🍵Chapter 206
ထုံရွှယ်လူက သူ့ရှေ့တွင် ရပ်နေသည်နှင့် ၀မ်ရူကွေ့မှာ အခြားမည်သူ့ကိုမျှ မမြင်နိုင်တော့ပေ။ " ကူညီဖို့ စောစောလာချင်ခဲ့တာ "
သူက သူမနှင့် အချိန်အတူတူ ပိုမိုကုန်ဆုံးလိုကြောင်း ထုံရွှယ်လူက သိလေသည်။ သူမ၏နှုတ်ခမ်းများက ကွေးညွတ်သွားပြီး ပြောလိုက်သည်။
" ရတယ်လေ၊ ခဏနေ မီးဖိုခန်းထဲလာပြီး ကျွန်မကို လာကူပေးလေ "
" အင်း "
ယခုအခါ မီးဖိုချောင်သည် ၀မ်ရူကွေ့အတွက် အထူးအဓိပ္ပါယ်ရှိသည်။
သူတို့နှစ်ယောက် မီးဖိုချောင်ထဲမှာ အတူရှိတိုင်း ဆုလာဘ်မရလျှင်တောင် သူမ နှင့် နှစ်ယောက်တည်း ရှိနေနိုင်သည်။
ဗိုလ်မှူးရှောင်းသည် ခွေးစာများ ပါးစပ်အပြည့် မထင်မှတ်စွာ စားလိုက်ရပြီး အလွန်ပြည့်ကျပ်သွားသလို ခံစားလိုက်ရသည်။
***
ယမန်နေ့ညက နှင်းများ သိပ်သည်းစွာ ကျခဲ့ပြီး ခြံဝန်းတစ်ခုလုံး နှင်းများထူထပ်စွာ ဖုံးလွှမ်းနေသည်။
နေ့လယ်စာစားပြီးနောက် ထုံကျားမင်၊ သူ၏မောင်နှမများနှင့် ဝေ့ကျူးကျူး တို့ ခြံဝင်းထဲတွင် နှင်းလူသားတစ်ဦး ပြုလုပ်ကြပြီး အပြင်ဘက်၌ ဆူညံပလောရိုက်နေကြသည်။
ထုံရွှယ်လူက " ကျွန်မတို့လည်း နှင်းလူသား လုပ်ကြရအောင် "
၀မ်ရူကွေ့ သူမမျက်လုံးများ၏ နောက်သို့ လိုက်ကြည့်လိုက်သည်။
" လုပ်ကြမယ်လေ "
ထုံရွှယ်လူ၏ နှင်းလူသားတည်ဆောက်မှုစွမ်းရည်သည် အလွန်ပင် အလယ်အလတ်ဖြစ်သည်။ သူမ၏နှင်းလူသားက ထိုသည်နှင့် မတူသဖြင့် သူမ ကိုယ့်ကိုယ်ကိုယ်ပင် ရယ်မောမိသည်။
တစ်ဖက်တွင် ၀မ်ရူကွေ့ပြုလုပ်ထားသည့် နှင်းလူသားမှာ လုံးဝိုင်းကာ ချစ်စရာကောင်းသည်။ သူက နှင်းလူသား၏မျက်လုံးအတွက် ကျောက်တုံးများနှင့် ၎င်း၏ပါးစပ်အတွက် မုန်လာဥနီတစ်လုံးကို အသုံးပြုထားပြီး အလွန်အသက်ဝင်နေသည်။
ထုံရွှယ်လူက " ရှင့်ရဲ့ နှင်းလူသားလေးက ချစ်စရာလေး "
၀မ်ရူကွေ့၏ နားရွက်များ နီရဲနေသွားပြီး ခပ်တိုးတိုးပြောလာသည်။
" မင်းလိုမျိုးလေး "
' အိုး ကောင်လေး။ စကားချိုချိုလေးတွေ ပြောပြန်ပြီ '
ထုံရွှယ်လူက ခေါင်းစောင်းလိုက်ပြီး " ဒီလိုပြောတတ်အောင် ဘယ်သူ သင်ပေးတာလဲ "
