🍵Chapter 207
အသားကင်နည်းက မခက်ခဲချေ။ ထုံရွှယ်လူ အကြိမ်အနည်းငယ်သရုပ်ပြပြီးနောက် လူတိုင်းက ၎င်းကို ကောက်ယူကြသည်။
လူအုပ်က ကြီးမားသောအခါ အသားကင်များမှာ လျင်မြန်စွာ ပျောက်ကွယ်သွားကြ၏ ။
အဘိုး၀မ်က ရှောင်ပါ့၏ ကြက်ပေါင်ကို ကိုင်ရင်း ခေါင်းညိတ်ပြကာ " ရွှယ်လူရဲ့ လက်ရာကတော့ အမြဲတမ်း အံ့သြစရာကောင်းတယ် "
ဗိုလ်မှူးရှောင်းက ကျေနပ်စွာဖြင့် " ဒါပေါ့။ သူမက ငါ့မြေးမလေးလေ "
အဘိုး၀မ်က လှောင်ရယ်လိုက်သည် " ထွီ။ အမည်ခံအဘိုး မင်းက ဘာကို ဂုဏ်ယူနေတာလဲ "
ဗိုလ်မှူးရှောင်းက ဒေါသတကြီး ပြောလိုက်သည်။
" ခေါင်းမာတဲ့အဘိုးကြီး ငါ့စားစရာတွေ စားနေတာကို ရပ်လိုက် "
အဘိုး၀မ်က " ရွှယ်လူက အဲဒါတွေကို ငါ့အတွက် လုပ်ထားတာ။ မင်းက အဲဒါတွေကို လုပ်ခဲ့တာ မဟုတ်ဘူး "
ဗိုလ်မှူးရှောင်း၏ မျက်လုံးများသည် ဒေါသကြောင့် ဝိုင်းစက်သွားသည်။ "……"
ဖန်ကျင်းယွမ်က သူမ၏ အဆီဖုံးနေသည့် နှုတ်ခမ်းများဖြင့် " ရွှယ်လူ နင်လုပ်သမျှက အရမ်းအရသာရှိနေတာ ဘာလို့လဲ။ နင့်ကို ယောင်္ကျားလေးဖြစ်စေချင်လိုက်တာ "
ဖန်ကျင်းယွမ်က သူမကို လက်ထပ်လိုမိသည်။
ထုံရွှယ်လူက " ငါယောက်ျားဖြစ်ရင် နင့်ကို လက်ထပ်မှာမဟုတ်ဘူး "
ဖန်ကျင်းယွမ်က အော်လိုက်သည်။ " ဘာလို့လဲ။ ငါက မလှလို့လား မနူးညံ့လို့လား "
ထုံရွှယ်လူက " နင် ကြွေးဥ(ကန်စွန်းဥမျိုးနွယ်၀င်) စားပြီး ငါ့ကို အီးပေါက်သတ်မှာ စိုးရိမ်တယ် "
ဖန်ကျင်းယွမ် "……." ' သူမ ဘာကြောင့် ထုံရွှယ်လူကို နောက်ဆုံးအကြိမ်က သွားပြောခဲ့ရတာလဲ '
သူမ စကားပြောပြီးသည့်အခါ ၀မ်ရူကွေ့ က သူမအား ကြည့်နေသည်ကို သတိထားမိလိုက်ပြီး သူမလုပ်ထားသည့် ကြက်တောင်ပံတစ်ချောင်းကို ပေးလိုက်သည်။
သူမက တိမ်းစောင်းလိုက်ပြီး သူ့အား တိုးတိုးလေးပြောရန် အခွင့်အရေး ယူလိုက်သည်။ " ကျွန်မ ယောက်ျားဖြစ်ရင် ရှင့်ကို လက်ထပ်မယ် "
အကယ်၍ သူမ ယောက်ျားဖြစ်ပါက ၀မ်ရူကွေ့ကို သူမ ခန္ဓာကိုယ်အောက်တွင် ဖိထားကာ အနိုင်ကျင့်မည်ဖြစ်သည်။
၀မ်ရူကွေ့၏ မျက်တောင်များ တဖျပ်ဖျပ်ခတ်သွားပြီး သူ့နားရွက်ထိပ်များ က ချက်ချင်းပင် နီရဲသွားသည် ။
