အပိုင်း၂၀၄
Viewers 39k

🍵Chapter 204





၀မ်ရူကွေ့က နောက်ပြန် ခြေနှစ်လှမ်းဆုတ်လိုက်ပြီးနောက် သူ့မျက်နှာက သွေးများ ယိုထွက်လာ‌လုနီးပါး နီရဲနေသေးပေမယ့် သူ့နှလုံးသားက ဗလာကျင်းနေသလို ခံစားရသည်။


ထုံရွှယ်လူသည် သူ၏ပုံစံက အလွန်သနားစရာကောင်းသည်ဟုဟင် ထင်လာမိသည်။ သူမက သူ့လက်ကို ဆုပ်ကိုင်လိုက်ပြီး ပြောလိုက်သည် ။ 


" ကျွန်မတို့ နောက်တစ်ခါကျ နမ်းကြမယ်လေ " 


ထို့နောက် သူမက တံခါးသွားဖွင့်လိုက်၏။


တံခါးဖွင့်လိုက်သည်နှင့် တပြိုင်နက် ထုံမျန်မျန်၏ ခန္ဓာကိုယ်သေးသေးလေးက သူမဆီသို့ တိုးဝင်လာသည်။ 


" မမကြီးကိုလိုက်ရှာနေတဲ့ လူတစ်ယောက်ရှိတယ် "


ထုံရွှယ်လူက သူမခေါင်းကို ပွတ်လိုက်သည်။


 " မမ အခုသိပြီ။ သူ တစ်ယောက်တည်း လာတာလား ဒါမှမဟုတ် သူနဲ့ တခြားသူတွေပါလား "


ထုံမျန်မျန်က ခေါင်းညိတ်ကာ ချစ်စရာကောင်းသောအသံဖြင့် ပြောလာသည်။ 


" သူ့ဘာသာသူ။ မမကြီး၊ တစ်ယောက်ယောက်မှာ ဘာလို့ ဇိန်စန့်ဆိုပြီး နာမည်ရှိတာလဲ။ တတိယအစ်ကိုက 'ဇိန်စန့်' ဆိုတာ သူခိုးရဲ့ကလေးလို့ အဓိပ္ပာယ်ရတယ်ပြောတယ် "


ထုံရွှယ်လူ "....."


တော်လိုက်တဲ့အဓိပ္ပါယ်ဖွင့်ဆိုချက်။


" အဲဒါက ဇိန်စန့် မဟုတ်ဘူး၊ ကျယ်စန်း။ အခု မမတို့ ဧည့်သည်တွေရှေ့မှာ စကားတွေမပြော‌ေတာ့နဲ့နော် ဟုတ်ပြီလား "


မောင်နှမများမှာ အချင်းချင်း စကားများငြင်းခုံကြ‌လေ့ရှိကြသည် ။ ထုံကျားရှင်းသည် ထုံမျန်မျန်အား စနောက်ရခြင်းကို ကြိုက်နှစ်သက်ပြီး တခါတရံတွင် သူမအနား၌ အီးပေါက်တတ်သည်။ ထုံမျန်မျန်ကမူ သူမ၏ တတိယအစ်ကိုဖြစ်သူ ရုပ်ဆိုးကြောင်းပြောရခြင်းကို နှစ်သက်ပြီး ထုံရွှယ်လူက ထိုအရာများကို စွက်ဖက်ခြင်းမရှိခဲ့ပေ။


အချုပ်အနှောင်များလွန်းသောကလေးသည် ၎င်းတို့၏ ကလေးဆန်သောဆော့ကစားမှုများ ဆုံးရှုံးသွားလိမ့်မည်ဟု သူမ ခံစားရသည်။ သူတို့၏အကျင့်စာရိတ္တများ ကောင်းမွန်ပြီး စည်းမျဥ်းစည်းကမ်းများကို ဖောက်ဖျက်ရန် မကြိုးစား၊ အိမ်အပြင်ဘက်တွင် ဆဲဆိုခြင်းများ မပြောဆိုသရွေ့ ကလေးများအပေါ်  ကန့်သတ်ချုပ်ချယ်မှု အလွန်အမင်းထားရှိခြင်းကို သူမ ရှောင်ကြဉ်ခဲ့သည်။