၀မ်ရူကွေ့က ခေါင်းခါလိုက်ပြီး " ဘယ်သူမှမရှိဘူး "
သို့သော် သူ့ထံ၌ မိန်းကလေးများကို လိုက်ပိုးပန်းရာ၌ တခြားသူများပြောခဲ့သည်များကို ရေးမှတ်ထားသည့် မှတ်စုစာအုပ်တစ်ခု ရှိသည်။ သို့သော် ထိုသည်က အလွန်ရှက်စရာကောင်းသောကြောင့် တခြားနေ့အတွက် သိမ်းထားလိုက်သည်။
ထုံရွှယ်လူက စေ့စေ့စပ်စပ် မေးမြန်းခြင်းမပြုဘဲ သူ့ဘေးနား၌ နောက်ထပ် နှင်းလူသားကိုသာ ပြုလုပ်စေလိုက်သည်။
၀မ်ရူကွေ့က ထိုသို့ပြုလုပ်တော့မည်ဖြစ်ရာ သူမ၏တောင်းဆိုချက်ကို ကြားသောအခါ မျက်လုံးများက ပြုံးရိပ်သန်းသွား၏။
သူက အခြားနှင်းလူသားတစ်ခုကို လျင်မြန်စွာ ပြုလုပ်သည်။
နှင်းလူသားနှစ်ခုမှာ တစ်ခုနှင့်တစ်ခု အမြင့် မတူညီကြချေ။ တစ်ခုနှင့်တစ်ခုကို နီးနီးကပ်ကပ် ထောင်ထားပါက ချစ်သူစုံတွဲကဲ့သို့ပင် ထင်ရသည်။
ညနေ ၃ နာရီ၊ ၄ နာရီ ၀န်းကျင်၌ ဧည့်သည်များ ရောက်ရှိလာကြသည်။
ယနေ့ခေတ်ကြီးတွင် အသားများက ရရန်ခက်သောကြောင့် ထုံရွှယ်လူက အခြားသူများအား ၎င်းတို့၏ ကိုယ်ပိုင်ပါဝင်ပစ္စည်းများ ယူဆောင်လာရန် ကြိုတင်ပြောခဲ့သည်။
အဘိုး၀မ်နှင့် ဦးလေးဇုန်းတို့သည် အမွေးများ သန့်စင်ပြီးသားဖြစ်သည့် ရှောင်ပါ့ကိုယူကာ ရောက်ရှိလာသည်။ ဝေ့မိသားစုကလည်း သူတို့နှင့်အတူ ကြက်ဥနှင့် ပြောင်းဖူးများ ယူလာပေးကြပြီး ဖန်ကျင်းယွမ်က အမဲသား ယူလာပေးသည်။
ကျန်းတန့်ဟုန်၏အလှည့်သို့ ရောက်သောအခါ သူမက စားစရာများ ယူဆောင်မလာခဲ့ချေ။ ယင်းအစား သူမနှင့်အတူ တစ်စုံတစ်ယောက်ကိုသာ ခေါ်ဆောင်လာသည်။
ထိုသူမှာ ကျောင်းယွင်ရှီးမှလွဲ၍ အခြားသူမဟုတ်ပေ။
ကျန်းတန့်ဟုန်က ရှင်းပြသည်။ " သူက ကျွန်မရဲ့ သူငယ်ချင်းအသစ်။ သူမက ကျွန်မဆီ အလည်လာခဲ့တာနဲ့ ကျွန်မလည်း အတူလာဖို့ ပြောခဲ့တာ "
ကျောင်းယွင်ရှီးက ရှက်သွားသည်။ " ကိုယ့်ကိုကိုယ်ဖိတ်ခဲ့တာကို ခွင့်လွှတ် ပေးပါ ရဲဘော်ထုံ "
သူမတို့ နှစ်ယောက် ကျောင်း၌ တွေ့ခဲ့ကြသည်။ ခင်ပွန်းဖြစ်သူနှင့် ယောက္ခထီးတို့အား တိုင်ကြားခဲ့သည့် ကျန်းတန့်ဟုန်မှာ ကျောင်းတွင် အများက လက်ခံသော မိန်းကလေး မဟုတ်ပေ။ သာမန်ကောလိပ်ကျောင်းသူတစ်ယောက်အနေနှင့် သူမထံ၌ သူငယ်ချင်းလည်း အများကြီး မရှိချေ။