ခြံထဲတွင် လူတိုင်း စကားစမြည်ပြောရင်း ရယ်မောနေကြပြီး ကလေးများက အချင်းချင်း လိုက်ဖမ်းနေကြသည်။ ဤဘက်ခြမ်းရှိ လူငယ်များက သူတို့၏ အနာဂတ်မျှော်လင့်ချက်များကို ပြောနေကြပြီး လူကြီးများက သူတို့ခေတ်တွင် သူတို့၏ဘ၀ မည်မျှ ခက်ခဲကြမ်းတမ်းခဲ့သည်ကို ပြန်ပြောပြနေကြသည်။
ကလေးများ၊လူငယ်များနှင့် သက်ကြီးရွယ်အိုများအားလုံး မိမိတို့နှင့် သက်ဆိုင်ရာ အုပ်စု ဖွဲ့ထားကြသော်လည်း အတူတကွ လိုက်လျောညီထွေ ရှိနေကြသည်။
အသားကင်ပွဲမှာ ည ၈ နာရီအထိ ကြာမြင့်ခဲ့သည်။
ကျောင်းပေါရှန်းသည် နှစ်သစ်ကူးမတိုင်မီ ၎င်း၏လွတ်လပ်မှုကို ပြန်လည်ရရှိခဲ့ပြီး ယခုအခါ အခြေစိုက်စခန်းမှ လွတ်လပ်စွာ ဝင်ထွက်နိုင်ပြီဖြစ်သည်။ သူတို့က ကျုံးရှုလန်၏ မိသားစုနှင့်နီးစပ်သော မြို့နယ်နိမိတ်အတွင်းရှိအိမ်တစ်လုံးကို ဝယ်ယူခဲ့သည်။
ကျောင်းယွင်ရှီးသည် ကျန်းတန့်ဟုန်၏နေရာနှင့် သိပ်မဝေးလှဘဲ ဖူကျန့်ယိ၏ နေရာနှင့် ဦးတည်ရာ တူညီသည်။
ဖူကျန့်ယိက အကြံပြုသည်။ " အိမ်ပြန်တဲ့လမ်းမှာ အမျိုးသမီးနှစ်ယောက်ကို ကျွန်တော် အဖော်ပြုလိုက်ပေးသင့်တယ် လို့ထင်တယ် "
ထိုစကားကိုကြားသောအခါ ကျန်းတန့်ဟုန်က သူ့ကို တစ်ချက်ကြည့်လိုက်သော်လည်း မည်သည်ကိုမှ မပြောပေ။
ကျောင်းယွင်ရှီးသည် ကျန်းတန့်ဟုန်နှင့် ဖူကျန့်ယိတို့ကြား ပြဿနာအချို့ရှိနေကြောင်းသိရှိပြီး ဤသူက လူဆိုးမဟုတ်ကြောင်းကိုလည်း သူမ သိသည်။
ယခု သူက သူမတို့ကို အဖော်ပြုကာ အိမ်ပြန်ရန် အကြုံပြုလာခဲ့ပြီး သူမတို့ နှစ်ယောက်လုံး ပြန်မဖြေလျှင် အဆင်မပြေပေ။
ထို့ကြောင့် သူမ သူ့ကို မော့ကြည့်ကာ ပြုံးပြလိုက်သည်။ " ကျေးဇူးအများကြီးတင်ပါတယ် ရဲဘော်ဖူ "
ဖူကျန့်ယိ သူမအပြုံးကို မြင်လိုက်ရသောအခါ သူ့နှလုံးသားက တုန်လှုပ်သွားသည်။
" မဟုတ်ပါဘူး၊ ကိစ္စမရှိပါဘူး "
သူ အိမ်ပြန်လိုက်ပို့မည်ကို သူမ ကြားလိုက်ရချိန် တောက်ပသွားသည့်အပြုံးလေးကို ကြည့်လျှင် သူမသည်လည်း သူ့ကို သဘောကျနေသည်လား။
၀မ်ရူကွေ့၏ မိသားစုသည်လည်း စစ်မှုထမ်းအိမ်ရာဆီသို့ ဦးတည်ကြသည်။ ထို့ကြောင့် သူတို့က ဖန်ကျင်းယွမ်နှင့်အတူ အိမ်ပြန်ကြသည်။
