Chapter 1
မင်း မအောင်မြင်လာရင် ဘုရားသခင်တောင် သည်းခံနိုင်မှာ မဟုတ်ဘူး
ယွီနျန် ဓါတ်လှေကားအတွင်း ခြေချမိသည့်အချိန် အထဲတွင် လူတစ်ယောက် ရှိနေပြီးသား ဖြစ်နေသည်။
သူတို့ မျက်လုံးချင်း ဆုံမိသွားသောအခါ နှစ်ယောက်လုံးက နှစ်စက္ကန့်မျှ ကြက်သေသေသွားကြလေသည်။
တစ်ခဏအကြာ ယွီနျန် ပြန်လှည့်လိုက်ပြီး 42ထပ် ခလုတ်ကို နှိပ်လိုက်ပါသော်လည်း တစ်ဖက်လူ၏ မျက်စိကျိန်းလောက်ဖွယ် ရုပ်ရည်က သူ့မျက်လုံးထဲ၌ တဝဲဝဲလည်လည် ဖြစ်နေဆဲ။
ဓါတ်လှေကား အတွင်းသို့ နောက်ကျမှ ရောက်လာသည့် သူ့စီနီယာအစ်ကို ချီကျယ်ကတော့ ခေါင်းကို တွင်တွင် ငုံ့ထားသဖြင့် ထောင့်တွင် ရပ်နေသူကို သတိပြုမိခြင်း မရှိပုံပင်။ သူက လက်ချောင်းများကို စိတ်လှုပ်ရှားစွာဖြင့် ဖျစ်ညှစ်နေပြီး ဓါတ်လှေကား ပိတ်သွားချိန်တွင် အသံနှိမ့်ကာ ပြောလိုက်သည်။
"ဂျူနီယာ ညီလေးယွဲ့... အစ်ကိုကလည်း ရှင်းယောင် အင်တာတိန်းမန့်မှာ အခုမှ အလုပ်သင်လေးပဲ ရှိသေးတော့ များများစားစား လုပ်ပေးလို့ မရဘူး... ဒီတစ်ခေါက် သူတို့ကို မင်းရဲ့ ဓါတ်ပုံလေးပြလိုက်တာ အေးဂျင့်တွေက မင်းနဲ့ တွေ့ဖို့ လက်ခံလိုက်ကြတယ်... ခဏနေရင် မင်း ကောင်းကောင်း လုပ်ပြရမယ်နော်... မင်းရဲ့ ရုပ်ရည်နဲ့တောင် မင်း နေခဲ့နိုင်မယ်ဆိုတာ ပြောရဲတယ်"
သူစိုးရိမ်ပူပန်နေပုံနှင့် စာလျှင် ယွီနျန်က စိတ်အေးလက်အေး ပြုံးနေသည်။ လူမြင်ကွင်းတွင် ရှိနေသည်ကြောင့် သူက အသံကို နှိမ့်ကာ စိတ်ရင်းမှန်ဖြင့် ပြောလိုက်လေသည်။
"ကျွန်တော့်ကို ဒီလိုအခွင့်အရေးမျိုး ရအောင် ကူညီပေးလို့ ကျေးဇူးပါ စီနီယာအစ်ကို... ကျွန်တော် ကြိုးကြိုးစားစား လုပ်ပါ့မယ်"
ချီကျယ်က သူ့လက်ကို ယမ်းကာ အသက်ရှူရပ်မတတ် ခပ်လောလော ဝင်ပြောလိုက်သည်။
"ငါ့ကို ကျေးဇူးတင်စရာ မလိုပါဘူးကွာ... ပြီးတော့ မင်းလည်း အရင်က ငါ့ကို အများကြီး ကူညီပေးခဲ့ဖူးတာပဲ... ငါလည်း မင်းကို တကယ် ကျေးဇူးတင်နေတာ" သူ့လက်ချောင်းထိပ်များက တုန်ယင်နေပြီး နှုတ်ခမ်းများကလည်း ဆန့်တငင်ငင် ဖြစ်နေသည်ကြောင့် စကားလမ်းကြောင်းလွှဲကာ မေးလိုက်သည်။
"လက်ထဲမှာ ငွေဘယ်လောက် ရှိလဲ"