သူမတို့နှစ်ယောက် ဆုံခဲ့ကြပြီး ချက်ချင်းပင် သူငယ်ချင်းများ ဖြစ်သွားကြသည်။ သူမတို့ နှစ်ယောက်က အချင်းချင်း၏ သတ္တိရှိမှုကို သဘောကျကြပြီး အချိန်ကြာလာသည်နှင့်အမျှ သူငယ်ချင်းအရင်းများဖြစ်သွားကြသည်။
ကျောင်းယွင်ရှီးသည် ကျန်းတန့်ဟုန်ထံမှ ထုံရွှယ်လူအကြောင်း သိရှိခဲ့ပြီး အလွန်သဘောကျသွားသောကြောင့် ကျန်းတန့်ဟုန်နှင့်အတူ လိုက်လာခဲ့သည်။ ဤဒဏ္ဍာရီလာအမျိုးသမီးနှင့် အမှန်တကယ် တွေ့ဆုံလိုသောကြောင့် သူမ အရှက်မဲ့စွာ လိုက်လာခဲ့ခြင်းဖြစ်သည်။
ထုံရွှယ်လူသည် ကျောင်းယွင်ရှီးကို အထက်အောက် ကြည့်လိုက်ပြီး အံ့အားသင့်နေသည်။
" အစ်မ တန့်ဟုန်ရဲ့သူငယ်ချင်းက ကျွန်မသူငယ်ချင်းပါပဲ။ ဒီမှာ သက်သောင့်သက်သာနေနော် "
ကျောင်းယွင်ရှီးမှာ ထိုစကားကိုကြားသောအခါ စိတ်သက်သာရာရသွားသည်။ " ရဲဘော်ထုံက တကယ့်ကို အလွန်ဖော်ရွေတဲ့သူတစ်ယောက်ပဲ။ ကျွန်မက ကျောင်းယွင်ရှီးပါ။ ရှင် ကျွန်မကို ယွင်ရှီးလို့ပဲ ခေါ်နိုင်ပါတယ် "
' ကျောင်းယွင်ရှီးလား '
ထုံရွှယ်လူက သူမမျက်ခုံးများကို ပင့်လိုက်သည်။ ' စိတ်ဝင်စားဖို့ကောင်းတဲ့နာမည်ပဲ '
" ရှင်လည်း ကျွန်မကို ရွှယ်လူလို့ ခေါ်နိုင်ပါတယ် "
မီးဖိုချောင်အတွင်းတွင် ဖူကျန့်ယိသည် ဟင်းသီးဟင်းရွက်များကို ယနေ့ည အသားကင်သောအခါတွင် အလွယ်တကူ ပြုလုပ်နိုင်ရန် ဒုတ်ထိုးခြင်း၌ ကူညီပေးနေသည်။
သူက အလုပ်လုပ်ရင်း သက်ပြင်းချသည်။ " ဒီလိုအချိန်တိုလေးအတွင်းမှာ မင်းဘာသာ ချစ်သူရည်းစားရှာတွေ့ခဲ့တာ ငါ အရမ်းအားကျတယ်။ ငါ့မိဘတွေက ငါ့ကို ရူးအောင်လုပ်နေကြတယ် ။ သူတို့ နေ့နေ့ညည ပြောနေကြတာတွေက ငါ့အတွက် စီစဉ်ထားတဲ့ ဒိတ်တွေ သွားဖို့တွေချည်းပဲ ။ ငါ့နှလုံးသားက ကွဲကြေနေပြီဆိုတာ သူတို့မသိကြဘူး၊ လက်ထပ်ဖို့နေနေသာသာ ရည်းစားထားဖို့တောင် စိတ်ကူးမရှိဘူး "
သူက စကားပြောနေသော်လည်း ဝမ်ရူ ကွေ့ထံမှ တုံ့ပြန်မှုကို မရရှိပေ။
နောက်ဆုံးတွင် ဖူးကျန့်ယိက မနေနိုင်ဘဲ မေးလိုက်သည်။
