အပိုင်း၂၀၅
Viewers 39k

🍵Chapter 205




လမ်းတစ်‌လျှောက် လူအုပ်ကြီးက စနောက်ရယ်မောကြပြီး ပျော်ရွှင်‌နေကြသည်။


ဂျေဆန်က နေရာအနှံ့ ဓာတ်ပုံများရိုက်ယူပြီး တစ်ခါတစ်ရံ အခြားသူများ၏ ဓာတ်ပုံများကိုလည်း ရိုက်ကူးလေ့ရှိသည်။


ဓာတ်ပုံရိုက်သည့်အချိန်တိုင်း ဂျေဆန်က လျှပ်တစ်ပြက် ရိုက်ကူးလျှင် အဆင်ပြေကြသော်လည်း သူတို့အား ဓာတ်ပုံရိုက်နေသည်ကို သတိပြုမိကြသည်နှင့် အားလုံးက တောင့်တင်းသွားကြကာ အလွန်ရယ်စရာကောင်းလေသည်။


တားမြစ်မြို့တော်ကို နိုင်ငံ၏ အရေးကြီးသော သမိုင်းဝင်ဗိသုကာလက်ရာများ၏ ပထမအသုတ်ထဲမှ တစ်ခုအဖြစ် ၁၉၆၁ ခုနှစ်တွင် ကြေညာခဲ့သည်။ ၎င်းကို အလွန်ကောင်းမွန်စွာ ထိန်းသိမ်းထားပြီး အကြီးဆုံးရှေးဟောင်းသစ်သားအဆောက်အဦးလည်းဖြစ်သည်။


ထုံရွှယ်လူသည် ဝိညာဉ်ကူးပြောင်းမလာမီက တားမြစ်မြို့တော်ဆီသို့  အကြိမ်ပေါင်းများစွာ သွားရောက်ခဲ့ဖူးသော်လည်း ထပ်မံတွေ့လိုက်ရသောအခါ အံ့အားသင့်နေဆဲဖြစ်သည် ။ ခမ်းနားထည်ဝါသည့်အနီရင့်ရောင်နှင့် ရေးဆွဲထားသော ပန်းချီကားလိပ်ကြီးတစ်ခုကဲ့သို့ဖြစ်ကာ မြင်သူတိုင်းကို စွဲလန်းစေသည်။


လက်မှတ်တစ်စောင်လျှင် ၁၀ ဆင့်ကျသင့်ပြီး စျေးမသက်သာပေ။ ထိုခေတ်ကာလက အခမဲ့လာရောက်လည်ပတ်လိုသူတိုင်းသည် အစိုးရအေဂျင်စီအချို့မှတစ်ဆင့် ၎င်းတို့၏အဖွဲ့ကို ကြိုတင်စာရင်းပေးသွင်းထားရမည်ဖြစ်သည်။ ဤတစ်ခါမှာ သူမတို့အတွက် နောက်ဆုံးမိနစ်ဆုံးဖြတ်ချက်ဖြစ်ခဲ့ရာ ပိုက်ဆံပေးချေရန်လွဲ၍ ရွေးချယ်စရာ မရှိပေ။


တစ်နာရီကြာ လည်ပတ်ပြီးနောက် သူမတို့ ထွက်ခွာလာကြသည်။ အဓိကအားဖြင့် သူမတို့အဖွဲ့ထဲတွင် သက်ကြီးရွယ်အိုလူကြီးများနှင့် ကလေးငယ်လေးများပါရှိသောကြောင့် တစ်နေ့တည်းနှင့် တစ်နေရာလုံးကို သွားလာရန်က မဖြစ်နိုင်ချေ။


တစ်ဖက်တွင် ဂျေဆန်သည် ဓာတ်ပုံများစွာရိုက်ကူးသည်။ ထုံရွှယ်လူက သူမနှင့်၀မ်ရူ‌ကွေ့ကို အတူတူ ဓာတ်ပုံရိုက်ကူးပေးရန်ပင် တောင်းဆိုသည်။ ထိုသည်ကို မြင်သောအခါ ဝမ်ရူကွေ့၏ အပြုံးက ကြီးမားလာလေသည်။


