၂၁၀
Viewers 39k

🍵Chapter 210





ယနေ့ခေတ်ကာလတွင် ဧည့်သည်အိပ်ခန်းအတွင်း ရေချိုးခန်း သို့မဟုတ် အိမ်သာများ မပါရှိပေ။ တည်းခိုသူသည် ရေချိုးရန်အတွက် အောက်ထပ်သို့ ဆင်းရပြီး ဒုတိယထပ်တွင် ရေချိုးခန်းများ ရှိကြသည်။


ထုံရွှယ်လူ ခေါက်ဆွဲပြင်ဆင်အပြီးတွင် ၀မ်ရူကွေ့ ရေချိုးရာမှ ပြန်ရောက်လာသည်။


၀မ်ရူကွေ့သည် ရေချိုးပြီးနောက် အနံ့‌မွှေးကြိုင်နေပြီး ရှည်လျားဖြူဝင်းသော လည်ပင်းကိုလည်း မြင်တွေ့နေရသည်။ ထုံရွှယ်လူက သူ၏ လည်စိကို တစ်ချက်ကြည့်လိုက်သည်။


ထို့နောက် သူမ၏ မျက်လုံးများက အောက်သို့ ရွေ့လျားသွားကာ သူ၏ ခိုင်ခံ့သောရင်ဘတ်၊ ပိန်လှီသောခါးနှင့် ဝမ်းဗိုက်နေရာများဆီသို့ ရောက်ရှိသွားသည်။


သူက အဝတ်အစားများ၀တ်ထား‌သော်လည်း  သူမလေချွန်ချင်မိသည်။


သူမကိုယ်ထဲတွင် လူရမ်းကားအမျိုးသမီးတစ်ယောက် ရှိနေသည်မှာ သေချာလေသည်။


သူမ၏ အကြည့်များအောက်တွင် ၀မ်ရူကွေ့၏ ခန္ဓာကိုယ်က ပူလောင်လာပြီး နားရွက်များနှင့် ပါးများက နီရဲလာပြန်သည်။


ထုံရွှယ်လူမှာ သူမ ဆက်လက်ကြည့်နေလျှင် ၀မ်ရူကွေ့ သူ့အလိုလို ပေါက်ကွဲလောင်ကျွမ်းသွားမည်ကိုပင် စိုးရိမ်မိသောကြောင့် ခေါက်ဆွဲပန်းကန်ကို သူ့ဆီတွန်းပို့ပြီး ပြောလိုက်သည်။


 " ဒီမှာ "


၀မ်ရူကွေ့ သူမထံမှ ပန်းကန်လုံးကို ယူလိုက်သောအခါ ထုံရွှယ်လူက သူ၏ လက်ဖဝါးပေါ်  သူမလက်ညှိုးနှင့် အမြန်ပွတ်ဆွဲလိုက်သည်။ သူ၏လက်မှာ တဆတ်ဆတ် တုန်ယင်သွားပြီး ပန်းကန်လုံး ပင် ပြုတ်ကျလုမတတ် ဖြစ်သွား‌၏။


ထုံရွှယ်လူသည် ထိုအရာကိုမြင်သောအခါ အပြစ်ကင်းသောအကြည့်ဖြင့် " ဘာဖြစ်တာလဲ။ ရှင် ချမ်းနေတာလား "


၀မ်ရူကွေ့က ရှက်နေပြီး ခေါင်းယမ်းလိုက်သည်။


 " မဟုတ်ဘူး "


သူမက မတော်တဆ ထိမိသွားရုံမျှသာဖြစ်သော်လည်း သူက အတွေးမျိုးစုံရှိနေလေသည်။ သူက  သူမ၏လက်ကို ဆုပ်ကိုင်လိုခဲ့သည်။


သူသည် ဤမျှလောက် အရှက်ကင်းမဲ့သော လူရမ်းကားတစ်ယောက်ဖြစ်နေသည်။


ထုံရွှယ်လူသည် သူက သူ့ကိုယ်သူ တိတ်တဆိတ် မျက်မှောင်ကြုတ်နေမှန်း မသိလိုက်ချေ။ ခေါက်ဆွဲများစားပြီးသွားသောအခါ သူမက ပြောသည်။