ထို့အပြင် ကလေးများ၌ သူတို့၏ ကိုယ်ပိုင်နည်းလမ်းများ ရှိကြ၏။ နှုတ်ဖြင့် တိုက်ခိုက်ခြင်း သို့မဟုတ် ငြင်းခုန်ခြင်းဖြစ်ပါစေ ၎င်းတို့ကို ဖြေရှင်းရန် အကောင်းဆုံးနည်းလမ်းကို ရှာဖွေကြမည်ဖြစ်သည်။ အရွယ်ရောက်ပြီးသူများ ဝင်ရောက်စွက်ဖက်ခြင်းက ဆန့်ကျင်ဘက်ကိုသာ ဖြစ်စေလိမ့်မည်ပင်။


သို့သော် မိသားစုပြင်ပမှ လူတစ်ယောက် အကြောင်း ပြောဆိုကြသောအခါ သူမ ၀င်ရောက်စွက်ဖက်ရန် လိုအပ်ပေလိမ့်မည်။


ထုံမျန်မျန်သည် သူမ အမှားလုပ်မိသည့်အချိန်  သူမ၏ မမကြီးက အပြစ်ပေးသည့်အနေဖြင့် ထောင့်တစ်နေရာတွင် မတ်တပ်ရပ်‌စေခဲ့ပြီး သူမမှာ ဆန်ကောက်စားနေသည့် ကြက်တစ်ကောင်ကဲ့သို့ ခေါင်းတညိတ်ညိတ်ဖြစ်နေခဲ့ရသည်ကို အမှတ်ရသွားသည်။ 


" မျန်မျန် ဒီအကြောင်းကို မပြောတော့ပါဘူး။ မျန်မျန်က မိန်းကလေးကောင်းတစ်ယောက် ဖြစ်လာမှာ "


ထုံရွှယ်လူက ခေါင်းညိတ်လိုက်သည်။


 " တတိယအစ်ကိုကို  စကားတွေ လျှောက်မပြောဖို့ သွားပြောလိုက်နော် ။ မဟုတ်ရင် မမက သူ့ကို သင်ခန်းစာ ပေးရမယ် "


ထုံမျန်မျန်က ခေါင်းညိတ်လိုက်ပြီး သူမ၏တတိယအစ်ကိုအား ရှာဖွေရန် သွားသည်။ သူမ၏တတိယအစ်ကိုဖြစ်သူသည် ရုပ်ရည်မလှသော်လည်း သူမအပေါ် ချိုသာသည်။ သူ အပြစ်ပေးခံရခြင်းကို သူမ မမြင်လိုချေ။


ထုံရွှယ်လူက လှည့်လာပြီး ၀မ်ရူကွေ့အား ရှင်းပြသည်။ " ဂျေဆန်က ကုလ ဘာသာပြန်သူ  ကျယ်ချန်ကျိုးရဲ့သား။ သူ ဘာကြောင့် ရောက်လာမှန်း ကျွန်မ မသိဘူး။ ကျွန်မ သွားကြည့်လိုက်ဦးမယ်နော် "


၀မ်ရူကွေ့က " ကိုယ် မင်းနဲ့လိုက်ခဲ့မယ် "


" ကောင်းပါပြီ "


ဂျေဆန်က ဧည့်ခန်းထဲ၌ ထိုင်နေလျက်ရှိသည်။


အဘိုး၀မ်က သတိပေးချက်ခံစားနေရပြီး ဂျေဆန်ကို မီးမောင်းများကဲ့သို့ အပေါ်အောက် ကြည့်ရှုနေသည်။


ဗိုလ်မှူးရှောင်းသည်လည်း သူ့ကို စေ့စေ့စပ်စပ် အကဲဖြတ်ကာ ကြည့်နေသည်။


ဂျေဆန်က သူ ရောက်သည်နှင့် ချက်ချင်း သက်ကြီးရွယ်အိုနှစ်ဦးနှင့် တွေ့ဆုံမည်ဟု မမျှော်လင့်ထားပေ။


သက်ကြီးရွယ်အိုလူကြီးနှစ်ယောက်က ဓားနှင့်တူသောအကြည့်ဖြင့် သူ့ကို ကြည့်ကြပြီး တစ်ယောက်စီသည် အခြားသူများထက် ပို၍တင်းမာသောပုံစံရှိကာ ဂျေဆန်မှာ အေးစက်စက်ချွေးများပင် ထွက်လာတော့မည်ကို ခံစားနေရသည်။


