🍵Chapter 203
သဘာ၀ကျစွာပင် နှစ်သစ်ကူးအကြိုနေ့၌ ဖက်ထုပ်ပြုလုပ်ရန် လိုအပ်လေသည်။
ထို့အပြင် ထိုသည်မှာ ဗိုလ်မှူးရှောင်ူနှင့် သူ၏ မြေးများပြုလုပ်နေသည့်အရာ အတိအကျဖြစ်သည်။
ဝက်ခြေထောက်စတူးကို မီးဖိုပေါ်တင်ပြီးနောက် ထုံရွှယ်လူသည် ဖက်ထုပ်များ မည်ကဲ့သို့ အခြေအနေရှ်ိကြောင်း ကြည့်ရှုရန် သွားလိုက်သည်။
မျှော်လင့်ထားသည့်အတိုင်း ထုံကျားမင်၏ အဆင့် အောင်မြင်နိုင်သေးသော ဖက်ထုပ်များမှလွဲ၍ ကျန်အားလုံးသည် ကြောက်မက်ဖွယ်ကောင်းလှသည်။
အထူးသဖြင့် ဗိုလ်မှူးရှောင်း၏ ဖက်ထုပ်များမှာ ထုံမျန်မျန်၏ အဆင့်နှင့် တူညီလုနီးပါးဖြစ်သည်။
ထုံရွှယ်လူ သူ့အား ကြည့်နေသည်ကို သတိထားမိလိုက်သောအခါ ဗိုလ်မှူးရှောင်း၏ ပါးပြင်က နီမြန်းသွားသည်။ " အရင်က မလုပ်ခဲ့ဖူးဘူး။ အဘိုးလိုအပ်တာက နည်းနည်း လောက် ပိုလေ့ကျင့်ဖို့ရုံပါပဲ "
အတိတ်တုန်းက သူသည် တပ်ထဲမှာဖြစ်ပါစေ သူ့အကိုထံ၌ဖြစ်စေ နှစ်သစ်ကူးပွဲတော်ကို ကုန်ဆုံးခဲ့သည်။
သူ့အစ်ကိုနှင့် သူ့တူများက သူ့ အပေါ် အလွန်ကောင်းပေးကြပြီး အမြဲတမ်း ကြိုဆိုကြသည်။ မည်သို့ပင်ဆိုစေကာမူ သူတို့၏နေရာက ပိုမိုနွေးထွေးလေလေ၊ အထီးကျန်ဆန်မှုကို ခံစားရလေလေဖြစ်သည်။
နှစ်အနည်းငယ်ကြာပြီးနောက် သူက ထိုနေရာသို့ မသွားရန် အကြောင်းပြချက်အဖြစ် သူတာဝန်ကျရာစစ်တပ်ကို စတင်အသုံးပြုခဲ့သည်။
အရာအားလုံးမှာ ယခုလက်ရှိ၌ ကွဲပြားသွားလေပြီ။ သူ့မှာ သူ၏ကိုယ်ပိုင်မိသားစုရှိနေပေပြီ။
ထုံရွှယ်လူက ပြုံးပြီး ပြောလိုက်သည်။
" အားလုံးကောင်းပါတယ်။ ကိုယ် လုပ်ထားတဲ့ ဖက်ထုပ်ကို အားလုံး အသီးသီး ပြန်ရကြမှာပါ "
သူမ ပြောပြီးသည်နှင့်ပင် ဗိုလ်မှူးရှောင်းနှင့် ထုံကျားရှင်းတို့နှစ်ယောက်လုံး တောင့်တင်းသွားကြသည်။ ထုံမျန်မျန်ပင်လျှင် မျက်လုံးပြူများသွားကာ အတော်လေး ရယ်စရာကောင်း နေသည်။
ဗိုလ်မှူးရှောင်းက သူ့လည်ချောင်းကို ရှင်းထုတ်ပြီး " အင်း ဒါနဲ့ မင်းရဲ့ ချစ်သူ မနက်ဖြန် လာလိမ့်မယ်လို့ ပြောခဲ့တယ်မလား "
