အပိုင်း၂၁၂
Viewers 39k

🍵Chapter 212

“ဟမ်....ဟင့်အင်း”



ထုံရွှယ်လူက ဂျေဆန် အတွက် ပိန်းဥကြော်နှင့် ပဲနီလေးကိတ်မုန့်လုပ်လိုက်သည်။ သဘာဝကျစွာပင် သူမက အခြားသူများအတွက်ပါလုပ်ပေးလိုက်သည်။


ဝမ်ရူကွေ့သည်လည်း ဝေစုရ၏။


ဂျေဆန်ကို ထုတ်လုပ်ရေးအသင်းမှ ငန်းဆိတ်လိုက်သဖြင့် ထုတ်လုပ်ရေးအသင်းက သူ့ကိုဆိတ်လိုက်သောငန်းကိုသတ်ကာ ပေးလာခဲ့သည်။


ထုံရွှယ်လူက ဒီနေ့ညစာအတွက် ငန်းသားနှပ်လုပ်မှာဖြစ်သည်။


ပါဝင်ပစ္စည်းများမှာ ငန်းအသား၊ ငရုတ်ပွ၊ မှိုနှင့် ကြွက်နားရွက်မှိုတို့ဖြစ်သည်။


သူမအရင်ဆုံး ငန်းသားကိုဆေးကာ ဆယ်မိနစ်လောက်နှပ်ထားလိုက်သည်။ထို့နောက် ကြက်ဥနှင့်နှစ်ကာ ‌ကြော်လိုက်၏။ နှစ်ဖက်လုံးရွှေရောင်သန်းလာသည်အထိကြော်ပြီးလျှင် ဆယ်ထုတ်ကာ ဆော့စ်ဖြင့်ပြန်နှပ်လိုက်သည်။


ငန်းသားနှပ်က မွှေးကြိုင်ကာ အရသာရှိ၏။အခြားပါဝင်ပစ္စည်းများနှင့် ဆော့စ်၏အရသာကို စုပ်ယူထားရာ ကြွပ်ရွပြီးအရသာရှိလှသည်။ ငန်းသားနှပ်က ထမင်းနှင့်အလွန်လိုက်ဖက်ပေသည်။


ဂျေဆန်က ငန်းကို သူ၏နံပါတ်တစ်ရန်သူအဖြစ်မှတ်ယူပြီး ငန်းသားနှပ်ကို ထမင်းနှစ်ပန်းကန်နှင့်စားလိုက်သည်။


ညစာစားပြီးသောအခါ လူတိုင်းကဆေးကြောသန့်စင်ပြီး သူတို့အခန်းဆီသို့ပြန်သွားကြသည်။


ဝမ်ရူကွေ့က အခြားသူများအောက်ထပ်တွင်ရှိနေချိန်တွင် အပြင်သို့လမ်းလျှောက်ထွက်သွားပြီး လူတိုင်းရေချိုးပြီးသောအချိန်မှပြန်ရောက်လာသည်။


ထို့နောက် အခြားသူများအာရုံမစိုက်နေချိန်တွင် ထုံရွှယ်လူ၏အခန်းထဲသို့ တိတ်တိတ်လေးဝင်သွားသည်။


ဒုတိယထပ်တွင် ထုံရွှယ်လူတစ်ယောက်တည်းနေကာကုန်သွယ်ရေးဌာနမှ အခြားသူများနှင့် ကျယ်ချန်ကျိုးတို့သားအဖကမူ တတိယထပ်တွင်နေသဖြင့် ဝမ်ရူကွေ့နှင့်ထုံရွှယ်လူတို့က တစ်ခန်းထဲနေသည်ကို ဘယ်သူမှသတိမထားမိကြပေ။


ဝမ်ရူကွေ့က ရာသီဥတုအေးအေးထဲတွင် ဖြူဖျော့ပြီးပြန်လာရသည်ကိုမြင်သောအခါ ထုံရွှယ်လူ၏နှလုံးသားက နာကျင်သွားသည်။


“ရှင်က လော်ဘီမှာဘဲစောင့်နေလိုက်လေ၊ အပြင်ထွက်သွားစရာမလိုပါဘူး”


ဝမ်ရူကွေ့က ခေါင်းခါသည်။

“မရဘူး ကိုယ့်ကိုအခြားသူတွေ တွေ့သွားပြီး မင်းရဲ့ဂုဏ်သတင်းကို စွန်းထင်းသွားမှာမျိုး မဖြစ်စေချင်ဘူး”