သူ ဦးချခါနီးတွင် ထုံရွှယ်လူက တံခါးဝမှ ပေါ်လာသည်။


ဂျေဆန်က သူ၏ကယ်တင်ရှင်ကို ယခုမှ ရှာတွေ့သွားပုံရကာ သူမဆီသို့ ပြေးသွားသည်။ 


" ရဲဘော်ထုံ နောက်ဆုံးတော့ မင်းဒီကိုရောက်လာပြီ " 


' မင်းသာ မကြာခင် မပေါ်လာရင် ကျွန်တော့်ရဲ့ ကိုယ်ရေးကိုယ်တာ လုံခြုံရေးအတွက် စိတ်ပူမိတယ် '


ထုံရွှယ်လူက ပြုံးပြီး ပြောလိုက်သည်။ 


" ကျွန်မနေနေတဲ့နေရာကို ရှင် ဘယ်လိုရှာတွေ့တာလဲ ရဲဘော် ရှောင်ကျယ် "


‌ဂျေဆန်က ပြန်ဖြေသည်။  " ညွှန်ကြားရေးမှူးလင်းက ကျွန်တော့်ကို လိပ်စာပေးထားခဲ့တာ "


ထုံရွှယ်လူ သူမ၏ နှုတ်ခမ်းများ ကွေးညွတ်ကာ ညွှန်ကြားရေးမှူးလင်း၏ ဘိုးဘေးများအားလုံးကို ကျိန်ဆဲလိုက်သည်။


 " ရှင်တစ်ယောက်တည်း ဒီကို ဘာလို့ ရောက်လာခဲ့တာလဲ။ ကျွန်မ ရှင့်ကို ကူညီနိုင်တာ တစ်ခုခုရှိလား " 


ဂျေဆန် က " ကျွန်တော်ရိုက်ထားခဲ့တဲ့ ဓာတ်ပုံတွေက လွန်ခဲ့တဲ့ ရက်အနည်းငယ်က ပုံပေါ်လာခဲ့ပြီလေ။ အဲဒါကြောင့် ကျွန်‌တော် အဲဒီပုံတွေကို လာပေးရမယ်လို့ တွေးခဲ့မိလို့ပါ "


သူက ထိုကဲ့သို့ပြောရင်း ဓာတ်ပုံ ၄၊ ၅ ပုံကို ဆွဲထုတ်လိုက်သည်။ 


" ရဲဘော်ထုံက အရမ်းဆွဲဆောင်မှုရှိတယ်။ မော်ဒယ်ကောင်းတစ်ယောက်ဖြစ်လာမယ်လို့ ကျွန်တော် ခံစားရတယ်။ မော်ဒယ်ဆိုတာက ကိုယ်ဟန်အမူအရာကောင်းသူလို့ အဓိပ္ပာယ်ရပါတယ် "


ထုံရွှယ်လူက သူ့ထံမှ ဓါတ်ပုံများကို ယူ၍ ကြည့်လိုက်သည်။


ဂျေဆန်က တော်တော်လေး တော်သည့်ဓာတ်ပုံဆရာပင်။ မီးခိုးရောင်ဝတ်စုံဝတ်ထားသည့်တိုင် သူမကို နတ်သမီးတစ်ယောက်လိုဖြစ်အောင် ဖန်တီးနိုင်ခဲ့သည်။ သဘာ၀ကျစွာ သူမက နတ်သမီးလေးလို လှပနေခြင်းကြောင့်လည်း အများကြီးသက်ဆိုင် လေသည်။ မည်သည့် ဓါတ်ပုံပညာကျွမ်းကျင်မှုများက ထိုကဲ့သို့ မပြုပြင်နိုင်ချေ။


" ကျေးဇူးတင်ပါတယ်။ ဒါတွေက ဓာတ်ပုံကောင်းတွေပါ "


ဂျေဆန်သည် ထိုစကားကိုကြားသောအခါတွင် ဖြူဖွေးနေသောသွားများ‌ေပါ်သည်အထိ ရယ်လိုက်လေသည်။ " ပုံတွေကြိုက်လို့ ဝမ်းသာပါတယ် "


၀မ်ရူကွေ့က သူ့ရှေ့မှ လူကိုကြည့်သောအခါ မျက်မှောင်ကြုတ်လိုက်ပြီး ရင်ဘတ်ထဲ၌  မနှစ်မြို့ဖွယ်ခံစားချက်တစ်ခု ရှိနေသည်။


