🍵Chapter 211
ထုံရွှယ်လူက သူ့အတွက် သူမရင်ထဲတွင် တိတ်တိတ်လေးဖယောင်းတိုင်ထွန်းပေးလိုက်သည်။
ဂျေဆန်စားနေသော ပုံစံကယဉ်ကျေးသိမ်မွေ့သော်ငြား အခြားသူများထက်လုံးဝမနှေးပေ။
“ရဲဘော်ထုံ မင်းလက်ရာက အရမ်းအံ့ဩဖို့ကောင်းလိုက်တာ၊ ကျွန်တော်မင်းကို USထိပါပြန်ခေါ်သွားချင်မိတယ်”
ထိုစကားကိုကြားသောအခါ ဝမ်ရူကွေ့က မျက်မှောင်ကြုတ်လိုက်သည်။ ရုတ်တရက်ဆိုသလိုပင် သူ့ပါးစပ်ထဲမှဖက်ထုပ်က ခုနကလောက်အရသာမရှိတော့ပေ။
ဝမ်ရူကွေ့၏အမူအရာကို သတိမပြုမိဘဲ ဂျေဆန်က ဆက်ပြောသည်။
“ရဲဘော်ထုံ မင်းတော့မသိလောက်ဘူး၊ နိုင်ငံခြားသားတွေက အချင်းချင်းတွေ့ကြရင် ဒါလင်လို့ခေါ်ကြတာ၊ ဒါလင်ဆိုတာက အချစ်လေးလို့အဓိပ္ပါယ်ရတယ်၊ မင်းနိုင်ငံခြားရောက်လို့ အဲ့ဒီလိုခေါ်ခံရရင် မလန့်သွားနဲ့နော်”
ထုံရွှယ်လူဘာမှမပြောနိုင်သေးခင်မှာဘဲ ဝမ်ရူကွေ့က ဖြတ်ပြောလာသည်။
“ကျွန်တော်တို့က တရုတ်လူမျိုးလေ၊ ကျွန်တော်တို့က အချင်းချင်း ရဲဘော်လို့ဘဲခေါ်ဝေါ်ကြတယ်၊ အသက်အရွယ်ကြီးတဲ့သူတွေကိုတော့ လေးစားတဲ့အသုံးအနှုန်းတပ်ခေါ်ကြတယ်၊ လူတိုင်းကို ဒါလင်လို့မခေါ်ကြပါဘူး”
ဒီအချိန်လေးမှာပင် ဝမ်ရူကွေ့၏ နိုင်ငံရပ်ခြားအပေါ် ထင်မြင်ချက်များက ပို၍ဆိုးဝါးလာသည်။
သူတို့ကဘာလို့များ လူတိုင်းကို ဒါလင်လို့လိုက်ခေါ်နိုင်တာလဲ။
ဒါလင်ဆိုတဲ့အခေါ်အဝေါ်က သူ့အတွက်ဘဲ။
ဖက်ထုပ်ပူလောင်သွားသော ဂျေဆန်က စားပွဲထိုးဆီမှရေသွားတောင်းလိုက်ကာ ဤစကားဝိုင်းကအဆုံးသတ်သွားသည်။
ထုံရွှယ်လူက ဝမ်ရူကွေ့နားကပ်ကာ ဘယ်သူမှမကြည့်နေသောအချိန်တွင် သူ့နားထဲသို့ တီးတိုးပြောလိုက်သည်။
“စိတ်မပူပါနဲ့ ကျွန်မကရှင့်ကိုဘဲ ဒါလင်လို့ခေါ်မှာ”
ဝမ်ရူကွေ့က သူမ၏ရွှန်းစိုနေသော မျက်လုံးများကိုကြည့်ကာ တစ်ယောက်ယောက်က သူ့ပါးစပ်ထဲ ချိုချဉ်ထိုးထည့်ပေးလိုက်သလို ခံစားမိသွားသည်။