ယွီနျန် စိတ်ထဲတွင် တစ်ချက်မျှ တွက်ကြည့်လိုက်ပြီးနောက် အမှန်အတိုင်းသာ ပြောလိုက်လေသည်။ "ဒီအဖြူရောင် တီရှပ် ဝယ်ပြီးတော့ နှစ်ရာလောက်ပဲ ကျန်တော့တယ်"
ထိုသို့ ပြောပြီးနောက် သူအမှန်ပင် ဆင်းရဲလွန်းလှသည်ဟု မတွေးမိဘဲ မနေနိုင်တော့ပေ။
ချီကျယ် စိုးရိမ်ပူပန်သွား၏။
"မှာစားရတဲ့ အစားအသောက်တွေက စျေးကြီးသွားပြီ မဟုတ်ဘူးလား... မင်းသာ ဒီနေ့ မနေနိုင်ခဲ့ရင်..." သူက ရုတ်တရက် စကားရပ်လိုက်ပြီးနောက် ယွီနျန်၏ အသစ်စက်စက် အဖြူရောင် ရှပ်အင်္ကျီ၊ အရောင်ဖျော့ဖျော့ ဂျင်းဘောင်းဘီဟောင်းနှင့် အနက်ရောင် အားကစားဖိနပ်တို့ကို ကြည့်ကာ အခိုင်အမာ ပြောလိုက်သည်။
"မင်းမနေ(ကျန်)နိုင်ခဲ့ဖို့ မဖြစ်နိုင်ပါဘူးလေ... မင်းက ဒီလောက် ကြည့်ကောင်းနေတာ... မင်းက နင်းတ တက္ကသိုလ်ရဲ့ လေးနှစ်ဆက်တိုက်လုံး ငါ့ရဲ့ ယောကျ်ားလေး ရဲဘော် နှစ်သောင်းလောက်ကို ပြိုင်ဘက်မရှိ ချေမှုန်းနိုင်ခဲ့သေးတာပဲ"
ယွီနျန်တစ်ယောက် ရွှင်မြူးသွားလေပြီးနောက် ဓါတ်လှေကားအတွင်းမှ အခြားတစ်ယောက်၏ ရုပ်ရည်ကို ရုတ်တရက် တွေးမိသွားလေသည်။ စက္ကန့်အနည်းငယ်အကြာတွင် သူပြန်ဖြေလိုက်သည်။
"နေရရ မနေရရ ကျွန်တော် စီနီယာအစ်ကိုကို ညစာဖိတ်ကျွေးမှာပါ"
"ထားလိုက်တော့... ငါကပဲ မင်းကို ကျွေးမယ်... ကျောင်းရှေ့က ဘာဘီကျူးဆိုင်မှာ အသားနဲ့ အသီးအရွက် ဟင်းပွဲတွေ မှာလိုက်စမ်းပါ"
"တင်း" ဟူသော အသံနှင့်အတူ ဓါတ်လှေကား ရပ်သွားလေသည်။ ချီကျယ်က ကော်လာကို လေးငါးကြိမ်မျှ ဖြောင့်အောင် ဆွဲကာ ယွီနျန်ကို တီးတိုးပြောလိုက်သည်။ "ရောက်ပြီ"
သူတို့နောက်ပါးမှ ဓါတ်လှေကားတံခါး ပိတ်သွားလေသည်။
"ဒီတစ်ထပ်လုံးက ရှင်းယောင်ရဲ့ စီမံခန့်ခွဲရေးဌာနလေ... ငါ အစည်းအဝေးတစ်ခု သွားရဦးမှာဆိုတော့ မင်းကို လိုက်မပို့နိုင်တော့ဘူး... ခဏနေရင် တည့်တည့်သွားပြီး ညာဘက်ကိုချိုးလိုက်ရင် "မုန့်ယွမ်"လို့ ရေးထားတဲ့ တံခါး တွေ့လိမ့်မယ်"
ချီကျယ်က ခေါင်းကို ငုံ့ထားရင်း ယွီနျန်ကို ကြည့်လိုက်ရာ သူပြုံးနေသည်ကို တွေ့လိုက်ရသဖြင့် ရယ်မောလာခဲ့ပြီး ဆက်ပြောလိုက်သည်။ "မင်းက တကယ်ကြီး စိတ်လှုပ်ရှားမနေဘူးမလား... ငါဘာမှ မပြောတော့ဘူး... သွားတော့လေ"