အားလုံးပြန်သွားကြပြီးနောက် ထုံရွှယ်လူသည် မောင်နှမများ ရေချိုးရန် ရေနွေးတည်ပေးသည်။ ထို့နောက် သူမ က မျက်လုံးမဖွင့်နိုင်သည့် ထုံမျန်မျန်ကို ကုတင်ဆီသို့ သယ်ဆောင်သည်။
တစ်နေကုန် အလုပ်ရှုပ်နေပြီးနောက် ထုံရွှယ်လူသည်လည်း ရေချိုးပြီးသည်နှင့် အမြန်ပြန်ဝင်လာသည်။
ဗိုလ်မှူးရှောင်းက ညသန်းခေါင်၌ ရုတ်တရက် အိပ်ရာနိုးလာ၏။
သူက သူ့မြေးများ ညဘက်၌ စောင်ကန်ပြီး အအေးပတ်မည်ကို စိုးရိမ်နေပြီး စစ်ဆေးကြည့်ရန် သူတို့၏ အခန်းဆီသို့ လမ်းလျှောက်သွားသည်။ ထို့နောက် ထုံကျားရှင်းနှင့်် သူ၏ စောင်အပြင်ဘက်၌ ရှိနေသည့်တင်ပါးကို မြင်လိုက်ရသည်။
သူက ခေါင်းယမ်းပြီးနောက် လမ်းလျှောက်သွားကာ ကိုယ်ကို ကိုင်းညွှတ်၍ ထုံကျားရှင်းအား စောင်ခြုံပေးတော့မည့်အခိုက်အတန့်၌ " ဖွတ်" ဟူသည့် အသံကို ကြားလိုက်ရပြီးနှင့် လေအနည်းငယ်က သူ၏ နှာခေါင်း၀ဆီသို့ ရောက်ရှိလာသည်။
"……"
ရုတ်တရက် ဖြစ်ပေါ်လာသည့် လေက ဗိုလ်မှူးရှောင်း၏ မျက်နှာကို အစိမ်းရောင်ဖြစ်သွားစေသည် ။
ဗိုလ်မှူးရှောင်းက မတ်မတ်ပြန်ရပ်လိုက်သည်။ ဤသည်မှာ သူ၏မြေးအရင်း၊ မြေးအရင်း၊ တကယ့်မြေးအရင်းဖြစ်သည်ဟု သူ့ကိုယ်သူ သတိပေးနေသည်။ သူ့ကိုယ်သူ စကားပြောပြီးသည်နှင့် တပြိုင်နက် ထုံကျားရှင်းက နှစ်ကြိမ် ထပ်မံ၍ လေလည်ပြန်သည်။
ထုံကျားရှင်းသည် ယနေ့ညတွင် ကြွေးဥ တစ်လုံး သို့မဟုတ် နှစ်လုံး အပါအဝင် အစားအသောက် များစွာ စားသုံးခဲ့ပြီး ထိုအနံ့အား အကျယ်တ၀င့် မဖော်ပြနိုင်ပေ။
ဗိုလ်မှူးရှောင်းက သူ့တင်ပါးကို ပြင်းပြင်းထန်ထန် ရိုက်နှက်လိုက်ပြီး စောင်ကို ဆွဲတင်ပေးကာ ပြေးထွက်သွားလေသည်။
သူ ကြာကြာနေပါလျှင် ထိုအနံ့အသက်က သူ့ကို အသေသတ်ပစ်နိုင်လေသည်။
🍵
သန်းခေါင်ယံတွင် မိုးရွာကာ နှင်းကျခဲ့ပြီး မနက်ခင်းသည် ယခင်ကထက် ပိုအေးသွားခဲ့သည်။
ထုံရွှယ်လူသည် နှစ်သစ်ကူးကာလတွင် ပိတ်ရက် ငါးရက် ရရှိခဲ့ပြီး သူမတွင် နှစ်ရက်သာလျှင် ကျန်ရှိတော့သည်။ အားလပ်ရက်များသည် အမြဲတိုတောင်းလွန်းလှသည်။