ချိုချဉ်က ကြေမွှသွားကာ ချိုမြိန်မှုက သူ့ပါးစပ်ထဲမှနှလုံးသားအထိ စီးဆင်းလာပြီး သူ့နှုတ်ခမ်းများက ထိန်းမချုပ်နိုင်စွာ ကွေးတက်သွား၏။
🍵
နေ့လယ်စာစားပြီးသောအခါ သူတို့အုပ်စုက ကားတစ်စီးဖြင့် ရဲဘော်ကျယ်ချန်ကျိုးမိခင်၏ မွေးရပ်မြို့သို့ ဦးတည်လိုက်ကြသည်
ဝမ်ရူကွေ့က အခြားသူများကို သူက သူ့လုပ်ဖော်ကိုင်ဖက်များကို စောင့်နေရဆဲဖြစ်သဖြင့် ဟိုတယ်နားတစ်ဝိုက်လျှောက်သွားနေရုံကလွဲလျှင် ဘာမှလုပ်စရာမရှိကြောင်း ပြောပြလိုက်သည်။
သူတို့က ထိုစကားကိုကြားသောအခါ ချက်ချင်းပင် ဝမ်ရူကွေ့အား သူတို့နှင့်အတူလိုက်လာရန် ဖိတ်ခေါ်လိုက်ကြသည်။ ဝမ်ရူကွေ့ကလည်း ဝမ်းသာအားရစွာ လက်ခံလိုက်သည်။
သူတို့ဦးတည်သည့်နေရာသို့ရောက်ရန် နှစ်နာရီလောက်ကားစီးလိုက်ရသည်။
ကျယ်ချန်ကျိုးက ဂျေဆန်အား သူတို့၏မိသားစုဝင်များဆီအလည်သွားရန် ခေါ်သွားပြီး ထုံရွှယ်လူနှင့် ကျန်သည့်သူများကမူ ထုတ်လုပ်ရေးအသင်းတွင် လျှောက်ကြည့်လိုက်ကြသည်။
အခြားသူများကမူ အပြင်ဘက်တွင်အရမ်းအေးနေသဖြင့် ထုတ်လုပ်ရေးအသင်းခေါင်းဆောင်၏ရုံးခန်းထဲ၌သာနေလိုကြသည်။
ထုံရွှယ်လူက သူတို့နှင့်အတူ ရုံးခန်းထဲမနေချင်သဖြင့် ဝမ်ရူကွေ့နှင့်အတူ အပြင်ထွက်လာခဲ့လိုက်သည်။
ကျေးလက်ဒေသ၏ဆောင်းရာသီတွင် ကြည့်စရာရှုခင်းဟူ၍ ထွေထွေထူးထူးမရှိပေ။ သစ်ပင်များက အရွက်ဗလာဖြစ်နေကာ ပန်းပင်များ၊မြက်ခင်းများလည်း ရှိမနေပေ။ ယမန်နေ့ကမှ နှင်းကျထားသဖြင့် မြေကြီးပေါ်တွင် နှင်းများသာရှိနေသည်။ နှင်းများက မြေကြီးများနှင့် ရောနှောနေသောအခါ အတော်လေးညစ်ပတ်သည့်ပုံပေါ်နေ၏။
ဆောင်းရာသီတွင် အပြင်ထွက်သောသူသိပ်မရှိပေ။ လူအများစုက အိမ်ရှေ့တွင်ထိုင်ကာ နေပူဆာလှုံပြီး။ဖိနပ်ခုံချုပ်နေကြသည်။ သူတို့က ဝမ်ရူကွေ့နှင့် ထုံရွှယ်လူတို့ကိုမြင်သောအခါ လှည့်ကြည့်လာကြ၏။
သူတို့က ဒီအသက်ဒီအရွယ်အထိ အပြင်လူများကို သိပ်မမြင်ဖူးပေ။ထုံရွှယ်လူတို့အုပ်စုက ကားဖြင့်ရောက်လာကြရာ ထုတ်လုပ်ရေးအသင်းထဲတွင် သူမတို့ရောက်လာသည်က သတင်းထူးတစ်ခုလိုဖြစ်နေ၏။