ထုံရွှယ်လူနှင့် ၀မ်ရူကွေ့တို့ ဓာတ်ပုံရိုက်နေသည်ကို တွေ့လိုက်ရသဖြင့် ထုံမျန်မျန်နှင့် အခြားကလေးများကလည်း ဓာတ်ပုံရိုက်လိုကြသည်။ သဘာ၀ကျစွာ ဗိုလ်မှူးရှောင်းသည်လည်း သူ့မြေးများနှင့် ဓာတ်ပုံရိုက်လိုလေသည်။ အကယ်၍ ဗိုလ်မှူးရှောင်းက ဓာတ်ပုံကို ရိုက်မည်ဆိုလျှင် အဘိုး၀မ်ကလည်း သူ့ဓာတ်ပုံကို ရိုက်ကူးလိုပေလိမ့်မည်။


ထို့ကြောင့် ဧည့်သည်ဖြစ်သော ဂျေဆန်မှာအဖွဲ့၏ ဓာတ်ပုံဆရာအဖြစ် အဆုံးသတ်သွားသည်။


ဓာတ်ပုံများရိုက်ကူပြီးသည်နှင့် အိမ်ဘက်သို့  ဦးတည်ကာ လမ်းလျှောက်ကြသည်။


ဂျေဆန်သည် ရူးသွပ်သော ဓာတ်ပုံဆရာတစ်ဦးဖြစ်ပြီး အချိန်အတော်ကြာ ဓာတ်ပုံရိုက်ပြီးနောက်တွင်ပင် ပင်ပန်းခြင်းမရှိပေ။ သူက အပြန်လမ်း၌ တံစက်မြိတ်များကိုပင် ဓာတ်ပုံရိုက်ကူးနေသည်။ ရုတ်တရက် ဂျေဆန်က ကျောက်တုံးတစ်ခုကို ခလုတ်တိုက်မိကာ နောက်ပြန်ကျသွားသည် ။ သူ့ရှေ့တွင် ချွန်ထက်သည့် ကျောက်တုံးကြီးတစ်ခုရှိနေပြီး လဲကျသွားလျှင် သူ့ဦးခေါင်းမှာ ထိုနေရာသို့ ကျရောက်မည်က  သေချာသည်။


လူတိုင်း ပင့်သက်သွားကြသည်။


ထိုအချိန်တွင် ထုံရွှယ်လူသည် မီတာ ၁၀၀ အပြေးပြိုင်ပွဲ၌ ရှိနေသကဲ့သို့ ရှေ့သို့ တဟုန်ထိုး ပြေးလာကာ သူ့ကို ကန်‌လိုက်သည်။


ဘန်း။ 


ဂျေဆန်မှာ ဘေးတိုက်ကန်ထုတ်ခံလိုက်ရပြီး ရွှံ့အိုင်‌ဘေးသို့ ကျရောက်ကာ ပေကျံသွားသည်။ သူ မော့ကြည့်လာသည့်အခါ သူ့မျက်လုံးများက တောက်ပနေပြီး   " ရဲဘော်ထုံ မင်းက အရမ်းသတ္တိရှိတာပဲ " 


လူတိုင်း "....."


ထုံရွှယ်လူ "...."


ဂျေဆန်ကို သူမ  ပထမဆုံးစတွေ့စဥ်က ထုံရွှယ်လူက ထိုသူသည်  တိတ်ဆိတ်ပြီး ရက်စက်လူဟု ထင်မြင်ခဲ့သည်။ သူ့ထံ၌ အောက်ခြေကင်းမဲ့သည့်မျက်လုံးတစ်စုံနှင့် ထင်ရှားသည့် မျက်နှာတစ်ခုရှိပြီး တိတ်ဆိတ်နေချိန် သူက လေးလေးနက်နက်ရှိပုံပေါ်သည်။


သို့သော် သူနှင့် ပြောဆိုဆက်ဆံပြီးသည့်နောက်တွင် " စာအုပ်တစ်အုပ်ကို မျက်နှာဖုံးဖြင့် ဘယ်တော့မှ အကဲမဖြတ်ပါနှင့်” ဟူသော စကား၏အဓိပ္ပါယ်ကို  သူမ နားလည်သွားခဲ့သည်။


ဤကဲ့သို့ ချောမောမိမိုက်သည့် အသွင်အပြင်အောက်တွင် ရယ်စရာကောင်းသည့် စိတ်ဝိညာဉ်တစ်ခုကို ဖုံးကွယ်ထားလိမ့်မည်ဟု  မည်သူက ထင်လိမ့်မည်နည်း။


