံးနေတာ" 

ကျိယွီရှောင် အမှန်ရောအမှားပါရောပြောလိုက်သည်။

"ငါ့ရဲ့ စေ့စပ်ထားသူက ဒီလောက်လှတာ ...ဘာလို့ မပျော်ရမှာလဲ...ငါ့မှာ ပိုက်ဆံတွေ အများကြီး ရှိတယ်"


လင်းလော့ချင်း:"......"


လင်းလော့ချင်း၏ နားရွက်များ တိတ်တိတ်လေး ပူလောင်သွားသည်။


"ဘယ်သူက မင်းရဲ့စေ့စပ်ထားသူက လဲ"

သူက တမင်နှာခေါင်းရှုံ့လိုက်သည်။


"တချို့လူတွေက ဇာတ်ညွှန်းကို လေးလေးနက်နက် မဖတ်ခဲ့ကြဘူးထင်တယ်" 

ကျိယွီရှောင်က ပြုံးပြုံးကြီး ဆိုသည်။ "ငါတို့အားလုံး ဒီနေ့ မင်းနဲ့ငါရဲ့စေ့စပ်ပွဲကို ကျင်းပဖို့ လာစုနေကြတာပဲ မဟုတ်ဘူးလား အချစ်"


လင်းလော့ချင်း:"......"


"မှန်တယ် မှန်တယ်"

စုန့်ရှို့ဝမ်က စဥ်းပင်မစဥ်းစားဘဲထောက်ခံလိုက်သည်။

"ခဲအို... နောင်အနာဂတ်မှာ ကျွန်မ အစ်မကို ကောင်းကောင်းဆက်ဆံရမယ်နော်" 


"ဒါပေါ့" 

ကျိယွီရှောင်က သဘောထားကြီး၍နေသည်။၎င်းကိုမြင်သောအခါ တခြားသူတွေကလည်း ရယ်ပြီး "ဂုဏ်ပြုပါတယ်"ဟု တစ်ယောက်ပြီးတစ်ယောက် ပြောကြသည်။


သူတို့က ဤသည်က ဇာတ်ညွှန်းမစတင်မီ နိဒါန်းတစ်ခုအဖြစ်သာ မှတ်ယူနေကြသည်။


လျှိုယာမင် သူတို့ပြောနေသည်များကို နားထောင်ရင်း အချိန်ကို ကြည့်လိုက်သောအခါ အချိန်နီးနေပြီဆိုသည်ကို သူမမြင်လိုက်ရသည်။နေရာယူရန် သူမ လူတိုင်းကို သတိပေးတော့သည်။

"ရိုက်ကူးရေးစတော့မယ်"


ကျိယွီရှောင်က ပြုံးပြီးဆိုသည်။

"သွားရအောင် အချစ်"


လင်းလော့ချင်း:"......"


လင်းလော့ချင်းက သူ့ကို ဒေါသတကြီးကြည့်ကာ ဆိုဖာဆီသို့ သွားထိုင်သည်။


ကျိယွီရှောင် သူ၏ မောက်မောက်မာမာပုံစံလေးကို ကြည့်ပြီး သူ့ဘေးတွင် လိုက်ထိုင်လိုက်သည်။


ဒါရိုက်တာက သရုပ်ဆောင်တွေဆီ ကင်မရာကို ချိန်ပြီး စတင်ရေတွက်ပါတော့သည်။


တိုက်ရိုက်ထုတ်လွှင့်မှု ပလပ်ဖောင်းမှာ လေးစားလောက်ဖွယ် ပရိသတ်များ စုဝေးရောက်ရှိနေပြီဖြစ်ပြီး၊ ယနေ့ တိုက်ရိုက်ထုတ်လွှင့်မှုကို အမြန်ဆုံးစတင်ရန် စောင့်ဆိုင်းနေကြသည်။


[မြန်မြန် မြန်မြန်... ငါ လော့ချင်းကို တွေ့ချင်တယ်]


[အား အား အား...လော့ချင်း မားမား ဒီမှာ]


[ဒီနေ့ ကျိပန်ရှားကစားမယ်ပြောတယ်...ကောကော ကျားယို့]