လူကြီးများက သူမတို့ကိုစိုက်ကြည့်နေကြကာ ကလေးများကမူ ပိုတက်ကြွစွာပင် တခစ်ခစ်ရယ်ပြီး သူတို့နောက်မှလိုက်နေကြသည်။
ထုံရွှယ်လူက လမ်းတစ်ပတ်လျှောက်လိုက်ပြီးနောက် အတော်လေးပျင်းဖို့ကောင်းသဖြင့် ပြန်ကြရန်ပြောလိုက်သည်။
ဝမ်ရူကွေ့က ခေါင်းညိတ်ကာ သူတို့နှစ်ယောက်က ပြန်သည့်ဘက်သို့ ဦးတည်လိုက်ကြသည်။
လမ်းတစ်ဝက်သို့ရောက်သောအခါ ဂျေဆန်က ကင်မရာကိုကိုင်ပြီး သူတို့ဆီလျှောက်လာ၏။
“ရဲဘော်ထုံ မင်းကဒီကိုရောက်နေတာလား ငါမင်းတို့နှစ်ယောက်ကို လိုက်ရှာနေတာ”
ထုံရွှယ်လူ :“ ကိစ္စတစ်ခုခုရှိလို့လား ရဲဘော်ရှောင်ကျယ်”
:“ဒီက ရှုခင်းတွေက အရမ်းကိုကွဲပြားနေလို့လေ အဲ့ဒါကျွန်တော်ဒီနားတစ်ဝိုက်ကို ဓာတ်ပုံရိုက်ချင်လို့ ရဲဘော်ထုံကို မော်ဒယ်လုပ်ခိုင်းမလို့ပါ”
ထိုစကားကိုကြားသောအခါ ဝမ်ရူကွေ့က မျက်မှောင်ကြုတ်သွားပြန်သည်။
သူဘာမှမပြောရသေးခင်တွင် သူတို့နောက်မှ ကလေးများက အော်ဟစ်လာကြသည်။
“မြန်မြန်ပြေးကြ ငန်းတွေလာနေပြီ”
."....."
ထုံရွှယ်လူနှင့်ဝမ်ရူကွေ့တို့က လှည့်ကြည့်လိုက်သောအခါ သူတို့၏ဆီးအိမ်ကိုပင်မထိန်းနိုင်လုနီးပါးဖြစ်သွားသည်။
သူတို့အနောက်တွင် ကြီးမားသောငန်းအုပ်ကြီးကိုမြင်လိုက်ရကာ ထိုငန်းများက အတောင်များကိုခတ်ပြီး သူတို့ဆီကို ခက်ထန်စွာပြေးလာကြသည်။
ထုံရွှယ်လူက အသံတစ်ခုတောင်မပြုနိုင်သေးခင်မှာဘဲ သူမ၏ကိုယ်က ပေါ့သွားလေသည်။
သူမမော့ကြည့်လိုက်ရာ ဝမ်ရူကွေ့က သူမကိုချီထားသည်ကို မြင်လိုက်ရသည်။
“စိတ်မပူနဲ့ ကိုယ်ရှိတယ်”
သူက ထိုသို့ပြောကာ ချက်ချင်းပင် လှစ်ခနဲပြေးထွက်သွားသည်။
ကျေးလက်မှလမ်းများသည် ညီညာမှုမရှိသော်လည်း ဝမ်ရူကွေ့က လက်ထဲတွင် လူတစ်ယောက်ကိုသယ်ထားလျက်နှင့်တောင် အလွန်မြန်ဆန်စွာပြေးနိုင်နေဆဲဖြစ်သည်။