၀မ်ရူကွေ့၏အကြောင်းပြောသောအခါ ထုံရွှယ်လူ၏နှုတ်ခမ်းများက အထက်သို့ကွေးသွားသည်။
" ဟုတ်ကဲ့အဘိုး ။ မနက်ဖြန် အဘိုးဝမ်နဲ့ အတူတူ လာကြလိမ့်မယ် "
နှစ်သစ်ကူးမတိုင်မီ သူမက အလွန်အလုပ်များနေခဲ့ပြီး ဝမ်ရူကွေ့ ပြန်လာခဲ့ပြီးကတည်းက သူနှင့် တွေ့ဆုံရန် အချိန်မရှိသလောက်ပင် ဖြစ်ခဲ့သည်။ အချိန်အများစုမှာ ချက်ပြုတ်ရန် ဟိုတယ်သို့ မသွားမီ သူမ၏ စားသောက်ဆိုင်တွင် ခေတ္တခဏမျှသာ တွေ့ကြရသည်။
ကံကောင်းစွာဖြင့် သူမသည် ယခု တာဝန်မှ ပိတ်ရက်ရရှိခဲ့ပြီး နောက်ဆုံး၌ သူမတို့ အတူတူ အချိန်ကုန်ဆုံးနိုင်ပြီဖြစ်လေသည်။
ဗိုလ်မှူးရှောင်းက ထိုစကားကိုကြားသောအခါ သိပ်ပြီး မကျေနပ်ချေ။ သူက သူ၏မြေးကို အတိအကျ မပြုစုမပျိုးထောင်ခဲ့သော်လည်း သူ့အိမ်မှ ဂေါ်ဖီထုပ်လေးကို ဝက်တစ်ကောင်က သိမ်းယူသွားသည်ဟု ခံစားမိနေဆဲဖြစ်သည်။
မည်သို့ပင်ဆိုစေကာမူ သူသည် နာမည်ခံအဘိုးတစ်ဦးမျှသာဖြစ်ပြီး ထုံရွှယ်လူမှာ အလွန်စိတ်အားထက်သန်သော မိန်းကလေးတစ်ဦးဖြစ်သောကြောင့် သူ ပြောနိုင်သည်များက များများစားစားမရှိပေ။
သူ လုပ်နိုင်သည်က ၀မ်အိမ်မှ အဖိုးနှင့်မြေးတို့ကို "ခက်ခဲသည့်အချိန်တစ်ခု" ပေးရန်အတွက် မနက်ဖြန်၌ ထိုသူတို့ ရောက်ရှိလာမည်ကို စောင့်ဆိုင်းနေရန်သာဖြစ်သည်။
အလားတူ အကြောင်းအရာသည် ၀မ်အိမ်တွင်လည်း ဖြစ်ပျက်နေ၏။
အဘိုး၀မ်က " ရှောင်ဇုန်း ၊ ငါတို့နဲ့အတူ ထုံအိမ်ဆီ သယ်သွားမယ့် ပစ္စည်းအားလုံး အဆင်သင့်ဖြစ်နေပြီလား "
ဦးလေးဇုန်းက ခေါင်းညိတ်လိုက်သည်။
" ဟုတ်ကဲ့ အားလုံးအဆင်သင့်ဖြစ်ပါပြီ။ အဲ့ဒီကိစ္စအတွက် စိတ်ပူနေစရာ မလိုပါဘူး ဗိုလ်မှူး "
အဘိုးဝမ်က သူ့နှုတ်ခမ်းကို တင်းတင်းကြပ်ကြပ် စေ့ထားသည်။
" အိုး ငါစိတ်မပူပါဘူး။ ငါက ရွှယ်လူရဲ့ ဟင်းချက်လက်ရာကို စားသောက်ဖို့ အဲ့ဒီသွားဖို့ စိတ်အားထက်သန်ရုံပဲ။ မင်းရဲ့ ဟင်းချက်လက်ရာက အရမ်းဆိုးလွန်းတယ် "
ဦးလေးဇုန်း ".….."