[လာ လာ လောင်းကြစို့...လော့ချင်း က ဘယ်သူ့ကိုခေါ်လာမလဲ]


[ကျန်းကော ကျန်းကော ကျန်းကော...သေချာပေါက် ကျန်းကောပဲဖြစ်ရမယ်...ရှစ်ချင်းကအစစ်မှန်ဆုံးပဲ... စင်မြင့်ပေါ်က ဝန်ခံချက်က နှစ်ပေါင်းများစွာအတွင်း ငါကြားဖူးခဲ့သမျှထဲမှာ ရိုမက်တစ်အဆန်ဆုံး ကျေးဇူးတင်စကားပဲ]


[ချင်ကျဲ ချင်ကျဲ ချင်ကျဲ...သေချာပေါက် ချင်ကျဲပဲဖြစ်ရမယ်... "အလင်းရောင်"ကနေ "အနောက်အရပ်သို့ခရီး"အထိ ချင်ကျဲက လော့ချင်းနဲ့ ဘယ်တုန်းကမှ မခွဲခွာခဲ့ဖူးဘူး...ဒီရိုက်ကူးရေးကလည်း ချင်ကျဲပဲဖြစ်ရမယ်]


[မဖြစ်နိုင်ဘူးဆိုတာ ငါသိပေမဲ့ စုထုံကွာ...ငါ စုထုံနဲ့ တွေ့ချင်နေတုန်းပဲ]


[ဟားဟားဟား... စုထုံက မနေ့က Z City မှာ ရှိနေတုန်းပဲ... မဖြစ်နိုင်ဘူး... သူက ပထမဆုံး ဖယ်ထုတ်ခံရတာလေ]


[အဲဒါက ကျန်းကောပဲ ဖြစ်ရမယ်...ရှစ်ချင်းက အစစ်အမှန်... ဒါကို ဘယ်သူက မသိလို့လဲ]


[ချင်ကျဲ ချင်ကျဲ ချင်ကျဲ... ငါသိတယ်၊ အဲဒါက ချင်ကျဲပဲ ဖြစ်ရမယ်]


[ကျန်းကော!]


[ချင်ကျဲ!]


မှတ်ချက်ဧရိယာတွင် အပြင်းအထန်ငြင်းခုံမှုတစ်ခုဖြစ်ပွားခဲ့ပြီး ပွက်လောရိုက်နေခဲ့သည်။ထို့နောက် သူတို့ တိုက်ရိုက်ထုတ်လွှင့်မှုစတင်သည်ကို မြင်လိုက်ရသည်။


လူတိုင်းက ကီးဘုတ်ပေါ်က လက်ကို ချက်ချင်းချပြီး စခရင်ကို ကြည့်ကြသည်။


လူတိုင်းကို မြင်လိုက်ရသည့်အခိုက်မှာ အားလုံး ကြောင်သွားကြသည်။

အိုးမိုင်ဂေါ့... သူတို့ကျန်းကောရော သူတို့ချင်ကျဲရော ဘာလို့မရှိတာလဲ...လင်းလော့ချင်းတောင်ပျောက်နေပါ့လား...


သူတို့ရဲ့ idol လင်းလော့ချင်း ဘယ်မှာလဲ...


[လင်းလော့ချင်းက ဒီနေ့ ပါတာ မဟုတ်တာများလား]


[မဖြစ်နိုင်ဘူး...ဒီနေ့ဆိုတာသေချာတယ်]


[ဟားဟားဟား....သူ ဘယ်သူ့မှခေါ်မလာတာလည်းဖြစ်ချင်ဖြစ်မှာပေါ့ [ရယ်စရာ]]


အင်တာနက်သုံးစွဲသူများ အံ့သြနေချိန်တွင် လျှိုယာမင် နှင့် စွန်းလျန့်တို့က ကင်မရာရှေ့သို့ ဖြည်းညှင်းစွာ လျှောက်လာကြသည်။


"သခင်မ... ဒီနေ့ အိမ်မှာ ဘာလို့လူ ဒီလောက်များနေတာလဲ" 