တရုတ်ပြည်၏ အဓိက ဖျော်ဖြေရေး ကုမ္ပဏီကြီး သုံးခုအနက်မှ ရှင်းယောင်အင်တာတိန်းမန့်မှာ သာမန်မျက်စိဖြင့်ပင် ကြည့်၍ မြင်နိုင်သော ချမ်းသာကြွယ်ဝမှုနဲ့ အကြိုက်ကောင်းများလည်း ရှိပေသည်။
ယွီနျန်က အဖြူရောင် ရိုးရိုး တီရှပ်ကိုသာ ဝတ်ဆင်ထားသော်လည်း လမ်းတလျှောက်မှ လူများစွာတို့ အကြည့်မလွှဲနိုင်သည့် ချောမောလှပသော မျက်နှာလေး ရှိပြီး ထူးချွန်ထက်မြက်သည့် အရှိန်အဝါများ ရှိနေသည်။
မုန့်ယွမ်၏ ရုံးခန်းကို ရောက်သောအခါ ယွီနျန်က ဘောင်းဘီအနားစများကို ဖြန့်၍ တံခါးကို ခပ်ဖွဖွ ခေါက်လိုက်သည်။
မကြာမီမှာပင် အထဲမှ အသံထွက်လာလေသည်။ "ဝင်လာပါ"
ယွီနျန်က အေးစက်နေသော သတ္တုတံခါးလက်ကိုင်ကို ကိုင်၍ တံခါးတွန်းဖွင့်လိုက်သည်။
ရုံးခန်းက ကျယ်ဝန်းကာ ရိုးရှင်းလှပြီး ထောင့်ပေါင်းစုံမှ တောက်ပနေခဲ့သည်။ လေအေးပေးစက်ကို အမြင့်ဆုံး ဖွင့်ထားသဖြင့် နှခေါင်းဝသို့ တိုးဝှေ့ဝင်ရောက်လာသည့် လေအေးများက ယွီနျန်ကို ပို၍ စိတ်ငြိမ်သွားစေသည်။ သူက ထောင့်များတွင် ရှိနေသည့် အစိမ်းရောင် အပင်များကို အကဲဖြတ်ရန်လည်း တစ်စက္ကန့်မျှ အချိန်ယူခဲ့သေးသည်။ ၎င်းတို့၏ အကိုင်းအခက်များနှင့် အရွက်များမှာ ဂရုစိုက်ထားခြင်း မရှိသောကြောင့် ညှိုးရော်ခြောက်သွေ့နေကြလေသည်။
ရှုပ်ပွနေသော ခုံ၏ အနောက်တွင် အနောက်တိုင်းဝတ်စုံနှင့် သားရေဖိနပ်တို့ ဝတ်ဆင်ထားသည့် လူတစ်ယောက် ထိုင်နေသည်။ ထိုသူက မျက်မှောင်ကျုံ့လျက် ဖုန်းပြောနေကာ မျက်နှာအမူအယာကလည်း သိပ်ကြည့်ကောင်းမနေဘဲ အသံက တော်တော်လေး စိတ်ဆိုးမာန်ဆိုး ဖြစ်နေပုံပင်။
ယွီနျန် တစ်ဖက်လူကို ခေါင်းငြိမ့်ပြလိုက်ပြီးနောက် နေရာမှာပင် စကားတစ်ခွန်းမှ မဆိုဘဲ ရပ်နေလိုက်သည်။ တစ်ဖက်လူက သူ့ကို တစ်ချက်ကြည့်လာပြီး ဘေးမှ ဆိုဖာကို ညွှန်ပြလာသည့်အချိန်မှသာ ထိုနေရာသို့ လျှောက်သွားပြီး ထိုင်ချလိုက်သည်။
တံခါးမှ ဝင်လာသည့် အချိန်မှစ၍ ယခုအချိန်အထိ တစ်ဖက်လူ၏ အကြည့်က သူ့အပေါ်မှ တစ်စက္ကန့်လေးပင် လွဲဖယ်သွားခြင်း မရှိသည်ကို သူခံစားမိနေသည်။ သို့သော်လည်း မျက်စိဒေါက်ထောက် ကြည့်ခံနေရခြင်းက စိတ်မသက်မသာ ဖြစ်ရခြင်း မရှိဘဲ အရောင်းကုန်ပစ္စည်းတစ်ခုကို တိုင်းတာနေသည်နှင့်ပင် တူသေးသည်။