" အိုကေ၊ ရှင် ဒီမှာ ဘာလာလုပ်တာလဲဆိုတာ ကျွန်မကို အခု ပြောပြလို့ ရပြီလား " 


၀မ်ရူကွေ့  သူ၏အနက်ရောင် မျက်လုံးများဖြင့် သူမကို ကြည့်သည် ။


 " ကိုယ် မင်းကို စိတ်ပူတယ် "


ဟုတ်ပေသည်။ သူက ဂျေဆန်ကို မယုံကြည်‌သောကြောင့်ဟု  ပြောမည် မဟုတ်။


ထုံရွှယ်လူ၏ နှလုံးသားက နွေးထွေးသွားလေသည်။


 " ဒါဆို ရှင့်ရဲ့ ထောက်ခံစာက ရှင်‌ တကယ် ပျောက်သွားခဲ့တာလား "


ရှက်ရွံ့သောအကြည့်က ဝမ်ရူကွေ့ကို ဖြတ်သန်းသွားသည်။ 

" မဟုတ်ဘူး "


ထုံရွှယ်လူ သူမ၏ မျက်ခုံးများကို ပင့်လိုက်ပြီး " ဒါဆို ရှင် ဘာလို့ အဲဒီလို  ပြောခဲ့တာလဲ "


၀မ်ရူကွေ့    သူ၏ အနက်ရောင် မျက်တောင်များကို နှိမ့်ချလိုက်သည်။

 " ကိုယ် မင်းကို တွေ့ချင်လို့ "


သူ ဤကဲ့သို့ မပြောလျှင် ၀န်ထမ်းက  သူ့ကို တခြားဟိုတယ်ဆီသို့ သွားခိုင်းမည်ဖြစ်ပြီး သူမနှင့် တွေ့နိုင်မည် မဟုတ်ချေ။


ထိုစကားကိုပြောသည့်အခါ သူက သကြားလုံးမရသည့် ကလေးတစ်ယောက်ကဲ့သို့ အလွန်သနားစရာကောင်းနေသည်။


ထုံရွှယ်လူ၏ နှလုံးသားမှာ ချက်ချင်း ပျော့ပြောင်းသွားလေသည်။ 


" မြန်မြန် ပန်းကန်ကို အောက်ထပ်ကို ယူသွား‌ချေ။ ကျွန်မတို့ အိပ်ရာ၀င်သင့်ပြီ "


အိပ်ရာဝင်သင့်ပြီ။


အိပ်ရာ...၀င်သင့်ပြီ။


၀မ်ရူကွေ့သည် ထိုစကားကိုကြားသောအခါ မှင်တက်သွားပြီး သူ့နှလုံးက ထိန်းမနိုင်သိမ်းမရ လှုပ်ခတ်သွားသည်။


မှင်တက်နေသော သူ့အကြည့်ကို မြင်သည့်အခါ ထုံရွှယ်လူက သူမပါးစပ်ကို ဖုံးကာ ပြုံးလိုက်သည်။ ထို့နောက် သူမသည် သူ၏ရှေ့၌ ကုတ်အင်္ကျီကို ချွတ်လိုက်သည်။


ယခုဆိုလျှင် ၀မ်ရူကွေ့၏လည်ပင်းမှာအနီရောင်သို့ပင် ပြောင်းလဲသွားသည် ။ သူက အောက်သို့ စိုက်ကြည့်နေပြီး ပန်းကန်လုံးနှင့် တူများကို ကိုင်ကာ တံခါးဆီသို့ အမြန်‌‌လျှောက်သွား၏။


ထုံရွှယ်လူက စောင်အောက်တွင် လူးလိမ့်ရင်း တခစ်ခစ်ရယ် မောနေမိလေသည်။


တခါတရံ၌ သူမသည် မိန်းမဆိုးတစ်ယောက်ဟုပင် သူမကိုယ်သူမ ထင်မြင်မိသည်။ သူမက သူ့ကို စနောက်ရခြင်းကို နှစ်သက်ပြီး ရှက်‌သွေးဖြာကာ သူ့နှလုံးသား ခုန်ပေါက်သွားသည်ကို မြင်ရခြင်းကိုလည်း သဘောကျသည်။