ထုံရွှယ်လူ၏ အစီအစဉ်မှာ အိပ်ရာထဲ၌ လဲလျောင်းနေပြီး တစ်နေ့တာလုံး မည်သည်ကိုမှ မလုပ်ရန်ဖြစ်သည်။ သို့သော် ကုန်သွယ်ရေးဌာနအဖွဲ့ဝင်များက ရုတ်တရက်ပေါ်လာပြီး သူမအတွက် သတင်းတချို့ ယူလာကြသည်။
ကျယ်ချန်းကျိုးသည် မိခင်ဘက်မှ ဆွေမျိုးများထံ သွားရောက်လည်ပတ်ရန် စီစဉ်ထားပြီး သူ၏[ကွယ်လွန်ပြီးသော] အဘိုးအဘွားများဆီသို့လည်း သွားရောက်လည်ပတ်ရန် စီစဉ်ထားသည်။
ယခုအချိန် အစိုးရမှလည်ပတ်နေသော စားသောက်ဆိုင်များအားလုံးကို ပိတ်ထားကြပြီး မြူနီစီပယ်နိုင်ငံခြားရေးရုံးမှာ ရဲဘော်ကျယ်ချန်ကျိုးတစ်ယောက် အစားအသောက်ကောင်းများ ရှာမတွေ့နိုင်မည်ကို စိုးရိမ်နေကြသည်။ ထို့ကြောင့် စေ့စေ့စပ်စပ် စဉ်းစားပြီးနောက် ထိုခရီးတွင် ထုံရွှယ်လူအား အတူလိုက်ပါစေရန် ဆုံးဖြတ်ချက် ချလိုက်ကြသည်။
ထုံရွှယ်လူသည် ထိုသတင်းကြားပြီးနောက် "F" ဖြင့် စတင်သည့် စကားလုံးအချို့ ပြောဆိုလိုက်မိသည်။
ရဲဘော်ကျိုး၏ အတွေးများကို သူမ လေးစားသော်လည်း အပြင်မှာ အလွန်အေးနေသည့်အချိန် သူမ အမှန်တကယ်ပင် ခရီးမထွက်လိုပေ။
သိသာစွာဖြင့် သူမ ဤကိစ္စအား ငြင်းပယ်ခွင့်မရှိချေ။
ထုံရွှယ်လူ ဧည့်သည်များကို ပို့ဆောင်ပြီးနောက် သူမ၏မိသားစုအား ထိုသတင်းကို ကြေညာလိုက်သည်။
ဗိုလ်မှူးရှောင်းမှာ သိပ်မပျော်ရွှင်ပေ ။ " အဘိုး ဒီကိစ္စမှာ ဝင်စွက်ဖက်ဖို့ ခက်လိမ့်မယ် "
ဤအရာက တပ်ထဲမှာဖြစ်လျှင် ကြိုးများဆွဲ၍ ရနိုင်ေသာ်လည်း ဤနေရာက မြို့တော်ဖြစ်ပြီး သူ၏လက်များက ချည်နှောင်ထားခံရသည်။
ဤကဲ့သို့သောတာဝန်ကို လူအများက ဂုဏ်ယူစွာ လက်ခံလေ့ရှိကြပြီး ငြင်းဆိုပါက သူတို့သည် ကျေးဇူးကန်းပုံ ပေါ်ကာ အဖွဲ့၏ ဂုဏ်သိက္ခာလည်း ကင်းမဲ့သွားမည်ဖြစ်သည်။
ထုံရွှယ်လူက " အဲဒါကို စိတ်မပူပါနဲ့ အဘိုး။ သမီး သွားလိုက်ဦးမယ်။ ကံမကောင်းစွာနဲ့ပဲ အဘိုး မနက်ဖြန် ပြန်ရင် သမီး လိုက်မပို့နိုင်တော့ဘူး "
ထွက်ခွာရမည့်အတွေးက ဗိုလ်မှူးရှောင်း၏ စိတ်ခံစားချက်အခြေအနေကို ပိုမိုဆိုးရွားစေသည်။
သူ၏ မြေးများနှင့် အချိန်မကုန်ဆုံးခင်က ယခုလောက် မဆိုးပေ။ သို့သော် ယခု သူတို့နှင့် ရက်အနည်းငယ်ကြာအောင် နေခဲ့ပြီးနောက် လုံးလုံး ထွက်ခွာမသွားလိုတော့ပေ။