"အခုလက်ရှိ ငါ့လက်ထဲမှာ ဘယ်သူမှ မရှိသေးဘူး... ကောင်းပါပြီ... မင်းရှာနိုင်ဖို့ ကူညီပေးပါ့မယ်... ငါသိတယ်... မင်းကိုင်တဲ့ရှိုးတွေ မအောင်မြင်စရာ မရှိပါဘူးကွာ" ဖုန်းခေါ်ဆိုမှုက သိပ်မကြာခဲ့ပေ။ မုန့်ယွမ်က ဖုန်းကို စားပွဲပေါ်တွင် တင်ကာ ခပ်မတ်မတ် ရပ်လိုက်ရင်း ယွီနျန်ကို ကြည့်၍ ရုတ်ချည်းပင် မေးလိုက်သည် "မင်းကို ဓါတ်ပုံ ရိုက်ပေးတာ ဘယ်သူလဲ"
ယွီနျန်က ခပ်မြန်မြန် တုံ့ပြန်နိုင်လိုက်ပြီး ခပ်ပြုံးပြုံး ပြန်ဖြေလိုက်သည်။ "စီနီယာအစ်ကိုချီက အလျင်လိုနေတာ့ ဓါတ်ပုံရိုက်ပေးဖို့ ကျွန်တော့်ရဲ့ အခန်းဖော်ကို အမြန် အကူအညီတောင်းလိုက်ရတာပါ"
မုန့်ယွမ်က ခေါင်းငြိမ့်ပြလိုက်ပြီး ရင့်ရင့်သီးသီး မှတ်ချက်ပြုလိုက်သည်။
"ဓါတ်ပုံရိုက်ပေးတဲ့သူက တကယ် အစွမ်းအစ မရှိတာပဲ... မင်းကို သုံးဖက်အမြင်ရအောင်တောင် ရိုက်မပေးနိုင်ဘူး"
ယွီနျန်က ပြန်မဖြေဘဲ ပြုံးရုံသာ ပြုံးနေသည်။ သူ့အပြုံးက သန့်ရှင်းစင်ကြယ်လှသဖြင့် လူအများကို ခံစားချက်ကောင်းသွားစေသည်။
" ယွီနျန်... 21နှစ်နော်"
"ဟုတ်ပါတယ်... ကျွန်တော့်မွေးနေ့က နှစ်စပိုင်းမှာပါ"
မုန့်ယွမ်က ယွီနျန်ကို တစ်ခဏမျှ စိုက်ကြည့်နေလိုက်သည်။ ထိုသူ၏ ဆံပင် က ပကတိနက်မှောင်နေပြီး အသားအရည်က ဖြူဖွေး၍ အပြစ်အနာအဆာမရှိပေ။ နှာခေါင်းက ဖြောင့်တန်းနေပြီး နှုတ်ခမ်းပါးကာ နှုတ်ခမ်းအနားသတ်များက ရှင်းလင်း၍ မေးရိုးကလည်း ပြီးပြည့်စုံလုနီးနီး။
ထင်းထွက်နေဆုံး အစိတ်အပိုင်းမှာ မျက်လုံးများပင်။ ၎င်းတို့က စံပြုလောက်စရာ အပြုံးရိပ်သန်းနေသည့် မျက်လုံးများ ဖြစ်ကြပေသည်။ ထိုမျက်လုံးများက ရေကဲ့သို့ ကြည်လင်တောက်ပနေကြသည်။ မျက်လုံးများက ခပ်ကြီးကြီး ဖြစ်နေကြစဥ် အစွန်းပိုင်းက အနည်းငယ် ရှည်လျားသွားသည်။ ညာဘက်မျက်လုံးအဖျားပိုင်းအောက်တွင် အရောင်ဖျော့ဖျော့ မျက်ရည်ခံမှဲ့လေး ရှိနေပြီး မျက်လုံးများ လှုပ်ခတ်သွားချိန်တွင် ပို၍ ကိန်းကြီးခမ်းကြီး ဖြစ်သွားပုံ ပေါ်သွားစေသည်။