ဂျေဆန်က ဘာဖြစ်နေမှန်းသဘောမပေါက်ပေ။ သူက ဝမ်ရူကွေ့ ထုံရွှယ်လူကိုချီပြီး ပြေးသွားသည်ကိုသာမြင်လိုက်ရပြီး ကြောင်အသွားသည်။
“ရဲဘော်ဝမ် ရဲဘော်ထုံ မင်းတို့ဘာလုပ်နေကြတာလဲ”
သူပြောပြီးပြီးချင်းမှာပင် ဝမ်ရူကွေ့က သူ့နားမှဖြတ်သွားသည်။
သူက လေသံနှင့်ရောနေသော ဝမ်ရူကွေ့၏စကားကိုကြားလိုက်ရသည်။
“ပြေးတော့”
သို့သော် နောက်ကျသွားပြီဖြစ်သည်။
ငန်းအုပ်ကြီးက ဂျေဆန့်နားရောက်လာပြီဖြစ်ကာ သူ့ခြေထောက်နှင့် ခြေသလုံးကိုထိုးဆိတ်လာ၏။
ငန်းအုပ်ထဲမှ တစ်ကောင်က အလွန်ထူးခြား၏။၎င်းက တောင်ပံခတ်ကာ လေထဲသို့ပျံလာပြီး ဂျေဆန်၏မိသားစုရတနာတည့်တည့်ကို ဦးတည်လာလေသည်။
ဂျေဆန်၏က နာကျင်မှုဖြင့်အော်ဟစ်လိုက်သော အသံက မိုးထိတိုင်အောင် ပျံ့နှံ့သွား၏။
ထိုအော်သံကိုကြားလိုက်ရသောအခါ ထုံရွှယ်လူခိုက်ခိုက်တုန်သွားလေသည်။
ထုတ်လုပ်ရေးအသင်းဝင်များက အမြန်ရောက်လာပြီး ငန်းအုပ်ကိုမောင်းထုတ်ပေးသော်လည်း ဂျေဆန်ကပြင်းပြင်းထန်ထန်ဒဏ်ရာရသွားခဲ့သည်။
သူ့ခြေသလုံး၏နေရာတော်တော်များများဖြင့် အရေခွံလန်သွားပြီး အဆိုးဆုံးမှာ.......
အမျိုးသမီးက ထောင့်နားတွင် ခိုးနားထောင်နေရင်း ထုံရွှယ်လူနှင့်အခြားသူများကိုမြင်သောအခါ သူတို့ဆီပြေးလာပြီး ပြောပြလာသည်။
“စိုးရိမ်စရာမလိုဘူး၊ သူ့မိသားစုရတနာက အဆင်ပြေနေတုန်းဘဲ၊ အဲ့ဒါကနည်းနည်းဘဲ ဒဏ်ရာရသွားတာ၊ သုံးလို့ရနေတုန်းပါဘဲ”
ထုံရွှယ်လူ: “……”
ဝမ်ရူကွေ့ “……”
လူတိုင်း “……”
ထိုအမျိုးသမီးက သူတို့ကိုပြောပြပြီးနောက် အလျင်အမြန်ပင် အခြားသူများအားသွားပြောပြလိုက်သည်။ ဤသို့ဖြင့် အချိန်တိုလေးအတွင်းတွင် ဂျေဆန်၏မိသားစုရတနာ ဒဏ်ရာရသွားသည့်အကြောင်းကို ထုတ်လုပ်ရေးအသင်းတစ်ခုလုံး သိသွားကြလေသည်။
ထုံရွှယ်လူက သူ့အတွက် သူမရင်ထဲတွင် တိတ်တိတ်လေးဖယောင်းတိုင်ထွန်းပေးလိုက်မိသည်။
ဤကဲ့သို့မတော်တဆမှုဖြစ်သွားသဖြင့် သူတို့အုပ်စုက ထုတ်လုပ်ရေးအသင်းတွင် ဆက်နေ၍မရတော့ပေ။