၀မ်ရူကွေ့က မည်သည်ကိုမျှ မပြောဆိုချေ။
နောက်တစ်နေ့တွင် ထုံရွှယ်လူနှင့် တွေ့ဆုံနိုင်မည်ဟူသည့် အတွေးက သူ့စိတ်ထဲတွင် ပြည့်နှက်နေပြီး သူ၏မျက်နှာအမူအရာများကတောင် နူးညံ့ပျော့ပျောင်းနေသည်။
ထုံရွှယ်လူသည် အရသာရှိသော အစားအသောက် စားပွဲ၀ိုင်းတစ်ခုကို ပြုလုပ်ခဲ့ပြီး လူတိုင်းကို အစားအစာများ၊ ဖက်ထုပ်များဖြင့် ပြည့်နှက်နေစေသည်။
နှစ်သစ်ကူးညစာစားပွဲအပြီး မနက်ဖြန် ဧည့်သည်များအတွက် ထုံရွှယ်လူက ဘီစကွတ်နှင့် အနီရောင်စွံပလွံသီးကိတ်မုန့်အချို့ကိုလည်း ပြုလုပ်ထားခဲ့သည်။ ထို့အပြင် ၀မ်ရူကွေ့က သူမ၏ အနီရောင်စွံပလွံသီးကိတ်မုန့်များကို နှစ်သက်သောကြောင့် အများအပြား ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
အဆင်သင့်ဖြစ်သောအခါတွင် သူမ၏ မိသားစု ပထမဆုံးမြည်းစမ်းကြည့်နိုင်ရန် ၎င်းတို့ထဲမှ အချို့ကို ထုတ်ယူလာသည်။
ထုံကျားမင်နှင့် မောင်နှမများသည် အိမ်နီးနားချင်း ဝေ့အိမ်ဆီသို့ သွားကြသဖြင့် ဧည့်ခန်းထဲ၌ ဗိုလ်မှူးရှောင်းတစ်ဦးတည်းသာ ကျန်ရှိတော့သည်။
ထုံရွှယ်လူက ဘီစကွတ်နှင့် အနီရောင်စွံပလွံသီးကိတ်ကို ကိုင်ကာ အထဲသို့ ၀င်လာသည်။
" အဘိုး ဒါတွေကို သမီးကိုယ်တိုင် လုပ်ထားတာ။ နည်းနည်းမြည်းစမ်းကြည့်ချင်လား "
ဗိုလ်မှူးရှောင်းက သူတို့ကို တစ်ချက်ကြည့်ပြီးနောက် ခေါင်းခါလိုက်သည်။
" မစားကြည့်တော့ပါဘူး ။ အဘိုးက အချိုကြိုက်တဲ့သူ မဟုတ်ဘူး "
ယောက်ျားစစ်စစ်များက အချိုမစားပေ။
ထုံရွှယ်လူ ပန်းကန်ပြားကို စားပွဲပေါ်တင်လိုက်သည်။
" ဟုတ်၊ ဒါဆို ဒါတွေကို မျန်မျန်နဲ့ တခြားသူတွေအတွက် ချန်ထားလိုက်မယ် "
ဗိုလ်မှူးရှောင်းက ခေါင်းညိတ်လိုက်သည်။
" အိုး ဒါနဲ့ စစ်ထဲဝင်ချင်လား။ ၀င်ချင်တယ်ဆိုရင် အဘိုး မင်းကို ၀င်ဖို့လုပ်ပေးလို့ရတယ် "
ထုံရွှယ်လူက တစ်ချက်စဉ်းစားပြီး ခေါင်းယမ်းလိုက်သည်။
" မ၀င်တော့ပါဘူး၊ သမီး ဟင်းချက်ရတာ ကြိုက်တယ် "
စီးပွားရေးစတင်ပြီဆိုသည်နှင့် စီးပွားရေးလုပ်ငန်းနယ်ပယ်ထဲသို့ သူမ ၀င်ရောက်လိုနေဆဲဖြစ်သည်။ သူမသည် စစ်တပ် သို့မဟုတ် နိုင်ငံရေးကို စိတ်မဝင်စားချေ။
ဗိုလ်မှူးရှောင်းသည် ထိုစကားကိုကြားသောအခါ အနည်းငယ်စိတ်ပျက်သွားသော်လည်း သူမ၏ဆုံးဖြတ်ချက်ကို နားလည်ပြီး လေးစားကြောင်း ထုတ်ဖော်ပြောဆိုလိုက်သည်။