ဆယ်နှစ်ကျော် အတွေ့အကြုံမှ ရှုထောင့်များအရ ထိုမျက်နှာက အခြေခံကောင်းကောင်း ရှိပြီး ဆယ်နှစ်တာအတွင်း ကြည့်ကောင်းရုံသာ ဖြစ်ခဲ့လိမ့်မည်။ ၎င်းက အပြည့်အဝ မဖွံ့ဖြိုးသေးသော်လည်း နောက်ထပ် နှစ်နှစ် သုံးနှစ်အတွင်း ထိုအသွင်အပြင်က အထွဋ်အထိပ်သို့ ရောက်ရှိပေလိမ့်မည်။
ထို့အပြင် ဤလူငယ်လေးက မိတ်ကပ်ပင် လိမ်းမထားပေ။
ထိုသူ့ထံတွင် မည်သည့် ပါရမီမှ မရှိခဲ့လျှင်တောင် ထိုမျက်နှာလေးအပေါ်တွင်သာ မှီခိုနေရုံဖြင့် အနာဂါတ်တွင် ကျော်ကြားလာလိမ့်မယ်ဟု မုန့်ယွမ် တွေးမိလေသည်။
ယွီနျန်က တိတ်တဆိတ် ဝင်ထိုင်ကာ အနေခက်မှု တစိုးတစိမှပင် မရှိဘဲ မုန့်ယွမ်ကို ကြည့်ခွင့်ပေးထားလိုက်သည်။ သူ့အမူအယာများက အလွန် သဘာဝကျပေသည်။ ငယ်စဥ်ကတည်းက အလေ့အကျင့် ရှိခဲ့သည်ကြောင့် ဖြစ်မည်။ သာမန်ကာလျှံကာ ဝင်ထိုင်လိုက်သည့်တိုင် သူ့ပုခုံးများက လျှောကျမနေဘဲ နောက်ကျောကလည်း ဖြောင့်တန်းနေကာ အာရုံစူးစိုက်ထားသည့် အမူအယာဖြင့် ခပ်လျှောလျှော ဝင်ထိုင်လိုက်သဖြင့် လူအများကို လေးစားမှုအပြည့် ခံစားသွားရစေသည်။
မုန့်ယွမ်က တိတ်တိတ်လေး ခေါင်းငြိမ့်မိသွားပြီး သူ့နှလုံးသားထဲမှ အမှတ်စာရင်းတွင် ဆယ်မှတ်ထပ်ပေါင်းပေးလိုက်သည်။ "မင်း သီချင်းဆိုတတ်တယ်လို့ ချီကျယ် ပြောတယ်"
"ဟုတ်ပါတယ်... ငယ်ကတည်းက သီချင်းဆိုရတာ ကြိုက်တာပါ"
မုန့်ယွမ်က မေးခွန်းနှင့် အဖြေများအကြား အချိန်အတွင်း စိတ်ထဲ၌ တေးဂီတ ဖန်တီးသူများ စာရင်းကို တွေးထားပြီးသား ဖြစ်သော်လည်း ပြောလိုက်သည်။ "ဒါဆိုရင် အခု သီချင်းတစ်ပုဒ်လောက် ဆိုပြနိုင်မလား"
ယွီနျန်က တစ်ခဏမျှ တွေးလိုက်သည်။ "ဒါဆို ကျောင်းသီချင်း ဆိုပြရမလား"
မုန့်ယွမ် ပျော်ရွှင်သွားလေသည်။
သူခေါ်လာသည့် အနုပညာရှင် ကျော်ကြားလာပြီးနောက် ထွက်သွားသည့် အချိန်မှစ၍ လူပေါင်းများစွာနှင့် တစ်ယောက်ပြီး တစ်ယောက် တွေ့ဆုံခဲ့ရပြီး အချို့က ပေါ့သီချင်းများ ဆိုကာ အချို့လူများက ရောခ့်၊ ballad စသဖြင့် ဆိုဖူးကြသော်လည်း ကျောင်းသီချင်း ဆိုပြသည့် တစ်စုံတစ်ယောက်ကို ပထမဆုံးအကြိမ် တွေ့ဖူးခြင်း ဖြစ်သည်။