၀မ်ရူကွေ့ပန်းကန်လုံးကို အောက်ထပ်သို့ ယူလာပြီး အပြင်ဘက်တွင် ခေတ္တရပ်နေလိုက်သည်။ သူက မျက်နှာပူလောင်‌နေခြင်း ရပ်တန့်သွားခါမှသာ အခန်းသို့ ပြန်သွားသည်။


သူ  အထဲသို့ ဝင်လာသည်ကို ကြည့်ရင်း ထုံရွှယ်လူက နှုတ်ခမ်းစူကာ ပြောလိုက်သည်။ " ရှင် ပြန်မလာတော့ဘူးထင်နေတာ "


၀မ်ရူကွေ့က သူမကို လုံးဝ မကြည့်ဝံ့ပေ။ " မြန်မြန်သွားအိပ်တော့။ မင်းကို အလုပ်များတဲ့နေ့တစ်‌နေ့က စောင့်နေတယ် "


ထုံရွှယ်လူက " အပေါ်မော့ "


၀မ်ရူကွေ့က သူမ ဘာလုပ်မည်ကို မသိသော်လည်း ကျိုးနွံစွာ နားထောင်လေသည်။


ထုံရွှယ်လူက သူ့ကို နမ်းလိုက်၏။ " ဂွတ်နိုက် ဒါလင် "


၀မ်ရူကွေ့၏ပါးများ၊ နားများနှင့် လည်ပင်းများ သိသိသာသာ နီရဲလာသည်။ ‌ပူလောင်မှုလျှော့ချရန် အပြင်ထွက်ကာ ကြိုးစားခဲ့မှုအားလုံးသည်  အချည်းနှီးဖြစ်သွားသည်။


ထုံရွှယ်လူ  ပြုံးလိုက်ပြီးနောက် လှဲချလိုက်သည်။


၀မ်ရူကွေ့သည် သူ့ကိုယ်သူ အာရုံပြန်မစုစည်းနိုင်မီ အတန်ကြာအောင် တစ်နေရာတည်း၌ ရပ်နေခဲ့လေသည်။ သူက အခန်းမီးကိုပိတ်လိုက်ပြီး အိပ်ယာဆီသို့  ကို့ရို့ကားယားနိုင်စွာ လမ်းလျှောက်လာသည်။


သူက အမှောင်ထဲတွင် ထုံရွှယ်လူ၏ အိပ်ရာဆီသို့ လှည့်ကြည့်လိုက်ပြီး နှုတ်ခမ်းများက ကွေးညွတ်သွားသည်။


သူက  တိတ်တဆိတ် ပြောလိုက်သည်။

" ဂွတ်နိုက် ဒါလင် "


ထုံရွှယ်လူသည် ထိုညက ကောင်းကောင်း အိပ်ပျော်သွားခဲ့သည်။ သူမသည်  အိပ်မက်ပင် မမက်နိုင်လောက်အောင် အမှန်တကယ် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားခဲ့သည် ။


သို့သော် ဝမ်ရူကွေ့အတွက်မူ နှိပ်စက်ညှဉ်းပန်းမှုတစ်ခု ဖြစ်ခဲ့လေသည်။


ထုံရွှယ်လူက သူ့ဘေးနားရှိ ကုတင်ပေါ်တွင် အိပ်ပျော်နေသဖြင့် သူ့နှလုံးခုန်သံများက ရပ်တန့်မသွားကြပေ။ သူက အိပ်ပျော်ရန် ကြိုးစားသော်လည်း မည်သို့မျှ အိပ်မပျော်နိုင်‌ပေ။


ထို့အပြင် သူက အိပ်ပျော်သွားခဲ့လျှင် နောက်တစ်နေ့ မနက်၌ သူတို့နှစ်ယောက် တစ်ခန်းတည်း အတူရှိနေသည်ကို တခြားသူများ သိသွားကြမည်ကိုလည်း စိုးရိမ်နေမိသည်။