စွန်းလျန့်က မေးသည်။


"ချင်းချင်း စေ့စပ်မှာဆိုတော့ အိမ်က သဘာဝအတိုင်း အလုပ်ရှုပ်နေတာပေါ့ကွယ်... အဲဒါကို စိတ်ပူစရာ မလိုဘူး သခင့်ကို သွားခေါ်လိုက်...ငါ သူတို့နဲ့ စကားပြောလိုက်ဦးမယ်"


ထိုစကားနှင့်အတူ လျှိုယာမင်က တစ်ဖက်သို့ လျှောက်သွားကာ ကင်မရာက သူမနောက်မှ ဧည့်ခန်းဆီသို့ လိုက်သွားခဲ့သည်။နောက်တစ်စက္ကန့်တွင် ဆံပင်ရှည်၊ ခြုံပဝါ၊ သားနားလှပသော ရှပ်အင်္ကျီ၊ သပ်ရပ်စွာ လိမ်းခြယ်ထားသော မိတ်ကပ်ပါးပါးနှင့် လင်းလော့ချင်းကို တွေ့လိုက်ရပြီး လူတိုင်း အံ့သြသွားကြသည်။သူက မေးလေးထောက်ရင်း သူများတွေစကားပြောနေသည်ကိုနားထောင်နေသည်။


ဘေးနားမှာက ရှစ်ကျန်းရော ချင်ဝူရောမဟုတ်သည့် မေးရိုးထင်းထင်းဖြင့်ချောမောသည့် အမျိုးသားတစ်ယောက်ရှိနေသည်။


ထိုလူက လိမ္မော်သီးကို ဖြည်းညှင်းစွာ အခွံခွာပြီးနောက် လိမ္မော်သီးပေါ်ရှိ အဖြူရောင်အမျှင်များကို ဖယ်ထုတ်ပြီး လင်းလော့ချင်း၏လက်ထဲသို့ ထည့်လိုက်သည်။


"စားကြည့်"

သူက ညင်သာစွာပြောလိုက်ပြီး သူ့လေသံက ကျောက်စိမ်းလို နူးညံ့နေသည်။


"ကျိသခင်လေးက တကယ်ကို တွေးပေးတတ်သူပဲ" 

လျှိုယာမင်က ဆိုဖာပေါ်ထိုင်ပြီး ပြုံးပြုံးရွှင်ရွှင်ဆိုလေ၏။

"မင်းက ဒီလိုမျိုးဆိုတော့ အဒေါ် ချင်းချင်းကို မင်းဆီ ယုံယုံကြည်ကြည်ထားခဲ့နိုင်ပါပြီကွယ်"


"အမေ" 

လင်းလော့ချင်းက သူမကို စိုက်ကြည့်လိုက်ပြီး သူ့မျက်နှာမှာ အနည်းငယ်ရှက်ရိပ်သန်းနေသည်။


လျှိုယာမင်က ပြုံးပြီး ဆို၏။

"ဘာဖြစ်လဲသမီးရယ်...သမီးကို ကျိသခင်လေးနဲ့ စေ့စပ်ကြောင်းလမ်းပေးမဲ့ ပျော်ရွှင်စရာပွဲကို ကျင်းပဖို့ ဒီနေ့ မေမေတို့ ဒီမှာ စုနေတာ မဟုတ်လား"


စခရင်ရှေ့က ပရိသတ်:"? ? ? ! !"


ဘာနဲ့ဘာ...


ဘယ်သူနဲ့ ဘယ်သူ...


စေ့စပ်တယ်?! ! !


မဟုတ်ဘူး... အစကတည်းက ဒီလောက် ဝုန်းဝုန်းဒိုင်းဒိုင်းဖြစ်နေပြီလား...


သို့သော် အခြား CPဖန်များနှင့် ရိုးရိုးဖန်များ၏ စိတ်ထဲတွင် တစ်ခုတည်းသာရှိသည်–'အမေ သဘောမတူဘူးးး...အမေ ဒီအိမ်ထောင်ရေးကို သဘောမတူဘူး'