ထုံရွှယ်လူက အခြားအစားအစာများ ပြင်ဆင်ရန် မီးဖိုချောင်သို့ ပြန်မ၀င်မီ သူနှင့်အနည်းငယ်စကားပြောပေးသည်။
ဗိုလ်မှူးရှောင်းသည် ဧည့်ခန်းထဲတွင် နောက်တစ်ကြိမ် တစ်ယောက်တည်း ဖြစ်သွားပြန်သည်။ သူက အဆာပြေမုန့်များကို စမ်းစားကြည့်ရန် မရည်ရွယ်ထားပေမယ့် ဘီစကွတ်နှင့် သကြားလုံးများ၏ အနံ့များကို ဆက်တိုက်ရနေရပြီး ရှူရှိုက်နေခဲ့မိသည်။
အပြင်ဘက်တွင် မည်သူမျှ မရှိသည်ကို မြင်သည့်အခါ သူက ဘီစကွတ်တစ်ခုကို လှမ်းယူလိုက်သည်။ ကိုက်၀ါးလိုက်သည့်အခါ ဘီစကွတ်က အလွန်ကြွပ်ရွပြီး တကျွတ်ကျွတ် မြည်သွားသည်။ ကိုက်ဝါးစားသုံးကာ မြိုချလိုက်ပြီးသည့်နောက် သူ့ပါးစပ်ထဲတွင် မွှေးရနံ့များ ပြည့်နက်နေသည်။
အရသာမှာ တော်တော်လေး ကောင်းလေသည်။
အနီရောင်စွံပလွံသီးကိတ်မုန့်က မည်ကဲ့သို့ အရသာရှိမည်ကို သူသိချင်နေမိသည်။
သူ တစ်စိတ်လောက် လှမ်းယူလိုက်သည်။
အနီရောင်စွံပလွံသီးကိတ်မုန့်သည် အနည်းငယ်ချိုသော်လည်း အနီရောင်စွံပလွံသီးနှင့် သစ်ကြားသီး၏ရနံ့ဖြင့် ဝါးလေလေ အရသာပိုကောင်းလေဖြစ်သည်။
ဤကိတ်သည်လည်း တော်တော်လေး အရသာရှိလေသည်။
နာရီဝက်အကြာတွင် ထုံကျားရှင်းက သူ၏ လောက်လေးခွကို ယူရန် ပြန်လာသောအခါ ဘီစကွတ်ကိုမြင်သွားပြီး တစ်ခု ကောက်ကိုင်လိုက်သည်။
ထုံရွှယ်လူက ထိုအချိန်၌ အတွင်းထဲသို့ ဝင်လာပြီး တချက်ကြည့်လိုက်ပြီးနောက် အံ့အားသင့်သွားသည်။
" ကျားရှင်း ဘီစကွတ်နဲ့ စွံပလွံသီးကိတ်တွေကို ဘာလို့ အကုန်စားလိုက်ရတာလဲ။ အနည်းဆုံးတော့ မင်းအစ်ကိုနဲ့ မျန်မျန်အတွက် နည်းနည်းလောက် ချန်ထားပေးသင့်တယ် "
ထုံကျားရှင်းက အော်ငိုသည်။ " အစ်မကြီး၊ ကျွန်တော် ဘီစကွတ်တစ်ခုပဲ စားတာ။ တကယ် တစ်ခုတည်း "
ထုံရွှယ်လူက နားမလည်နိုင်သကဲ့သို့ ပြောသည်။
"ဒါပေမယ့် မင်းက ဒီမှာရှိနေတဲ့ တစ်ယောက်တည်းသောသူလေ။ အဲဒါတွေကို တခြားဘယ်သူက စားမှာလဲ "
ထုံကျားရှင်းက သူ၏ အပြစ်ကင်းစင်မှုနှင့် ပတ်သက်ပြီး "အဲ့ဒါ ကျွန်တော် မဟုတ်ဘူးလို့ ပြောနေတယ်လေ "
ထုံကျားရှင်းမဟုတ်လျှင် မည်သူဖြစ်နိုင်မည်နည်း။
' အဘိုးက အချိုမကြိုက်ဘူးလို့ ပြောခဲ့တာမို့သူတော့ မဟုတ်လောက်ဘူးမလား '