သူသည် ယခုကဲ့သို့ ခံစားချက်မျိုး ယခင်က  တစ်ကြိမ်တစ်ခါမျှ မခံစားဖူးခဲ့‌ပေ။ သူ၏ ရှေ့ရှိ ဤလူကို သူ တကယ်ပင် မနှစ်သက်‌ချေ။


၀မ်ရူကွေ့သည် ခြေတံရှည်များဖြင့် လျှောက်လှမ်းလာကာ သူ့ကိုယ်သူ မိတ်ဆက်သည်။ 


" ဟိုင်း ၊ ကျွန်တော်က ၀မ်ရူ‌ကွေ့ ၊ ထုံရွှယ်လူရဲ့ ချစ်သူပါ "


ဂျေဆန်က  ၀မ်ရူကွေ့ကို ယခုမှသာ သတိထားမိပုံရသည်။ သူက ၀မ်ရူကွေ့၏လက်ကိုဆွဲပြီး " ဟိုင်း ကျွန်တော်က ရဲဘော်ထုံရဲ့သူငယ်ချင်းပါ။ တွေ့ရတာ အရမ်းဝမ်းသာပါတယ် "


ဤသည်မှာ ၀မ်ရူကွေ့၏ ပိုင်စိုးပိုင်နင်းဖြစ်မှုကို ထုံရွှယ်လူ ပထမဆုံးအကြိမ် မြင်ဖူးခြင်းဖြစ်သည်။ သို့သော် ထိုအရာက သူ့ကို ယောက်ျားပီသသည့် ပုံပေါက်စေပြီး သူမ သဘောကျသည်။


ထုံရွှယ်လူက ပြုံးပြီးပြောသည်။ 


" ရဲဘော်ရှောင်ကျယ်၊ ရှင် ပြီးရင်  ဘယ်သွားမှာလဲ။ ရှင့် ကို တစ်ယောက်ယောက် လာကြိုမှာလား "


ဂျေဆန်က ခေါင်းယမ်းလိုက်သည်။


 " အဖေက သူ့ဆွေမျိုးတွေဆီ သွားလည်တယ်။ မင်းကိုရှာဖို့ ကျွန်တော်လာခဲ့တာ။ ညွှန်ကြားရေးမှူးကောင်းက မင်း ကျွန်တော့်ကို ဟိုဟိုဒီဒီ လိုက်ပြလိမ့်မယ်လို့ ပြောတယ် "


"……"


သူမ၏ နှုတ်ခမ်းများ ကွေးသွားကာ ညွှန်ကြားရေးမှူးကောင်း၏ ဘိုးဘေးများအားလုံးကို ဆဲဆိုလိုက်သည်။


နှစ်သစ်မှာ သူမကို အားလပ်ချိန်တောင်မှ မပေးချေ။ ဆဲဆိုခြင်းကို ဘေးဖယ်ကာ ဝန်ထုပ်ဝန်ပိုးကို တာဝန်ယူရန်က လွဲ၍ ရွေးစရာ မရှိတော့ချေ။


ထုံရွှယ်လူသည် ဂျေဆန်ရောက်နေသောကြောင့် နေ့လည်စာကို စောစောပြင်ဆင်ရမည်ဟု တွေးလိုက်သည်။ သူက ဤနေရာ၌ နေ့လည်စာစားရန် ရည်ရွယ်ချက်ဖြင့် ရှိနေသည်ဟု  သူမခံစားရသည်။


၀မ်ရူကွေ့က ငါးကြိုက်သောကြောင့် သူမက  နှစ်သစ်ကူးမတိုင်မီ သူ့အတွက် ငါးနှစ်ကောင်ကို သိမ်းဆည်းထားခဲ့သည်။ သူမသည် ငါးတစ်‌ကောင်ကို ဟင်းချိုအဖြစ်နှင့် အခြားတစ်ကောင်ကို ဂေါ်ဖီချဥ်ငါးဟင်းအဖြစ် ပြုလုပ်ခဲ့သည်။