ထုံရွှယ်လူက သူမ လည်ချောင်းကို ရှင်းလိုက်ပြီး ထုံကျားမင်က သူ့ကို ကူညီထူမ သည်။


 " ရဲဘော်ရှောင်ကျယ် ရှင် လမ်းလျှောက်ရင်း ဒီလိုဓာတ်ပုံရိုက်တာ အရမ်းအန္တရာယ်များတယ် "


ဂျေဆန်က အကြိမ်ကြိမ် ခေါင်းညိတ်သည်။ 


" မင်းပြောတာမှန်တယ် ရဲဘော်ထုံ ကျွန်တော် ထပ်မလုပ်တော့ဘူး "


ထုံရွှယ်လူက " အပြင်မှာအေးပြီး ရှင့်ရဲ့အဝတ်အစားတွေက စိုရွဲနေတယ်။ အမြန်ထပြီး အိမ်ပြန် အဝတ်အစားလဲသင့်တယ်။ ရှင် အအေးမိချင်မှာ မဟုတ်ဘူးမလား "


ဂျေဆန်က ထပ်မံ ခေါင်းညိတ်ပြန်သည်။ " ကောင်းပြီ။ ကျွန်တော် ချက်ချင်းပြန်လိုက်တော့မယ်။ ဒီနေ့ မင်းရဲ့ဧည့်ဝတ်ကျေပွန်မှုအတွက် ကျေးဇူးတင်ပါတယ် "


ထုံကျားမင်၏ ပံ့ပိုးကူညီမှုဖြင့် ထလိုက်ပြီး သူ့ကင်မရာ မပျက်စီးကြောင်း မြင်သောအခါ စိတ်သက်သာစွာ သက်ပြင်းတစ်ချက်ချလိုက်သည်။


ဂျေဆန်သည် ဗွီအိုင်ပီတစ်ဦးဖြစ်သောကြောင့် ထုံရွှယ်လူက အပြန်လမ်းတွင် သူ့အား မည်သည်ကိုမှ မဖြစ်စေလို။ ထို့ကြောင့် သူမ ထုံကျားမင်နှင့် ထုံကျားရှင်းတို့ကို အတူတူ လိုက်ပါသွားရန် စေလွှတ်လိုက်သည်။ တခြားသူများလည်း ကိုယ့်နေရာဆီသို့ အသီးသီး ပြန်ကြသည်။


အဘိုး၀မ်နှင့် ၀မ်ရူကွေ့တို့က စစ်မှုထမ်းအိမ်ရာဆီသို့ ပြန်သွားကြသည်။ သူတို့သည် ယနေ့ ထုံအိမ်တွင် အချိန်အလုံအလောက် ကုန်ဆုံးခဲ့ပြီးဖြစ်ရာ ညစာ စားရန်အတွက် ဆက်လက်နေကြ၍ မဖြစ်နိုင်ချေ။


အိမ်ပြန်ရောက်သည်နှင့် အဘိုး၀မ်က ၀မ်ရူကွေ့ကို အကြံပေးသည်။


 " ရူကွေ့ မင်း ဒီ ဂျေဆန်ဆိုတဲ့ကလေးကို သတိထားတာ ပိုကောင်းတယ် "


၀မ်ရူကွေ့က မျက်တောင်ခတ်ပြီး ခပ်အုပ်အုပ် အသံပြုသည်။


အဘိုး၀မ်က "  အင်းပဲ လုပ်မနေနဲ့။ သေချာဂရုစိုက်ဦး။  မင်းမိန်းမက မင်းနဲ့ဝေးရာကို ခိုး ပြေးခံရတဲ့အခါမှ ငါ့ဆီလာမငိုနဲ့ "


"…… " ၀မ်ရူကွေ့က ခေါင်းကို ညင်သာစွာ ခါလိုက်သည်။


 " ရွှယ်လူက ဒီလိုလူမဟုတ်ပါဘူး "


အဘိုး၀မ်က စိတ်ပျက်လက်ပျက်ဖြစ်ကာ ဒေါသထွက်သွားသည်။


 " သူမက အဲဒီလိုလူမဟုတ်ဘူးဆိုတာ ငါသိပါတယ်။ ဒါပေမယ့် မင်း သိပ်ပြီး မလုံခြုံသေးဘူးလေ။ အဲဒီလူရှုပ်ကလေးက ရွှယ်လူနဲ့ အချိန်ဖြုန်းဖို့ သူ၏ အထူးအဆင့်အတန်းကို အခွင့်ကောင်းယူနိုင်သည်။ အဲဒါက မင်းမှာမရှိတဲ့အရာပဲ "


" ဒါ့အပြင် သူက ပွင့်လင်းတဲ့လူတစ်ယောက်။ မင်းလိုမဟုတ်ဘူး။ မင်းဆီမှာ ရွှယ်လူ ဘာကိုမြင်နိုင်ခဲ့မှန်း ငါတော့ မစဉ်းတတ်တော့ဘူး "


၀မ်ရူကွေ့ "......"