" ဟေး၊ မင်းငါ့စကားကို နားထောင်နေလား "
၀မ်ရူကွေ့က " အင်း "
၀မ်ရူကွေ့က တုံ့ပြန်သည်ကို မြင်သောအခါ ဖူကျန့်ယိက ဆက်ပြောသည်။
" အရင်တုန်းက ကဗျာဆရာတွေက ဒီအတိုင်းညည်းညူနေကြတာလို့ အမြဲခံစားခဲ့ရတယ်။ အခုနောက်ဆုံးတော့ နားလည်သွားပြီ၊ သူတို့က အများကြီး ခံစားမိရုံလေးပါပဲ။ 'မည်းမှောင်နေတဲ့တိမ်တိုက်တွေမရှိရင် တောင်မဟုတ်ဘူး ' ဆိုတဲ့ ခံစားချက်ကို အခုမှ လုံးလုံး နားလည်သွားပြီ "
တံခါးအ၀င်၀ထံမှ ကျိတ်ရယ်သံကို ကြားလိုက်ရသောအခါ သူ့အတွေးများက မပြီးဆုံးသေးပေ။
" မူရင်းကဗျာက 'သမုဒ္ဒရာကို မြင်ဖူးသည်နှင့် အခြားဘယ်ရေကမှ ထိုအရာကို နှိုင်းယှဉ်၍မရ။ ဝူတောင်၏ တိမ်တိုက်များကို မြင်ဖူးသည်နှင့် အခြားဘယ်တိမ်တိုက်ကမှ နှိုင်းယှဉ်၍မရ ။ ' ရှင်က အကုန်လုံးကို ဖျက်ဆီးလိုက်တဲ့ဟာကို အဲဒီစိတ်ခံစားချက်ကို ဘယ်လိုနားလည်နိုင်ပါတယ်တွေ ဘာတွေ ပြောနေတာကို အခု ရပ်လိုက်လို့ရပြီ "
ဖူကျန့်ယိ ချက်ချင်း အေးခဲသွားပြီး ပါးရိုက်ခံရသကဲ့သို့ မျက်နှာက ပူလောင်သွားလေသည်။
သူသည် ကျန်းတန့်ဟုန်နှင့် ငြင်းခုံရန် ရည်ရွယ်ချက်ဖြင့် လှည့်လိုက်သော်လည်း သူ လှည့်ကြည့်လိုက်သည်နှင့် ချက်ချင်းပင် နူးညံ့သော မျက်လုံးတစ်စုံကို တွေ့လိုက်ရသည်။
သူ ကြည့်နေတဲ့သူထံ၌ ပါးလွှာပြီး ကွေးညွတ်သည့် မျက်ခုံးမွှေးလေးများ၊ သေးငယ်သည့်နှာတံနှင့် နှုတ်ခမ်းနီရဲရဲ ရှိသည်။ သူမ ပြုံးလိုက်သောအခါတွင် ပန်းပွင့်များ ဖူးပွင့်နေသကဲ့သို့ သစ်ပင်များပေါ် ၌ နှင်းများရှိနေသည့် ဆောင်းရာသီရှုခင်းတစ်ခုကို မြင်လိုက်ရသည့်နှယ် ခံစားလိုက်ရသည်။
ဖူကျန့်ယိ ချက်ချင်းပင် အံ့အားသင့်သွားသည်။
သူ၏ ရူးကြောင်သည့်အကြည့်ကို မြင်သည့်အခါ ကျန်းတန့်ဟုန်က သူမ သယ်လာသည့်အရာကို ချလိုက်ပြီး ကျောင်းယွင်ရှီးကို ပြောလိုက်သည်။ "အပြင်ထွက်ပြီး သွားကူညီကြရအောင် "
ဖူကျန့်ယိ၏ မိုက်မဲသောမျက်နှာကို ဆက်လက်ကြည့်နေပါက သူမကိုယ်သူမ မထိန်းထားနိုင်တော့မည်ကို စိုးရိမ်နေမိသည်။ နောက်ဆုံးတွင် ယခုအချိန်မှာနှစ်သစ်ဖြစ်ပြီး ရန်ဖြစ်ရခြင်းက မကောင်းပေ။