ယမန်နေ့မှ ဖက်ထုပ်များလည်း ကျန်ရှိနေသေးပြီး သူမ ပန်းကန်ပြားနှစ်ပြားစာ ထုတ်ယူလိုက်သည်။ ထို့နောက် မျှစ်နှင့် အသားများကို ရောမွှေကြော်လိုက်ပြီး နောက်ထပ် ဟင်းသီးဟင်းရွက် မွှေကြော်တစ်ခွက်ဖြင့် လုံလောက်သည့် အစားအစာ ဖြစ်သင့်လေသည်။


၀မ်ရူကွေ့က သူမ ဟင်းချက်သည့်အခါ ကူညီပေးခဲ့ပြီး နှစ်ယောက်တည်း အတူတူ အချိန်ပို၍ရှိနိုင်လေသည်။


ဂျေဆန်ကိုမူ အပြင်ဘက်၌ ကလေးများ က ဝိုင်းထားကြ၏။ သူ့ထံ၌ ကင်မရာရှိနေရာ ကလေးများက ထိုပစ္စည်းကို အလွန်သိချင်နေကြသည်။


ဂျေဆန်ကလည်း အလွန်စိတ်ရှည်သူဖြစ်သည်။ သူက ကလေးများကို ဖြည်းဖြည်းချင်း ရှင်းပြပြီး ဓာတ်ပုံများ ရိုက်ပေးသည်။ ကလေးများက ကျေနပ်သွားကြပြီး ချက်ချင်း သူ့ကို သဘောကျသွားကြသည်။


ဧည့်ခန်းထဲသို့ ပန်းကန်များကို သယ်ထုတ်လာသောအခါ ဧည့်ခန်းတစ်ခုလုံး မွှေးကြိုင်သောရနံ့များဖြင့် ပြည့်နက်သွားကာ လူတိုင်း တံတွေး မြိုချလိုက်ကြသည်။


ငါးစွပ်ပြုတ်က အရသာရှိပေသည်။ နို့နှစ်ရောင် ချက်ပြုတ်ထားပြီး အရောင်လှရုံတင်မက အရသာရှိကာ တစ်ငုံစာကပင် ခန္ဓာကိုယ်ကို နွေးထွေးစေနိုင်သည်။


ဂေါ်ဖီချဉ်ငါးဟင်းထဲမှ ငါးသည် နူးညံ့ပြီး ဂေါ်ဖီချဉ်က ကြွပ်ရွသည်။ လျှာက စားလွန်း၍ ထုံထိုင်းလာသည့် အချိန်မှာတောင် တစ်ကိုက်လျော့၍ စားကြမည် မဟုတ်ပေ။ 


ဝက်သား၊ငရုတ်ကောင်းတို့ဖြင့် ရောမွှေထားသောမျှစ်သည် ဝက်သားမှ အရည်နှင့် ငရုတ်ကောင်း၏ အစပ်ကို စုပ်ယူထားသည်။ အရသာမှာ ချိုမွှေးပြီး ကြွပ်ရွပြီး တစ်ကိုက် ကိုက်ချလိုက်သည်နှင့် မြည်လာခဲ့သည့် ထို တကျွတ်ကျွတ်မြည်သံမှာ အလွန်သာယာလှပေသည်။


လူတိုင်း အလွန်စားသောက်ခဲ့ကြပြီး ပါးစပ်၌ အဆီများ ကွင်းနေကြသည်။


ဂျေဆန်သည်လည်း ထုံရွှယ်လူအကြောင်း အဆက်မပြတ် ချီးကျူးနေခဲ့သည်။ 


" ရဲဘော် ထုံ မင်းရဲ့ ဟင်းချက်လက်ရာက အံ့မခန်းပဲ။ ဒါပထမဆုံးအကြိမ် တရုတ်အစားအစာကို တကယ် တန်ဖိုးထားမိခြင်းပဲ "


" မင်းရဲ့ ဒီဟင်းချိုက အရမ်းမိုက်တယ်။ အိုးတစ်ခုလုံးကို ကိုယ့်ဘာသာ ပြီးအောင် သောက်နိုင်တယ်ပြောရင် အဲဒါက ချဲ့ကားပြောနေတာ မဟုတ်ဘူး "


" ရဲဘော်ထုံက တကယ်ကို ချောမောပြီး အရည်အချင်းရှိတယ်…"