တစ်ဝက်တစ်ပျက် အိပ်ပျော်နေသည့် အခြေအနေတွင်  အိပ်မက်တစ်ခု မက်ခဲ့သည်။


၀မ်ရူကွေ့၏အိပ်မက်တွင် သူနှင့် ထုံရွှယ်လူတို့ လက်ထပ်ခဲ့ကြပြီး သူက ဖိခံထားရသူဖြစ်သည်။


ထို့နောက် ထုံရွှယ်လူကိုယ်ဝန်ရှိလာပြီး သူနာပြုဆရာမထံမှ ကလေးကို ပျော်ရွှင်စွာ ယူလိုက်သည်။ သူက အောက်ကိုငုံ့ကြည့်လိုက်သည့်အခါ ကလေးက ဂျေဆန် ဖြစ်နေလေသည်။


ဂျေဆန်က သူ့ကိုမြင်သည့်အခါ ပြုံးပြပြီး " ဖေဖေ " ဟု ခေါ်လာသည်။


၀မ်ရူကွေ့မှာ ဖြူဖျော့သွားပြီး ဂျေဆန်ကို ပစ်ချလိုက်သည်။ ဂျေဆန်သည် မြေပြင်ပေါ်သို့ ကျသွားသည့်အခါတွင် ၀က်တစ်ကောင်အဖြစ် ပြောင်းလဲသွားခဲ့ပြီး သားသတ်သမားက ခေါ်ဆောင်သွားလေသည်။


ဂျေဆန်က သူ့ကို ၀က်တစ်ကောင်ကဲ့သို့ အော်ကာ အကူအညီတောင်းနေပြီး သူကမူ ထိတ်လန့်နေသည်။


၀မ်ရူကွေ့ သူ့မျက်လုံးများကို ဆတ်ခနဲ ဖွင့်လိုက်ပြီး မျက်နှာကျက်ကို အချိန်ကြာမြင့်စွာ မလှုပ်မယှက် စိုက်ကြည့်နေသည်။


' ဘယ်လောက်ကြောက်စရာကောင်းလိုက်တဲ့ အိပ်မက်လဲ '


အချိန်ကိုကြည့်လိုက်သည့်အခါ ၇ နာရီပင် မထိုးသေးချေ။


သူက ဂရုတစိုက် အိပ်ရာမှထလိုက်ပြီး အဝတ်အစားများ ဝတ်ကာ အိတ်ကို ကုတင်အောက်သို့ တွန်းပို့ပြီးနောက် အောက်ထပ်သို့ ရေချိုးရန် ထွက်လာသည်။


၀မ်ရူကွေ့ကို မြင်သောအခါ ၀န်ထမ်းက အနည်းငယ် အံ့အားသင့်သွားသည်။ သူက သမ်းဝေပြီးနောက် ၀မ်ရူကွေ့ကို မေးသည်။


 " ဘယ်လိုလုပ် စောစောထလာတာလဲ ရဲဘော်ဝမ် "


၀မ်ရူကွေ့က ပြောသည်။ 


"  ကြမ်းပြင်က အရမ်းအေးပြီး အိပ်လို့မရဘူး။ ဒီ​နေ့ တစ်ယောက်ယောက်များ check out လုပ်သလား "


၀န်ထမ်းက ခေါင်းယမ်းသည်။ 


" မလုပ်ကြဘူး ။ နောက်သုံးရက်ကြာတဲ့အထိ အခန်းလွတ် မရှိနိုင်ဘူး "


၀မ်ရူကွေ့က ခေါင်းညိတ်လိုက်ပြီး ရေချိုးပြီးလျှင် ထိုင်ရန်အတွက် ထိုင်ခုံပု‌ လေးတစ်ခုံ တောင်းလိုက်သည်။


၀န်ထမ်းက အကြိမ်အနည်းငယ် သမ်း‌ဝေကာ နောက်အဆိုင်းမှ ကောင်မလေး ရောက်လာပြီးနောက် ထွက်ခွာသွားသည်။


ထုံရွှယ်လူ နိုးလာပြီး ၀မ်ရူကွေ့ မရှိတော့သည်ကို သတိပြုမိသောအခါ သူမ အနည်းငယ် အံ့သြသွားသည်။