ယခုနှစ်တွင် မြို့တော်သို့ ပြန်လည်ပြောင်းရွှေ့နိိုင်ရန် လုပ်ဆောင်ရမည်ဖြစ်သည်။ သူ့မြေးမလေးက အလွန်လှပပြီး သူမကို ၀မ်ရူကွေ့ ခိုးယူမသွားနိုင်အောင် စောင့်ကြည့်ရန် လိုပေသည်။
သူမ နောက်တစ်နေ့တွင် ယန်ကျိုးသို့ ထွက်ခွာမည်ဖြစ်သဖြင့် ထုံရွှယ်လူသည် လူတိုင်းကို အသိပေးပြီးနောက် ထုပ်ပိုးမှုကို စတင်လိုက်သည်။
ထိုနေ့ မွန်းလွဲပိုင်းတွင် ၀မ်ရူကွေ့၏ နှလုံးသားမှာ လေးလံစွာ ခံစားနေရပြီး သတင်းကြားပြီးအချိန်ကတည်းက ရပ်တန့်သွားခြင်း မရှိပေ။
ထုံရွှယ်လူသည်လည်း ပျော်ရွှင်ပုံမပေါ်ချေ ။ တခြားသူများ မကြည့်နေသည့်အခိုက်၌ သူမ သူ၏လက်ကို လှမ်းကိုင်ကာ ညှစ်လိုက်သည်။
" ကျွန်မ မကြာခင် ပြန်လာခဲ့မယ် "
ထိုအရာက လုံးလုံး အဓိပ္ပါယ်မဲ့လေသည်။
သေချာသည်တစ်ခုက သူမပြန်ရောက်သည့်အချိန်၌ ၀မ်ရူကွေ့မှာ အခြေစိုက်စခန်းသို့ ပြန်သွားနှင့်ပြီးဖြစ်မည်ပင်။ သူ မည်သည့်အချိန် နားရက်ပြန်ရမည်ကို မည်သူ သိနိုင်မည်နည်း။
၀မ်ရူကွေ့က သူမကို ကြည့်လိုက်သည်။
" မနက်ဖြန်လိုက်ပို့ပေးမယ် "
ထုံရွှယ်လူက ခေါင်းညိတ်လိုက်သည်။ " ကောင်းပြီ။ မနက်ဖြန် ရှင်ရောက်လာမှာကို ကျွန်မ စောင့်နေမယ် "
ထို့နောက်တွင် ၀မ်ရူကွေ့သည် ပုံမှန်အတိုင်း ပြုမူရန် ကြိုးစားသလောက် အာရုံစူးစိုက်မှုရှိသူတိုင်း သူ စိတ်လွင့်နေသည်ကို ပြောနိုင်မည်ဖြစ်သည်။
သူက ထုံရွှယ်လူမှာ ဂျေဆန်နှင့် နောက်ထပ် ၄၊၅ရက်ခန့် အတူရှိနေမည့်အကြောင်း တွေးလိုက်သောအခါ စိတ်လွင့်သွားကာ ထိတ်လန့်နေသည်။
သူမတို့ နှစ်ယောက်သာလျှင် မဟုတ်သော်လည်း သူက စိုးရိမ်သောကရောက်နေသေးလေ၏။
ထုံရွှယ်လူသည် ၀မ်ရူကွေ့နှင့် သူမ၏ အဘိုးအတွက် အလျော်ပေးရန် နေ့လယ်စာစားပြီးနောက် လူတိုင်းအတွက် အချိုပွဲများပြုလုပ်သည်။
သူမသည် ကြွေးဥများကို မီးဖိုထဲသို့ ထည့်ဖုတ်လိုက်သည်။ ကြွေးဥများကွဲထွက်သွားသောအခါတွင် ၎င်းတို့၏ ရနံ့က လေထုထဲတွင် ပြည့်နေသည်။