ဂျွတ်။


 ဂျေဆန်သည် ဂျွတ်ခနဲမြည်သံကြောင့်  စကားပင် မဆုံး‌လိုက်ဘဲ ပြတ်တောက်သွားသည်။


လူတိုင်းလှည့်ကြည့်လိုက်ကြပြီး ၀မ်ရူကွေ့က သူ ကိုင်ထားခဲ့သည့် တူများကို နှစ်ပိုင်းချိုးခဲ့သည်ကို ‌‌တွေ့လိုက်ကြရသည်။


လူတိုင်း "……"


၀မ်ရူကွေ့က သူ့ကို သာမန်ကာလျှံကာ ကြည့်လိုက်သည်။ " ငါ့ရဲ့ခွန်အားကို ကောင်းကောင်းမထိန်းနိုင်ခဲ့ဘူး "


လူတိုင်း၊ "……"


' ဒါ မင်းရဲ့ ခွန်အားကို ထိန်းချုပ်ဖို့ဆိုတာ ဟုတ်ရဲ့လား '


ထုံရွှယ်လူက ခေါင်း‌ေစာင်းပြီး သူ့ကိုကြည့်လိုက်သည် ။ " ရှင့်ကို တူ အသစ်တစ်စုံ ယူပေးရမလား "


၀မ်ရူကွေ့က ခေါင်းယမ်းသည်။ " ရပါတယ် ကိုယ့်ဘာသာ သွားယူလိုက်မယ် "


ထုံရွှယ်လူ ခေါင်းညိတ်လိုက်သည်။


အသေးစားအပျက်အစီးကြောင့် ဂျေဆန်မှာ  သူ၏ ချီးကျူးစကားများကို ဆက်လက်မလုပ်ဆောင်နိုင်တော့သော်လည်း သူ့ထံ၌ နေ့လည်စာစားပြီးနောက် ထွက်သွားရန် ရည်ရွယ်ချက် မရှိချေ။


သူ မထွက်သွားလျှင် အဘိုး၀မ်နှင့် ၀မ်ရူကွေ့တို့သည်လည်း ထွက်သွားမည်မဟုတ်မှာ သေချာလေသည်။


သို့သော် သူတို့အားလုံး ဝိုင်းထိုင်ပြီး တစ်ယောက်ကို တစ်ယောက် စိုက်ကြည့်နေ၍ မရချေ။


ထုံရွှယ်လူက ထိုအကြောင်း အနည်းငယ် စဉ်းစားလိုက်ပြီး " ရှင် တားမြစ်မြို့တော်ကို လည်ဖူးလား ရဲဘော်ရှောင်ကျယ် "


ဂျေဆန်က ခေါင်းညိတ်သည်။ " အင်း ကျွန်တော် သွားလည်ခဲ့ဖူးတယ်၊ ဒီရောက်ပြီး သုံးရက်အကြာက သွားလည်ခဲ့တာ။  အဲဒီက တည်ဆောက်ပုံတွေက မယုံနိုင်စရာကောင်းတယ် "


ထုံရွှယ်လူ  " ဒါဆို အဲဒီကို ထပ်သွားလည်ကြရအောင် "


ဂျေဆန်  "……"


နောက်ဆုံးတွင် ၀မ်ရူကွေ့သည် ထိုစကားကိုကြားသောအခါ  ပြုံးလိုက်လေသည်။


ထုံရွှယ်လူသည် ယောက်ျားတစ်ယောက်နှင့်  အပြင်သွားမည်ဆိုလျှင် ၀မ်ရူကွေ့က လိုက်ပါမည်မှာ သေချာသည်။


ထုံကျားမင်နှင့်အခြားမွေးချင်းများကလည်း လိုက်ချင်ကြပြီး အဘိုး၀မ် နှင့် ဗိုလ်မှုးရှောင်းတို့သည်လည်း နောက်တွင် ကျန်မနေခဲ့လိုကြပေ။


ကလေးများ ထွက်သွားကြပြီး သူတို့နှစ်ယောက်သာ ကျန်ရှိနေခဲ့သည်က မည်သည့်အဓိပ္ပာယ်ရှိမည်နည်း။


ထုံမိသားစု ထွက်ခွာသွားကြသည်ကို မြင်သည့်အခါ ဝေ့မိသားစုက သူတို့လည်းပဲ လိုက်လိုသည်ဟု ပြောလာကြသည်။ ထို့ကြောင့် အုပ်စုကြီးသည် တားမြစ်မြို့တော်ဆီသို့ အတူတကွ ဦးတည်လိုက်ကြလေသည်။