သူက အမှားတစ်ခုလုပ်ပြီးပြီဖြစ်သည်။ အနည်းဆုံးတော့ အခြားသူများ မသိသွားအောင်လုပ်ရမည်။ မဟုတ်ပါက သူ့ကိုယ်သူခွင့်လွှတ်နိုင်မည်မဟုတ်ပေ။


ထုံရွှယ်လူ :“မြန်မြန်ရေသွားချိုးလိုက်၊ မဟုတ်ရင်အအေးမိသွားလိမ့်မယ်”


ဝမ်ရူကွေ့က ခေါင်းညိတ်ကာ သူ့အဝတ်များကိုယူပြီး ထွက်သွားတော့မည့်အချိန်တွင် ရုတ်တရက်ရပ်လိုက်ကာ မေးလာ၏။

“အိုးဒါနဲ့ မင်းမနက်ဖြန်အတွက်ဘာအစီအစဉ်ရှိလဲ”


ထုံရွှယ်လူ:“ရဲဘော်ကျယ်က သူ့အတန်းဖော်ဟောင်းတွေနဲ့ ဆရာမတွေဆီသွားလည်မလို့၊ ရဲဘော်ရှောင်ကျယ်ကတော့ မလိုက်ချင်ဘူးတဲ့ အဲ့ဒါကြောင့် လက်ထောက်ညွှန်ကြားရေးမှူးက ကျွန်မကို ရဲဘော်ရှောင်ကျယ်နဲ့ ရှူခင်းလိုက်ကြည့်ဖို့ပြောထားတယ်”


ဝမ်ရူကွေ့က ခနလောက်တန့်သွားသည်။

“အင်း ကိုယ်သိပြီ”


ထိုသို့ပြောရင်း သူကအနောက်မှတံခါးကိုပိတ်ကာ အောက်ထပ်သို့ဆင်းသွားသည်။


နောက်နေ့တွင် ထုံရွှယ်လူက ဂျေဆန်ကိုအဖော်လုပ်ပေးနေမည့်အကြောင်း တွေးလိုက်မိသောအခါ ဝမ်ရူကွေ့က ပိုပြီးမပျော်မရွှင်ဖြစ်လာခဲ့သည်။


သူလိုက်သွားနိုင်သော်လည်း ဂျေဆန်ကို ရွှယ်လူ၏ ပုံမရိုက်အောင်တားလို့ရမည်မဟုတ်ပေ။


ထိုခံစားချက်ကြီးကို သူမကြိုက်ပေ။


ရေပိုက်ခေါင်းကိုကြည့်ကာ သူကရုတ်တရက် အကြံရသွားသည်။


ရေချိုးခန်းမှပြန်လာသည့်အချိန်တွင် သူက အမှုန့်ခါဇကာလို တုန်ယင်နေပြီး မျက်နှာကလည်းဖြူဖျော့နေသည်။


ဟိုတယ်ဝန်ထမ်းက ဝမ်ရူကွေ့၏ပုံစံကိုမြင်သောအခါ ထိတ်လန့်သွားသည်။

“ရဲဘော်ဝမ် ခင်‌ဗျားအဆင်ပြေရဲ့လား ခင်ဗျားပုံစံက ဖြူဖျော့နေတာဘဲ”


ဝမ်ရူကွေ့က ခေါင်းခါပြလိုက်သည်။

“ကျွန်တော်အဆင်ပြေပါတယ်”


ထိုသို့ပြောပြီးနောက် သူက အပေါ်ထပ်သို့တက်သွားလိုက်သည်။ သူ၏လက်ရှိပုံစံကို ထုံရွှယ်လူသတိမပြုမိစေရန်အတွက် လှေကားတွင် သူ့ပါးကိုလက်နှင့် ခပ်ကြမ်းကြမ်းပွတ်လိုက်သေးသည်။


သူတစ်ကိုယ်လုံးနွေးထွေးသွားမှ အခန်းထဲသို့ဝင်သွားလိုက်သည်။


သေချာစွာပင် ထုံရွှယ်လူက ဘာပုံမှန်မဟုတ်တာကိုမှ သတိမပြုမိလာပေ။ သူတို့နှစ်ယောက်က အချင်းချင်းခနလောက် စကားပြောပြီးနောက် အိပ်ရာဝင်လိုက်ကြသည်။


ထုံရွှယ်လူက နောက်တစ်နေ့အိပ်ရာနိုးလာသောအခါ ဝမ်ရူကွေ့၏အိပ်ရာဘက်သို့ အလိုလိုကြည့်လိုက်မိသည်။