အဘိုး၀မ်သည် ၀မ်ရူကွေ့၏ သဘောထားကို ဒေါသထွက်နေ၏။  ဆိုရိုးစကားအတိုင်း မိန်းမစိုးက ဧကရာဇ်မင်းထက် ပိုစိုးရိမ်နေသည်။ 


ထွီ ။ 

သူက မိန်းမစိုးမဟုတ်ပေ။


" အဲဒါနဲ့ ပတ်သက်ပြီး ဂရုမစိုက်ဘဲ အရမ်းမနေနဲ့။ နှစ်သစ်ကူးပြီးရင် မင်းက ၂၆နှစ်ပြည့်ပြီ။ ငါ မင်းအသက်အရွယ်တုန်းက မင်းအဖေတောင် ဖင်တုံးလုံးနဲ့ အိမ်နောက်ဖေးမှာ ပြေးနေပြီ ။ အခုထိ မင်းက မစေ့စပ်ရသေးဘူး။ ကိုယ့်ကိုကိုယ် မရှက်မိဘူးလား "


၀မ်ရူကွေ့ "....."


သူတို့က မိသားစုတစ်ခုတည်း မဟုတ်ပေလော။ ဤသည်က အနည်းငယ်မျှ လွန်လွန်းပေသည်။


အဘိုး၀မ်၏ ငြီးတွားသံကြောင့် ၀မ်ရူကွေ့၏ ဖိအားများ မြင့်တက်လာပြီး ထိုညတွင် သူ အိပ်မပျော်နိုင်ချေ။


နောက်တစ်နေ့တွင် အခြားဆွေမျိုးများ အလည်လာရန်  စောင့်မျှော်ခြင်း သို့မဟုတ် အခြားဆွေမျိုးများထံ လည်ပတ်ရသည့် ထုံးစံရှိ၏။ မည်သို့ပင်ဆိုစေကာမူ ၀မ်ရူကွေ့က ထိုင်မနေနိုင်ပေ။ သူက သူ့ကိုယ်သူ သပ်သပ်ရပ်ရပ်ပြင်ဆင်ပြီးနောက် ထုံအိမ်ဆီသို့ ပြန်သွားသည်။


အဘိုး၀မ်က သူ့ကို စိတ်ဆိုးရမည့်အစား နောက်ဆုံး၌ ‌နားလည်သဘောပေါက်သွားသည်ကို တွေ့ရသောကြောင့် ဝမ်းသာနေသည်။


၀မ်ရူကွေ့ရောက်ရှိလာချိန်တွင် ထုံရွှယ်လူကအိပ်ရာထဲတွင်သာ ရှိနေသေးသည်။ သူမသည် ပုံမှန်ပိတ်ရက်များ မရရှိပေ။ ထို့ကြောင့် သဘာ၀ကျစွာဖြင့် ရှားရှားပါးပါး အားလပ်ရက်တွင် သူမက အိပ်ရေး၀၀ အိပ်မည်ပင်။


၀မ်ရူကွေ့ က  သူမကို မနှိုးရက်သောကြောင့် ဧည့်ခန်းထဲတွင် တိတ်ဆိတ်စွာ စောင့်ဆိုင်းနေသည်။ ၀မ်ရူကွေ့ နောက်တစ်ကြိမ် စောစီးစွာ ပြန်လာမည်ဟု မမျှော်လင့်ထားသည့်အတွက် ဗိုလ်မှူး‌ရှောင်း၏ မျက်နှာမှာ ဟောင်းနွမ်းသည့်သခွားသီး‌နှင့် တူနေသည်။ (ရှုံ့တွ)


" မင်းက တကယ့်ကို မကြာခဏ လာတာပဲ "


၀မ်ရူကွေ့ " ကျွန်တော်လာသင့်လို့ပါ "


"……" ဗိုလ်မှူးရှောင်းမှာ ထိုနေရာတွင် တစ်စက္ကန့်မျှ ဆွံ့အသွားလေသည်။ 


" မင်းဒီလို ခဏခဏ ရောက်လာ‌နေပုံမျိုးနဲ့  ဒီမိသားစုထဲကို လက်ထပ်၀င်လာသင့်တယ် "