ထုံရွှယ်လူက ထိုကိစ္စကို အဖြေမရှာနိုင်သလို ဂရုလည်းမစိုက်နိုင်ချေ။
အိမ်နောက်ဖေးတွင် သီချင်းညည်းကာ နှင်းများကို လှည်းနေသည့် အဘိုးရှောင်းက သူ၏ နှုတ်ခမ်းများကို အသံမြည်အောင် စုပ်လိုက်သည်။
သူ့မြေးများနှင့် အတူရှိရသည့် နေ့ရက်များက အလွန်ထူးကဲလှပေသည်။
🍵
နောက်တစ်နေ့တွင် ၀မ်ရူကွေ့က အဆင်သင့်ပြင်ဆင်ရန် စောစောထသည်။
အဘိုး၀မ် အဆင်သင့်ပြင်ပြီးသည်နှင့် သူနှင့် အဘိုးဝမ်တို့ ထုံအိမ်ဆီသို့ ဦးတည်လိုက်ကြသည်။
အရွယ်ရောက်ပြီးသော ကလေးနှစ်ယောက်ဖြစ်သည့် အဘိုး၀မ်နှင့် ဗိုလ်မှူးရှောင်းတို့သည် တစ်ယောက်ကိုတစ်ယောက် တွေ့လိုက်သည်နှင့် ချက်ချင်း စတင် ငြင်းခုံကြတော့သည်။
ဗိုလ်မှူးရှောင်းက " မင်း ငါ့နေရာကို လာဖို့ ဘယ်လောက်တောင် စိတ်အားထက်သန်နေလဲ ကြည့်စမ်း။ မင်းမြေးက သူ့ဘာသာသူ မိန်းမ မယူနိုင်မှာကို တကယ်ကြီး စိုးရိမ်နေတာလား "
အဘိုး၀မ်သည် ဒေါသအလွန်ထွက်ကာ မုတ်ဆိတ်မွေးများပင် တုန်ခါသွားသည်။
" အဓိပ္ပာယ်မရှိတာတွေ၊ ငါက ရွှယ်လူကို လေးစားလို့ မနက်စောစော လာခဲ့တာ။ မင်းကဘာသိမှာလဲ။ တစ်သက်လုံး အိမ်ထောင်မပြုဖူးတဲ့ အဘိုးအိုကြီး "
ဗိုလ်မှူးရှောင်သည် သူ့ရင်ဘတ် တည့်တည့်ဆီသို့ မြှားပစ်ခံလိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။
" ဒီတစ်သက်လုံး အိမ်ထောင်မပြုဖြစ်နိုင်ခဲ့ပေမယ့် ငါ့မှာ မင်းထက် မြေးနှစ်ယောက်နဲ့ မြေးမတစ်ယောက်ပိုရှိတယ် "
"……"
သူ၏ ရင်ဘတ်ကို ဓားဖြင့် ထိုးခံလိုက်ရာ အဘိုး၀မ်က ဗိုလ်မှူးရှောင်းကို စိုက်ကြည့်လိုက်သည်။
အဘိုးကြီးက ဤတစ်သက်တွင် အိမ်ထောင်မပြုခဲ့ဖူးသော်လည်း မြေးများစွာရှိသေးသည်။ ဘဝက အလွန်မတရားချေ။
ဗိုလ်မှူးရှောင်းသည် အဘိုး၀မ် စကားမပြောနိုင်ဖြစ်ေနသည်ကို မြင်သောအခါ များစွာ စိတ်သက်သာသွားသည်။
အဘိုး၀မ်က လည်ချောင်းရှင်းပြီးနောက် ပြောလာသည်။ " အိုး စကားမစပ် ရွှယ်လူ ငါ့မိသားစုထဲ လက်ထပ်၀င်လာပြီးရင် အစားအသောက် အလကားစားရဖို့ ငါ့နေရာဆီ မလာနဲ့ "
' မင်းကဒီလို ဂိမ်းကစားချင်နေတာလား။ ဆက်လုပ်လေ။ မင်းမှာ ဘာတွေရှိလဲ ငါ့ကိုပြစမ်းပါ '
ဗိုလ်မှူးရှောင်းမှာ နောက်ထပ် မြားတစ်စင်း ထိုးစိုက်ခံလိုက်ရသည်။
"......."