မနေ့တုန်းက ဒီအချိန်ဆိုလျှင် ဝမ်ရူကွေ့ကအိပ်ရာနိုးပြီး လော်ဘီဆီသို့ ဆင်းသွားနေပြီဖြစ်သည်။ သို့သော် ဒီနေ့တွင်မူ သူမလှမ်းကြည့်လိုက်သောအခါ ဝမ်ရူကွေ့က အိပ်ရာထဲတွင်ရှိနေဆဲဖြစ်သည်။ ထို့အပြင် သူ့အသက်ရှူသံကလည်း တစ်မျိုးတစ်ဖုံလေးလံနေ၏။


၎င်းက ထုံရွှယ်လူအတွက် ထူးဆန်းနေသည်။ သူမက သူ့ကိုလှမ်းခေါ်လိုက်သည်။


“ရှင်အိပ်နေတုန်းလား ရူကွေ့”


အဖြေပြန်မရပေ။


၎င်းက ပိုလို့တောင်ထူးဆန်းလာသည်။ ထုံရွှယ်လူက အိပ်ရာထဲမှထကာ သူ့ဆီသွားကြည့်လိုက်သည်။


သူမက ဝမ်ရူကွေ့မျက်လုံးများက တင်းတင်းမှိတ်ထားပြီး မျက်နှာကလည်းနီရဲနေသည်ကို တွေ့လိုက်ရသည်။


ထုံရွှယ်လူက လန့်သွားကာ သူ့နဖူးကိုစမ်းကြည့်လိုက်သည်။ သူ့နဖူးကအတော်လေးပူနေ၏။


“ရူကွေ့ ရှင်ထဦး  ရှင်ဖျားနေပြီလို့ ကျွန်မထင်တယ်၊ ကျွန်မရှင့်ကိုဆေးရုံခေါ်သွားမှရမယ်”


ဝမ်ရူကွေ့က ‌ဖြေးဖြေးချင်းမျက်လုံးပွင့်လာသည်။ သူက သူမကိုအားငယ်စွာကြည့်ပြီး နှာသံဖြင့်ပြောလာသည်။


“ကိုယ်အဆင်ပြေပါတယ် ခနလောက်နားဖို့ဘဲလိုတာ”


ထုံရွှယ်လူက သူ့ကိုပြောရင်း အနွေးထည်ဝတ်လိုက်သည်။

“မရဘူး ရှင်ကတော်တော်လေးကို ကိုယ်ပူနေတာ၊ အခုချက်ချင်းဆေးရုံသွားရမယ် ကျွန်မ ဒီနေ့သွားမှာကို မလိုက်နိုင်တဲ့အကြောင်း သူတို့ကိုသွားပြောလိုက်ဦးမယ်”


သူမစကားကိုကြားသောအခါ ဝမ်ရူကွေ့၏စိတ်က ရုတ်တရက်ဆိုသလို ကြည်လင်သွား၏။ သူကခနတန့်သွားပြီးမှ ပြောလာသည်။


“ကောင်းပါပြီ..."


ထုံရွှယ်လူက လက်ထောက်ညွှန်ကြားရေးမှူးကို အကျိုးအကြောင်း သွားပြောပြလိုက်သည်။


သူက ဝမ်ရူကွေ့နှင့်ထုံရွှယ်လူက ရည်းစား‌ဆိုသည်ကို  သိထားသောကြောင့် ခေါင်းညိတ်ကာ ခွင့်ပြုလိုက်သည်။


“ဒါဆိုရင် မင်းကောင်လေးကို ဆေးရုံမြန်မြန်ခေါ်သွားလိုက်ပါ၊ ဒီနေ့ကအစိုးရပိုင်စားသောက်ဆိုင်တွေဖွင့်မှာဆိုတော့ အဲ့ဒီကိုသွားပြီး ဒေသထွက်ဟင်းလျာ‌တွေ စမ်းစားကြည့်လိုက်လို့ရတယ်”


ထုံရွှယ်လူက ခေါင်းညိတ်ကာ ဝမ်ရူကွေ့နှင့်အတူ ဆေးရုံသို့သွားလိုက်သည်။


သူတို့ဆေးရုံသို့ရောက်‌သောအခါ ဝမ်ရူကွေ့ကဆေးထိုးပြီး ဆေးတစ်ချို့သောက်လိုက်ရသည်။ထိုအခါမှ သူ့အဖျားကကျသွားလေသည်။