သူက ဘောပင်ကို ကောက်ယူကာ လက်ချောင်းများအကြား ဖျစ်ညှစ်လိုက်ပြီး လွန်စွာ စိတ်ပါဝင်စားနေဟန်ဖြင့် ဘောပင်ထိပ်ဖျားနှင့် စားပွဲကို တောက်နေသည်။ "အဆင်ပြေတယ်... အဓိကက မင်းရဲ့ အသံကို နားထောင်ဖို့ပဲ" ထိုသူ၏ သီချင်းဆိုအရည်အချင်း၊ အသံအနိမ့်များကိုမူ သူ အများကြီး မမျှော်လင့်ထားပေ။
ယွီနျန်က သီချင်းဆိုလိုက်တိုင်း စာသားများ မမှတ်မိတတ်သော်လည်း ဤတစ်ကြိမ်၌ ပုံမှန်လို ဝါးချ၍ မရတော့ပေ။ ထို့ကြောင့် သူက အိတ်ထဲမှ ဖုန်းကို ထုတ်ကာ စာသားများကို ရှာဖွေလိုက်သည်။ အသက်ရှုသံကို ထိန်းညှိပြီးနောက် တန်း၍ပင် ဆိုပြလိုက်လေသည်။
ကလစ်ဟူသော အသံတိုးတိုးဖြင့် မုန့်ယွမ်၏ ဘောပင် ပြုတ်ကျသွားလေသည်။
ယွီနျန်ကမူ သက်ရောက်မှု မရှိပေ။ သူ့မျက်လုံးများက ဖုန်းမျက်နှာပြင်ထက်မှ စာသားများအပေါ်တွင် မြဲမြံစွာ ရှိနေသဖြင့် မုန့်ယွမ်၏ ရုတ်ချည်း ဖြစ်ပျက်သွားသည့် အစိုးမရသော အမူအယာကို သတိမမူမိဘဲ တစ်ဖက်လူထံမှ "ရပ်" ဟူသော အသံမကြားမိအထိ ဆက်ဆိုနေခဲ့သည်။
ထိုစကားများကို ကြားသောအခါ သူက ရပ်လိုက်ပြီး ခေါင်းမော့ကာ မျက်လုံးအကြည့်များဖြင့် မေးလာခဲ့သည်။
မုန့်ယွမ် အသက်ပြင်းပြင်း ရှူလိုက်သည်။ "ဆက်ဆို"
ယွီနျန်က နောက်ဆုံးအပိုဒ်ကို ဆိုသည့်အချိန်တွင် ခဏရပ်လိုက်ပြီးနောက် အဟန့်အတား မရှိ ဆိုနေသည်။ အသံအနေအထားက တောတောင်များအကြားမှ စမ်းချောင်းငယ်လေးကဲ့သို့ ကြည်လင်နေပြီး အဆုံးသတ်တွင် တေးသွားလေးကို ထုတ်ပေးနေသကဲ့သို့ ဆွဲဆောင်မှု ရှိနေကာ စကားလုံးများအားလုံးက အံဝင်ခွင်ကျပင်။
သီချင်းဆိုသံကို နားထောင်ပြီးနောက် မုန့်ယွမ်၏ မျက်လုံးများ၌ စိတ်အားထက်သန်မှုများ ပြည့်သွားလေသည်။ "အရင်က ပရော်ဖက်ရှင်နယ် အဆိုအတန်းတွေ တက်ခဲ့ဖူးသေးလား"
ယွီနျန်၏ အသက်ရှုသံက မပြောင်းမလဲ ဖြစ်နေဆဲ ဖြစ်ပြီး မျက်လုံးလေးများကွေးကာ ပြန်ဖြေလာခဲ့သည်။
"မသင်ခဲ့ရဖူးပါဘူး... ကျွန်တော်က ကောလိပ်မှာ သမိုင်းမေဂျာ ယူခဲ့တာပါ... ဒါပေမယ့် ကျွန်တော့်ရဲ့ အကြီးတွေက သီချင်းဆိုရတာ ကြိုက်လို့ ငယ်ငယ်တုန်းက သီချင်းလိုက်ညည်းခဲ့ဖူးတယ်"
ဘာ... ဒါက "စာသားနည်းနည်းလောက် လိုက်ညည်းတယ်"ဆိုတဲ့ အဆင့်ပေါ့လေ...