သူ့မြေးမလေးကို မကြာခင် ဝမ်အိမ်မှ ဝက်က ခိုးယူသွားတော့မည်ဟူသည့် အတွေးက သူ့အား ဒေါသထွက်သည့် စိတ်အခြေအနေသို့ ပြန်ရောက်စေသည်။
ထုံရွှယ်လူသည် ထိုနှစ်ယောက်အား ပြောစရာစကား မရှိပေ။ သူမ ၀မ်ရူကွေ့ကို မျက်စိတစ်ဖက်မှိတ်ပြလိုက်ပြီးနောက် မီးဖိုချောင်ဘက်သို့ ထွက်လာလိုက်သည်။
သူမမျက်လုံးထဲမှ အကြည့်ကိုမြင်လိုက်သောအခါ ဝမ်ရူကွေ့၏ နှလုံးသားမှာ တုန်လှုပ်သွားပြီး သူမနောက်သို့ အမြန် လိုက်သွား၏။
နောက်ဆုံးတွင် မီးဖိုချောင်ထဲ၌ သူတို့နှစ်ယောက်သာလျှင် ရှိကြလေသည်။
ထုံရွှယ်လူက မေးလိုက်သည်။ " ရှင် အခုတလော အိမ်မှာ ဘာတွေအလုပ်ရှုပ်နေတာလဲ "
၀မ်ရူကွေ့၏ အနက်ရောင်မျက်လုံးများသည် သူမမျက်နှာတွင် ကော်ကဲ့သို့ ကပ်လျက်ရှိနေပြီး " စာဖတ်တယ် ပြီးတော့ မင်းကို လွမ်းတယ် "
' အိုး ဝေါင်း ဒီအရူးလေးက စကားချိုချိုလေးတွေ ဘယ်လိုပြောရမယ်မှန်း သိလာပြီပဲ '
ထုံရွှယ်လူ၏ နှုတ်ခမ်းများက အလိုလို ကွေးညွတ်သွားသည် ။ သူမက သူ့ရင်ဘတ်ပေါ်တွင် စက်ဝိုင်းများကို လက်ချောင်းများဖြင့် စတင်ဆွဲရင်း " ကျွန်မလည်း ရှင့်ကို လွမ်းတယ် "
ဗုံး။
၀မ်ရူကွေ့၏ သွေးများအားလုံး မျက်နှာဆီသို့ တဟုန်ထိုး စီးဆင်းလာကာ သူ၏ပါးများနှင့် နားရွက်များ လျင်မြန်စွာ နီရဲလာသည်ကို မြင်နိုင်လေသည် ။
ထုံရွှယ်လူက သူ့ရင်ဘတ်၌ လက်ညိုးနှင့် စက်ဝိုင်းများ ရေးဆွဲနေဆဲဖြစ်ပြီး " ရှင့်ရဲ့ အပြစ်ကင်းစင်မှုကို နောက်ဆုံးအကြိမ်တုန်းက သက်သေပြချင်တယ်လို့ ပြောခဲ့တယ်မဟုတ်ဘူးလား။ ရှင့်အဲဒါကိုလုပ်ချင်သေးလား "
၀မ်ရူကွေ့က သူ့နှလုံးခုန်သံကိုပင် ကြားနေရသည်။ ထုံရွှယ်လူသည်လည်း သူ စကားဆိုေတာ့မည့်အချိန် ရင်ဘတ်ထဲမှ သူ့နှလုံးခုန်သံကို ကြားနိုင်နေမည်မှာ သေချာသည်။
သူက ပြင်းပြင်းထန်ထန် ခေါင်းညိတ်လိုက်သည်။
" အင်း ပြီးတော့ ပြီးခဲ့တဲ့ တစ်ခေါက်က ကိုယ့်ရဲ့ဆုလာဘ်ကိုရော "
ထုံရွှယ်လူ၏ အပြုံးမှာ သူမမျက်လုံးများဆီသို့ပင် ရှည်လျားနေသည်။
" ဒါတွေက ရှင်တွေးနေခဲ့တာတွေလား "
"……"
အနက်ရောင်မျက်လုံးများဖြင့် သူမကိုကြည့်ရင်း သူက ပို၍ပင် ရှက်သွားသည်။
ထုံရွှယ်လူက သူမ နှုတ်ခမ်းဖြင့် အချက်ပြလိုက်သည်။ " တံခါးသွားပိတ် "
၀မ်ရူကွေ့မှာ သူမစကားကြားသောအခါတွင် သူ့ကိုယ်သူ မထိန်းထားနိုင်တော့ပေ။