၀မ်ရူကွေ့သည် သူ့စကားလုံးများက ရိုင်းစိုင်း‌နေသည်ကို သေချာပေါက် ခံစားမိမည်မှန်း သူ သိသည်။ ထိုအခိုက်အတန့်၌ ၀မ်ရူကွေ့က  လေးနက်စွာ တွေးတောနေသည်။


သူက ထိုကိစ္စကို အနည်းငယ် စဉ်းစားပြီးသည့်နောက်  " အဘိုး‌ရှောင်းက ကျွန်တော့်အဘိုးကို စည်းရုံးနိုင်သရွေ့ အဲဒါနဲ့ ပတ်သက်ပြီး ပြဿနာမရှိပါဘူး "


ဗိုလ်မှူးရှောင်း "......."

ထိုစကားသည် သူကြားဖူးခဲ့သမျှထဲတွင် အဓိပ္ပာယ်မရှိဆုံးသောစကား ဖြစ်သည်။


အချိန်တစ်ခုကြာ တစ်ဦးတစ်ယောက်မှ စကားတစ်လုံးပြောဆိုကြခြင်း မရှိကြသဖြင့် ဧည့်ခန်းက တိတ်ဆိတ်နေလေသည်။


ဗိုလ်မှူးရှောင်းက  စူးရှသော မျက်လုံးများဖြင့် သူ့ကို အပေါ်အောက် စိုက်ကြည့်လိုက်သည်။ 


" ရွှယ်လူနဲ့ ငါ မတွေ့ဖြစ်ခဲ့ရင် သူမရဲ့ လူမှုအဆင့်အတန်းက ၀မ်မိသားစုနဲ့ မကိုက်ညီဘူး။ အဲဒါက မင်းကို အနှောင့်အယှက် မဖြစ်ဘူးလား "


၀မ်ရူကွေ့က ခေါင်းယမ်းသည်။ " သူမကပဲ အဓိကပါ ၊ သူမရဲ့ မိသားစုနောက်ခံက မဟုတ်ပါဘူး "


၀မ်ရူကွေ့သည် အိမ်ထောင်မပြုမီ တစ်စုံတစ်ယောက်၏ နောက်ခံသမိုင်းကြောင်းကို စုံစမ်းလေ့လာသော အပြုအမူကို ထူးဆန်းသည့် ဓလေ့ဟု အမြဲတမ်း ‌ထင်မြင်ခဲ့သည်။ ထိုအရာက သူတို့သည် လူပုဂ္ဂိုလ်အား လက်ထပ်မည့်အစား မိသားစုနောက်ခံကို လက်ထပ်သကဲ့သို့ ဖြစ်နေသည်။


ဗိုလ်မှူးရှောင်းက ချောင်းဟန့်လိုက်ကာ သူ့အ‌ ဖြေကို အနည်းဆုံးတော့ ကျေနပ်မိသည်။ 


" မင်းတို့နှစ်ယောက် လက်ထပ်ပြီးရင် မင်းက ဘေးမှာထိုင်ပြီး ဘာမှမလုပ်ဘဲ နေ့တိုင်း ရွှယ်လူကိုပဲ ချက်ပြုတ်ခိုင်းမှာလား "


၀မ်ရူကွေ့က ခေါင်းယမ်းပြန်သည်။ " မဟုတ်ဘူး၊ ကျွန်တော် အခု အိမ်မှာ ဟင်းချက်နည်း သင်ယူနေပါတယ် "


ဟင်းချက်တတ်သည့်အမျိုးသားက ထူးခြားသည့်သူဟု သူမ ပြောခဲ့သည်ကို ကြားခဲ့ချိန်ကတည်းက အားလပ်ချိန်တိုင်း ချက်ပြုတ်နေခဲ့သည်။


ဝမ်းနည်းစရာက သူသည် ယေဘူယျအားဖြင့် အလွန်အလုပ်များနေလေ့ရှိပြီး အိမ်ပြန်ရန် အချိန်အနည်းငယ်သာလျှင်ရှိသည်။ သူက အလွန်ရိုးရှင်းသော ဟင်းလျာများကိုသာ ချက်တတ်ပြီး သူမကဲ့သို့ အရသာမရှိပေ။