မုန့်ယွမ်က လက်ချောင်းများကို စားပွဲပေါ်တွင် မြန်မြန် ခေါက်ကာ တည်ငြိမ်သော အသံအနေအထားကို ပြန်ရောက်လာပြီး ထပ်ပြောလိုက်သည်။ "အဲ့အချိန်တုန်းက ချီကျယ် မင်းဓါတ်ပုံကို လာပြပြီးတော့ အခု မင်းကိုယ်တိုင် ရောက်လာပြီ... မင်း ဒီလောကထဲ ဝင်ဖို့ ဆန္ဒရှိနေတယ်လို့ ငါကောက်ချက်ချလို့ ရပြီမလား"
ယွီနျန်၏ အသံအနေအထားကလည်း တရားနည်းလမ်းကျသွားသည်။ "ဟုတ်ပါတယ်"
"ကောင်းတယ်" မုန့်ယွမ်က တောင့်တင်းနေသော ကျောပြင်ကို ဖြေလျှော့လိုက်ပြီး ထိုင်ခုံနောက်မှီပေါ် မှီကာ စိတ်အေးလက်အေး ဖြစ်နေသော အသံအနေအထားဖြင့် ပြောလိုက်သည်။
"ငါမင်းကို စောင့်ရှောက်ပေးမယ်... မင်းနွံမနစ်စေရဘူး... အခု ပြဿနာက မင်းဘာကြောင့် ဖျော်ဖြေရေး လောကထဲ ဝင်ချင်နေရတာလဲ ဆိုတာကို ငါသိချင်တယ်... မင်းရဲ့ စိတ်ကူးတွေ ရည်မှန်းချက်တွေအကြောင်း ပြောကြရအောင်"
ယွီနျန်၏ နှုတ်ခမ်းများ တစ်ခဏမျှ တင်းတင်းစေ့သွားပြီးနောက် မကြာမီပင် ပြန်၍ ပြုံးလာပြီး ခိုင်ခိုင်မာမာ ပြောလိုက်သည်။
"ကျွန်တော် ငွေရှာချင်တယ်... ငွေတွေအများကြီး ရှာချင်တယ်"
မုန့်ယွမ်က သိပ်ပြီး အံ့အားသင့်မသွားပေ။ ဤလောကထဲမှ လူများမှာ ပန်းတိုင်တစ်ခု အမြဲတမ်း ရှိနေကြပြီး အောင်မြင်မှုနှင့် ကြွယ်ဝမှုတို့အတွက် အပူတပြင်း ကြိုးပမ်းနေကြပေသည်။ သူက မှတ်ချက်မပေးလိုပါပေ။ "ငါတို့ ပူးပေါင်းဆောင်ရွက်ကြမယ်... ငွေကလည်း နည်းမှာ မဟုတ်ဘူး... ဒါပေမယ့် အရင်ဆုံး ပြောစရာ ရှိသေးတယ်... ငါက အောင်သွယ်လုပ်တာတွေ၊ စပွန်ဆာရှာပေးတာမျိုးတွေ လုပ်မှာ မဟုတ်ဘူး... မင်း ဒီလိုမျိုးတွေ လိုချင်ရင် မင်းအတွက် တခြားသူစီမှာ ထောက်ခံပေးလို့ ရတယ်"
ယွီနျန်က ခေါင်းကို ခါယမ်းလိုက်သည်။ လှုပ်ရှားလိုက်သည့် အခါတိုင်း ဆံပင်ပျော့လေးများက လွင့်ခါသွားလေပြီး မျက်လုံးများထက်၌ အပြုံးရေးရေးလေးပင် ရှိနေသေးသည်။
"စိတ်မပူပါနဲ့... ကျွန်တော်က အလုပ်ကြိုးစားပြီး ငွေရှာချင်ရုံပါ"
မုန့်ယွမ်က စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချလိုက်သည်။ သူ့လက်ထဲမှ အနုပညာရှင်ကို နာခံလိမ့်မည်ဟု သူ ဘယ်တုန်းကမှ မမျှော်လင့်ထားမိပေ။ လူတိုင်းက လူသားများသာ ဖြစ်ပြီး ရုပ်သေးရုပ်များ မဟုတ်ကြပါပေ။ သို့သော်လည်း အနည်းဆုံးတော့ သူတို့က ပြောဆိုဆက်ဆံနိုင်စွမ်း ရှိရန်လိုပြီး မအောင်မြင်လာခင် ရှုပ်ထွေးသော ကိစ္စများနှင့် ရောယှက်မသွားရန် ကန့်သတ်စည်းမျဥ်းများ ရှိသင့်ပေသည်။