သူမသည် အနည်းငယ် စိတ်ပျက်သွားလေသည်။ အခန်းထဲ၌ သူ့ရနံ့များမကျန်ခဲ့လျှင် မနေ့ညက ဖြစ်ပျက်ခဲ့သည်များမှာ  အိပ်မက်တစ်ခုဟုပင်  သူမထင်မိလိမ့်မည်ဖြစ်သည်။


သူမ အိပ်ရာထ၊ ရေချိုးသန့်စင်ကာ အ၀တ်လဲလိုက်ပြီးနောက် ၀မ်ရူကွေ့ကိုရှာရန် အောက်ထပ်သို့ ဆင်းလာသည်။


လှေကားထစ်သို့ ရောက်သောအခါ အစိမ်းရောင် ဦးထုပ်နှင့်လည်စည်းပဝါကို ဝတ်ထားသည့် ဂျေဆန်ကို တွေ့လိုက်ရသည်။


" မင်္ဂလာနံနက်ခင်းပါ ရဲဘော်ထုံ "


ထုံရွှယ်လူက ပြုံးလိုက်ပြီး သူနှင့် သူ့နောက်က လူများကို နှုတ်ဆက်သည်။


သူတို့အားလုံး အောက်ထပ်သို့ဆင်းလာသည့်အခါ ဧည့်ခန်းထဲရှိ ဝမ်ရူကွေ့နှင့် တွေ့ဆုံမိပြီး ဂျေဆန်က မှင်တက်သွား‌သည်။


 " ဒီမှာ ဘာလုပ်နေတာလဲ ရဲဘော်ဝမ် "


၀မ်ရူကွေ့က ခပ်တည်တည်ပြောသည်။


 " ကျွန်တော် နောက်ဆုံးမိနစ်သတိပေးချက်ကြောင့် အလုပ်ခရီးထွက်ခဲ့ရပြီး ဒီဟိုတယ်မှာ တည်းခိုခဲ့ရတာ "


ဂျေဆန်နှင့် တခြားသူများသည် ဟိုတယ်အခန်းများပြည့်နေသည်ကို မသိခဲ့ကြဘဲ ၀မ်ရူကွေ့တွင် သူ၏ကိုယ်ပိုင်အခန်းရှိသည်ဟုသာ  ယူဆကြသည်။


ထိုအချိန်တွင် ၀န်ထမ်းက ရှိမနေပေ။ ၀န်ထမ်းက ပြန်ရောက်လာပြီးနောက် ၀မ်ရူကွေ့သည် ထုံရွှယ်လူနှင့် သူမအဖွဲ့အား စကားစမြည်ပြောကာ ရယ်မောနေသည်ကို တွေ့သောအခါ သူတို့က အတူတူဖြစ်သည်ဟုသာ ယူဆလိုက်သည်။


ထို့ကြောင့် ၀မ်ရူကွေ့သည် ထုံရွှယ်လူ၏အခန်းတွင် တည်းခိုနေသည်ဟူသော အချက်မှာ  ထုတ်ဖော်ခြင်းမခံရပေ။


ဟိုတယ်တွင် ကြိုတင်ပြင်ဆင်ထားသော ပါဝင်ပစ္စည်းများရှိပြီး ထုံရွှယ်လူက မီးဖိုချောင်သို့သွားကာ လူတိုင်းကို ကြက်သားဆော့စ်တို့ဟူးဟင်းနှင့် ဖက်ထုပ်အိုးကပ်ကြော်များ ပြုလုပ်ပေးသည်။


ကြက်သားဆော့စ်တို့ဟူးခြစ်ဟင်းသည် ဟွိုက်ယန် ဟင်းလျာဖြစ်ပြီး ယန်ကျိုးတွင်လည်း လူသိများသောဟင်းတစ်မျိုး ဖြစ်သည်။


ဤဟင်းလျာပြုလုပ်ရန် စားဖိုမှူးထံတွင် ဓားနှင့် ပတ်သက်၍ ပြောင်မြောက်သောကျွမ်းကျင်မှုရှိရန် လိုအပ်ပြီး ဟိုတယ်ရှိ စားဖိုမှူးများသည် ထုံရွှယ်လူ၏ နည်းစနစ်ကြောင့် အံ့အားသင့်သကြသည်။