သူက လှည့်၍ တံခါးဆီသို့ ကို့ယို့ကားယားနိုင်စွာ လမ်းလျှောက်သွားသည်။ သူက အပြင်ဘက်ကိုပင် ချောင်းကြည့်လိုက်ပြီး အပြင်၌ မည်သူမှ မရှိသည့်အခါမှသာ တံခါးကို ပိတ်လိုက်သည်။
ထုံရွှယ်လူက သူ့ကို ဝှေ့ယမ်းပြလိုက်ပြီး သူမသည် နတ်ဆိုးလေးတစ်ကောင်အလား ချစ်စရာကောင်းနေသည်။
၀မ်ရူကွေ့ကမူ သူမ၏ မန္တန်အောက်တွင် ရှိနေသော ဘုန်းကြီးတစ်ပါးနှင့် တူလေသည်။
ထုံရွှယ်လူ ခြေဖျားထောက်ကာ မတ်တပ်ရပ်ပြီး သူ့ပါးပြင်ကို ဦးစွာ နမ်းလိုက်သည်။
" ဒါက ပြီးခဲ့တဲ့အကြိမ်က ပေးတဲ့ဆု "
သူမ သူ့ကို နမ်းလိုက်သည့်နေရာသည် တရွရွယားယံနေပြီး ၀မ်ရူကွေ့မှာ ထိုနေရာကို လက်ဖြင့် ကုတ်လိုနေသည်။ သို့သော် သူ့ပါးပြင်ပေါ်မှ ယားယံမှုကို ကုတ်ခြစ်နိုင်သော်လည်း သူ့စိတ်ထဲရှိ ယားယံမှုကိုမူ မည်သို့မျှ မတတ်နိုင်ချေ။
ထုံရွှယ်လူသည် သူမ၏ ကြည်လင်သော ဗာဒံစေ့ပုံ မျက်လုံးများဖြင့် သူ့ကို ကြည့်လိုက်ပြီး သူမအသံသည်လည်း ပျော့ပျောင်းနေသည်။
" ရှင့်ရဲ့ အပြစ်ကင်းမှုကို အခုသက်သေပြနိုင်တယ် "
ပြတင်းပေါက်မှနေရောင်သည် သူမအပေါ်သို့ ဖြာကျလာကာ သူမ၏မျက်နှာကို ပို၍ဖြူဖွေးပြီး နူးညံ့စေသည်။ သူမမျက်နှာပေါ်ရှိ နူးညံ့ပျော့ပျောင်းသော ဆံကေသာများက ရွှေရောင်ဖြင့် ဖုံးအုပ်ခံထားရပြီး သူမကို တောက်ပနေစေသည်။
သူမမျက်လုံးထောင့်မှ အနီရောင် မွေးရာပါ အမှတ်အသားကို ကြည့်ရင်း ၀မ်ရူကွေ့ သူ၏နှလုံးခုန်နှုန်းကို မထိန်းထားနိုင်တော့ပေ။
သူက လက်မြှောက်လိုက်ပြီး သူမပါးပြင်ကို ညင်သာစွာ ဆုပ်ကိုင်သည်။ ထို့နောက် သူမ၏ နီရဲကာဖူးဖူးလေးရှိသော နှုတ်ခမ်းဆီသို့ တိုးကပ်သွားသည်။
သူသည် သူမ၏ထူးထူးခြားခြားသောရနံ့လေးကို ရနေရပြီး သူ့လည်စိက ထိန်းမနိုင်သိမ်းမရ နိမ့်ချည်မြင့်ချည်ဖြစ်နေသည်။
သူမပါးပြင်ပေါ်မှ သူ၏အသက်ရှုသံကို ကြားရပြီး ထုံရွှယ်လူမှာ သူမ၏ပါးပြင် တရွရွဖြစ်နေသကဲ့သို့ ခံစားနေရပြီး နှလုံးခုန်နှုန်းများကလည်း မြန်ဆန်လာသည်။
သူမတို့၏ နှုတ်ခမ်းများ ထိလုနီးပါးအချိန်၌ အပြင်ဘက်တွင် ခြေသံများ ကြားလိုက်ရသည်။
" မမကြီး၊ မမကိုတွေ့ဖို့ ဒီမှာတစ်ယောက် ရောက်နေတယ်။ သူ့နာမည်က ဇိန်စန့် (သူခိုး) လို့ပြောတယ် "
ထုံမျန်မျန်၏အသံကိုကြားသည့်အခါ ထုံရွှယ်လူက ၀မ်ရူကွေ့ကို သူမဆီမှ တွန်းထုတ်လိုက်သည်။