မုန့်ယွမ်၏ အသံအနေအထားက တစ်ဖန် ပျော့ပြောင်းသွားလေသည်။ "ကောင်းပြီ... ဒါဆို ငါတို့ သဘောတူညီချက် ရသွားပြီလို့ ပြောလို့ရပြီ" သူက ပထမဆုံး အံဆွဲကို ဖွင့်၍ စာရွက်စာတမ်းများကို လက်လှမ်းပေးလိုက်သည်။
"ဒါက ရှင်းယောင်ရဲ့ Bအဆင့် စာချုပ်ပဲ... မင်းက လူသစ်ဆိုတော့ Bအဆင့်စာချုပ်က ငါလုပ်ပိုင်ခွင့်ထဲ အမြင့်ဆုံးပဲ... ငါးနှစ် စာချုပ် ချုပ်ပြီးသွားရင် အဆင့်ကို ပြန်ပြီး ဆုံးဖြတ်နိုင်မယ်... မင်းစိတ်ပူရင် ပြန်ယူသွားပြီး ဆုံးဖြတ်ချက်မချခင် တစ်ယောက်ယောက်ကို သေသေချာချာ ကြည့်ခိုင်းလိုက်လေ"
ယွီနျန်က စာချုပ်ကို လက်နှစ်ဖက်လုံးဖြင့် ယူလိုက်သည်။ "ဒီလောက်ထိ ဒုက္ခရှာစရာ မလိုပါဘူး" သူက ဆယ်မျက်နှာ နီးပါး ရှိသော စာချုပ်ကို ဂရုတစိုက် ဖတ်ရှုလိုက်ပြီး ဘောပင်ဘူးထဲမှ အနက်ရောင် လက်မှတ်ထိုးဘောပင်ကို ယူကာ သူ့နာမည်ကို သပ်သပ်ရပ်ရပ် ရေးလိုက်သည်။
"လက်ရေး လှသားပဲ" သူ လက်မှတ်ထိုးလိုက်သည်ကို မြင်သောအခါ မုန့်ယွမ်၏ အသံက ပို၍ တရင်းတနှီး ဖြစ်သွားပုံပေါ်သည်။ သူ အတော်လေး စိတ်ကောင်းဝင်နေသည်။
"ငါဒီမှာပဲ ပြောလိုက်မယ်... မင်းမအောင်မြင်နိုင်ဖို့ ခက်ခဲမှာပဲ"
"ကျေးဇူး အများကြီး တင်ပါတယ်" ယွီနျန်က အဖုံးကို ပိတ်ကာ ဘောပင်ကို ပြန်ထည့်လိုက်သည်။
ယွီနျန် ထွက်သွားသောအခါ မုန့်ယွမ်က သူ့ပုံရိပ်ကို ထပ်ပြီး ထိန်းမထားတော့ပေ။ သူ့လက်ထဲမှ ဘောပင်ကို လွှင့်ပစ်ကာ ဖုန်းကို ကောက်ကိုင်လိုက်ပြီး တစ်ယောက်ယောက်ထံ ဖုန်းဆက်လိုက်သည်။
"မင်း ခုနက ပြောတဲ့ ပရိုဂရမ်လေ... သီချင်းဆို ပြိုင်ပွဲက..." တစ်ဖက်လူ ဘာပြန်ပြောသည်ကို နားမထောင်တော့ဘဲ မုန့်ယွမ်က မျက်ခုံးပင့်ကာ ဂုဏ်ယူဝံ့ကြွားစွာဖြင့် ပြောလိုက်သည်။
"ဟုတ်တယ်... ငါ့အတွက် နေရာချန်ပေးထား... အခု ဒီလောင်ဇီရဲ့ လက်ထဲမှာ တစ်ယောက် ရှိနေပြီကွ"
စာရေးသူမှာ ပြောစရာ ရှိပါတယ်:
အစပိုင်းတွင် Gongနှင့် Shouတို့ အကြည့်ချင်းဆုံသွားသည်။
ဓါတ်လှေကားထဲတွင် နျန်နျန်နှင့် အတူရှိနေခဲ့သော ရွှယ်ယုံ: ငါလည်း နာမည်တပ်ခံရ ချင်တယ်လို့....