သူတို့က ဟိုတယ်သို့ပြန်လာသည့်ကားပေါ်တွင် ‌နှစ်ယောက်သားဘေးချင်းကပ်ထိုင်ကာ ပူးကပ်နေလိုက်ကြသည်။


ထုံရွှယ်လူ :“ရှင်မနေ့ညက အအေးမိသွားတာဖြစ်မယ်၊ ဒီညအပြင်မသွားနဲ့တော့ အခန်းထဲမှာဘဲနေရင် ဘယ်သူမှသိမှာမဟုတ်ဘူး”


သူမက မိန်းကလေးဖြစ်သဖြင့် အရေးပေါ်ကိစ္စကလွဲလျှင် ဘယ်သူကမှ သူမအခန်း‌ဆီလာရှာမည်မဟုတ်ပေ။


ဝမ်ရူကွေ့၏မျက်တောင်များက အနည်းငယ်လှုပ်ခတ်သွားသည်။

“‌ကောင်းပါပြီ”


သူ့ပါးပေါ်တွင် ပုံမှန်မဟုတ်သည့် အနီရောင်သန်းနေကာ သူ့ပုံစံက အလွန်လိမ္မာသည့်ပုံပေါ်နေ၏။


ထုံရွှယ်လူက သူ့ခေါင်းကိုပွတ်ချင်သွားသည်။သို့သော် ဘတ်စ်ကားပေါ်တွင်ရှိနေသဖြင့် သူမကထိန်းချုပ်လိုက်သည်။


ဟိုတယ်သို့ပြန်ရောက်သောအခါ ဟိုတယ်ဝန်ထမ်းက အခြားသူများထွက်သွားပြီဖြစ်ကြောင်း သူတို့ကိုပြောပြလာ၏။


သူတို့နှစ်ယောက်က ထုံရွှယ်လူအခန်းထဲသို့ တစ်ယောက်ပြီးမှ တစ်ယောက်ဝင်သွားကြသည်။


ဤအရာက သူတို့အခန်းထဲ၌ နေ့ဘက်တွင် အတူတူရှိဖူးသည့် ပထမဆုံးအကြိမ်ဖြစ်သည်။


ပြတင်းပေါက်များကိုပိတ်ထားကာ အပြင်ဘက်မှလေနှင့် နှင်းများကို ပိတ်ဆို့ထားသည်။


အခန်းထဲတွင် သူတို့နှစ်ယောက်သာရှိနေပြီး အလွန်တိတ်ဆိတ်နေသဖြင့် အချင်းချင်းအသက်ရှူသံများနှင့် နှလုံးခုန်သံများကိုပါ ကြားနေရသည်။


သူကနေမကောင်းဖြစ်ပြီး ငေးငိုင်နေသည်ကိုမြင်သောအခါ ထုံရွှယ်လူကသူ့နားလျှောက်လာပြီး သူ့နဖူးကိုထပ်စမ်းလိုက်သည်။

“ဘယ်လိုနေလဲ၊ မအီမသာဖြစ်နေသေးလား”


ဝမ်ရူကွေ့က မျက်ဝန်းနက်ကြီးများဖြင့်သူမကိုကြည့်ကာ ခေါင်းခါပြလာသည်။

“မဟုတ်ပါဘူး ကိုယ်အဆင်ပြေတယ်”


နေမကောင်းဖြစ်သောအခါ လူများက အားနည်းသွားတတ်ကြသည်။ သူတို့က ကလေးများလိုဂျီကျတတ်ကြပေသည်။


သူ၏ပုံစံကိုမြင်သောအခါ ထုံရွှယ်လူ၏နှလုံးသားကာနူးညံ့သွားသည်။

“ရှင်တစ်ခုခုစားချင်တာရှိလား”


ဝမ်ရူကွေ့က သူမကိုပြင်းပြစွာကြည့်လာသည်။ သူက အချိန်အတော်ကြာအောင် တိတ်နေပြီးမှ ပြောလာ၏။

“ရှိတယ်”


“ဘာစားချင်တာလဲ”


“မင်းကို”


သူပြောပြီးပြီးချင်းမှာပင် အခန်းက စက္ကန့်အနည်းငယ်လောက် တိတ်ဆိတ်သွားသည်။


ထုံရွှယ်လူက မျက်လုံးပြူးသွားပြီး သူ့ကိုမယုံနိုင်စွာကြည့်လိုက်သည်။

“ရှင်ဘာပြောလိုက်တာ”