အပြန်လမ်းတွင် ကားထဲမှလေထုကြီးက အတော်လေးကို နေရခက်နေခဲ့သည်။
အထူးသဖြင့် ဂျေဆန်၏မျက်နှာက နီတလှည့်ဖြူတလှည့်ဖြစ်နေ၏။ သူက ပုံမှန်အားဖြင့် အလွန်စကားများတတ်သော်လည်း ပြန်လာသည့်လမ်းတွင် ခေါင်းငိုက်စိုက်ချကာ စကားသိပ်မပြောခဲ့ပေ။
သူ့ပုံစံက အလွန်သနားစရာကောင်းလှသည်။
ဟိုတယ်သို့ပြန်ရောက်သောအခါ ကုန်သွယ်ရေးဌာန၏ လက်ထောက်ညွှန်ကြားရေးမှုးက သူမကိုလာပြောသည်။
“ရဲဘော်ထုံ ဒီနေ့ဖြစ်ခဲ့တာတွေနဲ့ပတ်သက်ပြီး ရဲဘော်ေရှာင်ကျယ်က ငါတို့ကိုအပြစ်မတင်ပေမယ့် ရဲဘော်ကျယ်ကို ကောင်းကောင်းဂရုမစိုက်လိုက်နိုင်တာက ငါတို့မှာတာဝန်ရှိတယ်”
“အဲ့ဒါကြောင့် မင်းက ရဲဘော်ရှောင်ကျယ်အတွက် အရသာရှိတာလေး တစ်ခုခုလုပ်ပေးလိုက်ပါလား ငါလိုက်မေးကြည့်ပြီးသွားပြီ၊ သူကချိုတာတွေကိုကြိုက်တယ်တဲ့၊ ဒီနေ့အတွက်ချိုတာလေးတွေကို ပိုပိုလျှံလျှံလုပ်ပေးလိုက်ပါ၊ ရဲဘော်ထုံ ငါတို့မင်းကိုဘဲအားကိုးမယ်နော်”
ထုံရွှယ်လူက ဂျေဆန်အပေါ် မနှစ်သက်တာမျိုးမရှိပေ။ ထို့အပြင် ချက်ပြုတ်ရမည်မှာ သူမ၏အလုပ်ဖြစ်သည်။
“ကိစ္စမရှိပါဘူး ကျွန်မခနလေးနဲ့လုပ်လို့ပြီးတယ်”
ဝမ်ရူကွေ့က ဘေးတွင်ရပ်နေရင်း သူ့နှုတ်ခမ်းများက မျဉ်းတစ်ကြောင်းအသွင်စေ့သွားသည်။
လက်ထောက်ညွှန်ကြားရေးမှူးထွက်သွားသောအခါ ထုံရွှယ်လူက ဝမ်ရူကွေ့နှင့်အတူ မီးဖိုချောင်ထဲသို့ ဝင်သွားလိုက်သည်။
“ဒါနဲ့ ရှင်ကကျွန်မကိုချီထားတာတောင် ဘယ်လိုဖြစ်ပြီးအရမ်းမြန်မြန်ပြေးနိုင်ရတာလဲ”
ထုံရွှယ်လူ၏အသံကိုကြားသောအခါ ဝမ်ရူကွေ့၏ပုံစံက နူးညံ့သွားသည်။
“ကိုယ်က မွေးကတည်းက အရမ်းသန်မာတာ”
ထုံရွှယ်လူတစ်ယောက်တည်းကိုချီရုံတင်မက သူမလိုလူနှစ်ယောက်ကို ချီသွားလျက်ပြေးရမည်ဆိုလျှင်တောင် ပြသနာမရှိပေ။
မီးဖိုချောင်ထဲတွင် ဘယ်သူမှမရှိသည်ကို မြင်သောအခါ ထုံရွှယ်လူက သူ့လက်မောင်းကိုလှမ်းညှစ်ကြည့်ပြီး အသံတိုးတိုးဖြင့်ပြောလိုက်သည်။
“အင်းးးတကယ်ကိုသန်မာတာဘဲ”
FOOM!