ကျောင်းယွင်ရှီး ခေါင်းညိတ်တော့မည့်အချိန်၌ ၀မ်ရူကွေ့က ရုတ်တရက် မော့ကြည့်လာသည်။
၀မ်ရူကွေ့၏ မျက်နှာကို မြင်သောအခါ ကျောင်းယွင်ရှီ အနည်းငယ် လန့်သွားသည်။
" ဒီမှာ ဘာလုပ်နေတာလဲ ရဲဘော်ဝမ် "
၀မ်ရူကွေ့က သူမကို မြင်သောအခါ အနည်းငယ် အံ့ဩသွားပြီး " မင်းက……"
ကျောင်းယွင်ရှီး၏ မျက်နှာက အနည်းငယ် ပူလောင်သွားသည်။
" ကျွန်မက ကျောင်းယွင်ရှီးပါ။ ကျွန်မ ဒီကို အစ်မတန့်ဟုန်နဲ့ လိုက်လာတာပါ။ ကျွန်မ ရှင့်ကို ဒီမှာ တွေ့လိမ့်မယ်လို့ မထင်ထားဘူး "
၀မ်ရူကွေ့ " ဒါက ငါ့ရည်းစားရဲ့နေရာ "
' သူ့ကောင်မလေးရဲ့နေရာလား '
ကျောင်းယွင်ရှီး အနည်းငယ် အံ့ဩသွားသည်။ ဆိုလိုသည်မှာ ထုံရွှယ်လူက သူ၏ရည်းစားဟု ပြောခြင်းပင်။
ကျောင်းယွင်ရှီး မသက်မသာ ခံစားလိုက်ရသည်။
သူမ ၀မ်ရူကွေ့အပေါ် စိတ်လျော့ခဲ့ပြီဖြစ်ကြောင်း မည်သူ့ကိုမျှ မပြောခဲ့ဖူးချေ။။ သို့သော် အခြားသူများသိသွားလျှင် ထိုအရာက သူမ ထုံရွှယ်လူနှင့် ခင်မင်လိုသည့် အကြောင်းပြချက်ဟူ တခြားသူများ ထင်မြင်ကြမည်ကို သူမ စိုးရိမ်မိသည်။
ထုံရွှယ်လူသည် ၀မ်ရူကွေ့၏ ချစ်သူမိန်းကလေးဖြစ်ကြောင်းကို ဤနေရာဆီသို့ မလာခင် သူမ မသိခဲ့သည်မှာ အမှန်ပင်။ ကျန်းတန့်ဟုန်က ၀မ်ရူကွေ့ကို ရဲဘော်၀မ်အဖြစ် ရည်ညွှန်းကာ သူမ၏ ဇာတ်လမ်းများကို ပြန်ပြောပြ လေ့ရှိသည်။ ထို့ကြောင့် ကျောင်းယွင်ရှီးမှာ ကျန်းသန်းဟုန်သည် ၀မ်ရူကွေ့အကြောင်းပြောနေသည်မှန်း မသိနိုင်ခဲ့ပေ။
ကျောင်းယွင်ရှီး အနည်းငယ် ဖြူဖပ်ဖြူရော် ဖြစ်နေသည်ကို သတိပြုမိပြီး ကျန်းတန့်ဟုန်က စိုးရိမ်တကြီး မေးလာသည်။
" အဆင်ပြေရဲ့လား "
ကျောင်းယွင်ရှီး ခေါင်းခါလိုက်သည်။ " အဆင်ပြေပါတယ်။ အပြင်ထွက်ပြီး ကူညီကြရအောင် "
မီးဖိုချောင်ထဲတွင် ၀မ်ရူကွေ့ရှိနေပါက သူမ ဤအထဲ၌ မနေသင့်ပေ။
မည်သို့ဆိုစေ သူမ အကွာအဝေးကို ထိန်းထားရန် လိုအပ်လေသည်။
ကျောင်းယွင်ရှီး ထွက်သွားပြီးနောက် နောက်ဆုံးတွင် ဖူကျန့်ယိက ရောက်လာသည်။ " ရူကွေ့ မင်း အဲဒီကောင်မလေးကို သိတာလား "
၀မ်ရူကွေ့ " အင်း "