အဖျားကြောင့်လား၊ ရှက်တာကြောင့်လားတော့မသိ ဝမ်ရူကွေ့၏ပါးများက နီရဲလာပြန်သည်။


“ကိုယ်...ကိုယ်အပြစ်ကင်းတာကို သက်သေပြချင်တယ်”

(Tn:ဒါက အရှေ့ပိုင်းတွေမှာ ထုံရွှယ်လူကသူ့ကို အပြစ်ကင်းကြောင်းပြဖို့ဆိုပြီး နမ်းလိုက်လို့ပါ၊ သူကနမ်းချင်နေတာပါ)


နေရောင်က ပြတင်းပေါက်မှထိုးဖောက်လာကာ အခန်းထဲတွင် အရိပ်များဖြစ်ပေါ်လာစေ၏။ သူ့မျက်လုံးထဲတွင် စိတ်အားငယ်မှုနှင့် လေးနက်မှုတစ်စွန်းတစ်စရှိနေကာ ထိုထက်ပို၍ မီးတောက်များက သူ့မျက်လုံးထဲတွင် ပြင်းထန်စွာလောင်ကျွမ်းနေသည်။


ထုံရွှယ်လူက သူ့ကိုကြည့်လိုက်သည်။ သူ့မျက်လုံးထဲမှတစ်ဆင့် သူမ၏လက်က သူ့မေးစေ့ကိုမလိုက်သော ပုံရိပ်ကိုပြန်မြင်နေရ၏။

“ဒါဆို ရှင်ကအဲ့ဒါကို ဘယ်လိုသက်သေပြချင်တာလဲ”


သေချာမသိသောဘယ်သူမဆို ထုံရွှယ်လူက အပြစ်ကင်းသည့်လူငယ်တစ်ယောက်ကို ကျီစယ်နေသည်ဟု ထင်မိလိမ့်မည်။


၎င်းက မှားတော့မမှားပေ။ ဝမ်ရူကွေ့ကအိပ်ရာထဲတွင် လှဲနေကာ ထုံရွှယ်လူက သူ့ဘေးတွင်ထိုင်ပြီး သူ့မေးစေ့ကို သူမလက်ဖြင့်မြှောက်ထား၏။ ဤအခြေအနေကိုဘယ်လိုဘဲကြည့်ပါစေ သူမက အမျိုးသမီးလူရမ်းကားနှင့်တူနေပေသည်။


ကံမကောင်းစွာဖြင့် အ‌ဆုံးတွင် ဤသို့ရမ်းကားခံနေရသော သူကိုယ်တိုင်ကလည်း သူမကိုဒီထက်ပိုပြီး ရမ်းကားလာစေရန် မျှော်လင့်နေ၏။


ဝမ်ရူကွေ့က တံတွေးမြိုချလိုက်သည်။ သူအသံက တိုးကာ အက်ရှနေ၏။


“ကိုယ်မင်းကို နမ်းချင်တယ် ရွှယ်လူ၊ ကိုယ်နမ်းလို့ရလား”


အရူးလေးလား။


ဘယ်သူက ဒါမျိုးကိုမေးတတ်လို့လဲ၊ ဒီအတိုင်းလုပ်လိုက်တော့လေ။


သူ၏တောက်လောင်နေသော မျက်လုံးများနှင့် အကြည့်ဆုံသောအခါ ထုံရွှယ်လူသည်လည်း ရင်ခုန်လာသည်။


သူမထိုသို့ပြောပြီးပြီးချင်းမှာပင် ဝမ်ရူကွေ့က အိပ်‌နေရာမှ ဆတ်ခနဲထထိုင်လာသည်။သူ့ပုံစံက နေမကောင်းသောသူနှင့် လုံးလုံးမတူချေ။


သူကသူမကိုကြည့်ကာ သူမမျက်ဝန်းထောင့်မှ အနီရောင်မှဲ့လေးကိုကြည့်လိုက်သည်။


အလင်းရောင်‌မှိန်သောအခန်းထဲတွင် သူမ၏မှဲ့က နီရဲနေပြီး လူတစ်ယောက်၏ရင်ခုန်သံကို စည်းချက်လွဲလာစေ၏။


သူက သူမဆီသို့ဖြေးညှင်းစွာ တိုးသွားလိုက်သည်။


ဒုတ်ဒုတ် ဒုတ်ဒုတ် ဒုတ်ဒုတ် ဒုတ်ဒုတ်။။။။