ဝမ်ရူကွေ့၏ပါးများက ချက်ချင်းဆိုသလိုရဲတက်လာသည်။
သူက လက်ကိုပြန်မဆုတ်လိုက်ပေ။ အမှန်တွင် သူက သူမထပ်ပြီးဖျစ်ညှစ်လာစေရန်တောင် မျှော်လင့်မိ၏။
သူ့ကိုယ်သူ ထူးဆန်းတဲ့ရောဂါတစ်ခုခုရှိနေသည်ဟု ခံစားမိသွားသည်။သူက သူမသူ့ကိုထိလာမည်ကို ရူးမတတ်အလိုရှိနေပြီး သူကိုယ်တိုင်ကလည်းသူမကိုထိတွေ့ချင်သည်။ သို့သော် သူမလုပ်ရဲပေ။
မီးဖိုချောင်ထဲသို့ အချိန်မရွေး လူဝင်လာနိုင်သည့်အတွက် ထုံရွှယ်လူက သူမကိုယ်သူမထိန်းချုပ်လိုက်သည်။
သူမက ပဲနီအနည်းငယ်ကို ရေထဲထည့်ကာ ခနစိမ်ထားပြီး ပိန်းဥကြော်ရန်လုပ်လိုက်သည်။
ပိန်းဥကြော်သည်သည် လူသိများသည့် ချောင်ရှန်းဟင်းလျာတစ်မျိုးဖြစ်သည်။
၎င်းသည်လည်း သကြားပွင့်များကိုအသုံးပြုသော်ငြား သူ၏အထိအတွေ့သည် ပိန်းဥနှုတ်နှုတ်စင်းနှင့် အလွန်ကွာခြား၏။
ဝမ်ရူကွေ့က ပိန်းဥများကို ကူဆေးပေးလာသည်။ထုံရွှယ်လူက ပိန်းဥများကို အချောင်းလေးများဖြစ်အောင်လှီးလိုက်ပြီး ဆားနှင့်နယ်ကာ ဆယ့်ငါးမိနစ်လောက် နှပ်ထားလိုက်သည်။
နှပ်ပြီးသောအခါ သူမက ဒယ်အိုးထဲဆီထည့်ပြီး ပိန်းဥများကို ရှစ်မိနစ်၊ကိုးမိနစ်လောက်ကြော်ကာ ဆယ်ထုတ်လိုက်သည်။
ထို့နောက် သူမက နောက်ထပ်ဒယ်အိုးတစ်ခုထဲတွင် သကြားပွင့်နှင့်ရေထည့်ကာ ဆူအောင်တည်ပြီး ပွက်ပွက်ဆူလာသည်အထိထားလိုက်သည်။ သကြားရည်က ပျစ်လာသောအခါ ဆီစစ်ထားသော ပိန်းဥကြော်များကို ထည့်ပြီး မွှေလိုက်သည်။ ပိန်းဥချောင်းလေးများ၏ အပြင်နှစ်ဖက်လုံး ဖြူလာပြီဆိုပါက ရပြီဖြစ်သည်။
ဝမ်ရူကွေ့က သူမ၏လက်ထောက်အဖြစ်လုပ်ပေးလာသည်။ သူက ထုံရွှယ်လူ အခြားယောက်ျားတစ်ယောက်အတွက် အချိုပွဲလုပ်ပေးနေသည်ကို ကြည့်ကာ သူ့ပါးစပ်ထဲသို့ ဇီးသီးများထိုးထည့်ခံလိုက်ရသလို ခံစားမိသွားသည်။ အချဉ်ဓာတ်က ပါးစပ်မှတစ်ဆင့် သူ့နှလုံးသားထဲသို့ ပျံ့နှံ့သွားသည်။
သို့သော် သူက ထုတ်မပြရဲပေ။ ထုံရွှယ်လူက သူ့ကိုသဘောမကျဖြစ်သွားမည်ကို စိုးရိမ်၏။
ထို့အပြင် ချက်ပြုတ်ရသည်မှာ သူမ၏အလုပ်ဖြစ်သည်။ သူက သူမ၏အလုပ်အပေါ် မနာလိုမဖြစ်သင့်ပေ။
သူက အကြောင်းအရင်းကို နားမလည်ခြင်းမဟုတ်။သို့သော် သူနားလည်သော်လည်း ၎င်းက သူ့ကိုခံစားရမသက်သာသွားစေပေ။