ထုံကျားရှင်းမှာ မနေနိုင်ဘဲ တစ်လုံးကောက်ယူကာ စတင်စားလိုက်သည်။ သူက စားရင်း ထုံရွှယ်လူအား ချီးကျူးသည်။ " မမကြီး၊ အစ်မရဲ့ ကြွေးဥမီးဖုတ်တွေက တခြားသူတွေထက်တောင် ဘာလို့ ပိုကောင်းနေတာလဲ "
ဗိုလ်မှူးရှောင်းမှာ သူ၏ထိုမြေးကို တည့်တည့် မကြည့်နိုင်ပေ။
သူ စားနေသည့်ထိုအရာများကို ကြည့်ရင်း ယမန်နေ့ညက အနံ့အသက်ဆိုးများကို သတိရစေကာ ချက်ချင်းပင် သူ့မျက်နှာကို အစိမ်းရောင်သို့ ပြောင်းသွား စေသည်။
ထုံမျန်မျန်က သူမအစ်ကို ဘယ်လောက်ကြိုက်နှစ်သက်နေသည်ကို မြင်ေသာအခါ သူမကလည်း တစ်လုံးလိုချင်လေသည်။ ကံကောင်းစွာ ထုံရွှယ်လူက အများကြီး ပြုလုပ်ထားခဲ့ပြီး တခြားသူများ အဆာပြေစားရန် တစ်ဝက်ခန့်ကို ဆွဲထုတ်ပြီး ကျန်ရှိသည်များကို အချိုပွဲပြုလုပ်ရန် သိမ်းဆည်းလိုက်သည်။
သူမ ကြွေးဥများကို ခပ်ယူပြီး ထုချေကာ ကောက်ညှင်းမှုန့်များနှင့် ရောမွှေသည်။ နွားနို့သည် ယခုချိန်၌ ရရှိရန် ခက်ခဲသဖြင့် သူမက ၀မ်ရူကွေ့အား ယုန်ဖြူပုံချိုချဥ်လေးများအား ရေနွေးထဲမှာ အရည်ပျော်အောင် ကူညီစေပြီး နွားနို့အစားထိုးအဖြစ် အသုံးပြုကာ ကောက်ညှင်းမှုန့်ထဲသို့ ရောထည့်သည်။
သူမသည် ၎င်းတို့ကို မုန့်ညက်ဖြစ်အောင် လှိမ့်လိုက်သည်။ ထို့နောက် အတုံးသေးသေးလေးများ ပိုင်းကာ ပြားလိုက်ပြီး အထဲ၌ ပဲနီလေးအနှစ်များကို ထည့်သွင်းသည်။ နောက်ဆုံးတွင် သူမ ၎င်းတို့ကို ကြော်လိုက်သည်။
ကြော်ထားပြီးသော ကြွေးမုန့်လုံးများသည် အပြင်ဘက်တွင် ကြွပ်ရွကာ အတွင်းဘက်၌ နူးညံ့၍ ချိုမြိန်သည်။
ပျော့ပျောင်းပြီး ချိုမြိန်သော ကြွေးမုန့်လုံးများသည် ကြွေးဥ၏ ချိုမြိန်မှု၊ နို့သကြားလုံးများ၏ နို့အရသာနှင့် ပဲနီလေး၏ လန်းဆန်းချိုမြသော အရသာတို့ကို ပေါင်းစပ်ထားသည်။ ၎င်းတို့သည် ချိုမြိုန်သည့် အရသာရှိသော်လည်း အလွန်အမင်း ချိုသည်မဟုတ်ဘဲ စားနေသည်ကို မရပ်ချင်အောင် ဖြစ်စေသည်။
ဗိုလ်မှူးရှောင်းက အသက်ကြီးပြီဖြစ်ပြီး သူ့သွားများက ယခင်ကဲ့သို့ မကောင်းတော့ပေ။ သို့သော် အပြင်ဘက်၌ ကြွပ်ကြွပ်လေးဖြစ်ပြီး အတွင်းဘက်၌ ချိုကာ နူးညံ့သည့် မုန့်လုံးများက သူ့အတွက် ပြီးပြည့်စုံလေသည်။ သူက မရပ်တန့်မီ သုံးခုခန့် ဝါးမျိုပစ်လိုက်သည်။