ထုံရွှယ်လူနှင့် ယှဉ်လိုက်လျှင် သူတို့၏ချက်ပြုတ်မှုက ကလေး ကစားပုံနှင့် တူလေသည်။


ကြက်သားဆော့စ်တို့ဟူးခြစ်ဟင်းကို  ပါဝင်ပစ္စည်းများ အများအပြားဖြင့် ပြုလုပ်ထားပြီး တို့ဟူးထဲသို့ အရသာအားလုံး စိမ့်၀င်နေစေရန် ချက်ပြုတ်ထားသည်။ ဟင်းလျာသည် တို့ဟူးနံ့မသင်းဘဲ ကြွပ်ရွကာ အရသာရှိပြီး အလွန်စားချင်စဖွယ်ကောင်းသည့်ဟင်းလျာတစ်ခွက်ဖြစ်သည်။


ဖက်ထုပ်အိုးကပ်များကို ဝက်သား၊ ကြက်ဥ၊ မှိုတို့နှင့် ပြုလုပ်ထားသည်။ ကြော်ပြီးသည့်အခါ ၎င်းတို့က ရှည်လျားကာ အဝါရောင်ရှိသည်။ ဖက်ထုပ်အိုးကပ်ကြော်၏ အပြင်ဘက်သည် ကြွပ်ရွနေသည်။ တစ်ချက်ကိုက်ရုံနှင့် အထဲတွင် သွပ်ထားသည်များက အရသာရှိကာ နူးညံ့ပြီး သာမန်ဖက်ထုပ်ထက် ပို၍အရသာရှိသည်။


တူညီသော လက္ခဏာအားဖြင့် ဖက်ထုပ်အိုးကပ်ကြော်များသည် ဖန်တီးရန် ပိုမိုခက်ခဲလေသည်။ ဖက်ထုပ်များပြုလုပ်ရန်အတွက် အစာသွပ်ကာ ထုပ်ပိုးရန်သာ လိုအပ်သည်။ သို့သော် ဖက်ထုပ်အိုးကပ်များကို နှစ်ဖက်စလုံးတွင် ဖွင့်ထားခြင်းဖြင့် ၎င်းသည် စားဖိုမှူး၏ ကျွမ်းကျင်မှုကို နောက်ထပ်အဆင့်တစ်ခုဆီသို့ ရောက်စေသည်။


အပြင်ဘက်တွင် ကြွပ်ရွနေပြီး အထဲရှိ အစာပလာများ ပွင့်ထွက်မလာရန် အလွန်အရေးကြီး‌ပေသည်။ ဂျုံမုန့်ညက်က ပျော့လွန်းလျှင် ချက်သည့်အချိန်၌ ကွဲထွက်သွားမည်ဖြစ်သည်။ အလွန်မည်းသွားလျှင် အိုးကပ်ကြော်သည် အရသာရှိ‌တော့မည် မဟုတ်ချေ။ သို့သော် ထိုအရာများမှာ ထုံရွှယ်လူအတွက် ပြဿနာ မဟုတ်ချေ။


ယန်ကျိုး၌ ပထမဆုံး နံနက်စာမှာ လူတိုင်း၏အာရုံ၌ အရသာရှိသောရနံ့ဖြင့် ကျန်ရစ်‌နေခဲ့သည် ။ လူတိုင်းက ခရီးသွားခြင်းကြောင့် ပင်ပန်းနွမ်းနယ်မှု အားလုံး ပျောက်ကွယ်သွားသည်ဟုပင်  ခံစားမိကြသည်။


ဟိုတယ်ရှိ အခြားဧည့်သည်များက သူတို့သည်လည်း မည်ကဲ့သို့ စားနိုင်မည်ကို ၀န်ထမ်းအား လာရောက်မေးမြန်းကြရာ ၀န်ထမ်းက သူမသည်လည်း ထိုအရာများ မြည်းစမ်းကြည့်လိုသည်ဟု ပြန်လည်ဖြေလိုက်တော့သည်။