ဖူကျန့်ယိ၏ မျက်လုံးများ တောက်ပလာသည်။ " သူမဘယ်သူလဲ။ မင်းက ဘယ်လိုဖြစ်လို့ တစ်ခါမှ မပြောဖူးတာလဲ "
" ငါ့ဆရာရဲ့သမီး။ ငါက မင်းကိုဘာလို့ပြောရမှာလဲ "
ဖူကျန့်ယိက " အင်း ငါ သိပြီ။ မင်းရဲ့ဆရာရဲ့သမီး။ သူ ဒီလောက် ပညာတတ်နေတာ မဆန်းပါဘူး "
၀မ်ရူကွေ့က သူ့ကိုကြည့်သည်။ " မင်း တစ်ခုခုတော့ မူမမှန်ဘူး "
ဖူကျန့်ယိက သူ့ကို တံတောင်ဆစ်ဖြင့် တိုက်သည်။
" ရူကွေ့ ငါက မကောင်းတဲ့လူ မဟုတ်ပါဘူး။ မင်း ငါ့အတွက် အောင်သွယ်လုပ်ပေးပြီး ရဲဘော်ေကျာင်းနဲ့ မိတ်ဆက်ပေးပါလား "
၀မ်ရူကွေ့ အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။
" မင်းပဲ လက်ထပ်ဖို့နေနေသာသာ ရည်းစားတောင်မထားချင်ဘူးလို့ ပြောခဲ့တာမဟုတ်ဘူးလား "
ဖူကျန့်ယိ "........"
၀မ်ရူကွေ့က ဆက်ပြောသည်။
" မင်းက မည်းမှောင်နေတဲ့တိမ်တိုက် တွေမရှိရင် တောင်မဟုတ်ဘူးလို့တောင် ပြောခဲ့သေးတယ် "
ဖူကျန့်ယိ "......"
🍵
ဆောင်းရာသီတွင် နေ့တာတိုတောင်းပြီး အပြင်ဘက်တွင် မည်းမှောင်နေသော်လည်း ညနေ ၆ နာရီသို့ပင် မရောက်ရှိသေးချေ။
အပြင်ဘက်တွင် မှောင်လာသည်နှင့်အမျှ အိမ်နောက်ဖေး၌ အသားကင်ခြင်းကို စတင်သည်။
ထိုသို့သော အလှမြင်ကွင်းသည် မိသားစုတစ်စုတည်းသော အိမ်၏အလှဖြစ်သည်။ တံခါးပိတ်လိုက်သည်နှင့် အထဲတွင် ဘာစားနေမှန်း မည်သူမှ မသိကြချေ။
ယခင်က မည်သူကမှ အသားကင်မစားခဲ့ကြဖူးကြသဖြင့် အားလုံးအတွက် အသစ်အဆန်း ဖြစ်နေသည်။
ထုံရွှယ်လူသည် သူမ၏ အိမ်လုပ်အသားကင်ဆော့စ်ကို အသားပေါ်တွင် တစ်လွှာသုတ်လိုက်ကာ အခြားသူများကို သရုပ်ပြသည်။
အသားများ ကင်ပြီးသွားသည့်အခါ ၎င်းတို့၏ ရနံ့က ခြံတစ်ခုလုံးကို ဖုံးလွှမ်းသွားသည်။
" အနံ့က အရမ်းကောင်းတယ် မမကြီး ။ ကျွန်တော် အရင်ဆုံး စားလို့ရနိုင်မလား "
ထုံကျားရှင်းက တောင့်တသော မျက်လုံးများဖြင့် မေးလိုက်သည်။
ထုံရွှယ်လူက သူ့ကို အကြည့်တစ်ချက် ပေးလိုက်သည်။ " ဒီနေ့ ဘေးမှာ လူကြီးအားလုံးရှိနေတာကို ပထမဆုံးစားဖို့ သတ္တိနေတယ်လား "
ထုံကျားရှင်းမှာ ချက်ချင်းပင် စိတ်ပျက်သွားလေသည်။