ဗိုလ်မှူးရှောင်းက ချောင်းဟန့်ပြန်သည်။


 " မင်း ကိုယ့်စကားကိုယ် တကယ်တည်တဲ့သူဖြစ်ပြီး  စကားနဲ့ပဲ ဖြစ်မနေဖို့မျှော်လင့်တယ် "


၀မ်ရူ‌ကွေ့က " စိတ်မပူပါနဲ့ အဘိုးရှောင်း။ ကျွန်တော့်စကားတွေအတိုင်း လိုက်နာပါ့မယ် "


ထုံမျန်မျန်က အထဲသို့  မျက်လုံးများကို ပွတ်သပ်ရင်း လမ်းလျှောက်၀င်လာပြီး နားမလည်နိုင်စွာ မေးမြန်းသည်။  " သေးငယ်တဲ့(ရှောင်း) အဘိုးက ဘာလဲဟင်။  အဘိုးက ငယ်သေးလို့လား။ ဒါဆို ကြီးတဲ့ (အသက်ကြီးတဲ့)အဘိုးက ဘယ်သူလဲ။ အဘိုးဝမ်လား "


၀မ်ရူကွေ့ "......"


ဒေါသအလွန်ထွက်ကာ နှာခေါင်းမှ ကျယ်လောင်စွာ အသက်ရှုနေသည့် ဗိုလ်မှူးရှောင်း "....."


သူကသာ အဘိုးကြီးဖြစ်သည်။ ဘာ‌ကြောင့် ထိုအဘိုးကြီး၀မ်က သူ့အထက်၌ ရှိနေမည်နည်း။


ထုံရွှယ်လူသည် နံနက် ၁၀ နာရီအထိ အိပ်မောကျခဲ့ပြီး ၀မ်ရူကွေ့နှင့် ဗိုလ်မှူးရှောင်တို့ တစ်ယောက်ကိုတစ်ယောက် စိုက်ကြည့်နေသည်မှာ ၂ နာရီကြာနေပြီဖြစ်သည်။


သူမသည် အဝတ်အစားအသစ် ၀တ်ဆင်ကာ ထွက်လာခဲ့ပြီး ဝမ်ရူကွေ့ကို မြင်သောအခါ အနည်းငယ် အံ့သြသွားသည်။


 " ရှင်က ဘယ်လိုဖြစ်လို့ ဒီလောက်စောစော ရောက်လာတာလဲ "


သူမဆီသို့ ယနေ့ ဧည့်သည်များလာရောက်ကြမည်ဖြစ်ပြီး အိမ်နောက်ဖေးတွင် အသားကင်စားရန် စီစဉ်ထားသည်။


သူမ ဝိညာဉ်ကူးပြောင်းလာကတည်းက ဝေ့မိသားစု၊ ၀မ်ရူ‌ကွေ့၊ ဖုကျန့်ယိ၊ ဖန်ကျင်းယွမ်နှင့် တခြားသူများက သူမကို အများအပြား  ကူညီပေးခဲ့ကြသည်။ ထို့အပြင် အဘိုးနှင့် ပြန်လည်ဆုံတွေ့ပြီးနောက် သူမက ကြေငြာချက် မပြုလုပ်ရသေးပေ။ ထို့ကြောင့် ဤအခွင့်အရေးကို သတင်းမျှဝေရန် အသုံးပြုမည်ဟု သူမ စဉ်းစားထားခဲ့သည် ။


ထိုသူများအပြင် သူမ ကျန်းတန့်ဟုန်ကိုလည်း ဖိတ်ကြားထားသည်။ ကျန်းတန့်ဟုန်၏ အကိုနှင့်မိဘများက  ကွယ်လွန်သွားခဲ့ကြပြီး သူမ၏ အခြားသောဆွေမျိုးများက သူမအား လယ်ကွင်းဆီသို့ ပို့ဆောင်ခြင်း သို့မဟုတ် သူမနှင့် မပြောဆို၊ မဆက်ဆံကြပေ။ ထို့ကြောင့် သူမမှာ မြို့တော်၌ တစ်ယောက်တည်း ဖြစ်နေလေသည်။


ပြောရလျှင် အသားကင်သည် ညနေစောင်း မတိုင်မီ စတင်မည်မဟုတ်ပေ။ ထို့ကြောင့် ၀မ်ရူ‌ ကွေ့ စောစီးစွာ ရောက်ရှိနေသည့်အခါ သူမ အနည်းငယ် အံ့သြသွားခဲ့မိခြင်းဖြစ်သည်။